News @ M-Media

Blog

  • ခွဲတမ်းဟဂ်ျ (၂၈၀) လျောက်ထားသူများ သြဂုတ်လ ၂၃ ရက်နေ့တွင် မဲနှိုက်ရွေးချယ်မည်

    ခွဲတမ်းဟဂ်ျ (၂၈၀) လျောက်ထားသူများ သြဂုတ်လ ၂၃ ရက်နေ့တွင် မဲနှိုက်ရွေးချယ်မည်

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    .သီဟ

    အစိုရမဲဟာဂျီလို့ သူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀)ဦးအတွက် လျှောက်လွှာတင်ထားသူများကို သြဂုတ်လ ၂၃ ရက်နေ့မှာ အများရှေ့မှောက်မှာ မဲဖောက်ကြေညာသွားမယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဆောင်ဖွဲ့စည်းထားတဲ့ ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ယနေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ရွေးချယ်ခံရသူတွေဟာ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ကုန်ကျစရိတ် ၂၂ သိန်း ၅ သောင်းကို သတ်မှတ်ထားတဲ့ ဘဏ်အကောင့်အတွင်းသို့ ငွေပေးသွင်းရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း ငွေပေးမသွင်းခဲ့ရင် အရန်ရွေးထားသူများကို အစားထိုးရွေးချယ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ခွဲတမ်းဟဂ်ျဖြင့် သွားရောက်ခွင့်ရရှိရင် ကုန်ကျငွေ ၂၂ သိန်း ၅ သောင်းကျသင့်မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ် ထက် ၁၀ သိန်း နီးပါး ဈေးလျော့ကျသွားတာဖြစ်ပါတယ်။

    ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှာ ကုမ္ပဏီများဖြင့် ဟဂ်ျ သွားရောက်ခွင့်ရှိသည့် လူအရေအတွက်မှာ ၃၃၀၀ ခန့် ဖြစ်ကြောင်း ခန့်မှန်းကုန်ကျတွေ သိန်း ၅၀ မှ ၆၀ အကြား ပေါက်ဈေး ရှိကြောင်းသိရှိရပါတယ်။

    ခွဲတမ်းဟဂ်ျ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ယခုနှစ်မှာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့ပဲဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။

    Hajj 280-2

  • မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

    မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

    မန္တလေး၊ သြဂုတ် ၁၆
    The Voice Weekly မှ ကူးယူဖော်ပြသည်။

    မန္တလေးမြို့တော်တွင် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အမှုအတွက် မသင်္ကာသူ တရားခံလေးဦးနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ခုနစ်ဦးတို့ တရားရုံး စွဲတင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

    ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄အရ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် လေးဦးကို တရားရုံး စွဲတင်ထားပြီး လူသတ်မှုတွင် ပါဝင် ပတ်သက်နေသူ ခုနစ်ဦးကိုလည်း တရားရုံးစွဲတင်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    “အခုပြေးနေတဲ့ ခုနစ်ဦးကို တရားရုံး စွဲတင်လိုက်တာပါ။ အခုစွဲတင်ထားတဲ့ လေးဦးလုံး အမိန့်ချပြီးတဲ့ အချိန်ထိမှ ဖမ်းဆီးနိုင်ခြင်း မရှိဘူး ဆိုရင်တော့ တရားခံပြေးအနေနဲ့ ကြေညာရမှာပါ” ဟု ၎င်းကဆိုသည်။

    အဆိုပါ တရားခံလေးဦးကို ချမ်းအေးသာစံခရိုင် တရားရုံးတွင် ရာကြီးအမှတ် ၁၃၁/၂၀၁၄ ဖြင့် လည်းကောင်း၊ တရားခံပြေး ခုနစ်ဦးကို ပြစ်/ထွေ ၈၈/၂၀၁၄ ဖြင့် လည်းကောင်း လက်ခံစစ်ဆေးလျက် ရှိပြီး ယင်းအမှုကို သြဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

    မန္တလေးတွင် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကာ မကြာသေးမီ ကာလကပင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

    မူရင်း Link => https://www.facebook.com/thevoiceweekly/posts/799979986688929

  • တစ်နှစ်တာ အတွေ့အကြုံက မိမိတို့အတွက် တစ်ပန်းသာစေသည်ဟု ပယ်လီဂရီနီဆို

    တစ်နှစ်တာ အတွေ့အကြုံက မိမိတို့အတွက် တစ်ပန်းသာစေသည်ဟု ပယ်လီဂရီနီဆို

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    445371_heroa
    – ပရီးမီးယားလိဂ်တွင် တစ်နှစ်တာ ကျင်လည်ခဲ့ရသည့် အတွေ့အကြုံများက ချန်ပီယံဘွဲ့အား ထိန်းသိမ်းရန်အတွက် တစ်ပန်းသာစေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက မာလာဂါအသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သည့် ပယ်လီဂရီနီမှာ မန်စီးတီးအသင်းအတွက် ကယ်ပီတယ်ဝမ်းဖလားနှင့် ပရီးမီးယားလိဂ်ဖလားတို့အား ရယူပေးနိုင်ခဲ့သည်။

    “ပြီးခဲ့တဲ့နှစ် ကျွန်တော်စရောက်တုန်းက ပရီးမီယားလိဂ်ဖလားကို ရယူနိုင်လိ့မ်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ရဲ့ ပထမဆုံးရာသီ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ကျွန်တော်က ကစားသမားတွေကို နားလည်တယ်၊ ကစားသမားတွေကလည်း ကျွန်တော့်ကို နားလည်တဲ့အတွက် ကျွန်တော်တို့ တစ်ပန်းသာနေပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ခက်ပေမယ့် လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပယ်လီဂရီနီက ပရီးမီးယားလိဂ် ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ကစားသမားသစ်များရှိနေပြီး ရာသီအသစ်ကို ပုံစံအသစ်ဖြင့် ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ် ပထမဆုံးပွဲအဖြစ် ယနေ့တွင် နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

  • လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    1408228313759_wps_43_tilbury_grasphic_2_jpg
    – လန်ဒန်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်မှ ကွန်တိန်နာတစ်လုံးထဲတွင် သေဆုံးသူတစ်ဦးအပါအ၀င် ပိတ်မိနေသူ ၃၆ ဦးကို ကယ်ဆယ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့သည်။

    အက်ဆက်ကောင်တီရှိ တီလ်ဘူရီ ဆိပ်ကမ်းတွင်ဖြစ်ပြီး ဘယ်လ်ဂျီယံမှ ဆိုက်ကပ်လာသော ကုန်တင်သင်္ဘောတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကွန်တိန်နာအတွင်းမှာ ခြေထောက်ဖြင့်ကန်ကျောက်မှုများ အော်ဟစ်မှုများ ကြားခဲ့ရပြီးနောက် ထိုသင်္ဘောပေါ်ရှိ သင်္ဘောသားများက အဆိုကွန်တိန်နာအား ဖွင့်ကြည့်ခဲ့ကြပြီး ပိတ်မိနေသူများတွင် ကလေးငယ်များလည်း ပါဝင်သည်။

    ၎င်းတို့မှာ အိန္ဒိယတိုက်ငယ်မှ ဖြစ်နိုင်ပြီး လူကုန်ကူးခံရခြင်းဖြစ်နိုင်ကြောင်း၊သေဆုံးသူအတွက် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကျန်ရှိသည့် ၃၅ ဦးမှာ ရေဓာတ်ခမ်းခြောက်မှု၊ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှုတို့ကြောင့် ဆေးရုံးသို့ ပို့ကာ ဆေးကုသထားကြောင်း၊ သင်္ဘောပေါ်ရှိ အခြားသော ကွန်တိန်နာ ၅၀ ကျော်ကိုလည်း ဖွင့်လှစ်ကာ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

  • အစ္စရေးကြောင့် မိဘမဲ့သွားသည့် ပါလက်စတိုင်း ကလေးများ ခေါ်ယူနေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားကြေညာ

    အစ္စရေးကြောင့် မိဘမဲ့သွားသည့် ပါလက်စတိုင်း ကလေးများ ခေါ်ယူနေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားကြေညာ

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media

    President Nicolas Maduro
    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို

    – ဂါဇာအား အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသည့် ပါလက်စတိုင်း ကလေးငယ်များကို မိမိတို့နိုင်ငံ အတွင်းကိုခေါ်ယူကာ နေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားနိုင်ငံက ကြေညာလိုက်သည်။

    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုနှင့် ပါလက်စတိုင်း နိုင်ငံခြားရေး ၀န်ကြီး ရီယဒ် အလ်-မာလီကီတို့ ကြာသာပတေးနေ့က တွေ့ဆုံစဉ်အတွင်း မာဒူရိုက ထိုကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ် မည်မျှခေါ်ယူမည်ဆိုသည့် ပမာဏ အတိအကျကို ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒေသတွင်း မီဒီယာများကမူ ပါလက်စတိုင်း လူငယ် ရာပေါင်း များစွာမှာ ဗင်နီဇွဲလားနိုင်ငံ အတွင်းသို့ ရောက်ရှိနေကြသည်ဟု ဖော်ပြခဲ့သည်။

    ယခုလအစောပိုင်းတွင် ဗင်နီဇွဲလား နိုင်ငံခြားရေး ၀န်ကြီး အီလီယက်စ်ဂျာအွာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ပြီး၊ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ပါလက်စတိုင်းကလေးငယ်များအား ကြိုဆိုရန် အတွက် အရာအားလုံး အဆင်သင့်ဖြစ်နေကြောင်း ပါလက်စတိုင်း အာဏာပိုင်များအား အသိပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းကလေးငယ်များအား နေရာချထားပေးရန်အတွက် ယခင်သမ္မတဟောင်း ဟူဂိုချားဗက်ဇ်၏ အမည်ဖြင့် အိမ်ရာတစ်ခု စီစဉ်ပေးရန်ရှိသည်ဟု မာဒူရိုက ယခင်က ပြောကြားထားဖူးသည်။

    ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော် တိုက်ခိုက်မှုများကြောင့် ဘရာဇီးလ် အပါအ၀င် တောင်အမေရိကနိုင်ငံအချို့မှာ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်မှုများ ဗီဇာ ကင်းလွတ်ခွင့် ပယ်ဖျက်မှုများကို ပြုလုပ်ခဲ့ကြသည်။ ဗင်နီဇွဲလားနိုင်ငံမှာ ဂါဇာအား အစ္စရေးက ၂၀၀၉ ခုနှစ်တွင် ကျူးကျော် တိုက်ခိုက်စဉ်ကတည်းက အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ထို့ပြင် ဗင်နီဇွဲလားမှာ အီဂျစ်မှ တစ်ဆင့် ဂါဇာဒေသသို့ အကူအညီများကိုလည်း ပေးပို့လျက် ရှိနေသည်။

    မာဒူရိုကမူ အစ္စရေးအနေဖြင့် ပါလက်စတိုင်းပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ ပါလက်စတိုင်းပြည်သူများနှင့် အတူတကွရှိနေကြရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းအား တိုက်တွန်းခဲ့သည်။

    ref_Middle East Monitor