News @ M-Media

Blog

  • ငြိမ်းချမ်းပါစေ မြန်မာပြည် (ပြည်သူ့အသံ)

    ငြိမ်းချမ်းပါစေ မြန်မာပြည် (ပြည်သူ့အသံ)

    သြဂုတ် ၁၂ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ- အောင်နိုင်သူ
    myanmar peaceကျွန်တော့် ဘ၀ တစ်သက်တာမှာ အံ့သြစရာတွေအများကြီးကြုံခဲ့ဖူးပါတယ်- – –

    အဲဒီ အထဲမှာမှ အံ့သြစရာ အကောင်းဆုံးကတော့ ပစ္စုပ္ပန် ယခုကာလမှာဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာ သံဃာအချို့နဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ ထုထည် အစိုင်အခဲနဲ့ဖြစ်ပေါ်လာတဲ့  အမုန်းတရားတွေဘဲဖြစ်ပါတယ်။

    သင်္ကန်းစည်းထားသော ဘုရားသားတော်ဟူသော ဂုဏ်ဒြပ်ကို ရယူထားကြတဲ့ သံဃာတစ်စုဟာ ဗြဟ္မစိုရ်တရားကို မေ့ပျောက်ကာ အမုန်းတရားတွေ နှလုံးသားထဲ သက်ရောက်ပြီး သကာလ လူတစားကို အသက်တွေပျောက်စေချင်တာဟာ ဗုဒ္ဓ၀ါဒ မဟုတ်မှန်း ဒို့တတွေသိကြတာပေါ့ –

    ဗုဒ္ဓဘာသာဝင်တွေဟာ မြန်မာ့သမိုင်းအဆက်ဆက်မှာ အနန္တစကြာဝဋ္ဌာ အနန္တ သတ္တ၀ါတွေ ဘေးရန် ခပ်သိမ်းကင်းစေဘို့ နေ့စဉ်ဆုမွန်ချွေခဲ့သူတွေပါ။

    ဗုဒ္ဓဘာသာဝင်တွေဟာ လူမျိုးဘာသာမရွေး ခရီးသွား အာဂန္တုတွေ နားခိုအိပ်စက်ရာ ဇရပ်တွေဆောက်လုပ်လှူဒါန်းခဲ့ကြပါတယ်။

    ဆယ်ပါးသော အကျိုးရဘို့အတွက် အယုတ်အလတ် အမြတ်မရွေး နှလုံးအေးစေရာ ရေချမ်းစင်လေးတွေတည်ပေးခဲ့ကြပါတယ်။

    ဇီဝိတဒါနအဖြစ် မိမိတို့ရဲ့သွေးကိုလှူ ၊ ငှက်စာ စပါးတွဲလေးတွေ ချိတ်ကျွေး၊  ငှက်အိမ်လေးတွေတည်ဆောက် – လမ်းဘေးက ခွေးလေခွေးလွင့်ကိုပင် ခွေးစာခွက်ထား အစာကျွေးခဲ့ကြပါတယ်။

    ရွာရိုးကိုးပေါက်သူတကာတွေ လမ်းမှန်လျှောက်နိုင်ဘို့အရေး တံတားလေးတွေထိုးပေးခဲ့ကြပါတယ်။

    လူတကာတွေစားကြပါစေရဲ့လို့ စတုဒီတာ၊ နိဗ္ဗာန်ဈေး တည်ခင်းကျွေးခဲ့ကြတာလည်း ဗုဒ္ဓဘာသာဝင်တွေဘဲ မဟုတ်လား။

    ထမင်းရည်ချောင်းစီး၊ အလှုရေစက် လက်နဲ့မကွာ၊ ဝေနေယျာသတ္တ၀ါ အကျိုးဆောင်ခဲ့ကြတာလည်း ဗုဒ္ဓဘာသာဝင်တွေပါဘဲ။

    ဒီနေ့ အချိန်အခါမှာတော့ သံဃာတွေက အမုန်းစကားကို တရားလုပ်ဟော လူတစားကို သေစေလိုတဲ့သဘောတွေဆောင် ဗုဒ္ဓတရားယောင်ယောင်နဲ့ ဗုဒ္ဓ၀ါဒကို သွေးရောင်လွမ်းစေပြီလား၊ သူတပါးအိုးအိမ်တွေ မီးရှို့ဖျက်စီး၊ သူတစ်ပါး ဥစ္စာပစည်းတွေခိုးထုတ်၊ သူတစ်ပါးစီးပွားရေး အကျိုးယုတ်အောင် လှုံ့ဆော်၊ လောဘ-ဒေါသ-မောဟ-တွေရင်ခွင်ပိုက်၊ အာဏာရှင်ကောင်းစားရေး အလိုကျ အကုသိုလ် ဒုစရိုက်လုပ်နေတာ ဗုဒ္ဓ၀ါဒ မဟုတ်မှန်း မြပြင်စိမ်းလမ်း၊ ပြည်မြန်မာ ငြိမ်းချမ်းဘို့ဆိုရင် အလဇ္ဇီ သံဃာတွေ တောထုတ် ၊ပြည်သူတွေ လက်ချင်းဆုပ်လို့ အာဏာရှင်တွေ မျိုးပြုတ်ပါမှ လောကီ လောကုတ္တရာ ကောင်းကျိုးတွေဝေဖြာ ဒေါင်းအိုးဝေ အသေအချာက ပြည်မြန်မာ အလှတိုးတော့မှာပေါ့။

  • အစ္စလာမ်၊ ဒီမိုကရေစီ နှင့် ဗဟုဝါဒ

    အစ္စလာမ်၊ ဒီမိုကရေစီ နှင့် ဗဟုဝါဒ

    သြဂုတ် ၁၂ ၊ ၂၀၁၄

    M-Media

    ရေးသူ- ဦးဦးမှော်ဆရာ

     

    နိုင်ငံရေးရှုထောင့်ကနေ ကမ္ဘာ့သမိုင်းကိုလေ့လာတဲ့ အခါ အစ္စလာမ့် သမိုင်းကလည်း မဖြစ်မနေလေ့လာ ရတာပဲ။ အဲဒီလိုလေ့လာရာမှာ အစ္စလာမ်ရဲ့ သွန်သင်မှု၊ အစ္စလာမ့် ယဉ်ကျေးမှုက ဒီမိုကရတစ် အလေ့အထတွေနဲ့ အဟန့်အတား ဖြစ်စေသလားဆိုတဲ့ မေးခွန်း ကိုလည်း ဖြေစမ်းကြည့်ကြတယ်။ ဒါနဲ့ပက်သက်လို့ ပညာရှင်တစ်ယောက် နဲ့ တစ်ယောက် အမြင်တွေတော့မတူကြပါဘူး။

    Islam အယူဝါဒကို စတင်ဟောကြားသူ Prophet Mohammed က သူ့ရဲ့မွေးရပ် ဇာတိ မက္ကာမြို့မှာ သူ့ကို ဆန့်ကျင်တိုက်ခိုက်သူ၊ ဒုက္ခပေးသူတွေ အလွန်များလာတဲ့ အတွက် Yathrib (`မဒီနာ´လို့လည်းခေါ်တဲ့)မြို့ကို ပြောင်းရွေ့ သွားတယ်။ သူဟာ သူစိမ်းဖြစ်ပေမဲ့ မဒီနာမြို့ကို အောင်နိုင်သူ ခေါင်းဆောင်ကြီးသဖွယ် ၀င်လာခဲ့တာ ဖြစ်တယ်။ အဲဒီမှာ သူ့ကို ထောက်ခံတဲ့လူတွေ၊ စောင့်မျှော်ကြိုဆိုတဲ့လူတွေ အံ့မခန်း များပြားလှတယ်။ မဒီနာမြို့ကို ရောက်ပြီးနောက်မှာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးသော Islamic State ကို တည်ထောင်ခဲ့တယ်။

    အဲဒီကာလတုန်းက မဒီနာမြို့မှာ Prophet Mohammed ရဲ့ Islam အယူဝါဒကို ယုံကြည်လက်ခံလာသူ အစ္စလာမ် ဘာသာဝင်တွေချည်းပဲ ရှိနေတာတော့မဟုတ် ဘူး။ အစ္စလာမ်ကို အင်မတန် ဒုက္ခပေးလေ့ရှိတယ် ဆိုတဲ့၊ ဒီနေ့ခေတ်ထိ အစ္စလာမ် တွေနဲ့ ရန်ဘက်ဖြစ်နေတဲ့ ဂျူးလူမျိုးတွေလည်း အများအပြားရှိခဲ့ကြတယ်။ ဂျူးလူမျိုးနဲ့ မွတ်ဆလင် ဆိုတာ တစ်ယောက်ကို တစ်ယောက် လုံးဝကြည့်မရ၊ ပေါင်းစပ်လို့ မရနိုင်လောက်အောင်ကို တကယ့် ရန်ဘက်တွေလို့တောင် ဆိုကြတာကိုး။ ဒါပေမဲ့ ထူးခြားတယ်လို့ပဲ ပြောရမလား မသိဘူး .. အဲဒီလောက် အင်အားကြီးမားခဲ့စဉ် Prophet Mohammed အုပ်ချုပ်မှုအောက်မှာ သူတို့နဲ့ ရာသက်ပန် ရန်သူတွေပါ လို့ဆိုတဲ့ ဂျူးလူမျိုးတွေဟာ ဟစ်တလာရဲ့ နာဇီဂျာမနီခေတ်မှာလိုမျိုး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း မခံခဲ့ရဘူး။ မဒီနာမြို့က စတင်ပြီး အစ္စလာမ် အယူဝါဒ တဟုန်တိုး ထွန်းကားလာတဲ့ နောက်ပိုင်း နှစ်ပေါင်းမြောက်မြားစွာကြာတဲ့ထိ ဂျူးလူမျိုးတွေဟာ အစ္စလာမ်တွေကို ယှဉ်နိုင်တဲ့ အနေအထား လုံးဝ မရှိကြတော့ဘူး။ နောက်ပိုင်းမှာ သမိုင်းပညာရှင်တွေ၊ နိုင်ငံရေး ပညာရှင်တွေ သြချရလောက်အောင် ကို ပြောင်မြောက်လှတဲ့ အစ္စလာမ် အင်ပါယာကြီး တစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။

    နောက်ပြီး Prophet Mohammed ရဲ့ အင်မတန်ချီးကျူးစရာကောင်းတဲ့ နိုင်ငံရေး အရစွမ်းဆောင်မှု တစ်ခုကို ပြောရရင် အေဒီ(၆၂၂)မှာ မဒီနာဒေသခံ လူမျိုးစုတွေ အပြင် ဂျူးလူမျိုးတွေ၊ ခရစ်ယာန်ဘာသာဝင်တွေ နဲ့ ရိုးရာအစဉ်အလာ ကိုးကွယ် ယုံကြည်သူ ဗာဟီရ၀ါဒီတွေပါ လက်မှတ်ထိုးရတဲ့ ဒီနေ့ခေတ် အခေါ် Constitution (လို့ပြောလို့ရတဲ့) တစ်ခုလုပ်ခဲ့တယ်လို့ သမိုင်းအထောက်အထားအရ သိရတယ်။ မတူကွဲပြားတဲ့ လူမျိုးဘာသာ အားလုံးရဲ့ နိုင်ငံရေးအရသဘောတူညီမှု(Consensus) ကို ရယူနိုင်ခဲ့တာပါ။ ဒါဟာ Constitution of Madina (သို့) Charter of Madina ဆိုပြီး ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တယ်။ အဲဒီ Constitution အရ မျိုးနွယ်စုအချင်းချင်း ကြားမှာဖြစ်ခဲ့တဲ့ စစ်ပွဲတွေ အားလုံးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်။

    တကယ်လည်း ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့အပြင် အလွန်ထူးခြားတဲ့ အချက် တစ်ချက်အနေနဲ့ မွတ်ဆလင်၊ ဂျူး၊ ခရစ်ယာန် နဲ့ အခြားကိုးကွယ်သူတွေ အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကိုပါ တည်ထောင်နိုင်ခဲ့တယ်လို့ ဆိုတယ်။ အဲဒါကို (Ummah) လို့ သုံးထားတယ်။ ဒါကိုကြည့်ရင် Prophet Mohammed တည်ထောင်ခဲ့တဲ့ Islam က မတူကွဲပြားတဲ့ လူတွေကို (exclusive)ဖယ်ထုတ်လေ့ရှိတဲ့ အယူဝါဒ မဟုတ်ဘဲ (inclusive) အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ဘာသာတရားတွေထဲက တစ်ခု အပါအ၀င်ဖြစ်ကြောင်း သိသာပါတယ်။

    အဲဒီ Constitution အရ – လူ့အဖွဲ့အစည်းရဲ့လုံခြုံမှု၊ မွတ်ဆလင် မဟုတ်သူတွေရဲ့ နိုင်ငံရေး နဲ့ ဘာသာရေးလွတ်လပ်ခွင့်၊ မဒီနာမြို့ဟာ စစ်မက်နဲ့အကြမ်းဖက်မှုတွေ တားမြစ်ဒေသ (Haram လို့သုံးထားတယ်) အဖြစ်သတ်မှတ်မှု၊ အမျိုးသမီးများရဲ့ လုံခြုံရေး၊ လူမျိုးစုတွေ ဘာသာမတူသူတွေကြားက ယုံကြည်မှုတည်ဆောက်ရေး၊ အပြန်အလှန်ဆက်ဆံရေး၊ လူမျိုးစုတွေကြား နိုင်ငံရေးအရမဟာမိတ်ဖွဲ့ရေး၊ စစ်မက် ဖြစ်ပွားတဲ့အချိန်မှာ လူများစုအစ္စလာမ်တွေက လူနည်းစုတွေကို အကာကွယ်ပေး ရေး၊ မွတ်ဆလင်မဟုတ်သူတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခွန်အကောက်စနစ်၊ ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို လူတစ်ယောက်ချင်းစီရဲ့ လုံခြုံမှုအပေါ် အာမခံမှု၊ ပြဿနာတွေကို ဖြေရှင်းရာမှာ ကျင့်သုံးတဲ့ တရားစီရင်ရေး စနစ် စတဲ့ အချက်တွေနဲ့ ပက်သက်ပြီး မဒီနာဒေသခံ လူမျိုးစုတွေ အားလုံးရဲ့ သဘောတူညီချက် ယူနိုင်ခဲ့ တယ်။ အဲဒီ Constitution အတိုင်း တကယ်လည်း ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကြားမှာ ဘာသာရေးအရ တန်းတူရပ်တည်နိုင်ခွင့်ကို အပြည့်အ၀ ပေးခဲ့တယ်။ တကယ်ဆိုရင် အဲဒီအချိန်တုန်းက အစ္စလာမ်တွေဟာ ဂျူးတွေကို တိုက်စရာ မလိုဘဲတောင် နိုင်နေပြီးသားဖြစ်ပေမဲ့ ဒီလိုစာချုပ်ချုပ် သဘောတူညီမှု ရယူပြီး အခွင့်အရေးပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် Prophet Mohammed တည်ထောင်ခဲ့တဲ့ Islam ဘာသာက တခြားဘာသာတွေအပေါ် နားလည်သည်းခံ နိုင်စွမ်း(tolerant) မရှိဘူးဆိုတာ မဟုတ်ကြောင်း အကောင်းဆုံး သက်သေသာဓကတစ်ခုလို့ ပြောနိုင်တယ်။

    ဒါနဲ့ဆက်စပ်မိလို့ ကျနော့်အမြင်ကိုပြောရရင် ယနေ့ခေတ် အစ္စလာမ်နိုင်ငံတွေမှာ ဒီလို ဘာသာမတူသူတွေကို ဖယ်ထုတ်မှုတွေ၊ ခွဲခြားဖိနှိပ်မှုတွေရှိတယ်ဆိုရင် အဲဒါဟာ အစ္စလာမ်ဘာသာရဲ့ သင်ကြားမှုက လာတာမဟုတ်ဘဲ၊ အုပ်စိုးသူတွေ ရဲ့ဘာသာရေး အစွန်းရောက်မှုကြောင့် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့ကိုယ်တိုင် က အများပြည်သူ လက်ခံမှုနဲ့ ရွေးကောက်ပွဲတွေကတဆင့် တက်လာသူတွေ မဟုတ်တဲ့အတွက် သူတို့မှာ Legitimacy မရှိတဲ့အတွက် ပြည်သူကို ဖိနှိပ်အကြမ်း ဖက်ပြီး အာဏာရယူထားသူတွေရဲ့ ထုံးစံအတိုင်း လူအများစု ကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးကို ခုတုံး လုပ်နေတာလည်း ဖြစ်နိုင်တယ်။ မြန်မာပြည်က ဦးနေ၀င်း အပါအ၀င် ခုလက်ရှိ ဦးသိန်းစိန် အစိုးရထိ လုပ်နေတဲ့ပုံစံမျိုးပဲ။ အစ္စလာမ်ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ အာဖဂန်နစ္စတန်မှာ ဆိုရင် ဆိုဗီယက်တပ်တွေ ၀င် မသိမ်းခင်အချိန်က ဘာသာရေး လွတ်လပ်ခွင့်ရှိခဲ့တဲ့အပြင် အစ္စလာမ့်သွန်သင်ချက် တစ်ရပ်လို့ဆိုတဲ့ Mashwara လို့ခေါ်တဲ့ စုပေါင်းဆွေးနွေး တိုင်ပင်တဲ့၊ အများစု သဘောတူဆုံးဖြတ် တဲ့ ဓလေ့လည်းရှိခဲ့တယ်လို့ သိရတယ်။ ဒါဟာ Democratic Assembly နဲ့ သွားတူတယ်။ အပေါ်ယံသဘောပြောရရင် ဒါဟာ ဒီမိုကရေစီနည်းကျ  ကျင့်ဆောင်မှုတွေထဲက အရေးကြီးတဲ့ လုပ်ရပ်တစ်ခုပဲ။ နောက်ပိုင်း အာဏာရှင်တွေအုပ်စိုးတဲ့ အခါကျမှ နိုင်ငံရေးပယောဂတွေ အများကြီးဝင်လာပြီး ဒါမျိုး ဒီမိုကရက်တစ်ဆန်တဲ့ အလေ့အထတွေလည်း ပျောက်ကွယ်သွားတယ်။ အဲဒီနောက် တာလီဘန်အစိုးရ တက်လာပြီးနောက်ပိုင်းမှာမှ အခြားကိုးကွယ်ယုံကြည်မှုတွေကို ပိတ်ပင်တားမြစ် ယုံတင်မက ဖျက်ဆီးပစ်တဲ့ အဆင့်ထိရောက်ခဲ့တယ်။ တခြားဘာသာဝင်တွေရဲ့ နိုင်ငံရေးအရရော၊ ဘာသာရေးအရ လွတ်လပ်ခွင့်တွေပါ ဆုံးရှုံးသွားခဲ့ရတယ်။

    ဆိုခဲ့ပြီးတဲ့ အကြောင်းအရာတွေကိုပြန်ကြည့်ရင် ဒီမိုကရေစီစနစ် တစ်ရပ်အတွက် အတားအဆီးတွေက ဘာသာရေးအခြေခံ သွန်သင်မှု၊ ယဉ်ကျေးမှုတွေကလာတာ မဟုတ်ဘဲ အာဏာရှင်တွေရဲ့ ဘာသာရေးပေါ် အသုံးချမှုကြောင့်လို့ပဲ နောက်ပိုင်း မှာ ပညာရှင်တွေက တဖြေးဖြေးလက်ခံလာကြတယ်။ အဲဒါက အစ္စလာမ်ဝါဒနဲ့ ကွန်ဖြူးရှပ်စ်ဝါဒ (ကတ်သလစ်ခရစ်ယာန်ဝါဒတွေ အပါအ၀င်)ဟာ ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်တဲ့၊ အဟန့်အတားဖြစ်စေတဲ့ အယူဝါဒတွေလို့ ပြောဆိုတာတွေ (အထူးသဖြင့် ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန်ရဲ့ သုံးသပ်ချက်) ကို ပြန်လှန်ချေပရင်း ထွက်ပေါ်လာတဲ့ ရှုထောင့်တစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်နိုင်ငံရေးအရ သမိုင်း သက်သက်ကိုပဲ လေ့လာဖူးတဲ့ အတွက် ခုရေးနေတာကလည်း နိုင်ငံရေးရှုထောင့်က အလွန်ယေဘုယျဆန်ဆန် ရေးထားတာဖြစ်တယ်။ ဘာသာရေးသမိုင်း ရေးနေတာ မဟုတ်ပါဘူး။ စာရေးသူပေးချင်တဲ့ မတ်ဆေ့ခ်ျနဲ့ လွှတ်နေမှာစိုးလို့ ပြောတာပါ။

  • ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို

    ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို

    သြဂုတ် ၁၂ ၊ ၂၀၁၄
    M-Media

    We must show why we are champions

    – ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ရာသီအစတွင် အကောင်းဆုံးပုံစံ၌ ရှိနေရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲတွင် ပထမပိုင်း၌ အပြန်အလှန်ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။

    ပယ်လီဂရီနီကလည်း ထိုပွဲတွင် မိမိတို့မှာ အရှိန်သေသွားခဲ့ပြီး ချန်ပီယံပြေးလမ်းတွင် ပြိုင်ဘက်များအား ချေမှုန်းလိုပါက ထိုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းထက် တိုးတက်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။

    “ဒီအရာတွေဟာ ရာသီသစ်မစခင်မှာ ဖြစ်လေ့ရှိတာတွေပါ။ ရာသီကြိုကစားတဲ့ပွဲတွေ တုန်းက ခြေလှမ်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကစားသမားတွေကို စကားပြောမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာကစားဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေမယ်ဆိုတာ သေချာပြောရဲပါတယ်။ ၅ သင်း ၆ သင်းလောက်ဟာ တောင့်တင်းတဲ့ လူစာရင်းရှိတာကြောင့် ပရီးမီးယာလိဂ်မှာ ဗိုလ်စွဲနိုင်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် မနှစ်က ဗိုလ်စွဲခဲ့သလဲဆိုတာ ရာသီအစကနေ ပြသရပါမယ်” ဟု ပယ်လီဂရီနီက BT Sport သို့ အာဆင်နယ်နှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်

  • ဂါဇာတွင် ၃ ရက်ထပ်ပြီး အပစ်ရပ်၊  ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကိုင်ရိုတွင် တစ်ကျော့ပြန် ပြုလုပ်နေ

    ဂါဇာတွင် ၃ ရက်ထပ်ပြီး အပစ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကိုင်ရိုတွင် တစ်ကျော့ပြန် ပြုလုပ်နေ

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    gaza-return
    – ပါလက်စတိုင်းတို့၏ ၇၂ နာရီကြာ အပစ်ရပ်ရေးကို အစ္စရေးတို့က ယမန်နေ့တွင် လက်ခံခဲ့ပြီးနောက် အစ္စရေး-ပါလက်စတိုင်း တစ်ဆင့်ခံဆွေးနွေးပွဲကို ကိုင်ရိုတွင် ပြန်လည် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ပထမအကြိမ် အပစ်ရပ်ရေးမပြီးဆုံးခင် ဆွေးနွေးပွဲမှ ထွက်ခွာသွားခဲ့သည့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့နံနက်တွင် ကိုင်ရိုသို့ ရောက်ရှိလာခဲ့သည်။ အပစ်ရပ်ရေး ၁၂ နာရီအတွင်းသို့ ၀င်ရောက်လာသည့်အထိ ဂါဇာကောင်းကင်ယံတွင် တိတ်ဆိတ် ငြိမ်သက်လျက်ရှိနေပြီး ပါလက်စတိုင်းတို့မှာလည်း ပျက်ဆီးနေသာ ၎င်းတို့၏ နေအိမ်များကို ပြန်လည် ရောက်ရှိလာကာ ငါးဖမ်းသမားများမှာလည်း ပင်လယ်ပြင်သို့ ထွက်ကာ ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လျက်ရှိနေသည်။

    ဇွန်လ ၈ ရက်နေ့ အစ္စရေးက ဂါဇာအား ကျူးကျော်ပြီးနောက်ပိုင်း ယခုဆွေးနွေးမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခုသဘောတူညီထားသည့် သုံးရက်ကြာ အပစ်ရပ်မှုအတွင်း ပြည့်ဝပြီး အမြဲတမ်းတည်မြဲမည့် ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ကြရန် အီဂျစ်က နှစ်ဖက်စလုံးအား တိုက်တွန်းခဲ့သည်။

    ဟားမက်စ်ကမူ အမြဲတမ်းငြိမ်းချမ်းရေးတွင် အစ္စရေး၏ ဂါဇာအား ပိတ်ဆို့ထားမှု ရုပ်သိမ်းပေးခြင်း ပါဝင်ရမည်ဟု ပြောဆိုထားသည်။ အစ္စရေးဘက်ကမူ ထိုပြဿနာအား အင်အားသုံး ဖြေရှင်းချင်းထက် သံတမန်နည်းလမ်းအရ ဖြေရှင်းရန်မျှော်လင့်ကြောင်း ထိုကဲ့သို့ ဖြစ်မလာပါ ဂါဇာအား ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဂါဇာဒေသအား အစ္စရေး၏ တစ်လကျော်ကြာ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ပြည်သူ ၂၀၀၀ နီးပါးသေဆုံးခဲ့သည်။ လူပေါင်း သောင်းချီ ဒဏ်ရာရခဲ့ကြပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ တစ်သန်းနီးပါးရှိခဲ့သည်။ အစ္စရေးဘက်မူ ဂါဇာသို့ ၀င်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်သား ၆၀ ကျော် သေဆုံးခဲ့သည်။

    Agencies
  • ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    လေးမောင် ဘာသာပြန်သည်။

    ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    american-terrorists1

    – အီရတ်နိုင်ငံ မြောက်ပိုင်းရှိ သေအချို့ကို သိမ်းပိုက်ထားသည့် ISIS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ရမည်လားဆိုသည်ကို အမေရိကန် အစိုးရအနေဖြင့် ချိန်ဆနေစဉ် ထိုအဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်က ဂျော်ဒန်တွင် အမေရိကန် စစ်တပ်ကပ် လေ့ကျင့်ပေးခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာလေ၏။

    ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆဒ်၏ တပ်များကို အင်အားချိနဲ့သွားစေရေးအတွက် စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ISIS ပြည်သူ့စစ် ရာပေါင်းများစွာအား အမေရိကန်စစ်တပ်မှ သင်တန်းဆရာများက အမှန်တကယ်ပင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သတင်းဖော်ပြချက်များက ထောက်ခံနေပေသည်။

    ပြီးခဲ့သည့် သီတင်ပတ်များမှစတင်ကာ ISIS မှာ အီရတ်နိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး သိမ်းပိုက်မှုများကို မြန်မြန်ဆန်ဆန်ပင် ပြုလုပ်သည်။ မူဆိုးလ်နှင့် ဘာကူဘာတို့ကဲ့သို့ အဓိကမြို့ကြီးများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် ပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ထောင်းပေါင်းများစွာတို့မှာ ထွက်ပြေးကြရသည်။

    ISIS အကြမ်းဖက်သမားများက စစ်သားများအား ခေါင်းဖြတ်သတ်ကြသည်ဟု သတင်းများ ထွက်ပေါ်လာသည်။ မကြာမီပင် အီရတ်အစိုးရ စစ်သားများကို ISIS က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများမှာ အွန်လိုင်းစာမျက်နှာထက်သို့ ရောက်ရှိလာတော့သည်။

    အလ်ကိုင်းဒါးကို အားကျသည့် အဆိုပါအဖွဲ့မှာ မကြာသေးမီကပင် ဘဂ္ဂဒတ်မြို့ မြောက်ဘက် ကီလိုမီတာ ၂၅၀ သာဝေးသောနေရာရှိ အကြီးဆုံး ရေနံသန့်စင်စက်ရုံကို သိမ်းပိုက်နိုင့်သည်အထိ တိုးတက်မှုများ ရရှိနေလေ၏။

    ၂၀၁၂ ခုနှစ် ဖော်ဖော်ဝါရီလကို ပြန်ကြည့်လျှင် အမေရိကန်အနေဖြင့် တူရကီ၊ ဂျော်ဒန်တို့၏ အကူအညီဖြင့် ဆီးရီးယား သူပုန်များအတွက် ဂျော်ဒန်တွင် လေ့ကျင့်ရေးစခန်းတစ်ခုကို တာဝန်ယူထားသည်ဟု WND သတင်းစာကက ဖော်ပြခဲ့သည်။ ဂျာမန်အပတ်စဉ် မဂ္ဂဇင်း Der Spiegel ကလည်း အမေရိကန်မှာ ဂျော်ဒန်တွင် ဆီးရီးယား သူပုန်များအား လေ့ကျင့်ပေးနေသည်ဟု ၂၀၁၃ နှစ်ဆန်းတွင် အတည်ပြု ရေးသားထားပြန်သည်။

    အဆိုပါ သတင်းတွင် လေ့ကျင်သင်ကြားပေးသူများမှာ အမေရိကန် မရိန်းတပ်သားများ၏ ယူနီဖောင်းများဝတ်ဆင်ထားပြီး တင့်ကားဖျက် လက်နက်များအသုံးပြုရေးကို ဦးစားပေး သင်ကြားသည်ဟု ဖော်ပြထားသည်။ အီရတ်မြောက်ပိုင်းတစ်ခုလုံးကို ချုပ်ကိုင်ထားသည့် ISIS အကြမ်းဖက်သမားများမှာ ၎င်းတို့တပ်များအား တိုက်ခိုက်နေကြသည့် တင့်ကား တိုက်ပွဲအများစုကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရပေမည်။

    အမေရိကန်မှာ ဂျော်ဒန်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ စခန်းများတွင် ဆီးရီးယားလွတ်မြောက်ရေးတပ် Free Syrian Army မှ အဖွဲ့ဝင် ၁၂၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့သည့် The German မဂ္ဂဇင်းက ထပ်မံဖော်ပြထားသည်။

    The Guardian သတင်းစာကလည်း အမေရိကန် စစ်တပ်၊ ဗြိတိန်နှင့် ပြင်သစ် တို့မှ လေ့ကျင့်ရေးမှူးများမှာ ဂျော်ဒန်နိုင်ငံတွင် ဆီးရီးယား သူပုန်များအား အကူအညီပေးနေသည်ဟု ၂၀၁၃ ခုနှစ် မတ်လတွင် ဖော်ပြခဲ့၏။

    ISIL ဟုခေါ်သည့် ISIS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အကြမ်းဖက်မှုများကို အလ်-ကိုင်းဒါးလို အဖွဲ့မျိုးကပင် ရှုတ်ချထားသည်။

    အလ်ကိုင်းဒါးတို့အား အဖဂန်နစ္စတန်တွင် အင်အားတောင့်တင်းအောင် CIA က လုပ်ဆောင်ပေးမှုနှင့် စဉ်းစားသုံးသပ်လျှင် အမေရိကန်နှင့် ISIS တို့ အဆက်အသွယ်ရှိသည်ဟု ဖော်ပြမှုမှာ ယုတ္တိတန်သည်ဟု ဆိုရမည်။

    ဆိုဗီယက်ဆန့်ကျင်ရေး စစ်ပွဲတွင် အိုစမာဘင်လာဒင်နှင့် ၎င်း၏ တပ်သားများမှာ အမေရိကန်နှင့် ဆော်ဒီတို့မှ ထောက်ပံ့ငွေများကို ရရှိခဲ့ကြသည်။ ဘင်လာဒင် ကိုယ်တိုင်ပင် CIA မှ လုံခြုံရေးဆိုင်ရာ လေ့ကျင့် သင်ကြားပေးမှုကို ရရှိခဲ့သည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ခိုင်ခိုင်မာမာ ယုံကြည်ထားကြလေ၏။

    ပါရှန်းပင်လယ်ကွေ့တွင်ရှိနေသည့် အမေရိကန်လေယာဉ်တင်သင်္ဘောမှ F-18 စောင့်ကြည့်ရေးလေယာဉ်ဖြင့် အီရတ်ရှိ အခြေအနေများကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေသည့် တာဝန်ရှိသူများက Fox News သို့ အတည်ပြု ပြောကြားခဲ့သည်။

    USS George HW Bush လေယာဉ်တင် သင်္ဘောပေါ်မှဖြစ်လေသည်။ သတင်းအချက်အလက်များ စုဆောင်းရန်အတွက် လူလိုက်ပါနိုင်သော၊ လူမလိုက်ပါနိုင်သော လေယာဉ်များကို အသုံးပြုရန် အမေရိကန် အစိုးရက ခွင့်ပြုထား၏။ သို့သော် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန်ကိုမူ အိုဘားမားက မဆုံးဖြတ်ရသေးပေ။

    (ဤဆောင်းပါးရေးသားချိန်တွင် လေကြောင်းမှ တိုက်ခိုက်ရန် မဆုံးဖြတ်ရသေးသော်လည်း သြဂုတ်လ ပထမသီတင်းပတ်နှောင်းပိုင်းတွင် ISIS အဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်ရန် အိုဘားမားက ခွင့်ပြုခဲ့သည်။)

    International Business Times တွင် ဖော်ပြခဲ့သည့် ၏ ISIS Terrorists were Trained by US in 2012 for Syria Conflict ဆောင်းပါး ကို လေးမောင် ဆီလျော်အောင် ဘာသာပြန်သည်။