News @ M-Media

Blog

  • အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်။

    အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်။

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    .သီဟ

    10372525_10203284254041589_7989382108446095007_n
    စာရေးဆရာ ဦးဘုန်း(ဓာတု)၊ စာရေးဆရာမ မသီတာ(စမ်းချောင်း) နှင့် ဘလောဂ်ဂါ နေဘုန်းလတ် တို ဦးဆောင်ပါဝင်သည့် ဆွေးနွေးပွဲ တရပ်ကို မန္တလေးမြို့ ရတနာပုံ စူပါစင်တာမှာ ပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။

    ဆွေးနွေးကြမယ့် ခေါင်းစဉ်ကတော့ ခွဲခြားမှုကင်းသော အနာဂတ်မျိုးဆက်ဆီသို့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ပြုလုပ်တာဖြစ်ပြီး သြဂုတ်လ ၁၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီမှ ၁၂း၃၀ နာရီ အထိကျင်းပပြလုပ်မှာ ဖြစ်ပါတယ်။

    ကျင်းပ ပြုလုပ်မယ့် နေရာက MRCCI Ballroom၊ လေးလွှာ၊ ရတနာပုံစူပါစင်တာ။ ၃၅လမ်းနှင့် ၇၈လမ်းထောင့် ဖြစ်ကြောင်းသိရှိရပါတယ်။

    Photo Via- Harry Mdy

  • ဂါဇာအား အစ္စရေး၏ ကျူးကျော်မှုအတွက် ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုများပြုလုပ်

    ဂါဇာအား အစ္စရေး၏ ကျူးကျော်မှုအတွက် ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုများပြုလုပ်

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media

    CAPE TOWN

    ဂါဇာကမ်းမြှောင်အား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို သြဂုတ်လ ၉ ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    လန်ဒန်မှ ပဲရစ်အထိ၊ တီဟီရန်မှ ကိပ်တောင်းအထိ မြို့ကြီးများတွင် ပြည်သူထောင်ပေါင်း များစွာတို့မှာ စုရုံးခဲ့ကြပြီး အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကာ၊ ပါလက်စတိုင်း ပိုင်းနက်များဖြစ်သည့် ဂါဇာကမ်းမြှောင်နှင့် အနောက်ဘက် ကမ်းခြေတို့အား သိမ်းပိုက်ထားမှုကို အဆုံးသတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းများဘက်မှ ရပ်တည်ပေးရန်အတွက်လည်း နိုင်ငံတကာ အသိုင်းအသိုင်းအား တောင်းဆိုခဲ့သည်။

    ကျူးဘား သမ္မတဟောင်း ဖီဒယ်လ် ကက်စရိုကလည်း ပါလက်စတိုင်းများကို ထောက်ခံပြီး၊ ကုလ၏ ဆုံးဖြတ်ချက်ကို လေးစားရန်နှင့် ပါလက်စတိုင်းပိုင်နက်များအား ကျူးကျော်မှုကို အဆုံးသတ်ပေးရန် အစ္စရေးအား တောင်းဆိုခဲ့သည့် ကြေညာစာတမ်းတစ်စောင်ကို ဟာဗာနာတွင် လက်မှတ်ရေးထိုးခဲ့သည်။

    လန်ဒန်ပြည်သူများမှာ BBC ရုံးချုပ်သို့ ပထမဆုံး ချီတက်ခဲ့ကာ အစ္စရေးကို အသားပေးရေးသည့် တစ်ဖက်သတ် သတင်းဖော်ပြမှုများအတွက် ဆန္ဒပြခဲ့ကြသည်။

    ထို့နောက် အစ္စရေး၏ လုပ်ရပ်များအား ဆန့်ကျင်သည့် ကျွေးကျော်သံများကိုလည်း ကျွေးကျော် ခဲ့ကြပြီး အစ္စရေးအား လက်နက်ရောင်းချနေမှုကို ပိတ်ပင်ရန်လည်း အစိုးရအား တိုက်တွန်း ခဲ့ကြသည်။

    ဥရောပတွင် ဂျူးလူ့အဖွဲ့အစည်းနှင့် မွတ်စလင်လူ့အဖွဲ့အစည်းအများဆုံးရှိသည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်လည်း ထိုကဲ့သို့သော ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး၊ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်လည်း လူပေါင်း တစ်ထောင်ကျော် စုဝေးခဲ့ကာ ဆန္ဒပြမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့ပြီး မြို့လည် ရင်ပြင်တွင် အဆုံးသတ်ခဲ့သည်။

    ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ သောကြာနေ့က ပူးပေါင်း ထုတ်ပြန်သောကြေညာချက်တွင် ဂါဇာအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ချက်ချင်းရပ်ရန် တောင်းဆိုခဲ့သည်။

    အစ္စရေး၏ လူမဆန်သောတိုက်ခိုက်မှုများကို ဆန့်ကျင်ရာတွင် အာဖရိက၏ ဒီမိုကရေစီ အထွန်းကားဆုံး တောင်အာဖရိက နိုင်ငံလည်း ပါဝင်ခဲ့ပြီး မြို့တော် ကိပ်တောင်းတွင် အစ္စရေးအား ဆန့်ကျင်သော ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူမျိုးရေး ခွဲခြားမှု ဦးဆောင်ဆန့်ကျင်သူ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးလည်း ပါဝင်ခဲ့သည်။

    “ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ဖို့၊ အရှက်ရခြင်း၊ နှိပ်စက်ငြှင်းပမ်းခံရခြင်းနဲ့၊ အစ္စရေးရဲ့ တရားမဲ့တဲ့ ပေါ်လစီတွေကနေ ပါလက်စတိုင်းပြည်သူတွေ လွတ်မြောက်ဖို့အတွက် လုပ်ဆောင်တာဟာ ဘယ်တော့မှရပ်တန့်မယ့် ကိစ္စမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ တရားမျှတတဲ့ ကိစ္စတစ်ခု ဖြစ်တာကြောင့်ပါပဲ” ဟု တူးတူးက ပြောကြားခဲ့သည်။

    တစ်လကျော်ကြာကြာမြင့်နေပြီဖြစ်သည့် ဂါဇာဒေသအား အစ္စရေး၏ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၁၉၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူမှာ သောင်းနှင့် ချီရှိပြီဖြစ်ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူမှာ တစ်သန်းနီးပါး ရှိလာပြီးဖြစ်သည်။

     

    FB တွင် ဓါတ်ပုံများ ကြည့်ရန် http://goo.gl/mWViht

  • အာဆင်နယ်နောက်ခံလူ ဗာမေလန် ဘာစီလိုနာသို့ပြောင်း၊ လီဗာပူးဂိုးသမား ရီနာလည်း ဘိုင်ယန်ရောက်

    အာဆင်နယ်နောက်ခံလူ ဗာမေလန် ဘာစီလိုနာသို့ပြောင်း၊ လီဗာပူးဂိုးသမား ရီနာလည်း ဘိုင်ယန်ရောက်

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media
    442748_heroa
    – အာဆင်နယ်အသင်း၏ အားထားရသည့် ဘယ်လ်ဂျီယံ နောက်ခံလူ ဗာမေလန်မှာ ဘာစီလိုနာသို့ ယူရို ၁၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။

    မန်ယူအသင်းက ခေါ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း ဗာမေလန်က ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။ ဗာမေလန်မှာ ပြီးခဲ့သည့် ရာသီအနည်းငယ်အတွင်း ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး အာဆင်နယ်အသင်းတွင် ပုံမှန်ကစားခွင့် မရခဲ့ပေ။

    ယမန်နေ့က ဘာစီလိုနာအသင်းနှင့် ဆေးစစ်ရာတွင် အောင်မြင်ခဲ့ပြီး ဘာစီလိုနာအသင်းမှ ယနေ့တွင် တရားဝင်ပွဲထုတ်သွားမည်ဖြစ်သည်။ ဗာမေလန်မှာ ဟင်နရီ၊ ဖာဘရီဂက်စ်တို့ပြီးနောက် ၇ နှစ်အတွင်း ဘာစီလိုနာသို့ ရောက်ရှိခဲ့သည့် တတိယမြောက် အာဆင်နယ်အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

    397354_heroa

    ပြီးခဲ့သည့်နှစ်က နာပိုလီအသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့သည့် လီဗာပူးလ် ဂိုးသမား ရီနာမှာလည်း ဘိုင်ယန်မြူးနစ်အသင်းသို့ ၃ နှစ်စာချုပ်ဖြင့် အပြီးသတ် ပြောင်းရွှ့သွားခဲ့သည်။

    အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ရီနာမှာ ဘိုင်ယန်အသင်းတွင် ဂျာမန်လက်ရွေးစင် နျူအာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲထွက်ကစားသမားဖြစ်ရန် ရုန်းကန်ရမည်ဖြစ်သည်။ ရီနာမှာ လီဗာပူးလ်အသင်းနှင့် FA ဖလား၊ လိဂ်ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ဆွတ်ခူးရရှိခဲ့သည်။

  • အီရတ်ရှိ အိုးအိမ်စွန့်ခွာ  ခရစ်ယာန်များကို မွတ်စလင် ကယ်ဆယ်ရေးအဖွဲ့ အကူအညီများပေးနေ

    အီရတ်ရှိ အိုးအိမ်စွန့်ခွာ ခရစ်ယာန်များကို မွတ်စလင် ကယ်ဆယ်ရေးအဖွဲ့ အကူအညီများပေးနေ

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media
    IslamicRelief-Eases--raq-Christians-Life
    – အီရတ်နိုင်ငံ မြောက်ပိုင်း ဒေသအချို့အား သိမ်းပိုက်ထားသည့် ISIS ၏ ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ခရစ်ယာန်ဘာသာဝင်များအား အီရတ်ရှိ မွတ်စလင် အကူအညီပေးရေးအဖွဲ့ Islamic Relief က ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု သိရသည်။

    “နိုင်နီဝါခရိုင် အလ်-ဟာမာဒန်ယာမြို့နဲ့ ဘာရှီကာက မိသားစုဝင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဖြူးခဲ့ပါတယ်။ ပြီးတော့ အဲဒီမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်” ဟု  Islamic Relief အဖွဲ့၏ ၀ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

    ISIS အဖွဲ့မှာ ပြီးခဲ့သည့် နှစ်လအတွင်း အီရတ်မြောက်ပိုင်း မူဆိုးလ်မြို့နှင့် ဒေသအချို့ကို သိမ်းပိုက်ကာ အစ္စလာမ့်မစ်နိုင်ငံတော် တည်ထောင်သည်ဟု ကြေညာ ခဲ့သည်။ ISIS အဖွဲ့ ခေါင်းဆောင် အဘူဘာကာ အလ်-ဘဂ္ဂဒါဒီမှာ ခလီဖာအဖြစ်ကြေညာခဲ့ပြီး အစ္စလာမ့်မစ်နိုင်ငံတော်အတွင်း ရှိနေသည့် ခရစ်ယာန်များ အနေဖြင့် ဂျစ်ဇယာ အခွန် ပေးဆောင်ခြင်းမပြုပါက နယ်နမိတ်အတွင်းမှ ထွက်သွားရန် အမိန့်ပေးခဲ့သည်။

    ထို့ကြောင့် ထိုဒေသအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များမှာ ကာဒ့်လူမျိုးများအုပ်ချုပ်ရာ ကာ့ဒ်ဒစ္စတန်ပြည်နယ်နှင့် နိုင်နီဝါ ခရိုင်အရှေ့ပိုင်းသို့ ထွက်ပြေးခဲ့ကြရသည်။

    Islamic Relief အဖွဲ့မှာ ထိုပြဿနာများ စတင်ဖြစ်ပွားသည့်အချိန်ကပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ခဲ့သည်။

    “အန်ဘာရ်နဲ့ ဆာလာဟက်ဒင်မှာ မိသားစု သုံးထောင်အတွက် အစားသောက်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ပစ္စည်းတွေနဲ့ အ၀တ်အစားတွေကို ဝေငှခဲ့ပါတယ်” ဟု Islamic Relief ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ထို့ပြင် Islamic Relief မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် လိုအပ်သည်များကို ပိုမိုပေးအပ်နိုင်ရန် ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိနေသည်။

    “Islamic Relief ဟာ ဆင်ဂျာဒေသမှာ သောက်သုံးရေရရှိရေး၊ ရေးဆိုးနဲ့ တစ်ကိုရေသန့်ရှင်းမှုပြဿနာ ဖြေရှင်းရေးတို့အတွက် သဘောတူညီချက်တစ်ခုကို ယူနီဆက်ဖ်နဲ့ လက်မှတ်ရေးထိုးထားပါတယ်။ ပြီးတော့ လူရှစ်ထောင်လောက်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ရာမှာ စီမံခန့်ခွဲဖို့ တာဝန်ကိုလည်း ရယူထားပါတယ်။

    ကယ်ဆယ်ရေးစခန်းကို ရောက်လာတဲ့သူတွေ နေထိုင်ဖို့အတွက် ယာယီတဲ ၁၀၀၀ လောက်ကိုလည်း Islamic Relief က ဆောက်လုပ်နေပါတယ်” ဟု Islamic Relief က ရေးသားဖော်ပြခဲ့သည်။

    အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ပြီး အစ္စလာမ့်မစ် နိုင်ငံတော်ကြေညာက အီရတ်အစိုးရတပ်များအား တိုက်ခိုက်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦးများအား ဖျက်ဆီးခြင်း ဘာသာရေးလူနည်းစုများအား နှိပ်ကွပ်ခြင်းတို့ကို ပြုလုပ်နေသည့် ISIS ၏ လုပ်ရပ်များကို ထင်ရှားသည့် အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် ကမ္ဘာ့မွတ်စလင်ထုတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်နေသည်။

    ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အစ္စလာမ်သာသနာ၏ သွန်သင်မှုများနှင့် လွဲချော်ဆန့်ကျင်နေသောလုပ်ရပ်များဖြစ်သည်ဟု ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    အီရတ်လူငယ်များကလည်း ISIS အဖွဲ့အားတွန်းလှန်ရန်အတွက် အစိုးရတပ်များတွင် ၀င်ရောက်အမှုထမ်းနေကြသည်။

    ref_OnIslam

  • နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်လူငယ် ပွဲတော်နှင့် လူငယ် အဖွဲ့အစည်းများပြပွဲ ကျင်းပပြုလုပ်

    နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်လူငယ် ပွဲတော်နှင့် လူငယ် အဖွဲ့အစည်းများပြပွဲ ကျင်းပပြုလုပ်

    သြဂုတ် ၁၀၊ ၂၀၁၄
    M-Media
    လမင်း
    DSC04094
    ရန်ကုန်။         ။ သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည်ဖြစ်သော နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်လူငယ်ပွဲတော်နှင့် လူငယ်အဖွဲ့အစည်းများပြပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ယနေ့သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    “လူငယ်တွေမှာက စွမ်းရည်တွေက အများကြီးရှိကြပါတယ်။ ဒီပွဲလေးမှာ လူငယ်တွေရဲ့ အတွေးအခေါ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဆွေးနွေးကြမှာပါ။ ဦးဆောင် ဆွေးနွေးတဲ့သူတွေနဲ့ လူငယ်တွေ ဆွေးနွေးတာတာတွေကို အစီရင်ခံစာ တစ်စောင်ပြု လုပ်သွားမှာဖြစ်ပါတယ်” ဟု Myanmar Youth Network မှ မသဉ္ဖာရွှန်းလဲ့ရည်က ရှင်းလင်းပြောကြားသည်။

    လူငယ်များအား စွမ်းဆောင်ရည်မှုများကို မြှင့်တင်ပေးနိုင်နှင့် လူငယ်များ စုစုစည်းစည်းနှင့် အလုပ်အကိုင်များကို လုပ်ကိုင်တတ်ရန်ကိုလည်း ဆွေးနွေး သွားကြမည်ဖြစ်ပြီး ယနေ့ပွဲတွင် ဆွေးနွေးပွဲများသာမက ဖျော်ဖြေရေး အစီအစဉ်များပါ ပါဝင် တင်ဆက်သွားမည်ဖြစ်ကြောင်းကို ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “လူငယ်များကို စွမ်းရည်မြှင့်တင်ပေးခြင်းမှသည် ကျန်းမာဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး “လူငယ်များအား စွမ်းဆောင်ရည် မြှင့်တင်ရာတွင် မိဘများထက် ဆရာများ၏ အခန်းကဏ္ဍ ပိုအရေးကြီးသည်” ဟူသည့်ခေါင်းစဉ်ဖြင့် အငြင်းခုံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။

    ရန်ကုန်လူငယ်ပွဲတော်နှင့် လူငယ်အဖွဲ့အစည်းများပြပွဲတွင် နယ်ပယ်အသီးသီးမှ အရပ်ဖက် လူအဖွဲ့အစည်းများဖြစ်ကြသော လူငယ်အဖွဲ့အစည်းများမှ အဖွဲ့အစည်းပေါင်း ၂၀ ကျော်က ရန်ကုန်လူငယ် ပွဲတော်သို့လာရောက်ပြီး ယင်းအဖွဲ့တို့၏ လုပ်ဆောင်ချက် အသီးသီးကို လာရောက်ပြသခဲ့သည်။

    10595744_684463954975068_373627799_n

    “ဒီနေ့ပွဲကို သူငယ်ချင်းတွေက ခေါ်လို့လိုက်လာတာပါ။ ဒီရောက်တော့မှ အရမ်းကို ဗဟုသုတရမဲ့ပွဲလို့ထင်မိတယ်။ လူငယ်တွေအနေနဲ့ ဒီကဆွေးနွေးမှုတွေကို ပါဝင်ခွင့်ရမှာဖြစ်တဲ့ အတွက်လည်း ၀မ်းသာပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ကြိုးစားရမဲ့ အချိန်ရောက်ပြီလို့ထင်ပါတယ်။ အားလုံး ၀ိုင်းဝန်းကြိုးစားရမှာဖြစ်ပါတယ်”ဟု ရန်ကုန်လူငယ်ပွဲတော်နှင့် လူငယ်အဖွဲ့အစည်းများပြပွဲ သို့မြောက်ဥက္ကလာမြို့နယ်မှ လာရောက်သော လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

    ရန်ကုန်လူငယ်ပွဲတော်သို့ အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြားရှိ လူငယ်များနှင့် နယ်ပယ်အသီးသီးမှ လူငယ်ပညာရှင်များမှ လူငယ်များ၏ စွမ်းဆောင်ရည်၊ အခွင့်အရေးနှင့် တိုးတက်ရေးတို့အတွက် တက်ရောက်ဆွေးနွေးခဲ့ကြသည်။