News @ M-Media

Blog

  • တရုတ်ရန်မြင့်တက်လာသည့် အာရှတွင် ဗြိတိန်က စစ်သင်္ဘော ၂ စီး အမြဲတမ်းချထားမည်

    တရုတ်ရန်မြင့်တက်လာသည့် အာရှတွင် ဗြိတိန်က စစ်သင်္ဘော ၂ စီး အမြဲတမ်းချထားမည်


    ဇူလိုင် ၂၁၊ ၂၀၂၁

    M-Media 

    – လေယာဉ်တင်သင်္ဘော Queen Elizabeth အုပ်စု စက်တင်ဘာလ ဂျပန်နိုင်ငံကို သွားရောက်ပြီးရင် အာရှမှာ စစ်သေင်္ဘာနှစ်စီး အမြဲတမ်း ချထားမယ်လို့ ဗြိတိန်က ကြေငြာလိုက်ပါတယ်။ 

    ဂျပန်အပါဝင် အာရှနိုင်ငံတွေက ရုတ်ရဲ့လွှမ်းမိုးမှုကို ပိုမိုသတိထား စောင့်ကြည့်လာကြတဲ့အချိန် ဗြိတိန်ရဲ့ ဒီကြေငြာချက် ပေါ်ထွက်လာတာပါ။ လုံခြုံရေးကဏ္ဍမှာ ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ 

    “တိုက်ရေယာဉ်အုပ်စု ပွဲဦးထွက်သွားရောက်ပြီးရင် အခုနှစ်နှောင်းပိုင်းကစလို့ ဒေသတွင်းမှာ စစ်သင်္ဘော ၂ စီးကို အမြဲတမ်း ချထားမှာ ဖြစ်ပါတယ်” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲထုတ်ပြန်တဲ့ မနေ့ကကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီကလည်း အင်ဒိုပိစိဖိတ်ဒေသရဲ့ လက်ရှိအခြေအနေကို အဓမ္မပြောင်းလဲဖို့ ကြိုးစားမှုကို ဆန့်ကျင်ပြီး ဥပဒေကို အခြေခံတဲ့ လွတ်လပ်စွာ သွားလာအသုံးပြုခွင့်ကို အားပေးရေးမှာ မိမိတို့နှစ်နိုင်ငံ သဘောတူညီကြတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

    စက်တင်ဘာလ ဗြိတိန်ရဲ့ တိုက်ရေယာဉ်အုပ်စု ရောက်လာပြီးရင် လေယာဉ်တင်သင်္ဘော Queen Elizabeth နဲ့ အစောင့်ရှောက် သင်္ဘောတွေဟာ ဂျပန်ကျွန်းစုက အမေရိကန်နဲ့ ဂျပန် ရေတပ်စခန်းတွေမှာ သီးခြားစီ ဆိုက်ကပ်ထားမှာ ဖြစ်တယ်လို့လည်း ကီရှီက ဆိုပါတယ်။ 

    အမေရိကန်အစိုးရက ဗြိတိန်ရဲ့ ဒီခြေလှမ်းကို ဂုဏ်ပြုကြိုဆိုတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ကူညီရန် လူ့အခွင့်အရေးအဖွဲ့က ကမ္ဘာကို တိုက်တွန်း

    ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ကူညီရန် လူ့အခွင့်အရေးအဖွဲ့က ကမ္ဘာကို တိုက်တွန်း

    ဇူလိုင် ၂၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက အရေးပေါ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီး ချက်ခြင်း ကူညီပေးသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း တက်လာတဲ့ စစ်ကောင်စီဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ CDM လုပ်တဲ့ ဝန်းထမ်းတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတဲ့အချိန် ကိုဗစ် တတိယလှိုင်း ဖြစ်လာတာကို မြန်မာပြည်သူတွေ ကြုံတွေ့နေရတာပါ။

    နိုင်ငံတစ်ဝှမ်း ဆေးရုံဆေးပေးခန်း မလုံလောက်မှုတွေ၊ ဆေးဝါး၊ အောက်ဆီဂျင် မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ကလည်း မြင့်တက်လာပါတယ်။

    Fortify Rights က အလှုရှင်နိုင်ငံတွေ၊ အကူအညီပေးရေးအဖွဲ့တွေဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲနဲ့ တစ်ဖက်က မြန်မာပြည်သူတွေကို အကူအညီတွေ ပေးအပ်သင့်တယ်လို့ ပြောပါတယ်။

    “ကိုဗစ်ကြောင့် နိုင်ငံတစ်ဝှမ်း ဘယ်လောက်သေနေလဲဆိုတာ မသိရဘူး။ ဒေသတွင်းနဲ့ ဒေသပြင်ပကိုပါ ဆိုးရွားတဲ့ခြိမ်းခြောက်မှုဖြစ်လာတဲ့ ဒီပြဿနာအတွက် စစ်ကောင်စီမှာ တာဝန်ရှိပါတယ်။ နောက်ထပ်လူတွေ ထပ်မသေခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးကဆင်းပြီး အရပ်သားအစိုးရလက်ထဲ တိုင်းပြည်ကို ပြန်ထည့်ဖို လိုပါတယ်” လို့ Fortify Rights အဖွဲ့ရဲ့ စီအီးအို မက်သယူးစမစ်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက အောက်ဆီဂျင်တွေ လုယူဖျက်ဆီးတယ်ဆိုတဲ့ အထောက်အထားတွေ မိမိတို့မှာ ရှိနေတယ်လို့လည်း Fortify Rights က ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းဆေးဖက်ဆိုင်ရာ အဆောက်အဦးတွေ၊ လူနာတွေ၊ လူနာတင်ယာဉ်၊ ကျန်းမာရေးဝန်ထမ်း၊ ဆေးဝါးပစ္စည်းတွေအပါအဝင် စစ်ကောင်စီတပ်တွေက ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် တိုက်ခိုက်ဖျက်ဆီးမှု ၂၆၀ ကျော် ရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၉၀၀ ကျော် ရှိပြီး ဖမ်းဆီးခံရသူ အရေအတွက်ကတော့ ၅ ထောင်ကျော် ရှိနေပါတယ်။

    Ref: Fortify Rights

  • ကိုဗစ်ကြောင့် အိန္ဒိယတွင် အမှန်တကယ်သေဆုံးသူ ၄ သန်းကျော်နိုင်ဟု ပညာရှင်များ သုံးသပ်

    ကိုဗစ်ကြောင့် အိန္ဒိယတွင် အမှန်တကယ်သေဆုံးသူ ၄ သန်းကျော်နိုင်ဟု ပညာရှင်များ သုံးသပ်

    ဇူလိုင် ၂၁၊ ၂၀၂၁

    M-Media 

    – အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်ထားတာထက် ၁၀ ဆလောက် ပိုများနိုင်ပြီး ခေတ်သစ်အိန္ဒိယသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးကြီး ဖြစ်ဖွယ်ရှိတယ်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ 

    ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက အခုအချိန်အထိ သေဆုံးမှုအရေအတွက် ၄၁၄၀၀၀ ရှိတယ်လို့ အစိုးရမှတ်တမ်းတွေက ဖော်ပြပါတယ်။

    အိန္ဒိယအစိုးရ စီးပွားရေးအကြီးအကဲဟောင်း အာရ်ဗင် ဆူဘရာမာနီယန်၊ Center for Global Development နဲ့ Harvard တက္ကသိုလ်က သုတေသနပညာရှင် ၂ ဦး စုစုပေါင်း ၃ ဦး မနေ့က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ၂၀၂၀ ဇန်နဝါရီလကနေ ၂၀၂၁ ဇွန်လအထိ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃ သန်းကနေ ၄.၇ သန်းလောက်အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    အတိအကျကို တွက်ချက်ရခက်ပေမယ့် အစိုးရထုတ်ပြန်ချက်ထက်တော့ သိသိသာသာများပြားတယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရက ဒီစာတမ်းကို ပယ်ချခဲ့ပြီး ချဲ့ကားပြောဆိုမှုသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လူနာမနိုင်တော့တဲ့ ဆေးရုံတွေက သေဆုံးမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမပေးနိုင်တာကြောင့် သေဆုံးမှုတွေ၊ အထူးသဖြင့် အခုနှစ်အစောပိုင်း ဒုတိယလှိုင်းက သေဆုံးမှုတွေကို ထည့်သွင်းတွက်ချက်ဖို့ ကျန်သွားတာမျိုး ဖြစ်နိုင်တယ်လို့လည်း သုတေသနပညာရှင်တွေက ပြောပါတယ်။ 

    “သေဆုံးမှုဟာ သိန်းချီမဟုတ်ဘဲ သန်းချီရှိနိုင်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း အိန္ဒိယရဲ့ အဆိုးရွားဆုံး လူသားထုကပ်ဆိုးကြီးလို့တောင် ပြောလို့ရပါတယ်”

    အခုနှစ်အစောပိုင်းကစလို့ အိန္ဒိယဟာ ပုံပြောင်းကိုဗစ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပြီး သေဆုံးသူတွေ တောင်လိုပုံတာအထိ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီ၏ ဒုက္ခပေးမှုကြောင့် မြေအောက်ရောက်သွားသည့် ကိုဗစ်ပရဟိတသမားများ

    စစ်ကောင်စီ၏ ဒုက္ခပေးမှုကြောင့် မြေအောက်ရောက်သွားသည့် ကိုဗစ်ပရဟိတသမားများ

    ဇူလိုင် ၂၀၊ ၂၀၂၁
    M-Media

    -ဒုတိယမြို့တော် မန္တလေးက ကိုဗစ်ဖြစ်နေသူတွေရဲ့အိမ်ကနေ အောက်ဆီဂျင်အိုးတွေ ပြန်သိမ်းဖို့အတွက် အသက် ၂၁ နှစ်အရွယ်ကျောင်းသား ဖိုးသားတစ်ယောက် အရုဏ်တက်ကတည်းက အိမ်ကထွက်ပြီး ကူညီပေးနေတာ တစ်ပတ်လောက် ရှိနေပါပြီ။

    သူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ပရဟိတစင်တာတွေမှာ လိုင်းစီပြီး အောက်ဆီဂျင်ဖြည့်တာ၊ ပြန်ပို့တာတွေ စေတနာ့ဝန်ထမ်း လုပ်ပေးနေကြတာပါ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ် ပြိုလဲသွားပြီး၊ လတ်တလော ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လူ့အသက်တွေကို ကယ်တင်ဖို့ သူတို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာက အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့ ကူညီမှုနဲ့ အောက်ခြေလူထုမှာ ကိုဗစ်ကပ်ရောကို ကိုယ်ထူကိုယ်ထ တုန့်ပြန်တိုက်ဖျက်မှု မြင့်တက်လာပြီး အဲဒီအထဲမှာ ဖိုးသားနဲ့ သူ့ရဲ့အဖွဲ့လည်း ပါဝင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း စစ်အာဏာရှင်လက်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတွေကို ပြည်သူတွေ ကိုယ်ထူကိုယ် ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။

    “အောက်ဆီဂျင်လိုအပ်တဲ့သူအရေအတွက် တော်တော်ကိုများလာတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါ” လို့ ဖိုးသားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းကတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၂၃၃ ဦးရှိခဲ့ပြီး၊ ၁၈ ရက်နေ့မှာ ၂၃၁ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေနဲ့ နာရေးကူညီမှုအဖွဲ့တွေက အမှန်တကယ် သေဆုံးသူဟာ ဒီအရေအတွက်ထက် ပိုမိုများပြားပြီး သုဿန်တွေမှာ အလောင်းတွေ ပုံနေတယ်လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ပုံပြောင်းကိုဗစ် Delta ဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့အချိန် အခုလအတွင်း သေဆုံးသူအရေအတွက်ဟာ ၄၀ ရာခိုင်နှုန်း ကျော်လာပြီး ၄၇၆၉ ဦး ရှိနေပါတယ်။ Delta ဗိုင်းရပ်စ်ဟာ အရှေ့တောင်အာရှက အခြားနိုင်ငံတွေမှာလည်း ပြန့်နှံ့ကူးစက်နေပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အ​ခြေအနေမှာ တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ဖို့ တနင်္ဂနွေနေ့ နိုင်ငံပိုင်ရုပ်သံကမိန့်ခွန်းမှာ စေတနာ့ဝန်ထမ်းတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

    “ခြိမ်းခြောက်မှုတွေရှိတာကြောင့် တစ်ချို့လူတွေ စေတနာ့ဝန်ထမ်းတောင် မလုပ်ရဲကြပါဘူး။ အခြားအကြောင်းအရင်းတွေ၊ အခက်အခဲတွေကြောင့် ဝင်မလုပ်ချင်ကြသူတွေလည်း ရှိပါတယ်။ အရင်ကပြောခဲ့သလိုပဲ သူတို့ကို ကျွန်တော် ကြိုဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဦးသက်ခိုင်ဝင်းက အောက်ဆီဂျင် ပိုမိုထောက်ပံ့ပေးနိုင်ရေးအပါအဝင် ကိုဗစ်တိုက်ဖျက်ရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ စနေနေ့မှာ အစည်းအဝေး ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။

    မလိုအပ်ဘဲ ဝယ်ယူသိုလှောင်နေကြတာကို တားဆီးဟန့်တားဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကို ပိတ်ပင်တာအပါအဝင် စစ်ကောင်စီက ကန့်သတ်မှုတွေလုပ်ဆောင်နေတာကြောင့် လူ့အသက်တွေ သေကြေပျက်ဆီးနေကြတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

    အရင်ကတည်းက ဒေသတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ စစ်အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်မှုကြောင့် ပိုမိုဆိုးရွားလာတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးမှု၊ စမ်းသပ်စစ်ဆေးမှုနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေအားလုံးလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

    မကြာသေးခင်က ဆိုရှယ်မီဒီယာကနေတစ်ဆင့် အကူအညီပေးနေပြီး နောက်ပိုင်း မြေအောက်ရောက်သွားတဲ့ ဆရာဝန်တစ်ဦးက အကူအညီတောင်းခံမှု ရာနဲ့ချီ ရခဲ့တယ်လို့ ပြောပါတယ်။ အိမ်တစ်အိမ်ကို ဖုန်းခေါ်ဆိုတဲ့အခါ အိမ်သားအားလုံးနီးပါး ကိုဗစ်လက္ခဏာရှိနေပြီး အများစုက အောက်ဆီဂျင်ကျနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

    “အခြေအနေက တော်တော်ဆိုးပါတယ်။ ဆေးရုံက သူတို့အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး။ လူနာတွေ အကူအညီမဲ့နေတာကို ကျွန်တော် ထိုင်ပြီး ကြည့်မနေနိုင်တော့ပါဘူး” လို့ ပန်းချီဆိုတဲ့အမည်နဲ့ ကူညီပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် အရင်ကိုဗစ်လှိုင်းနှစ်ခုတုန်းက အခြေအနေကို တော်တော်လေးထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘူးလို့ သူက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဖြုတ်ချခံလိုက်ရပြီး ပုဒ်မအများအပြားနဲ့ တရားစွဲဆို ခံထားရတာပါ။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီတွေ ရခဲ့ပြီး ကွာရန်တင်းစင်တာတွေ၊ ကိုဗစ်စစ်ဆေးမှုစင်တာတွေမှာ ကူညီပေးခဲ့ကြသလို အစိုးရဆေးရုံတွေက ဝန်ထုပ်ဝန်ပိုးတွေကို ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ NLD က မဲမသမာမှုလုပ်တယ်လို့ စွပ်စွဲအာဏာသိမ်း တက်လာကာ နေ့စဉ်နဲ့အမျှ ဆန္ဒပြမှုတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အစိုးရလက်အောက်မှာတော့ စေတနာ့ဝန်ထမ်းတွေ ထွက်မလာတော့ပါဘူး။

    ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်း အများစုဟာ အခုတစ်ခေါက် ပေါ်မလာတော့ဘူးလို့ ဖိုးသားက ပြောပါတယ်။

    အဲဒီအစား သူတို့လို အဖွဲ့အစည်းတွေဟာ ကိုယ်ထူကိုယ်ထ ကူညီပေးနေကြပြီး၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလ အစိုးရက ကူညီကယ်ဆယ်မှုတွေ မလုပ်ပေးတဲ့အတွက် ကိုယ်ထူကိုယ်ထ ရင်ဆိုင်ဖြေရှင်းခဲ့ရသလိုမျိုး အရင် စစ်အာဏာရှင်တွေလက်ထက် ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့အချိန် ပြည်သူအချင်းချင်း ဖေးမကူညီခဲ့ရတဲ့ ပုံစံအတိုင်းပါပဲ။

    ရန်ကုန်မြို့က သူငယ်ချင်းတွေဖွဲ့ထားတဲ့ အဖွဲ့တစ်ခုက အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အောက်ဆီဂျင်အိုးတွေ တင်သွင်းဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ခံတွေဟာ တရုတ်နိုင်ငံကနေ အောက်ဆီဂျင်စက် ဝယ်ယူတင်သွင်းဖို့အတွက် အလှုငွေကောက်ခံနေတာ ကန်ဒေါ်လာ ၃ သောင်းလောက် ရရှိနေပါပြီ။

    “အခု ကိုဗစ် တတိယလှိုင်းမှာ ကျွန်တော်တို့ ထိခိုက်ခံစားနေရပါတယ်။ နောက်ထပ် လှိုင်းဘယ်နှစ်ခု လာမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ​ကျွန်တော်တို့မှာ အစိုးရ မရှိတော့သလိုမျိုး လုပ်ကိုင်ဆောင်ရွက်နေရတာပါ” လို့ အလှုငွေကောက်ခံသူတွေထဲက တစ်ဦးဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ ဒုက္ခပေးမှု ခံရမှာကို စိုးရိမ်တဲ့အတွက် အမည်ကို သူက ဖွင့်ဟပြောဆိုခြင်း မရှိပါဘူး။

    Ref: Reuters

    (ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည့် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ၂၀၃၀ ကမ္ဘာ့ဖလားကျင်းပခွင့်ရရေး ဆော်ဒီကြိုးပမ်းမည်

    ၂၀၃၀ ကမ္ဘာ့ဖလားကျင်းပခွင့်ရရေး ဆော်ဒီကြိုးပမ်းမည်

    ဇူလိုင် ၁၈၊ ၂၀၂၁
    M-Media

    ဆော်ဒီရှိ ကင်းအဘ်ဒူလာ ဘောလုံးကွင်း

    -၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အီတလီနဲ့ ပူးတွဲကျင်းပခွင့်ရရေး ကြိုးပမ်းဖို့ ဆော်ဒီအာရေဗျက စဉ်စားနေတယ်လို့ ဗြိတိသျှ အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic က ဖော်ပြပါတယ်။

    ဘဏ္ဍာရေးဝန်ထုတ်ဝန်ပိုး ကြီးမားတာမျိုးကို ရှောင်ရှားဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်နိုင်ငံထဲမှာ ကျင်းပဖို့အစား နိုင်ငံတွေ ပူးတွဲကျင်းပဖို့ အားပေးလာတာပါ။

    အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ ပူးတွဲကျင်းပမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားက​ စတင်ပြီး ဒီစနစ်ကို ကျင့်သုံးမှာဖြစ်ပါတယ်။ အသင်းရေကိုလည်း ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့ပြီး ပွဲပေါင်း ၈၀ ကစားမှာ ဖြစ်ပါတယ်။

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    ဆော်ဒီက ၂၀၃၀ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေကို ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း ဗြိတိသျှမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref: Arab News