News @ M-Media

Blog

  • လော်ဘီခမရ၍ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ဂျူးလော်ဘီ ရပ်ဆိုင်း

    လော်ဘီခမရ၍ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ဂျူးလော်ဘီ ရပ်ဆိုင်း

    ဇူလိုင် ၁၅၊ ၂၀၂၁
    M-Media

    -စီးပွားရေးပိတ်ဆို့မှုကြောင့် လော်ဘီခမရတဲ့အတွက် စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ရပ်ဆိုင်းထားတယ်လို့ အစ္စရေးလော်ဘီ အရီ ဘင် မနာရှေက မနေ့မှာ ထုတ်ပြောပါတယ်။

    အနောက်နိုင်ငံတွေမှာ ပုံရိပ်ကောင်းအောင်လုပ်ပေးဖို့ မနာရှေပိုင်ဆိုင်တဲ့ ကနေဒါအခြေစိုက် Dickens & Madson လော်ဘီကုမ္ပဏီကို စစ်ကောင်စီက ဒေါ်လာ ၂ သန်းနဲ့ မတ်လမှာ ငှားခဲ့တာပါ။

    အနောက်နိုင်ငံက အစိုးရတွေကြားထဲ ဘင် မနာရှေ ဝါဒဖြန့်ပေးရမယ့် ကိစ္စတွေမှာ ​ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဟာ မဲမသာမှုကြောင့် လုပ်ရတယ်၊ ကမ္ဘာက လူမျိုးတုန်းသတ်ဖြတ်မှုလို့ရှုမြင်တဲ့ ရိုဟင်ဂျာကိစ္စကို မိမိတို့လုပ်တာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က လုပ်တာဖြစ်တယ် စတာတွေ ပါဝင်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း CNN သတင်းထောက်ချုပ် မြန်မာနိုင်ငံသွားနိုင်အောင်လည်း ဘင်မနာရှေက စီစဉ်ပေးခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က မီဒီယာနဲ့ အင်တာဗျူးမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပေမယ့် ပိတ်ဆို့မှုတွေကြောင့် လော်ဘီခမရတဲ့အတွက် ဝါဒဖြန့်ပေးမှုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဘင်မနာရှေက ပြောပါတယ်။

    ဒီအကြောင်းကို စစ်ခေါင်းဆောင်တွေထံ ပြီးခဲ့တဲ့လကတည်းက အသိပေးထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ဖယ်ရှားပေးတာနဲ့ ဒေါ်လာ ၂ သန်းပေးဖို့ ဘင်မနာရှေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ သ​ဘောတူထားတာပါ။

    ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ယခင်ကတည်းက ပြုလုပ်ထားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

    Ref: The Star

  • တရုတ်နိုင်ငံမှာ မကောင်းဆိုးဝါး အင်ပါယာ ဖြစ်လာပြီဟု ကန်ဒုတိယသမ္မတဟောင်း သတိပေး

    တရုတ်နိုင်ငံမှာ မကောင်းဆိုးဝါး အင်ပါယာ ဖြစ်လာပြီဟု ကန်ဒုတိယသမ္မတဟောင်း သတိပေး

    ဇူလိုင် ၁၅၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံဟာ ‘မကောင်းဆိုးဝါးအင်ပါယာ’ ဖြစ်လာနေတယ်လို့ အမေရိကန်သမ္မတဟောင်း မိုက်ပန့်စ်က ပြောကြားလိုက်ပြီး ဘိုင်ဒန်အစိုးရအနေနဲ့ ပိုမိုပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    “တရုတ်ကွန်မြူနစ်ပါတီဟာ ကျွန်တော်တို့ရဲ့ သာယာ၀ပြောမှု၊ လုံခြုံရေး၊ ကမ္ဘာပေါ်က လူ့တန်ဖိုးတွေကို အကြီးမားဆုံး ခြိမ်းခြောက်နေပါတယ်။ လက်ရှိမှာ မကောင်းဆိုးဝါးအင်ပါယာ မဖြစ်သေးပေမယ့် ဒီလိုဖြစ်ဖို့ သူတို့ နေ့စဉ်နေ့တိုင်း ကြိုးစားဆောင်ရွက်နေပါတယ်” လို့ မနေ့က တတ်သိပညာရှင်များအဖွဲ့ Heritage Foundation ရဲ့ အခမ်းအနားမိန့်ခွန်းမှာ မိုက်ပန့်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်အတွက် တရုတ်ဟာ စစ်အေးခေတ် ဆိုဗီယက်ပြည်ထောင်စုထက် ပိုမိုကြီးမားတဲ့ စိန်​​ခေါ်မှု ဖြစ်လာတယ်လို့လည်း မိုက်ပန့်စ်က ဆိုပါတယ်။

    ထရမ့်နဲ့ မိုက်ပန့်စ်တို့ဦးဆောင်တဲ့ အမေရိကန်အစိုးရဟောင်းဟာ စီးပွားရေးပိတ်ဆို့တာ၊ အခွန်တိုးကောက်တာ၊ ကိုဗစ်ကပ်ရောဂါအတွက် ဝေဖန်တာတွေလို ပြင်းထန်တဲ့ ပေါ်လစီတွေနဲ့ တရုတ်ကို ရင်ဆိုင်ခဲ့တာပါ။

    လက်ရှိအမေရိကန်အစိုးရဟာ အားနည်းတယ်လို့ တရုတ်က ယူဆနေပြီး၊ ကိုဗစ်ကိစ္စ၊ တရုတ်အစိုးရရဲ့ ကိုလိုနီလက်သစ်ဝါဒတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဘိုင်ဒန်အစိုးရအနေနဲ့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အရေးပါတဲ့ လုပ်ငန်းတွေကို တရုတ်စီးပွားရေးကနေ ဖယ်ခွာဖို့၊ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးအားကောင်းအောင် လုပ်ဆောင်ဖို့၊ တရုတ်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချဖို့၊ ကိုဗစ်ပေါ်လာမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မပေးရင် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ကို ရုပ်သိမ်းရေး တောင်းဆိုဖို့၊ ဝီဂါလူမျိုးစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှု အဆုံးသတ်ရေး ဖိအားပေးဖို့ စတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဒုတိယသမ္မဟောင်းက အကြံပြုခဲ့ပါတယ်။

    ကမ္ဘာ့အနောက်ခြမ်းမှာ တရုတ်က စစ်စခန်းတည်ဆောက်နေမှုကို တားဆီးရမယ်လို့လည်း မိုက်ပန့်စ်က ဆိုပါတယ်။

    “တရုတ်ရဲ့ ကိုလိုနီလက်သစ်ဝါဒကို ကမ္ဘာ့အနောက်ခြမ်းက ခွင့်မပြုဘူးဆိုတာ သမ္မတက ရှင်းရှင်းလင်းအသိပေးဖို့ လိုပါတယ်”

    Ref: AFP

  • ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းကို စင်ကာပူ စတင်လည်ပတ်

    ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းကို စင်ကာပူ စတင်လည်ပတ်

    ဇူလိုင် ၁၅၊ ၂၀၂၁
    M-Media

    -ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခုကို စင်ကာပူနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    ဘောလုံးကွင်း ၄၅ ကွင်းစာအကျယ်ရှိတဲ့ အဲဒီဓာတ်အာပေး စီမံကိန်းဟာ နိုင်ငံအတွင်းရှိနေတဲ့ သောက်သုံးရေသန့်စင်စက်ရုံ ၅ ခုကို ဓာတ်အား လုံလုံလောက်လောက် ပေးနိုင်မှာ ဖြစ်ပါတယ်။

    ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်နိုင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၅ ခုနှစ်ရောက်ရင် နေစွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှုကို အခုထက် ၄ ဆ တိုးမြှင့်နိုင်အောင် စင်ကာပူက ရည်မှန်းထားပါတယ်။

    နိုင်ငံအနောက်ပိုင်း ရေလှောင်ကန်မှာ တည်ဆောက်ထားတဲ့ အခု ​နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းဟာ ဓာတ်အား ၆၀ မီဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို ကာဘွန်ထုတ်လွှတ်မှု ၃၂ ကီလိုတန်လောက် လျှော့ချပေးနိုင်မှာပါ။ ဒါဟာ မော်တော်ကား ၇ ထောင်လောက် လမ်းပေါ်က ဖယ်ရှားလိုက်တဲ့ ပမာဏဖြစ်ပါတယ်။

    ရေရဲ့အေးမြမှုကြောင့် ဆိုလာပြားတွေဟာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ စွမ်းဆောင်ရည်ပိုကောင်းနိုင်မှာဖြစ်ပြီး ဘေးကအဆောက်အဦးတွေရဲ့ အရိပ်ကျမှုလည်း မရှိဘူးလို့ စီမံကိန်းဖော်ဆောင်တဲ့ ကုမ္ပဏီနဲ့ စင်ကာပူ ရေပေးဝေရေးဌာနတို့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၄၅ ဟက်တာကျယ်တဲ့ အဲဒီစီမံကိန်းမှာ ဆိုလာပြား ၁၂၂၀၀၀ အသုံးပြုထားပြီး စင်ကာပူဟာ ရေသန့်စင်ရေးစက်ရုံအားလုံးကို နေစွမ်းအင်သုံးဓာတ်အားနဲ့ အပြည့်အ၀လည်ပတ်တဲ့ ကမ္ဘာပေါ်က အနည်းငယ်သော နိုင်ငံတွေထဲမှာ ပါဝင်လာပါတယ်။

    စီမံကိန်းကြောင့် သဘာ၀ပတ်ဝန်းကျင်နဲ့ ရေလှောင်တမံက ရေအရည်အသွေးကို မထိခိုက်ဘူးလို့လည်း တာဝန်ရှိသူတွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • အင်ဒိုနီးရှားတွင် ပုံပြောင်းကိုဗစ် Delta ပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    အင်ဒိုနီးရှားတွင် ပုံပြောင်းကိုဗစ် Delta ပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -ကူးစက်မြန် ကိုဗစ်ပုံပြောင်း Delta ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယမှာ အကြီးအကျယ် ကူးစက်ခဲ့တဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို အင်ဒိုနီးရှားက လက်ရှိမှာ အလူးအလဲ ခံစားနေရတာ​ ဖြစ်ပါတယ်။ ဒီကနေ့ ကိုဗစ်ကူးစက်မှုဟာ ၅၄၀၀၀ အထိ ရှိခဲ့ပြီး ဇွန်လအစပိုင်းကထက်ယှဉ်ရင် နေ့စဉ် ကူးစက်မှုမှာ ၁၀ ဆအထိ တိုးလာတာပါ။

    ကူးစက်မှု အလွန်အမင်း မြင့်တက်လာတဲ့အချိန် ဆေးရုံ မလုံလောက်တာ၊ ကျန်းမာရေးဝန်ထမ်းနဲ့ ပစ္စည်းတွေ၊ အောက်ဆီဂျင်တွေ မလုံလောက်တာကိုလည်း အင်ဒိုနီးရှားက ကြုံလာရပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားဟာ ဒုတိယ အိန္ဒိယ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။

    ကျန်းမာ​ရေးဝန်ကြီး ဆာဒစ်ကင်က ပုံပြောင်းကိုဗစ် Delta ကို လူဦးရေထူထပ်တဲ့ ဂျာဗားကျွန်းအပြင်ဘက်က ပြည်နယ် ၁၁ ခုမှာ တွေ့လာရပြီး တစ်ချို့ဒေသတွေမှာ ဆေးဝါးပစ္စည်းတွေ မလုံလောက်တာကြောင့် အလွန်အမင်း စိုးရိမ်စရာကောင်းနေတယ်လို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

    အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ လူဟွတ် ဘင်ဆာရ် ပန်ဂျိုင်တန်က အောက်ဆီဂျင်ရရှိ​ရေးကို ကောင်းမွန်စွာ စီမံခန့်ခွဲထားနိုင်ပြီး စင်ကာပူနဲ့ တရုတ်ထံကနေ အောက်ဆီဂျင်စက် ၁၅၀၀ ကျော် မှာယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    လောလောလတ်လတ် ဘွဲ့ရထားတဲ့ ဆရာဝန် ၂ ထောင်ကျော်နဲ့ သူနာပြု ၂ သောင်းလောက်ကိုလည်း နိုင်ငံတစ်ဝှမ်း ဖြန့်ခွဲတာဝန်ပေးဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

    Ref: Reuters

  • အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၀ နီးပါး သေဆုံး

    အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၀ နီးပါး သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက မိုးကြိုးပစ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးမှုအများစုဟာ နိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း လူ ၂၀ သေဆုံးခဲ့ပါတယ်။

    ​ခရီးသွားတွေ စိတ်ဝင်စားတဲ့ ၂၀ ရာစု ရှေးဟောင်းခံတပ်တစ်ခုက ကင်းမျှော်စင်အနီးမှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲကတစ်ချို့ဟာ ဆဲလ်ဖီရိုက်နေစဉ် မိုးကြိုးပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရာဂျက်စသန်ပြည်နယ်က အခြားနေရာတွေမှာလည်း မိုးကြိုးပစ်မှုကြောင့် အနည်းဆုံး နောက်ထပ် လူ ၉ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ်မှာ မိုးကြိုးကြောင့် ၁၈ ဦးသေဆုံးခဲ့ပြီး အများစုဟာ ကွင်းပြင်းတွေမှာ အလုပ်လုပ်နေကြတဲ့ လယ်သမားတွေဖြစ်ပါတယ်။

    ကျန်ရစ်သူမိသားစုနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ကြေးတွေ ပေးထားတယ်လို့ ပြည်နယ်အစိုးရတွေက ထုတ်ပြန်ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနက နောက်ထပ် ၂ ရက်အတွင်း နိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်မှုတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယမှာ မိုးတွင်းရောက်ရင် မိုးကြိုးပစ်မှုကြောင့် လူအမြောက်အများသေဆုံးမှု ဖြစ်ပွားတတ်ပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း မိုးကြိုးကြောင့် လူ ၂၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera