News @ M-Media

Blog

  • အီရတ်မှ ISIL အဖွဲ့၏ ဌာနေ ခရစ်ယာန်များအား နေရပ် စွန့်ခွာစေသည့် လုပ်ရပ် ကမ္ဘာ့ မွတ်စလင် ပညာရှင်အဖွဲ့ ပြင်းထန်စွာ ရှုံချ

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    ScholarsCondemn-Iraq-Christians-Deportation
    – မူဆိုးလ်မြို့ကို သိမ်းပိုက်ထားသည့် ISIL ၏ ကြေညာချက်ကြောင့် ခရစ်ယာန်ဘာသာဝင်များ နေရပ်စွန့်ခွာရခြင်းအား ကမ္ဘာ့လုံးဆိုင်ရာ ထိပ်တန်း အစ္စလာမ့်သာသနာ့ပညာရှင်များ အဖွဲ့ဖြစ်သော နိုင်ငံတကာ မွတ်စလင်ပညာရှင်များအစည်းအရုံး IUMS က ပြင်းပြင်းထန်းထန် ရှုတ်ချခဲ့ပြီး ISIL ၏ ထိုလုပ်ရပ်မှာ ရှရီအာနှင့် အစ္စလာမ့်ရေသောက်မြစ်ဖြစ်သော တရားမျှတမှု၊ သည်းခံမှု စသည့် သွန်သင်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ပြောကြားလိုက်သည်။

    “အီရတ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီနောင်တွေကို နေရပ်ကနေ အတင်းအဓမ္မ စွန့်ခွာခိုင်းတဲ့ ဒီလုပ်ရပ်ကို နိုင်ငံတကာ မွတ်စလင်ပညာရှင်များ အစည်းအရုံးက ရှုတ်ချပါတယ်။ ဒါဟာ အစ္စလာမ့်ဥပဒေ၊ အစ္စလာမ့်အရှိတရားနဲ့ သွေဖည်နေပြီး အစ္စလာမ်နဲ့ မွတ်စလင်တွေရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေပါတယ်” ဟု အဆိုပါ အစည်းရုံးမှ ဇူလိုင် ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။

    ထို့ပြင် ISIL အနေဖြင့် ခရစ်ယာန်ညီအကိုများအား မူဆိုးလ်ရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်သွားရောက် နေထိုင်ခွင့်ပြုရန်အတွက်လည်း အဆိုပါ ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

    ISIL အဖွဲ့မှာ ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသများအား “အစ္စလာမ့်မစ်နိုင်ငံတော်” ထူထောင်သည်ဟု ကြေညာထားပြီး ခရစ်ယာန်များ အနေဖြင့်၊ အစ္စလာမ်သို့ပြောင်းလဲခြင်း သို့မဟုတ် ဂျစ်ဇယာ အခွန်ပေးဆောင်ခြင်းမပြုပါက အသတ်ခံရမည်ဟု ပြီးခဲ့သည့် စနေနေ့တွင် မူဆိုးလ်မြို့တစ်ဝှမ်း အသံချဲ့စက်များဖြင့် လိုက်လံကြေညာခဲ့သည်။

    အစ္စလာမ့်မစ်နိုင်ငံတော် အကြီးအကဲဟု ကြေညာထားသည့် အဘူ ဘာကာ အလ်-ဘဂ်ဒါဒီမှ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် ထိုကဲ့သို့ အခွန်ပေးဆောင်၍ နေထိုင်ခြင်းမပြုလိုပါက ခရစ်ယာန်ဘာသာဝင်များမှာ ၎င်းတို့ နယ်နမိတ်အတွင်းမှ ထွက်ခွာသွားရမည်ဟု ပါဝင်ခဲ့ပြီး၊ ထိုကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ခရစ်ယာန်များမှာ ၎င်းတို့၏နေအိမ်များကို စွန့်ခွာခဲ့သည်။

    ခရစ်ယာန်များအား ၎င်းတို့၏ အမိမြေမှ အတင်းအဓမ္မ ထွက်ခွာသွားရအောင် ဆောင်ရွက်ခြင်းထက် IUMS နှင့်ပူးပေါင်းကာ ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်များ အထူးသဖြင့် ပါလက်စတိုင်း၊ သိရိလင်္ကာ၊ အိန္ဒိယနှင့် ဗဟိုအာဖရိကရှိ မွတ်စလင်များ၏ အရေးကို ကမ္ဘာ့ကြီးက အာရုံစိုက်လာစေရေး ဆောင်ရွက်ရန် IUMS က တိုက်တွန်းခဲ့သည်။

    အီရတ်ရှိ မွတ်စလင်ပညာရှင်များအသင်း MSA ကလည်း ISIL ၏ အဆိုပါလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ခရစ်ယာန်များအား နေရပ် စွန့်ခွာအောင် ဆောင်ရွက်ခြင်းမှာ အပြစ်မဲ့များအပေါ် ကျူးလွန်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုရာဇသံကြောင့် ခရစ်ယာန်များ မူဆိုးလ်မြို့မှ ထွက်ခွာသွားခြင်းကြောင့် အစ္စလာမ်သမိုင်းတွင် ပထမဆုံးအကြိမ်ူခရစ်ယာန်မရှိသော မွတ်စလင် အုပ်ချုပ်သည့်မြို့ ဖြစ်လာ ခဲ့သည်ဟုလည် MSA က ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသော အစ္စလာမ့် သာသနာ့ပညာရှင်များကလည်း ထိုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အပြစ်မဲ့များအပေါ် တရားမဲ့ခြင်း၊ မွတ်စလင်မဟုတ်သူများအပေါ် ဆက်ဆံခဲ့သည့် တမန်တော်မြတ်မုဟမ္မဒ်သခင်နှင့် မွတ်စလင်သာသနာ့ပညာရှင်ကြီးများ၏ မျှတစွာပြုမှုဆက်ဆံပုံနှင့် သွေဖည်နေသည်ဟုလည်း ပြောကြားခဲ့သည်။

    “မည်သည့်အဖွဲ့စည်းမှ ထိုကဲ့သို့သော လုပ်ရပ်များကို ဆောက်ရွက်ခွင့်မရှိ” ဟု IUMS က ထည့်သွင်းဖော်ပြထားသည်။

    OnIslam

  • “ အကြမ်းဖက်မှု လျော့နည်း စေချင်တာလား၊ Facebook ကို ထိန်းချုပ်ချင်တာလား ”

    “ အကြမ်းဖက်မှု လျော့နည်း စေချင်တာလား၊ Facebook ကို ထိန်းချုပ်ချင်တာလား ”

    စည်သူအောင်မြင့်
    မဇ္ဈိမ သတင်းစာ၊ ၂၂-၇-၁၄။ စာ- ၉။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က ရန်ကုန် MICT Park မှာ Community Forum on Responsible Social Media in Myanmar လို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ထူးခြားချက်ကတော့ ပွဲကို သမ္မတရုံးဝန်ကြီးဌာနက စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထဲက အိုင်တီနည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေအပြင် ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်က တာဝန်ရှိသူတွေပါ ပါဝင်ကြတဲ့ ပွဲ ဖြစ်လို့ပါပဲ။ ဆွေးနွေးပွဲခေါင်းစဉ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူမှုကွန်ရက်မီဒီယာလို့ နာမည်တပ်နိုင်မယ်ထင်ပါတယ်။ ဒီဆွေးနွေးပွဲ ဘာကြောင့် ကျင်းပဖြစ်ပါသလဲ၊ သမ္မတရုံးရဲ့ ရွယ်ရည်ချက်ဟာ ဘာဖြစ်နိုင်မလဲ၊ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

     

    မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့ ဒီအကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ချိခဲ့တယ်လို့ သမ္မတရုံးက ယူဆတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ကနေ အမုန်းတရား ဖြန့်တာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုလုပ်တာတွေကို ထိန်းချုပ်ဖို့ အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သမ္မတရုံး တာဝန်ရှိသူ မှူးဇော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီကာလ ဖေ့စ်ဘွတ်ခ် အသုံးပြုတာကို ခေတ္တရပ်ဆိုင်းလိုက်တာမျိုးတောင် ရှိခဲ့ပါတယ်။

     

    ဒီနေရာမှာ မေးစရာမေးခွန်းစပြီး ပေါ်လာတာက သမ္မတရုံး၊ ဒါမှမဟုတ် သမ္မတနဲ့ အစိုးရအဖွဲ့ဟာ အကြမ်းဖက်မှုတွေကို ဖြစ်ပွားစေတဲ့ အမုန်းတရား ဖြန့်ဖြူးတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို တကယ်ပဲ အာရုံစိုက်သလား ဆိုတာပါ။ သမ္မတ မိန့်ခွန်းမှာ အကြမ်းဖက်မှုကို ဖြစ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုတွေကို အရေးယူမယ်၊ ထိထိရောက်ရောက် အရေးယူမယ်၊ ပြင်းပြင်းထန်ထန် အရေးယူမယ် ခဏခဏ ပြောပေမယ့် ဖန်တရာတေနေတဲ့ ဆီသည်မ လက်သုတ်ပုဝါလိုတောင် ဖြစ်နေပါပြီ။ ဘယ်သူမှ အယုံအကြည် မရှိတော့ပါ။

     

    သမ္မတရုံးက ပြောသလိုဆို အမုန်းတရားတွေ ဖြန့်ချိနေတာ၊ အကြမ်းဖက်မှုတွေ လုပ်နေတာတွေဟာ ဖေ့စ်ဘွတ်ခ်တစ်ခုတည်း ရှိသလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါတယ်။ ကောင်းပါပြီ ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံထဲမှာ လုံးဝပိတ်ပင်လိုက်ရင် အကြမ်းဖက်မှုတွေ လုံးဝ ထပ်မဖြစ်တော့ပါဘူး၊ မတူကွဲပြားတဲ့ လူမျိုးတွေ၊ မတူကွဲပြားတဲ့ ဘာသာဝင်တွေ အေးအတူ ပူအမျှ နေကြပါ့မလားဆိုပြီး မှူးဇော်နဲ့ သမ္မတရုံးက ဉဏ်ကြီးရှင်တွေကို မေးလိုပါတယ်။ ဖြေနိုင်ရင်တော့ ဖြေကြပါ။ လက်ရှိအခြေအနေ အင်တာနက်ဆိုတာ ဘာမှန်းမသိတဲ့၊ လျှပ်စစ် မီးတောင် ကောင်းကောင်း မရတဲ့ ဒေသတွေမှာတောင် အမုန်းတရားကနေ တစ်ဆင့် ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုမျိုးတွေ အချိန်မရွေးဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ လူကြီးမင်းတို့ သိကြ၊ လက်ခံကြ၊ နားလည်ကြမယ် ထင်ပါတယ်။

     

    အကြောင်းကတော့ အမုန်းတရား ဖြန့်ဖြူးသူတွေဟာ လူစုလူဝေးမှာလည်း ထင်ထင်ရှားရှား တရားဟောလို့ ရနေပါတယ်။ အဲဒီပြောဟောထားတဲ့ အမုန်းတရားတွေကို စာရွက်တွေပေါ်မှာ ပုံနှိပ်ပြီးဖြစ်စေ၊ ဗီဒီယို ရိုက်ပြီး ဓာတ်ပြားနဲ့ ဖြစ်စေ၊ ဖြန့်လို့ရ နေပါတယ်။ ဖြန့်နေကြပါတယ်။ ဗီနိုင်း ပိုစတာတွေ ချိတ်ပြီး ဖြန့်ဖြူးလို့ရနေပါတယ်။ ပုံမှန် ပုံနှိပ်မီဒီယာ လမ်းကြောင်းကနေလည်း ဖြန့်နေကြပါတယ်။ အဲဒါတွေကိုပဲ အင်တာနက်ပေါ် တင်ပြီး ယူကျု့ကနေ ဖြစ်စေ၊ ၀က်ဘ်ဆိုက်ထဲကနေ ဖြစ်စေ၊ ဖေ့စ်ဘွတ်ခ်ကနေဖြစ်စေ ဖြန့်လို့ရနေပါတယ်။ အခု လောလောဆယ် ထူးထူးဆန်းဆန်းဖြစ်နေတာက သမ္မတရုံးနဲ့ အစိုးရဟာ အဲဒီအမုန်းတရား ဖြန့်ဖြူးနေတာတွေကို ရပ်တန့်သွားအောင် တစ်လုံးတစ်ပါဒတောင်မှ မဟဘဲ ဖေ့စ်ဘွတ်ခ်ကိစ္စ ပြောလာတာမျိုးပါ။ အခုလို လူကြားကောင်းအောင်၊ လူမြင်ကောင်းအောင် ဆီမီနာတွေ ကွန်ဖရင့်တွေ လုပ်ပြလာတာမျိုးပါ။

     

    အခုကိုပဲ ဖေ့စ်ဘွတ်ခ် အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ စပြီး စကားစလာပါပြီ။ ဒါဆိုရင် အဲဒီ မိုဘိုင်းဖုန်းနံပါတ်တွေကို ဘယ်သူက အားလုံးသိခွင့်ရှိမလဲ၊ ဘယ်အကြောင်းအရာမျိုး တင်ရင် ဘယ်သူက တားမြစ်ခွင့်၊ ပိတ်ပင်ခွင့်ရှိမလဲ မေးစရာမေးခွန်း ရှိလာပါပြီ။ အားလုံးကို အစိုးရကပဲ သိ၊ အစိုးရကပဲ ထိန်းချုပ်မယ်ဆိုရင်တော့ လက်ရှိ သမ္မတရုံးရဲ့ လုပ်နေကိုင်နေတဲ့ ရည်ရွယ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ ဘာအမုန်းတရားဖြန့်ဖြူးနေတာကိုမှ ဘယ်လို အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေကိုမှ အရေးယူ ကိုင်တွယ်ဖို့ မဖြစ်နိုင်ပါဘူး။

     

    တကယ်တော့ တိုင်းပြည်ကို နိုင်ငံတကာအလယ်မှာ အရှက်ရစရာဖြစ်အောင်၊ နိုင်ငံ့ပုံရိပ်ကျဆင်းစေအောင် လုပ်နေတာဟာ ဖေ့စ်ဘွတ်ခ် မဟုတ်ပါဘူး။ အမုန်းတရား ဖြန့်ဖြူးမှု၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေသာ ဖြစ်ပါတယ်။ အဲဒီလူတွေဟာ အခြားသော ပုံနှိပ်စာရွက်၊ ဓာတ်ပြား၊ ဗီနိုင်း၊ စာအုပ်စာစောင်၊ ၀က်ဘ်ဆိုက်တွေနည်းတူ ဖေ့စ်ဘွတ်ခ်ကို သုံးကြတာပါ။ လက်ရှိ သမ္မတရုံးရဲ့ လုပ်ဆောင်ချက်ဟာ အရှေ့အလယ်ပိုင်းမှာ ကားပေါ် ဗုံးတင်ပြီး လူတွေသေအောင် ဗုံးခွဲနေတဲ့ ကိစ္စ၊ ဗုံးတင်သူ၊ ဗုံးခွဲသူတွေအကြောင်း မဆွေးနွေးဘဲ ကားတွေကို ဘယ်လိုထိန်းချုပ်ရင် ကောင်းမလဲ စည်းရုံးနေတာနဲ့တူ ပါတယ်။ ကားပေါ် ဗုံးတင်ခွဲရင် ငါတို့က လွဲပြီး ဘယ်သူမှ ကားမစီးစေနဲ့ ပိတ်၊ ဆိုင်ကယ်ပေါ် ဗုံးတင်ခွဲရင် ငါတို့လူတွေက လွဲပြီး ဆိုင်ကယ်တွေ မစီးစေနဲ့ ဆိုတဲ့ အတွေးအခေါ်မျိုးပါ။

     

    မြန်မာနိုင်ငံဟာ ရာစုနှစ်တစ်ဝက်ကျော်ကျော် စစ်အာဏာရှင်စနစ် လက်အောက်ရောက်ခဲ့ပြီး တိုင်းပြည် အကြီးအကျယ် နစ်နာခဲ့ရပြီးပါပြီ။ အဲဒီစနစ်ဆိုးရဲ့ ဒဏ်ကိုလည်း နေ့တိုင်းညတိုင်း ဆက်ပြီး ခံစားနေရဆဲပါ။ သတင်းကောင်းကောင်း မရေးတတ်လို့ ရေးချင်သလို ရေးလိုက်တဲ့ သတင်းထောက်တွေ၊ ဖေ့စ်ဘွတ်ခ် ကောင်းကောင်း မသုံးတတ်ဘဲ ရေးချင်တာ ရေးတင်လိုက်မိတဲ့ ပြည်သူတွေ အမြောက်အမြား ရှိတာ အမှန်ပါ။ တစ်ယောက်ချင်းလုပ်တာ ကိုင်တာတွေအတွက် တစ်ယောက်ချင်းစီက တာဝန်ယူရမှာ ဖြစ်ပေမယ့် လူတွေအများကြီး အဲလိုဖြစ်နေတယ်ဆိုရင်တော့ ပညာရေးကို အောက်ဆုံးအဆင့်ရောက်အောင် လုပ်ခဲ့တဲ့ အရင်စနစ်ဆိုးကိုပဲ အပြစ်ဖို့ရမှာ ဖြစ်ပါတယ်။

     

    အခုဆို သမ္မတ၊ လွှတ်တော်အကြီးအကဲ၊ တပ်အကြီးအကဲနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေဟာ အတိတ်ကို ပြည်ဖုံးကားချ၊ အတိတ်က အပြစ်တွေ ပြန်မပြောနဲ့၊ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် သွားကြမယ်လို့ တဖွဖွ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို အကြီးအကျယ် ဒုက္ခရောက်စေတဲ့ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုကိစ္စတွေ၊ အကြမ်း ဖက်ဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ဒီကနေ့ အချိန်ထိ မွေးမြူထားတာ အံ့သြစရာ တွေ့မြင်နေရပါတယ်။ ဒါကလည်း အဲဒီအမုန်းတရား၊ လှုံ့ဆော်မှု၊ အကြမ်းဖက်မှုတွေဟာ ငါတို့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူး၊ အတိုက်အခံ အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေကိုပဲ ထိခိုက်စေတယ်ဆိုတဲ့ စဉ်းစားနည်းနဲ့များ မွေးမြူထားလေရော့သလား စဉ်းစားစရာ ဖြစ်စေပါတယ်။

     

    သမ္မတရုံး၊ အစိုးရအဖွဲ့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ အရင် စစ်အာဏာရှင် ခေတ်ကလို တိုင်းပြည်ကို နစ်မွန်းအောင် မလုပ်သင့်တော့ပါဘူး။ ဒီအတွက် ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်တဲ့ စိတ်ကူးတွေကို ခဏ ဘေးဖယ်ထားပြီး အမုန်းတရား ဖြန့်ဖြူးမှုတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ရပ်တန့်သွားအောင် တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်အောင် စလုပ်ကြပါတော့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    https://www.facebook.com/sithu.aungmyint/posts/304162256433248

  • ဂါဇာအား အစ္စရေး ဆက်လက် တိုက်ခိုက်နေ၊ မြေပြင်တိုက်ပွဲတွင် အစ္စရေးစစ်သားများ အကျအဆုံးများလာ

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    5583104-3x2-940x627
    – ဂါဇာဒေသအား အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်မှာ ၁၅ ရက်မြောက်လာပြီဖြစ်သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၆၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြသည်။

    ယနေ့တွင် ဂါဇာရှိ ပစ်မှတ် ၁၅၀ ကျော်ကို တိုက်လေယာဉ်များ၊ တင့်ကားများဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု  အစ္စရေးက ကြေညာခဲ့ပြီး ထိုပစ်မှတ်များတွင် ဗလီဝတ်ကျောင်းတော် ၅ လုံး၊ ဘောလုံးကွင်းတစ်ခုနှင့် ဟားမက်စ်အဖွဲ့ခွဲခေါင်းဆောင်ဟောင်း တစ်ဦး၏ အိမ်များ ပါဝင်ခဲ့သည်။

    ယနေ့နံနက်စောစောပိုင်း တိုက်ခိုက်မှုအတွင်းမှာပင် ပါလက်စတိုင်း အရပ်သား ၇ ဦးသေဆုံးခဲ့သည်။ ဂါဇာရှိ အလ်ဂျာဇီးရားသတင်းဌာန အဆောက်အအုံအနီးတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ချေ။

    ဂါဇာအား ကျူးကျော်ဝင်ရောက်ကာ ပြုလုပ်နေသည့် အစ္စရေးတို့၏ မြေပြင်တိုက်ခိုက်မှုမှာ ၅ ရက်မြောက်လာခဲ့ပြီး ပါလက်စတိုင်းတို့က အစ္စရေးစစ်သား ၂၇ ဦးအား ချေမှုန်းနိုင်ခဲ့သည်။ တနင်္ဂနွေနေ့တိုက်ခိုက်မှုတွင် အစ္စရေးစစ်သား ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ အလောင်းမရဘဲ ပျောက်ဆုံးခဲ့သည်ဟု အစ္စရေးဘက်က ပြောဆိုထားသည်။

    အရပ်သားအများ သေဆုံးခဲ့ရသည့် အစ္စရေး၏ တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ရန် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပန်ကြားလိုက်ပြီး၊ ဟားမက်စ်အဖွဲ့အနေဖြင့် အီဂျစ်မှ ကမ်းလှမ်းသည့် အပစ်ရပ်ရေးကို လက်ခံရန် တိုက်တွန်းခဲ့သည်။

    Al Jazeera and agencies

  • ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၁)

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media

    လူတိုင်းလူတိုင်းမှာ လူမှန်းသိတတ်စအရွယ်ကတည်းက ရည်မှန်းချက် ပန်းတိုင်ဆိုတာ ရှိခဲ့ကြပါတယ်။ ကလေးအရွယ်ငယ်ငယ်ကတည်းက “သားသားကြီးလာရင်ဘာလုပ်မလဲ၊ မီးမီးကြီးလာရင်ဘာလုပ်မလဲ” လို့ မေးရင် “ချရာဝန်ကြီးလုပ်မယ်၊ ချစ်ဗိုလ်ကြီးလုပ်မယ်”လို့ မပီကလာ ပီကလာလေးနဲ့ ပြန်ဖြေတတ်ကြပါတယ်။ ဒါပေမယ့်ဒီနေရာမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့အမှန်တကယ်လိုချင်တာဘာလဲ၊ အခုလက်ရှိအခြေအနေ မှာ ကျွန်တော်တို့အတွက် အမှန်တကယ်လိုအပ်နေတာကဘာလဲဆိုတာကိုတော့ ကွဲကွဲပြားပြား သိဖို့လိုပါ တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို မပျောက်ပျက်အောင်ထားရှိဖို့လည်းလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်အဓိကမျှဝေချင်တာက ကျွန်တော်တို့ဟာ “ကိုယ့်စိတ်နဲ့ကိုယ့်ကို” ဖြစ်နေတာသေချာရဲ့လား? (တစ်နည်း) ကျွန်တော်တို့ရဲ့အတွေးတွေ၊ ကျွန်တော်တို့ရဲ့ဖြစ် ချင်တာတွေက အမှန်တကယ် ကျွန်တော်တို့ ဖြစ်ချင်တာတွေလား၊ ကျွန်တော်တို့ရှင်သန်ကြီးထွားနေထိုင်ရာပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ကို ငယ်စဉ်ကတည်းက ဆုံးမသွန်သင်ခဲ့တဲ့ မိဘဆရာသမားတွေရဲ့လောင်းရိပ်တွေသင့်နေတာလား? ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော် ဒီလိုပြောလို့ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်တွေနဲ့ ကိုယ့်ကို သွန်သင်ဆုံးမဖူးခဲ့တဲ့လူကြီးတွေကို ပမာမခန့် လုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် လူ့သဘောမှာဖြစ်တတ်တာက … ကျွန်တော်တို့ငယ်ငယ်က သင်ကြားဖူးခဲ့ကြတဲ့ ကျေးညီနောင်ပုံပြင်လေးထဲကလိုပါပဲ။ “မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ”ဖြစ်တတ်ကြပါတယ်။

    ဒီလိုပါပဲ။ ပုံစံတကျသင်ကြားပေးခြင်းကို ခံထားရတဲ့ကလေးတွေရဲ့ အတွေးတွေဟာလည်း ပုံစံနဲ့ပဲဖြစ်နေတတ်ပါတယ်။ ဥပမာ… ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို အခုခေတ်လို နိုင်ငံခြားမှာ ပညာသွားသင်တာ၊ ကျောင်းသွားတက်တာခေတ်သိပ်မစားသေးဘူး၊ အဲဒီတော့ ကျွန်တော်တို့ သိပ်တက်ချင်ခဲ့တာ ရန်ကုန်တက္ကသိုလ်(ပင်မ)။  အခုတော့ ခေတ်ပြောင်း စနစ်ပြောင်း၊ နိုင်ငံခြား တက္ကသိုလ်က ဘွဲ့တစ်ခုလောက်ရမှ အလုပ် လုပ်ရကိုင်ရတာ ပိုအဆင်ပြေတဲ့သဘောကို တွေ့ရတယ်။ ဒါကတော့အများ သိကြပါတယ်။ အဲသည်တော့အခုခေတ်ကလေးတွေရဲ့ ရည်ရွယ်ချက်တွေက နိုင်ငံခြားတက္ကသိုလ်ကြီးတွေက သိပ္ပံဘွဲ့တွေ၊ မာစတာဒီဂရီတွေ၊ ကွန်ပျူတာမာစတာဘွဲ့၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ ဆေးပညာ အစရှိတဲ့အတန်းတွေကို တက်ရောက်ဖို့ဖြစ်လာပါတယ်။ ခေတ်တွေပြောင်းသလို လူတွေရဲ့အတွေးအခေါ်တွေ ကလည်း ပြောင်းလာပါတယ်။

    အိန္ဒိယကကျောင်းသားလေးတွေတော်တော် များများကပြန်ဖြေတာက ကျွန်တော်တို့ ရန်သူက ပါကစ္စတန် ပါတဲ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက်က ထူးထူးခြားခြားပြန်ဖြေတာက “ကျွန် တော်ရဲ့ရန်သူကတော့ ဆင်းရဲမွဲတေမှုပါတဲ့”

    ကျွန်တော်တို့ငယ်ငယ်တုန်းက ကလေးတော်တော် များများကတော့ ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ အစရှိတာတွေကိုစိတ်ဝင်စားကြပါတယ်။ အဲဒီတော့ စာတော်တဲ့ ကလေးက စာတော်သလို ဆယ်တန်းအောင်ရင် လိုင်းကောင်းကောင်းရသွားပေမယ့် စာမတော်တဲ့ ကလေး တွေကြတော့ သူတို့ရဲ့ ပန်းတိုင်ကိုပြောင်းလိုက်ကြပါတယ်။ ဥပမာ… “င့ါစာကျက်နှုန်းနဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်မဖြစ်လည်း နိုင်ငံခြား သင်္ဘောတက်မယ်၊ စီးပွားရေးလုပ်မယ်”အစရှိသည်ဖြင့်။ စာတော်တဲ့ကလေး တချို့ကျပြန်တော့လည်း ဆရာဝန်တော့ဖြစ်ပါရဲ့၊ မိဘအကြိုက်လိုက်လုပ်ပြီး ဆရာဝန် ဖြစ်တာ၊ သူဝါသနာ ပါတာက စီးပွားရေး၊ အဲဒီတော့ ဆရာဝန်စီးပွားရေးသမားတွေကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရပါတယ်။

    အဲဒီတော့ ကျွန်တော်တို့ကလေးတွေဟာ ၎င်းတို့ရဲ့ ပညာရေးလမ်းကြောင်း ရွေးချယ်ရာမှာ မိဘအကြိုက်၊ ပတ်ဝန်းကျင် အနေအထား ၊ ခေတ်စနစ်ရဲ့တောင်းဆိုမှု၊ ကျောင်းပြီးရင် ဝင်ငွေကောင်းပြီး သိက္ခာရှိတဲ့အလုပ်အကိုင်ရရှိမှုစတာတွေကိုမူတည်ပြီး မိမိတို့ဝါသနာပါတာထက် မိမိတို့ ဖြစ်သင့်တာကို ရွေးကြရပါတယ်။ အဲဒီကိုယ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ရင်းကိုင်ရင်းတဖြေးဖြေးနဲ့ အဲဒီအလုပ်နဲ့ အသားကျပြီး ဝါသနာပါသွားအောင်လည်း လုပ်ကြရပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ပုံစံအမျိုးမျိုးနဲ့ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်သွားတဲ့ နေရာမှာ  ဘးပယောဂမျိုးစုံလည်းတွေ့ရတတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မျှဝေချင်တာကတော့ ရည်မှန်းချက် ပန်းတိုင်လို့ပြောတဲ့နေရာမှာ ကျွန်တော်တို့တစ်ဦးချင်းစီမှာ ကိုယ်စီကိုယ်ငှ ရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိတတ်ကြသလို ကျွန်တော်တို့တစ်မျိုးသားလုံးအနေနဲ့လည်း ”အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်”ဆိုတာလည်းရှိဖို့လိုအပ်ပါတယ်။

    အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေက ဘာတွေလဲ? အဲဒီရည်မှန်းချက်တွေအောင်မြင်ဖို့ လုပ်ကိုင်တဲ့နေရာမှာ ကျွန်တော်တို့ကို အဓိက အဟန့်အတားလုပ်နေတဲ့အ ရာက ဘာများပါလဲ၊ Obstacle အတားအဆီး၊ အနှောင့်အယှက်တွေက ဘာတွေလဲ၊ ကျွန်တော်တို့ရဲ့ ရန်သူက ဘယ်သူလဲ?

    ကျွန်ုပ်တို့၏အဓိက ဘုံရန်သူ ဘယ်သူလဲ?

    ဒီနေရာမှာ အိန္ဒိယသမ္မဟောင်းအဗ္ဗဒူလ်ကလာမ် ရေးခဲ့တဲ့စာအုပ်ထဲက အချက်လေးတစ်ချက်ကို မျှဝေချင်ပါတယ်။ အဲဒီအိန္ဒိယ သမ္မတကြီးက အိန္ဒိယနိုင်ငံ တဝှမ်းမှာရှိတဲ့ ကျောင်းတွေကို လှည့်ပတ်စစ်ဆေးပြီး ကျောင်းသား/သူလေးတွေကို မေးခွန်းလေး တစ်ခုမေးပါတယ်။ အဲဒီမေးခွန်းလေးကတော့ ” သင်တို့ရဲ့ရန်သူက ဘယ်သူလဲ”တဲ့။ အဲဒီတော့ အိန္ဒိယကကျောင်းသားလေးတွေတော်တော် များများကပြန်ဖြေတာက ကျွန်တော်တို့ ရန်သူက ပါကစ္စတန် ပါတဲ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက်က ထူးထူးခြားခြားပြန်ဖြေတာက “ကျွန် တော်ရဲ့ရန်သူကတော့ ဆင်းရဲမွဲတေမှုပါတဲ့”။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကလေးမှာ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။

    ဒါပေမယ့် သူ့မိဘက ဒီကလေးကို ပညာတတ်ဖြစ်စေချင်တယ်၊ သားသမီးအားလုံးကိုလည်း ကျောင်း မထားနိုင်ဘူး၊ ဆင်းရဲရှာတာကိုး၊ အဲဒီတော့အဲဒီကလေးက စာသင်ခန်းထဲမှာပညာသင်နေတဲ့အချိန်မှာ သူ့လိုပဲ စာသင်ရမယ့်အရွယ်တွေဖြစ်တဲ့ သူ့ညီအစ်ကိုမောင်နှမတွေကတော့ စာသင်ခန်း အပြင်မှာ ကြုံရာကျပန်းလုပ်ပြီး မိသားစုစားဝတ်နေရေးကို ကူညီနေရပါသတဲ့။ အဲဒါကြောင့် ဒီကလေးက သူ့လိုပဲ သူ့ညီအစ်ကိုမောင်နှမတွေကို လည်း ကျောင်းစာသင်စေချင်တော့ သူက ဆင်းရဲမွဲတွေမှု ဆိုတာကြီးကိုမုန်းသွားတာပါ။ ဒီတော့ ဒီကလေးကို ဓမ္မဓိဌာန်ကျတဲ့အမြင်ရှိတဲ့ကလေးလို့ချီးကျူးရင်လွန်တယ်လို့မဆိုနိုင်ဘူးလို့ပြောချင်ပါတယ်။  စာရေးဆရာဘိုးလှိုင် ဘာသာပြန်ထားတာရှိပါတယ်။ ”ဦးနှောက်များကို မီးညှိခြင်း”ဆိုတဲ့စာအုပ်ပါ။ မူရင်းကတော့ Ignited Mind ဖြစ်ပါတယ်။

    အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမျိုးသားရေးရည်မှန်းချက်ဆိုတာနဲ့ ပတ်သက်ပြီးပြောတယ်ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူမျိုး/ဘာသာမရွေး၊ အသားအရောင်မရွေး လူတန်းစား ကွာဟမှုတွေကို လျှော့ချပစ်ချင်တယ်။ လူတိုင်းလူတိုင်းဟာ အနည်းဆုံးတော့ စား၊ဝတ်၊နေ ရေးအဆင်ပြေပြေနဲ့ ဘဝတစ်ခုကို သက်တောင့်သက်သာနဲ့ သိက္ခာရှိစွာဖြတ်သန်းစေချင်ပါတယ် ဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။

    နိုင်ငံတော်အစိုးရအနေနဲ့လည်း ယခုအခါ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အားပေး ကူညီနေတာတွေ မရှိဘူးမဟုတ်ပါဘူး၊ ရှိပါတယ်။ အစိုးရလူကြီးမင်းများရဲ့ စေတနာကိုလေးစားပါတယ်။ ဒါပေမယ့် အခုခေတ်က ဟိုးအရင်ကလို “ကြွေးတင် ရှင်ဘုရင် ဆပ်တဲ့ခေတ်” မဟုတ်၊ ‘မိုးကျရွှေကိုယ်”မျှော်တဲ့ ခေတ်မဟုတ်တော့ပါ။ ”ဖန်ဆင်းရှင် ထာဝရဘုရားသခင်က ငှက်တွေအတွက် အစာကို ဖန်ဆင်းပေးထားပေမယ့် ငှက်တွေရဲ့အသိုက်ထဲကိုတော့ ထည့်ပေးထားတာမဟုတ်ပါဘူး”ဆိုတဲ့  စာဆိုကျော် သူတော်စင်ကြီး အိုမာခယမ်ရဲ့ အဆိုအမိန့်လေးကလည်း မှတ်သားစရာပါ။ စာရေးသူတို့မြန်မာပြည်မှာတော့ တစ်ချိန်တုန်း ကတော့ ”ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်၊ လူမွဲတွေကမနှေးခေတ်မီ သူဌေးဖြစ် တော့မည်” ဆိုတဲ့ နဂါးနီသီချင်းဟာ တော်တော်ရေပန်းစား လူကြိုက်များခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခု အဲဒီ နဂါးနီသီချင်းထဲကလို ကျွန်တော်တို့အားလုံး နဂါးနီတွေဖြစ်အောင်လုပ်ကြရပါမယ်။ (နိုင်ငံရေးပါတီ ထောင်ရန်ပြောခြင်းမဟုတ်ပါ။ ကိုယ့်အားကိုယ်ကိုးကြရမည်၊ အများအကျိုးဆောင်ကြရမည်ဟု ဆိုလိုခြင်းဖြစ် ပါသည်။)  အဲဒီတော့… ကျွန်တော် တို့ဘာလုပ်ကြမလဲ။

    မိသားစုတစ်စုမှသည် နိုင်ငံတစ်နိုင်ငံအထိအတွက် အဓိကလိုအပ်တဲ့ အခြေခံကျတဲ့အဆောက်အအုံ တွေထဲမှာ စီးပွားရေးက အဓိကအခြေခံကျတဲ့အဆောက်အအုံဖြစ်ပါတယ်။ အဆောက်အအုံတစ်ခုကိုဆောက် လုပ်တဲ့နေရာမှာ အောက်ခြေဖောင်ဒေးရှင်းကို ခိုင်မာအောင်အရင်ပြုလုပ်ပြီးမှ အထပ်ဘယ်နှစ်ထပ်တက်မှာလဲ၊ အလှအပတွေ ဘယ်လိုမွမ်းမံမလဲ… စတာတွေဆက်လုပ်ဖို့အတွက် ကိုယ်ဆောက်လုပ်မယ့်တိုက်အလွှာအရေ အတွက်နဲ့ ထုထည်ပမာဏတွေကိုတွက်ချက်ပြီး ဖောင်ဒေးရှင်း တူးပြီးအောက်ခြေခိုင်အောင် လုပ်ရသလိုပဲ နိုင်ငံ တစ်နိုင်ငံမှာလည်း စီးပွားရေးခိုင်မာတောင့်တင်းပါမှ ကျန်းမာရေး၊ ပညာရေးအခန်းကဏ္ဍတွေ ကောင်းမွန် တိုးတက်လာမှာဖြစ်သလို အလှူကြီးအတန်းကြီးလည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုတွေလုပ်နိုင်ဖို့ကတော့ တရား ဥပဒေစိုးမိုးရေးက အဓိကကျပါတယ်။

    အမေရိကန်နိုင်ငံက စီးပွားရေးပညာရှင်/လုပ်ငန်းရှင်ကြီး Robert T.Kiyosaki ပြောတဲ့ (၄)ကွက်ကျား စီးပွားရေးဗျူဟာ

    image for art

    ဒီနေရာမှာအလျဉ်းသင့်လို့ မျှဝေချင်တာကတော့ Robert T.Kiyosaki ရဲ့ ၄ ကွက်ကျား စီးပွားရေး ဗျူဟာပါ။ ဒီ Robert T.Kiyosaki ဆိုတဲ့ စီးပွားရေးပညာရှင်ကြီးက လူတွေရဲ့အလုပ်လုပ်ပုံလုပ်နည်းတွေကို (၄) ကွက်ဇယားဆွဲပြီး အထက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။ အခြမ်း(၂)ခြမ်းနဲ့ အကန့်(၄)ကန့် ရှိတယ်။ ယေဘုယျ အားဖြင့်ကတော့…

    နံပါတ် – ၁ ကတော့… E – Employee (ဝန်ထမ်း)ပေါ့။ အချိန်ကန့်သတ်ချက်ရှိတယ်၊ ဝင်ငွေကန့်သတ်ချက် ရှိတယ်။  ဒါပေမယ့် သင့်မှာ အလုပ်တော့ရှိတယ်။ safe ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

    နံပါတ် – ၂ ကတော့… S – Self Employed (တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေပေါ့)။ ဒီအကန့်မှာတော့ သင်ကသူများအတွက် အလုပ်လုပ်စရာမလို၊ သင့်အတွက်သင်အလုပ်လုပ်တယ်ဆိုပေမယ့် သင်ရက်ရှည်အနား ယူလို့ရပါသလား၊ သင်မရှိရင်ကော သင့်လုပ်ငန်းတွေက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေမှာပဲလား။ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဒီလိုလုပ်ဖို့မလွယ်ပါဘူး။ အဲဒါ E နဲ့  S ၊ (၄)ကွက်ကျားဇယား ရဲ့ ဘယ်ခြမ်း။ သူကတော့ Active Income လို့ခေါ်ပါတယ်။ ပိုက်ဆံရဖို့အတွက် အလုပ်တွေကို ကိုယ်ကိုယ်တိုင် လုပ်ရတာကိုး။

    ဒီလိုဆို… ပိုက်ဆံရဖို့အတွက် အလုပ်တွေကို ကိုယ်ကိုယ်တိုင်လုပ်စရာမလိုဘူးလားလို့ ခနဲ့တဲ့တဲ့မေးစရာ ရှိတယ်။ သူကဆက်လက်ပြီး ဇယားရဲ့ ညာဖက်အခြမ်းကိုရှင်းပြပါတယ်။

    နံပါတ် -၃ ကတော့ …. Big Business Owner (စီးပွားရေးလုပ်ငန်းရှင်ကြီး)။ သူတို့ကို Entrepreneur လို့လည်းခေါ်ပါသေးတယ်။ ဒီအခြမ်းကိုတော့ Passive Income လို့သူကသတ်မှတ်လိုက်ပါပြီ။ ငွေရဖို့ ကိုယ်က အလုပ်ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ဘဲ သူများတွေက ကိုယ့်အတွက် အလုပ်ပြန်လုပ်ပေးနေတာပါပဲ။ ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းတွေ(တစ်နည်း) Employee လို့ ခေါ်တဲ့ E အကန့်ကလူတွေကို အလုပ်တွေပြန်ခိုင်း ထားတာပါပဲ။ ပြီးတော့ Self Employed လို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်နေတဲ့ S အကန့်က လူတွေကိုလည်း ပြန်ခိုင်း ထားနိုင်ပါသေးတယ်။ ဥပမာ… ထီလုပ်ငန်းရှင်ကြီး တစ်ဦးက သူ့ရဲ့လက်ဝေခံ ထီလိုက်ရောင်းနေတဲ့ ထီသည်တွေ (တစ်နည်း)တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေကို သူ့ထီလက်မှတ်တွေ လိုက်ဖြန့်ခိုင်း သလိုမျိုးပေါ့။ ဒီနေရာမှာ သူများတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဝယ်ယူလုပ်ကိုင်တဲ့ Franchise လို လုပ်ငန်းမျိုးတွေ လည်းလုပ်ကိုင်နိုင်ပါသေးတယ်။ ဥပမာ… ကိုယ့်ဘာသာကိုယ် ကွန်ပျူတာသင်တန်းအသစ်တစ်ခုကို နာမည် အသစ်နဲ့ စဖွင့်ရင် နာမည်ရဖို့ အပြိုင်အဆိုင်တွေကြားမှာ တော်တော်ရုန်းကန်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥပမာ… KMD လို နာမည်ရှိပြီးသား ကွန်ပျူတာလုပ်ငန်းကြီးတစ်ခုကို franchise ယူပြီး သူ့ရဲ့နာမည်နဲ့ နည်းပညာတွေ၊ သူ့ဆီက ကျွမ်းကျင် ပညာရှင်တွေရဲ့အကူအညီနဲ့ ဖွင့်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဒါဟာလည်း KMD ကို franchise ကြေးပေးသွင်းရတယ်။

    ကိုယ့်လုပ်ပိုင်ခွင့်ကလည်း နယ်မြေ ကန့်သတ်ခံရတယ်။ ဥပမာ… ဗိုလ်တထောင် မြို့နယ်မှာပဲဖွင့်ခွင့်ရှိမယ်။ ကျောက်တံတားမှာ သွားဖွင့်လို့မရဘူး။ ဒါမျိုးပေါ့။ ဒါပေမယ့် နာမည်ရပြီးသားလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့အတွက် အခုခေတ်လို အမှတ်တံဆိပ်တွေ စားသုံးကြတဲ့ခေတ်ကြီးမှာ ကိုယ့် လုပ်ငန်းဟာ မြန်မြန်နဲ့အောင်မြင်လာနိုင်ပါတယ်။ ၂၁-ရာစု မှာအောင်မြင်ခေတ်စားလာတဲ့ စီးပွားရေးနည်းစနစ်တစ်ခုဖြစ်တဲ့ Multi Level Marketing လို့ခေါ်တဲ့ ကွန်ရက် ဖြန့်စီးပွားရေး နည်းဗျူဟာကိုသုံးပြီး ကြီးပွားအောင်မြင်လာသူတွေလည်း ဒုနဲ့ဒေးပါ။ ငွေအရင်းအနှီး ရာဂဏန်း လောက်နဲ့ ကွန်ရက်ဖြန့် ကုမ္ပဏီကြီးကိုဝင်၊ တိုက်ရိုက်ဖြန့် ကိုယ်စားလှယ်လုပ်၊ လူတွေပွားပြီး ကွန်ရက်တွေဖွဲ့၊ ကိုယ့်ကွန်ရက်တွေ အားကောင်းလာပြီ၊ ကိုယ့်ကွန်ရက်ထဲမှာ ဝယ်လိုအားများလာပြီဆိုရင် ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ကွန်ရက်ထဲမှာ ပါဝင်လှုပ်ရှားနေတဲ့သူတွေရော ကုမ္ပဏီကရတဲ့ ထိုက်တန်တဲ့ ဆုကြေးငွေတွေနဲ့ သူဌေးကြီးဖြစ်လာ သူတွေလည်းရှိပါတယ်။ ခပ်လွယ်လွယ်ပြောရရင်တော့ အရင်းအနှီး ကြီးကြီးမားမား မလိုဘဲ လုပ်ငန်းရှင်ကြီးဖြစ်နိုင်တဲ့ နည်းပါ။ အတုအယောင် ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒါပေမယ့် တကယ် အောင်မြင်နေတဲ့ကုမ္ပဏီတွေလည်းအများကြီးပါ။

    နံပါတ်-၄ ကတော့ ရင်းနှီးမြှုပ်နှံသူတွေ (တစ်နည်း) Investor တွေဖြစ်ပါတယ်။ ဒီအကန့်ကတော့ လူက ငွေရဖို့ အတွက် အလုပ်လုပ်စရာမလိုဘဲ ငွေကို ငွေနဲ့ပြန်ရင်းပြီး ငွေကို လူအတွက် အလုပ်ပြန်လုပ်ခိုင်းတဲ့အကန့်ပါပဲ။ အောင်မြင်နေတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံသူကြီးတွေပါပဲ။ ဥပမာ.. နာမည်ကြီးအနုပညာရှင်တစ်ယောက်၊ သူ့အနု ပညာလုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့ပေမယ့် သူက ရေသန့်စက်ရုံကြီးတွေထူထောင်ထားတယ်။ သူ့လုပ်ငန်း တွေက ပုံမှန်လည်ပတ်နေတယ်။ အိမ်၊ ခြံ၊ မြေ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်… အစရှိသည်ဖြင့်။ အဲဒီတော့ သူမှာ အားလပ်ချိန်တော်တော်များနေတယ်။ ငွေတွေကလည်းဝင်နေတယ်။ သူကတော့ ဂေါ့ဖ်သီး လေးရိုက်လိုက်၊ အနားယူအပန်းဖြေစခန်းတွေမှာနားလိုက်နဲ့ ဖြစ်နေတော့တာပါပဲ။ ဒါပေမယ့် သူအနားယူနေတဲ့ အချိန်မှာလည်း သူ့ဘဏ်အကောင့်ထဲကို ငွေတွေကဝင်နေတာပါပဲ။ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံသူကြီးတွေ လည်းရှိပါတယ်။ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေက သူတို့အတွက် အလုပ်ပြန်လုပ်ပေးနေလို့ပါပဲ။

    အထက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားတွေကတော့ လူတွေအားလုံးပါဝင်ပတ်သက်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းမျိုးတွေပဲဖြစ်ပါတယ်။ ကိုယ်ဘယ်အကန့်မှာပါနေသလဲဆိုတာ အဲဒီအကန့်(၄)ကန့်နဲ့ချိန်ထိုးကြည့်စေချင် ပါတယ်။ တချို့တွေကျတော့ အကန့်တစ်ခုမှ တစ်ခုသို့ပြောင်းပြီး ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့် သွားတာတွေလည်း ရှိပါတယ်။ ဥပမာ.. လူတစ်ယောက်၊ နိုင်ငံခြားသွား အလုပ်လုပ်တယ်။ ဝန်ထမ်းဆိုတော့ Employee – (E) အကန့် ပေါ့။ ပြီးတော့ မြန်မာပြည်ပြန်လာပြီး ကိုယ့်ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်တယ်။ စားသောက်ဆိုင်လေး တစ်ခုဖွင့်တယ်ထားပါတော့။ ဒါပေမယ့် မြန်မာပြည်မှာ စားသောက်ဆိုင်ဖွင့်ရတာ တစ်လနဲ့တစ်လ အမြတ်မရရုံ အပြင် အရင်းထဲကပါ ပါလာတော့ သူမခံနိုင်တော့ဘူး။ သူလုပ်ငန်းမကျွမ်းကျင်တာလည်းပါမှာပေါ့လေ။ အဲဒီတော့ နောက်ဆုံး နိုင်ငံခြားပဲပြန် ထွက်သွားပြီး (E) အကန့်ထဲပြန်ရောက်သွားတာမျိုးတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားမှာ အလုပ်သွားလုပ်တာက ဒီမြန်မာပြည်မှာလုပ်နေတဲ့ ကိုယ်ပိုင်စီးပွားရေးထက်ကို ပိုဝင်ငွေကောင်းတာကိုး။

    ဆက်လက်ဖော်ပြပါမည်။

  • ကမ္ဘာ့ဖလားရွှေ ဖိနပ်ဆုရှင် ရော်ဒရီဂက်စ်အား ရီးယဲလ်ခေါ်ယူ

    ဇူလိုင် ၂၂ ၊ ၂၀၁၄
    M-Media
    437058_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိုလံဘီယာအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ပြီး ၆ ဂိုးသွင်းကာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရရှိခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး ရော်ဒရီဂက်စ်အား ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုက်ပြီဟု သိရသည်။

    ပြင်သစ်ကလပ် မိုနာကိုအသင်းမှ ယူရို ၈၈ သန်းဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ ရော်ဒရီဂက်စ်မှာ ပြီးခဲ့သည့် ဘောလုံးရာသီက ပေါ်တိုအသင်းမှာ မိုနာကိုသို့ ယူရို ၄၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး လိဂ်ပွဲ ၃၄ ပွဲတွင် ၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းပြသခဲ့သောခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ရီးယဲလ်အသင်းက လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်မှာ ဘိုင်ယန်မြူးနစ်မှ ဂျာမန်ကွင်းလယ်လူ တိုနီ ကရူစ်ကိုလည်း ခေါ်ယူထားပြီး ရော်ဒရီဂက်စ်မှာ ယခုနှစ်နွေရာသီတွင် ဒုတိယမြောက်ခေါ်ယူသည့် ကစားသမားဖြစ်သည်။

    ဘောလုံးပရိတ်သတ်များကမူ ဘန်ဇီမာ၊ ရော်နယ်ဒို၊ ဘေးလ်တို့ရှိနေသည့် ရီးယဲလ်တိုက်စစ်မှာ ရော်ဒရီဂက်စ်ကို မလိုအပ်ဟု ပြောကြားခဲ့ပြီး၊ မိုနာကိုအသင်းကလည်း ရော်ဒရီဂက်စ်အား မရောင်းချင်ဟု ပြောကြားခဲ့သည်။