News @ M-Media

Blog

  • ဂါဇာမှ မိဘမဲ့ ကလေးများအား ကူညီရန် ရန်ပုံငွေ ရှာဖွေပွဲ တက္ကဆက်တွင်ပြုလုပ်

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    USEmergency-Iftars-Offer-Gaza-Orphans-Help
    – ဂါဇာရှိ မိဘမဲ့ကလေးများအား ထောက်ပံ့ရန်အတွက် ရန်ပုံငွေရှာဖွေသည့် အစ်ဖ်သာရ် ညစာစားပွဲတစ်ခုကို အမေရိကန် အစ္စလာမ့်ကူညီကယ်ဆယ်ရေးအဖွဲ့ IRUSA  အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ပါလက်စတိုင်းက ကလေးတွေအတွက် တစ်ခုခုလုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ကျွန်မတို့ ခံစားရပါတယ်။ ပြီးတော့ အလှူရှင်တွေကလည်း အဲဒီကလေးတွေအတွက် တစ်ခုခု လုပ်ပေးချင်ကြပါတယ်။ ကျွန်မတို့ (ဒီပွဲမှာ) ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်” ဟု ဟူစတန်အခြေစိုက် IRUSA မှ ကိုယ်စားလှယ် အတ်စ်မား ဆယဒ်က OnIslam.net သို့ ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ ဆော်ဒီအာရေဗျရှိ မဒီနာတက္ကသိုလ်မှ မာစတာဘွဲ့ရရှိထားသော ပညာရှင် ဂျိုးဖရက်ဖို့ဒ်တက်ရောက်ခဲ့ပြီး ပါလက်စတိုင်း ကလေးငယ်များ ကြုံတွေ့နေရသည့် ဒုက္ခများကို ပြောကြားခဲ့သည်။

    Islam for Working Professionals လှုပ်ရှားမှုကို ဆောင်ရွက်နေသည့် ဖဟဒ် သက်စ်လီမ်းကလည်း အကူအညီလိုအပ်နေသူများ အထူးသဖြင့် ဂါဇာတွင် ဒုက္ခသုက္ခ ခံစားနေရသူများအတွက် ယခုရန်ပုံငွေရှာဖွေရေး၏ အရေးကြီးပုံကို ဖွင့်ဟခဲ့သည်။

    IRUSAအဖွဲ့မှာ ထိုကဲ့သို့သော အစ်ဖ်သာရ် ညစာစားပွဲများကို နှစ်စဉ် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် ကျင်းပပြလုပ်လေ့ရှိသည်။ ထိုပွဲများတွင် စေတနာရှင်များမှာ မိမိတို့ကြိုက်နှစ်သက်သည့်နိုင်ငံမှ မိဘမဲ့ကလေးများကို ရွေးချယ် လှူဒါန်းနိုင်သည်။

    သို့သော်လည်း ဂါဇာတွင် လတ်တလောဖြစ်ပွားနေသည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများ ကြောင့် ယခုနှစ်ပြုလုပ်သော အဆိုပါပွဲတွင် ပါလက်စတိုင်းရှိ မိဘမဲ့ကလေးသူငယ်များအတွက် လှူဒါန်းရည် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရန်ပုံငွေ ၁၅၅၀၀၀ ရရှိခဲ့သည်။ ဟူစတန်ရှိ ကလေးငယ်များ၏ အနုပညာလက်ရာများကိုလည်း လေလံစနစ်ဖြင့် ထိုပွဲ၌ ရောင်းချခဲ့ကာ ဒေါ်လာ ၁၂၀၀ ရရှိခဲ့သည်ဟု ဆယဒ်က ဆိုသည်။

    အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲသို့ မလာရောက်နိုင်ခဲ့သူများအနေဖြင့် လှူဒါန်းလိုပါက  IRUSA ၀ဘ်ဆိုက်ဖြစ်သည့် www.irusa.org သို့ ယခုသီတင်းပတ် မကုန်ခင် ဆက်သွယ်လှူဒန်းနိုင်ဟု သိရသည်။ လာမည့်သီတင်းပတ်များတွင်လည်း ထိုကဲ့သို့သော အစ်ဖ်သာရ်ညစာစားပွဲများကို ထိုအဖွဲ့မှ ပြုလုပ်သွားရန်ရှိနေသည်။

    IRUSA မှာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့် ကူညီကယ်ဆယ်ရေးအဖွဲ့ IRW ၏ အဖွဲ့ခွဲဖြစ်သည်။ IRWမှာ အကူအညီပေးရေး အေဂျင်စီ ၁၅ ခု စုပေါင်းထားသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ပြည်သူများ ခံစားနေရသည့် ဒုက္ခများကို လျော့ပါးစေရန် ရည်ရွယ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

    .onislam.

  • အတိတ်ဆိုးကို မေ့ပစ်ရန် ဘာလော့တယ်လီအား အေစီမီလန် နည်းပြသစ် အင်ဇာဂီ တိုက်တွန်း

    အတိတ်ဆိုးကို မေ့ပစ်ရန် ဘာလော့တယ်လီအား အေစီမီလန် နည်းပြသစ် အင်ဇာဂီ တိုက်တွန်း

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    412119_heroa
    – ဘာလော့တယ်လီအား အသင်းမှ ရောင်းချမည်မဟုတ်ဘဲ ၎င်းအနေဖြင့်လည်း အတိတ်ဆိုးများကို မေ့ပစ်ရမည်ဟု အေစီမီလန်အသင်းနည်းပြ အင်ဇာဂီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ၄ နှစ်ခွဲစာချုပ်ဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဘာလော့တယ်လီမှာ အသင်း၌ ၁၈ လတာ ကစားခဲ့သည့် အချိန်အတွင်း ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ယခုနှစ်တွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေပြီး အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    သို့သော်လည်း ဆီးဒေါ့ဖ်၏ နေရာကို အစားထိုးခဲ့သည့် နည်းပြသစ် အင်ဇာဂီကမူ ဘာလော့တယ်လီအား ပုံမှန်နေရာပေးမည်ဟု အာမခံထားသည်။

    “ဘာလော့တယ်လီဟာ မီလန်အတွက် သိပ်ကိုအရေးပါတဲ့ ကစားသမားပါ။ အခြားကစားတွေကို ပြုမူဆက်ဆံသလိုမျိုး သူ့ကိုလည်း ဆက်ဆံသွားမှာပါ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်ကြားဖူးသမျှ အကောင်း၊ အဆိုး အားလုံးကို ကျွန်တော် မေ့ပစ်မှာပါ။ အသင်းက ဆုံးဖြတ်ဖြတ်ချက် ချမှာဖြစ်ပေမယ့် ကျွန်တော့အတွက်တော့ မာရီယို(ဘာလော့တယ်လီ)ဟာ မီလန်နဲ့ နိုင်ငံအသင်းအတွက် ပါရမီရှိတဲ့ကစားသမားလို့ မှတ်ယူပါတယ်” ဟု အင်ဇာဂီက ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ပြီးခဲ့သည့် ဘောလုံးရာသီက အေစီမီလန်အသင်းအတွက် ၄၃ ပွဲကစားပေးခဲ့ပြိး ၁၉ ဂိုးသွင်းယူပေးထားနိုင်သည်။

  • ခါကာဘိုရာဇီ တောင်ထိပ်သို့ မြန်မာနိုင်ငံသားများ ပထမဆုံးအကြိမ် တက်ရောက်မည်

    ခါကာဘိုရာဇီ တောင်ထိပ်သို့ မြန်မာနိုင်ငံသားများ ပထမဆုံးအကြိမ် တက်ရောက်မည်

     

    ဇူလိုင် ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC03529

    ရန်ကုန်  ။       ။       သဘာဝခေါ်သံဖောင်ဒေးရှင်း၏ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းမှ အသင်းသားများက မြန်မာနိုင်ငံသားများအနေဖြင့် ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံးအကြိမ်ဖြင့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်ကို မြန်မာလူငယ်များမှ သီးသန့်တက်ရောက်နိုင်ရန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အလံတော်ကို တောင်ထိပ်တွင် လွှင့်ထူနိုင်ရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့တောင်တက်ရခြင်းဖြစ်ကြောင်းကို သဘာဝခေါ်သံဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့် ကဆိုသည်။

    “ဒီတောင်ကိုမတက်ခင် လေ့လာမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီတောင်မှာ ပထမဆုံးအနေနဲ့ အလံစိုက်ခွင့်ကိုရအောင် ကြိုးစားသွားမှာပါ။ သေချာလေ့ကျင့်ထားကြတဲ့အတွက် တောင်ထိပ်ကိုရောက်မယ်လို့ ယုံကြည်ပါတယ်” ဟု တောင်တက်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုအောင်မြင့်မြတ်က ရှင်းလင်းပြောကြားသည်။

    ၎င်းတောင်တက်အဖွဲ့သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး တောင်တက် တောင်ဆင်း ရက် ၆၀ ကြာမည်ဟု ခန့်မှန်းထားသည်။ တောင်အောက်ခြေသို့ တောင်တက်သမား ၈ ယောက်သွားမည်ဖြစ်ပြီး တောင်ထိပ်သို့ တောင်တက်သမားနှစ်ဦးမှ တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူသွားမည်ဖြစ်သည်။

    “အခုလို ဒီတောက်တက်ဖို့ကို ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ အခွင့်အရေးအနေနဲ့ ဆရာကရော အသင်းကရောတာဝန်ပေးတဲ့အတွက် ၀မ်းသာမိပါတယ်။ အဖွဲ့ကစီစဉ်ထားတဲ့ လေ့ကျင့်မှုတွေကိုလည်း အားလုံးလုပ်ထားပါတယ်” ဟု တောင်တက်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုဇေယျာထွန်းက ပြောခဲ့သည်။

    ယင်းခရီးစဉ်ဖြစ်မြောက်ရေးအတွက် အဓိကအားဖြင့် ပရီးမီးယားကော်ဖီ ကုမ္ပဏီမှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်၊ ပြင်ပစေတနာရှင်များ၊ အသင်းဝင်ဟောင်းများ၊ အသစ်များက လိုအပ်သည်များကို ၀ိုင်းဝန်းဖြည့်ဆည်းပေးခဲ့ကြသည်။

    ခါကာဘိုရာဇီတောင်ထိပ်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲတွင်တည်ရှိပြီး ၅၈၈၁ မီတာ၊ ၁၉၂၉၆ ပေရှိသည်။ ယင်းတောင်သို့ ပထမဆုံးတက်ရောက်ခဲ့သူမှာ မြန်မာ-ဂျပန် ချစ်ကြည်ရေးပူးပေါင်းတောင်တက်အဖွဲ့မှ ဂျပန်လူမျိုး မစ္စတာအိုဇာကီနှင့် မြန်မာနိုင်ငံသားတိဘက်လူမျိုး နမားဂျွန်ဆိန် မှ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် တက်ရောက်နိုင်ခဲ့ပါသည်။

  • Double Standard မလုပ်ကြပါနဲ့ (သူအမြင်)

    Double Standard မလုပ်ကြပါနဲ့ (သူအမြင်)

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    .ရေးသူ- ​ခေတ်​လူ
    June 18, 2014
    အီရတ်က အခုတလောနာမည်ထွက်လာတဲ့ ISIL ကို ရှုံ့ချတဲ့ ကိစ္စနဲ့ အမေရိကန်ရဲ့ Black Power ကိစ္စ နှစ်ခုကို ရောမချကြပါနဲ့ … မတူပါဘူး။

    ISILဆိုတာကတော့ ၂၀၀၄ လောက်က မြေထဲပင်လယ်ဒေသရဲ့ နယ်မြေအချို့ကနေစပြီး အားယူလာပြီး အစ္စလာမ်မစ်အမည်ခံထားတဲ့ တိုက်ခိုက်ရေးအဖွဲ့ငယ်၊ ဆီးရီးယားပြည်တွင်း စစ်အတွင်းမှာ ဝင်တိုက်ခိုက်ရင်း အဖွဲ့ရဲ့ ဒုတိယမြောက် ခေါင်းဆောင် ဘဂ်ဂဒက်မြို့သား သမိုင်းပညာရှင် အဘူဘကရ်ရဲ့ သက်တမ်းမှာ အင်အားကြီးလာပြီး ဆီးရီးယားမှ နယ်မြေအချို့သိမ်းထားနိုင်ခဲတယ်။

    အမေရိကန် အဆုတ်၊  စွန္နီ-ရှီအာကြားမမျှတမှု စတဲ့ ရှုပ်ထွေးမှု ရေခံမြေခံတွေရှိနေတဲ့ အီရတ်အတွင်း သူတို့ရဲ့ ထိုးစစ်တွေဟာ ၂၀၁၃မှာ အရှိန်ကောင်းလာကောင်းလာတယ်။

    ၂၀၁၄နှစ်ဦးပိုင်းမှာတော့ သူတို့နဲ့ မဟာမိတ်ကြီးအလ်ကိုင်ဒါအကြား ပါဝါအားပြိုင်ပွဲတောင်ဖြစ်လာခဲ့ပြီး အလ်ကိုင်ဒါက ISILရဲ့ ရက်စက်မှု အထိန်းအကွပ်မဲ့မှုအပေါ် လမ်းခွဲခဲ့တဲ့ အီရတ်က သူပုန်အဖွဲ့ပါ။ ပြဿနာ ပိုကြီးလာတာကတော့ ဒီနှစ် ဇွန်မှာ အီရတ်တွင်း နယ်မြေသိမ်းပွဲတွေမှာ အနုနည်း အကြမ်းနည်း နှစ်ခုစလုံးသုံးပြီး အောင်ပွဲဆက်နေတဲ့ ISILရဲ့ ခေါင်းဆောင်ဆိုသူက ထပြီး သူ့ကိုယ်သူ မွတ်စလင်မ်တွေရဲ့ ခေါင်းဆောင် ခေလာဖသ်ကြေငြာခဲ့တာပါပဲ။ အဲ့ဒီမှာ မွတ်စလင်မ်တွေအပါအဝင် ကမ္ဘာက ပညာရှင်တွေအကြား လေ့လာစောင့်ကြည့်သူတွေအကြား ကမ္ဘာ့မီဒီယာတွေအကြား ဆွေးနွေးငြင်းခုံစရာ အကြောင်းအရာတစ်ခုဖြစ်လို့လာတာပါပဲ။

    အဲ ISIL နဲ့ အမေရိကန် ဆိုတဲ့ ကျွန်တော့်ရဲ့ အပေါ်က စကားလေး ပြန်ဆက်ပါရစေ။ အမေရိကန်နိုင်ငံရေးလောကရဲ့ အမှောင်ဘက်ခြမ်းမှာ Black Power ရှိတယ်။ အဲ့ဒီ Black Power ကို ဇီယွန်ဝါဒီ သူဌေးကြီးတွေက အတိုင်းအတာ တစ်ခု ချုပ်ကိုင်ထားတယ်။ အဲ့တော့… အမေရိကန်ရဲ့ ခေါင်းဆောင်ပိုင်း တော်တော်များများဟာ အဲ့ဒီချုပ်ကိုင်မှုအောက်ကို မငြင်းနိုင်ဘဲ အနည်းအများ ရောက်နေကြတယ်။

    အဲ့ဒါက ကမ္ဘာသိ လူသိ။ ဒါပေမယ့် အဲ့ဒါက ကိစ္စ တစ်ခု။ ISIL က အစ္စလာမ်သာသနာကို ကိုယ်စားပြုတယ် မွတ်စလင်မ်ကမ္ဘာကို ကိုယ်စားပြုတယ်ဆိုပြီး ခေလာဖသ်ကြေငြာထားပြိးတာ့ အစ္စလာမ်သင်ကြားမှုနဲ့ မညီတာတွေကိုလုပ်နေတာ။

    ဥပမာ-အရပ်ဖက်ပစ်မှတ်တွေကို ပစ်မှတ်ထားတာ က ကိစ္စတစ်ခုပါ။ ISILကို ရှုံ့ချတာနဲ့ပဲ အမေရိကန်ရဲ့ Black Power Side ကို မရှုံ့ချဘူးလို့ ကောက်ချက်ကြီးတွေကတော့ …။

    ဂါဇာမှာ အရပ်ဖက်ပစ်မှတ်တွေကို အစ္စရေးစစ်တပ်က ပစ်မှတ်ထားလို့ ကလေးတွေ အမျိုးသမီးတွေ သေကြေနေလို့ တစ်ကမ္ဘာလုံးက ခရစ်ယာန်ကမ္ဘာအပါအဝင် အားလုံးက မတ်တပ်ဝိုင်းရပ်ပေးနေတာကို အားပါးတရ ဝမ်းပမ်းတသာ လက်ခံ သြဘာပြု နေပြီးတော့…။

    စပိန်မှာ ခရစ်ယာန်ကသလစ်အစွန်းရောက် ဘုရင်မ အစ်ဘယ်လာ ၁ (၁၄၇၄-၁၅၀၄) တက်လာပြီး မွတ်စလင်မ်တွေကို ဘာသာပြောင်းရင်ပြောင်း မပြောင်းရင် တိုင်းပြည်ကနေထွက် (ဂျူးတွေဆို အသတ်တောင် ခံရသေးတယ်)ဆိုပြီး လုပ်ခဲ့တဲ့ ဖြစ်ရပ်အတွက် တောက် တစ်ခေါက်ခေါက် လုပ်နေ လုပ်ခဲ့ပြီးတော့…။ အခုလက်ရှိလည်း ဘာသာရေးကို နိုင်ငံရေးလုပ် ကစားတဲ့ Dirty Political Trick ရဲ့ ဓားစာခံဖြစ်နေရပြီး နှစ်ပေါင်း ထောင်ကျော်ကတည်းက အခြေချ တိုင်းပြည်အတွက် အသက်သွေးချွေးပေးခဲ့ပြီးကာမှ နိုင်ငံသား rights ပျောက်ဆုံးနေလို့ တိုက်ပွဲဝင်နေပြီးတော့…ခံရလို့ မချိတင်ကဲဖြစ်နေပြီးတော့…မှ။

    လွတ်လပ်စွာကိုးကွယ်ခွင့်၊ နိုင်ငံသားအခွင့်အရေးနှင့် အသက်အိုးအိမ်စည်းစိမ်ကို သက်စွန့်ကာကွယ်ဖို့အတွက်ဆိုတဲ့ ရံပုံငွေ ဂျိဇယာဟ်ကို တလွဲလုပ် ၁၆ရာစုကတည်းက အတူယှဉ်တွဲနေထိုင်လာတဲ့ ခရစ်ယာန်တွေကို တစ်ရက်တည်း အချိန်ပေးပြီး အယူ ပြောင်းရင်ပြောင်း မပြောင်းရင် မိသားစုတစ်စု 550,000 အီရတ် ဒီနာငွေ ပေး မပေးနိုင်ရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သဘက်ခါ နေရပ်က ထွက်ဆိုတာကိုကြ လက်ခံတယ်… အဲ့ဒီလို အဖွဲ့မျိုးကို ကယ်တင်ရှင်ထင်နေတယ်ဆိုရင်တော့ … ။ Double Standard လိုပဲ ဆိုချင်ပါတယ်။

    ISIL ရဲ့ မွတ်စလင် ကိုယ်စားပြုမှု ကြေငြာချက်ဟာ ပြည့်သူတော်လှန်ရေးကို ပြန်ပေးဆွဲတာဆိုပြီး ကမ္ဘာ့ မွတ်စလင်မ်ကမ္ဘာက မဇ်ဟဗ်စုံ ကျောင်းတော်ဝါဒစုံက ကမ္ဘာကျော် ပညာရှင်တွေ ဖွဲ့ထားတဲ့ နိုင်ငံတကာ မွတ်စလင်မ်ပညာရှင်များအဖွဲ့ IUMS ကိုက အသိအမှတ် မပြုကြောင်း ဇူလိုင် ၃ ရက်နေ့ထဲက ထုတ်ပြန်ထားပြီးသားပါ။ ဖေကာဟ်အစ္စလာမ့်ဥပဒေပညာရှင်ကြီးတွေကိုယ်တိုင် ကန့်ကွက်နေတာပါ။

    ISIL အကြောင်း ကျနော် personally သုံးသပ်မိတဲ့ အချက်တွေပါ မျှဝေလိုက်ပါတယ်။

    (၁) အီရတ်မှ ဆဒ်ဒန်အုပ်ချုပ်စဉ်က စွန္နီတွေ အသာစီးရခဲ့ပြီးနောက် မာလကီရဲ့ ရှီအာအစိုးရတက်လာတော့ စွန္နီတွေ ဒုတိယတန်းစားရောက်ပြီး မမျှတမှု gap ကြီးဖြစ်နေခဲ့ပါတယ်

    (၂) အီရန်ရဲ့ နျူအရေးကို အမေရိကန်က စစ်ရေးအရ အရေးယူမှုကနေ သံနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ဗျူဟာပြောင်းခဲ့တယ်။ အီရန်ကို သံနည်းနဲ့ ဖြေရှင်းမယ်ဆိုတော့ အီရန်၊ အာဆဒ်ရဲ့ အလဝီယာဂိုဏ်းကို ရှီအာဇာတ်သွင်းထားတဲ့ ရှီအာအစိုးရနဲ့ လက်ဘနွန်က ရှီအာဟဇ်ဘိုလာ တို့ရဲ့ ရှီအာအင်အားစုကြီး (အဲ့ဒီအင်အားစုက ချိန်းချောက်မှုတွေကတော့ အမေရိကန်နဲ့ အနောက်ကမ္ဘာကိုယ်တိုင်ကိုရော၊ အစ္စရေးတွေကိုရော၊ စွန္နီအမာခံ ဆော်ဒီ ကာတာ အပါအဝင် အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေအတွက်ရော) က ပြဿ နာတစ်ရပ်ဖြစ်လာတယ်၊ အဲ့ဒီဟာကို အင်အားချိနဲ့အောင်လုပ်ဖို့ တစ်ခုခုလုပ်ဖို့လိုလာတယ်

    (၃) နှစ်ချီကြာပြီ မပြီးဆုံးနိုင်သေးတဲ့ ဆီးရီးယားပြည်တွင်းစစ်ကိစ္စမှာ အမေရိကန်နဲ့ အမာခံ မဟာမိတ် ရေနံသူဌေးနိုင်ငံတွေ မိတ်ပျက်ဖို့ ဖြစ်လာတဲ့အပေါ်နဲ့ တစ်ဖက်က အနောက်ကမ္ဘာက ဗျူဟာပြောင်းပြီး အာဆဒ်ကို သံနည်းနဲ့ပဲ အရေးယူဖို့ သံနည်းနဲ့ ချည်းကပ်ဖို့ ဖြစ်လာတဲ့အပေါ် အဲ့ဒီနှစ်ခုအကြား ကြားချဖို့

    (၄) ဆီးရီးယားစစ်မြေပြင်မှာ နှစ်ချီတိုက်ခိုက်ကာ စစ်ရေးဝလာတဲ့ ပြည်တွင်းပြည်ပ အစ္စလာမစ်အမည်ခံယူထားတဲ့ တိုက်ခိုက်ရေးကွန်ရက်တွေ ဆီးရီးယားကို ဖြတ်ကျော်ပြီး အစ္စရေး-ပါလက်စတိုင်းအရေးထဲမဝင်လာဖို့ ရှင်းရှင်းပြောရရင် အစ္စရေးဖက်ကို ချက်ချင်း လှည့်မလာနိုင်ဘဲ အားလျော့သွားစေဖို့

    (၅) တစ်ဖက်က အဲ့ဒီ့ ကရူးဆိတ်ဝါဒီနဲ့ ဇီယွန်နစ်တွေက အစ္စလာမ်နဲ့ ကမ္ဘာ့မွတ်စလင်မ်ထုရဲ့ စစ်မှန်တဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့

    (၆) ကမ္ဘာမှာ လက်နက်ရောင်းပြီး စီးပွားဖြစ်နေတဲ့ အနောက်နိုင်ငံတွေနဲ့ လက်နက်ကုန်သည်ကြီးတွေအတွက် ဈေးကွက်နဲ့ လက်နက်အသစ်စမ်းဖို့အတွက်

    (၇) ရေနံဟာ နိုင်ငံလည်ပတ်ဖို့ အသက်သွေးကြောဖြစ်နေတဲ့ အမေရိကန်အတွက် အရှေ့အလယ်ပိုင်း ရေနံသူဌေးနိုင်ငံတွေ သူ့ကို အဖေအဖြစ်ဆက်ခေါ်ထားစေဖို့ (အဲ့ဒီအတွက် အဲ့ဒီနိုင်ငံတွေကို လုံခြုံရေးအရ ချိမ်းခြောက်မှု တစ်ခုလိုတယ်လို့မြင်ပါတယ်။)

    (၈) အရှေ့အလယ်ပိုင်း ရေနံသူဌေးတွေရဲ့ ပိုက်ဆံတွေ ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးမှုနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် ထိထိရောက်ရောက် မသုံးစွဲနိုင်ဘဲ ရှီအာအင်အားစုကို ပြပြပြီး ISIL နဲ့ ကွန်ရက်ထဲကို ပိုက်ဆံတွေ ထောက်ပံ့ရင်း ငွေနဲ့ resource ယိုပေါက်တစ်ခုဖြစ်သွားစေဖို့

    (၉) နံပါတ် ၁ က gap ကို သိနေတဲ့ အမေရိကန်နဲ့ အစ္စရေးက နံပါတ် ၂ ကနေ ၈ အထိ ကိစ္စတွေကို တစ်ချက် ခုတ်ရင်း ၆ ချက်ပြတ်ဖို့ အီရတ်ကနေ တပ်ဆုတ်ပေးလိုက်တယ်။

    အမေရိကန်က သူ့နောက်ခံထားပေးခဲ့တဲ့ မာလကီအစိုးရကို အပြုတ်ဆော်နေတာတောင် တော်တော်ကြာ ထိုင်ကြည့်နေခဲ့ပြီး အီရန်က စစ်ရေးအကူအညီပေးမယ်ဆိုပြီး ထအော်တော့မှ လူ ၃၀၀ ပို့လိုက်တယ်တဲ့လေ။ ပို့လိုက်တာတွေက စစ်အင်အားမဟုတ်ဘူး အကြံပေးတွေတဲ့ ဘယ်လို အကြံတွေ ပေးတယ်တော့မသိ မာလကီတို့ ကွက်ကွက်လန်အောင် ဆက်ရှုံနေတယ်။

    အီရန်က ထအော်တော့ သူ့ရဲ့ အားပြိုင်ကြီး စွန္နီ အမာခံ အမေရိကန်ရဲ့ နောက်ဆွဲ ဆော်ဒီကြီးကလည်း အီရတ်အရေးကို ပြည်ပက စွက်ဖက်တာ ကန့်ကွက်တယ်လို့ ထအော်တယ်။

    အဲ့ဒီမှာ ဇာတ်ရှုပ်ပြီး…ရှီအာလောကမှ သြဇာကြီးတဲ့ အလ်စစ်တာနီလို ပညာရှင်ကြီးက ထပြီး မနေနိုင်ဘဲ ဖသဝါဓမ္မသတ်ပေးရော.. .ရှီအာလူငယ် volunteer တွေ လက်နက်စွဲ စစ်ထဲဝင်…အဲ့ဒီမှာ သုံးသပ်မိတာက အီရန်က indirect တော့ support လုပ်မှာပဲလေ (ပါလက်စတိုင်းကိုတောင် ကူညီပေးနေပြီး အစ္စရေးကို ပေါ်တင် ကြုံးဝါးမှုတွေ လုပ်ခဲ့တဲ့ အီရန်က သူနဲ့ လူမျိုးစုတူ ကျောင်းတော်ဝါဒတူ ရှီအာတွေ အသတ်ခံနေ အတိုက်ခံနေရတာကို ထိုင်ကြည့်နေမယ်ဆိုတာ ၁၀၀% မဖြစ်နိုင်လို့ပါ)။

    အစ္စရေးကို ချိမ်းခြောက်ကြုံးဝါးနေတဲ့၊ တစ်ဖက်ကလည်း အာဆဒ်ကို၊ ဟဇ်ဘိုလာကို၊ ဟားမတ်စ်ကို support လုပ်နေတဲ့ အီရန် အတွက် အီရတ်ကို ထောက်ပံ့ရတဲ့ ယိုပေါက်တစ်ခုဖြစ်သွားပြီ။ အဲ့ဒီလို ရှုပ်ထွေးနေတဲ့ အချိန်မှာ အစ္စရေးက ဟားမတ်စ်ကို ဝင်ပြီးကျူးကျော်တိုက်ခိုက်တယ်။

    ISIL သတင်းခေါင်းကြီးပိုင်းတွေကို မရောက်ခင် ဟားမတ်စ်နဲ့ ဖာတာ အဘတ်စ်တို့ ပူးပေါင်းပြီး ညွှန့်ပေါင်းဖွဲ့ ကုလမှာ အရေးတွေဆိုတဲ့ သတင်းတွေ ဖြစ်ရပ်တွေက နေရာယူခဲ့တာပါ။ တိုက်ဆိုင်တာပါကွာလို့ဆိုရင်တော့ ကျွန်တော် သုံးသပ်ပြခဲ့တဲ့ အချက်တွေက သြချလောက်အောင်ပဲ တော်တော် တိုက်ဆိုင်တာပါလားလို့ပဲ ပြောပါရစေတော့။ အဆုံးထိကြည့်ပါ။ Double Standard တော့ မလုပ်ကြပါနဲ့ဗျာ။

    **ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါတယ်။

  • ပစ်ချခံရသည့် မလေးလေယာဉ်မှ အလောင်းများ ယူကရိန်းအစိုးရ ထိန်းချုပ်သည့်နေရာသို့ ရောက်ရှိ

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media

    kharkiv-train-ukra_2982221b
    – ယူကရိန်းသူပုန်များ ထိန်းချုပ်ရာဒေသတွင် ပစ်ချခံလိုက်ရသည့် မလေးရှား ခရီးသည်တင်လေယာဉ်မှ အလောင်းများမှာ ယူကရိန်းအစိုးရ ထိန်းချုပ်ရာ Kharkiv မြို့သို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    အအေးပေးစနစ်ပါဝင်သော အလောင်းသေတ္တာများ ပါဝင်သည့် အဆိုပါ ရထားမှာ လက်နက်စက်ရုံတစ်ခု၏ ၀င်းအတွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး အလောင်းများအား ဟော်လန်နိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကာ ပထမအသုတ်မှာ မနက်ဖြန်တွင် ရောက်ရှိမည်ဖြစ်သည်။

    ဟော်လန်မှ မလေးရှားသို့ ထွက်ခွာသွားခဲ့သည့် အဆိုပါလေယာဉ်တွင် ခရီးသည်နှင့် လေယာဉ် အမှုထမ်းစုစုပေါင်း ၂၉၈ ဦး လိုက်ပါသွားခဲ့ပြီး အများစုမှာ ဟော်လန်နိုင်ငံမှဖြစ်ကာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ရသည်။

    လေယာဉ်ပျက်မှရရှိသည့် Black box ၂ ခု ကို ခွဲထွက်ရေးသမားများက မလေးရှားမှ ကျွမ်းကျင်သူများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ကမူ အဆိုပါ Blck box မှာ အကောင်းအတိုင်းရှိမည်ဟု ယုံကြည်ရပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လေယာဉ် ပစ်ချခံခဲ့ရမှုအတွက် ယူကရိန်းအစိုးရနှင့် သူပုန်များမှာ အပြန်အလှန် ပြစ်တင်ပြောဆိုနေကြပြီး၊ ရုရှားကမူ အဆိုပါလေယာဉ် မပျက်ကျမီ ယူကရိန်း တိုက်လေယာဉ်တစ်စီးမှာ ထိုလေယာဉ် အနားကပ်သွားခဲ့ကြောင်း ယူကရိန်းမှာ မြေပြင်မှ ဝေဟင်ပစ် Buk ဒုံးကျည်များကို ဇွန်လ ၁၇ ရက်နေ့က နေရာပြောင်း ခဲ့ကြောင်း ဖော်ပြထားသည့် ဂြိုဟ်တု ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

    Al Jazeera and agencies