News @ M-Media

Blog

  • မာလာဝီ မွတ်စလင်များ၏ ရမ်ဇာန်အလှူဒါနမှ ခရစ်ယာန်များလည်း အကျိုးခံစားရ

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    Malawineedy-Christians-benefiting-from-Ramadan
    – ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်ကြသည့် အစ္စလာမ်ဘာသာဝင်များအတွက် အစ်ဖ်သာရ် အစားအသောက် လှူဒါန်းမှုများကို မာလာဝီမွတ်စလင်များက နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး ထိုလှူဒါန်းမှုများမှ ခရစ်ယာန်ဘာသာဝင်များလည်း အကျိုးခံစားခဲ့ရသည်ဟု သိရသည်။

    “ရမ်ဇာန်လအစကတည်းက ချို့တဲ့နေတဲ့ မွတ်စလင်တွေကို အစားအသောက်တွေဝေငှဖို့ စင်တာအားလုံးမှာ စီစဉ်ခဲ့ကြပါတယ်။ ဒီကောင်းမြတ်တဲ့ ဆောင်ရွက်မှုကနေ အကျိုးခံစားဖို့ လာရောက်ကြတဲ့ မာလာဝီမှာရှိတဲ့ အယူဝါဒအားလုံးကလူတွေနဲ့ ဒီစင်တာတွေဟာ ပြည့်နှက် သွားပါတယ်” ဟု အစ္စလာမ့်အကူအညီပေးရေးအေဂျင်စီမှ နိုင်ငံလုံးဆိုင်ရာ ဥက္ကဌ ရှိခ် အဘူဖာတာနီက OnIslam.net က ပြောကြာခဲး့သည်။

    ရမ်ဇာန်ဥပုသ်လတွင် မာလာဝီ မွတ်စလင်များမှာ ဆင်းရဲနွမ်းပါးကြသည့် အစ္စလာမ်ဘာသာဝင်များအား အစ်ဖ်သာရ်အစားအသောက်များ လှူဒါန်းခြင်းနှင့် အခြားအကူအညီများ ပေးအပ်သည့်အပြင် အခြားဘာသာဝင်များမှ ချို့တဲ့သူများကိုလည်း အလားတူ ကူညီမှုများ ပြုလုပ်ပေးကြသည်။

    “မာလာဝီက ဘာသာလူမျိုးပေါင်းစုံဟာ အလွန်ဆင်းရဲချို့တဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာ ဒီလိုဆောင်ရွက်မှုတွေကြောင့် ကျွန်တော်တို့ သိလာရပါတယ်။ လူနေမှုအဆင့်အတန်း ယိုယွင်းပျက်ဆီးခြင်းဟာ မာလာဝီက လူအများစုကို ဒုက္ခရောက်စေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီရမ်ဇာန် ဥပုသ်လမှာ ဘာသာတရားကို လိုက်ပြီး ခွဲခြားခြင်းမပြုဘဲ အားလုံးကို ကူညီပေးနေတာပါ” ဟု ဖာတာနီက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ကူညီခြင်းက မာလာဝီပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုဖြစ်စေကြောင်း၊ အခြားသော ကူညီမှုများကိုလည်း တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့ သာသနာ၏ အလှအပကို ပြသရန်အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မွတ်စလင်တို့၏ ထိုကူညီမှုများကို ခရစ်ယာန်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့ကြပြီး မတူညီသော ဘာသာတရားများ အကြား ပေါင်းကူးပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ရမ်ဇန်လမှာ မွတ်စလင်တွေဟာ လိုအပ်နေတဲ့ ခရစ်ယာန်တွေကို အစားအသောက်တွေလှူဒါန်းတာဟာ ကျွန်တော်တို့ ချီးကျူးသြဘာပေးရမယ့် လုပ်ရပ်ပါပဲ။ ဒါဟာ မွတ်စလင်တွေ ဘယ်လောက်(ပတ်ဝန်းကျင်ကို)ကျေးဇူးပြုသလဲဆိုတာကို ပြသတာဖြစ်ပါတယ်။ ပြီးတော့ အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ကျွန်တော်တို့ထားရှိတဲ့ စိတ်နေသဘောထားတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ခရစ်ယာခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်” ဟု မာလာဝီ အင်ဂလိကန်ကောင်စီ ဥက္ကဌ ဘုန်းတော်ကြီး ဘရိုက်တန် မာလာဆာက ပြောကြား ခဲ့သည်။

    အစ်ဖ်သာရ် အစားသောက်များဝေငှသည့်နေရာသို့ လာရောက်ရယူကြသည့် ခရစ်ယာန်ဘာသာဝင်များကလည်း ထိုကဲ့သို့ဆောင်ရွက်ပေး မှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်မရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကတော့ အစားသောက်ရရှိဖို့ပါ။ ကျွန်မဟာ ကျန်းမာရေးမကောင်းပါဘူး။ ပြီးတော့ အဖေမရှိတော့တဲ့ ကျွန်မရဲ့ကလေးသုံးယောက်ကိုလည်း ပြုစုပျိုးထောင်နေရပါတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်။  နောက်လတွေလည်း ရမ်ဇာန်လဖြစ်ပါစေလို့ ကျွန်မဆုတောင်းပါတယ်။ ဘာသာတရားဟာ ချို့တဲ့သူတွေကို ကူညီစောင်မဖို့ တိုက်တွန်းပါတယ်။ ဘုရားသခင်ဟာ သူတို့ကို ကြွယ်ဝစေတာကြောင့် ကျွန်မတို့လို ချို့တဲ့သူတွေကို ကူညီနိုင်တာပါ။ အမှန်တရားကို ယုံကြည်ကြသူတိုင်း ချို့တဲ့နေတဲ့သူတွေကို ချွင်းချက်မရှိကူညီရပါမယ်” ဟု အဆိုပါ စင်တာသို့ လာရောက်ကာ အစားသောက်များ ရယူသည့် ရုသ် ချစ်တီတီက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ မလာဝီသို့ ၁၈၇၀ ပြည့်နှစ်များကတည်းက ရောက်ရှိခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံ၏ လှုမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများတွင် အစ္စလာမ်ဘာသာဝင်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုအချိန်တွင် ခရစ်ယာန်ပြီးလျှင် မာလာဝီ၌ ဒုတိယကိုးကွယ်မှုအများဆုံးမှာ အစ္စလာမ်ဖြစ်ပြီး နိုင်ငံလူဦးရေ ၁၆ သန်း၏ ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    By Khalid Abubaker,

    OnIslam Correspondent

     

  • ရီးယဲလ် ချန်ပီယံလိဂ်ဖလား ၁၁ ကြိမ်မြောက် ရရှိရန် ကူညီချင်ဟု ကွင်းလယ်လူသစ် ကရူစ်ဆို

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    436135_heroa
    – ချန်ပီယံလိဂ်ဖလား ၁၀ ကြိမ်မြောက်ရရှိထားသည့် ရီးယဲလ်မက်ဒရစ်အသင်းအား ယခုနှစ်တွင် ၁၁ ကြိမ်မြောက်ရရှိရန် ကူညီပေးချင်သည်ဟု ဘိုင်ယန်မြူးနစ်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ဂျာမန်ကွင်းလယ်လူ တိုနီကရူစ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ကရူစ်အား အင်္ဂလန်၊ စပိန်နှင့် အီတလီရှိ အသင်းကြီးများက ခေါ်ယူရန်စိတ်ဝင်စားခဲ့သည်။ နောက်ဆုံးတွင် ရီးယဲလ်အသင်းက ခေါ်ယူနိုင်ခဲ့ပြီး ကြာသာပတေးနေ့က မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။

    “ဒီအသင်းကို ရောက်လာတဲ့အတွက် သိပ်ကိုဂုဏ်ယူမိပါတယ်။ ရီးယဲလ်ပရိတ်သတ်တွေနဲ့အတူ ဒီမှာရှိနေရတာထက် ပိုပြီးလှပတာမျိုး ကျွန်တော် စဉ်းစားလို့ မရပါဘူး။ ဒီမှာ လာကစားခွင့်ပေးတဲ့အတွက် အသင်းကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ ရီးယဲလ်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်းပါ။ ၂၀၁၂-၁၃ မှာ ကျွန်တော်ဟာ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့တယ်။ ၂၀၁၃-၁၄ မှာ ရီးယဲလ်က ရသွားတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ ထပ်ရမယ်လို့ မျှော်လင့်ပါတယ်။ ရီးယဲလ်အတွက် ကျွန်တော် အစွမ်းကုန် ပေးဆပ်သွားမှာပါ” ဟု ကရူစ်က ပြောကြားခဲ့သည်။

    ရီးယဲလ်ဥက္ကဌပီရက်ဇ်ကလည်း ကရူစ်မှာ အသင်းအတွက် ဆုတံဆိပ်များကို ယူဆောင်ပေးနိုင်ကြောင်း၊ မိမိတို့အသင်းတွင် “မဖြစ်နိုင်ဘူး” ဆိုသည်မှာ မရှိကြောင်း၊ ရွေးချယ်စရာ အသင်းများစွာမှ မိမိတို့အသင်းကို ရွေးချယ်ခဲ့သည့်အတွက် ကရူစ်အား ကျေးဇူးတင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကမ္ဘာ့ဖလားတွင် ရွှေဘောလုံးဆုရခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး ရော်ဒရီဂက်စ်ကိုလည်း ခေါ်ယူရန် ကြိုးစားနေသည်။

  • အာဇာနည် အလွမ်း

    အာဇာနည် အလွမ်း

    ဇူလိုင် ၁၉ ၊ ၂၀၁၄
    TheVoice မှ ကူးယူဖော်ပြပါသည်။

    ဒီလ ဇူလိုင် ၁၉ ဆိုလျှင် အာဇာနည် ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံရသည်မှာ (၆၇) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ဘာပဲပြောပြော အာဇာနည်နေ့ကို ရောက်ရင်တော့ဖြင့် တစ်နှစ်လျှင် တစ်ကြိမ်တော့ ခေါင်းဆောင်ကြီးများ အကြောင်းကို တွေးဖြစ်သည်။ စဉ်းစားဖြစ်သည်။ သတိရဖြစ်သည်။

    ဒီနှစ်တော့ ထူးထူးခြားခြား ဆရာကြီး ဦးရာဇတ်အကြောင်းက အာရုံထဲ ရောက်နေသည်။ ဆရာကြီး ဦးရာဇတ် အကြောင်းကို ပြောချင်နေသည်။ အထူးသဖြင့် ယနေ့နိုင်ငံရေး အခြေအနေအရ ပြောသင့်သည်ဟု ယူဆတာကြောင့်လည်း ပါသည်။ ယနေ့ ဘာသာရေး ပြဿနာများအပေါ် သက်ရောက်မှု တစ်ခု ဖြစ်လေမလားလို့ အောက်မေ့တာကြောင့်လည်း ပါပါသည်။

    ဆန့်ကျင်ဘက်များ ပေါင်းစပ်ခြင်း

    ဆရာကြီး ဦးရာဇတ်ဟု ပြောလျှင် အနောက်တိုင်း ဝတ်စုံနှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးထားသော ကုလားဆင်ရုပ်မျိုးကို ပြေးမြင်ကြမည် ထင်ပါသည်။ မှန်ပါသည်။ ဆရာကြီး ဦးရာဇတ် ဆိုသည်ကား အမှန်တော့ မွတ်ဆလင်စစ်စစ် တစ်ဦးသာ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင် အားလုံး၏ အသည်းကို ဖမ်းစားနိုင်သော ဘာသာခြားတစ်ဦး ဖြစ်နေသည်ကတော့ တကယ်ပင် ထူးခြားသည်။

    သေသေချာချာကြည့်လျှင် ဆရာကြီးမှာ ဆန့်ကျင်ဘက်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဆရာကြီး၏ ဖခင်သည် အင်္ဂလိပ်အစိုးရ အမှုထမ်း (ပုလိပ် အင်စပတ်တာ) ဖြစ်သော်လည်း ဆရာကြီးမှာကား အင်္ဂလိပ်ကို ချေမှုန်းတိုက်ထုတ်လိုသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေသည်။

    ဦးရာဇတ်သည် အိန္ဒိယအနွယ်ဖွား တစ်ဦး ဖြစ်သော်လည်း မျိုးချစ်စိတ်ဓာတ် ပြင်းထန်လှသည့် အမျိုးသားကျောင်း၏ ကျောင်းအုပ်ဆရာကြီး တစ်ဦးပင် ဖြစ်နေပြန်သည်။ ဆရာကြီးသည် ဘာသာခြားတစ်ဦး ဖြစ်နေသော်လည်း အမျိုး၊ ဘာသာ၊ သာသနာစိတ် ပြင်းထန်လှသည့် မန္တလေးကဲ့သို့ ဒေသမျိုး၏ ဖဆလပ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေပြန်ပါသည်။

    ဆရာကြီးသည် မွတ်ဆလင်တစ်ဦး ဖြစ်နေသော်လည်း မန္တလေး သံဃာထုမှ ဦးရာဇတ်ကို ပညာရေး ဝန်ကြီးအဖြစ် ခန့်ပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းထံ တောင်းဆိုခြင်းပင် ခံရသောပုဂ္ဂိုလ်မျိုးလည်း ဖြစ်နေပြန်ပါသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာ ရဟန်းရှင်လူအပေါင်း၏ ချစ်ခြင်းမေတ္တာ အားလုံးကို ပိုင်ဆိုင်ထားသည့်နည်းတူ တစ်ဖက်တွင်လည်း ဗမာမွတ်ဆလင် ကွန်ဂရက်၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေပြန်ပါသည်။

    ထူးဆန်းပါသည်။ အမှန်ပင် ထူးခြားပါသည်။ ထို့ကြောင့်ပင် ဆန့်ကျင်ဘက်များဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ ဘာသာခြားတစ်ဦးကို လူထုကသာမက မန္တလေးလို ဒေသမျိုးက ရဟန်းတော်များကအစ ဘာကြောင့် လိုလိုလားလား ဖြစ်ရသနည်း ဆိုသည်ကတော့ အတော်ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ စိတ်လည်း ဝင်စားသင့်ပါသည်။

    ပထမကျောင်းသားသပိတ်က အစပြု၍

    အမှန်တော့ ဆရာကြီး၏ နိုင်ငံရေးဘ၀သည် ၁၉၂၀ ပထမကျောင်းသား သပိတ်က စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ယူနီဗာစတီအက်ဥပဒေ (The University Act of 1920) ကို အကြောင်းပြု၍ ၁၉၂၀ တွင် ပထမဆုံးသော ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ အဆိုပါ သပိတ်ကြီးကြောင့် အမျိုးသားရေးစိတ်များ အုံးအုံးထ နိုးကြားလာခဲ့သည်။ ထို့အပြင် အင်္ဂလိပ်အစိုးရ၏ ပညာရေးကို ကျွန်ပညာရေးအဖြစ် ပြတ်ပြတ်သားသား ရှုတ်ချခဲ့ကြသည်။ ကျွန်သက်ရှည်ရုံသာ ရည်ရွယ်ထားသော ကျွန်ပညာရေးအစား သခင်ပညာရေးကို အစားထိုးဖို့ ကျောင်းသားထုမှ ကြိုးပမ်းလာကြသည်။ သို့အတွက် မျိုးချစ်အမျိုးသားများ ဦးစီးသည့် စာသင်ကျောင်းများ လိုအပ်သည် ဟူသော အယူအဆ ပေါ်ပေါက်လာသည်။ သို့ကြောင့်ပင် သပိတ်မှောက် ကျောင်းသားထု၏ ဦးဆောင်မှုဖြင့် အမျိုးသားကျောင်းများ မြို့အနှံ့၊ နယ်အနှံ့ ပေါ်ပေါက်လာတော့သည်။ အဆိုပါ ကျောင်းများကို နေရှင်နယ် ကျောင်းများဟု ခေါ်ကြသည်။ ဦးရာဇတ် ဆိုသည်ကား အဆိုပါ အမျိုးသားကျောင်းများ ဖြစ်မြောက်ရေးကို တာဝန်ယူထားရသော သပိတ်မှောက် ကျောင်းသားများအနက်မှ တစ်ဦးသော ပုဂ္ဂိုလ်သာ ဖြစ်သည်။

    ၁၉၂၀ သပိတ်ကာလတွင် ဦးရာဇတ်သည် ဘီအေအထက်တန်း (နောက်ဆုံးနှစ်) ကျောင်းသားတစ်ဦး ဖြစ်သည်။ သပိတ်ကာလ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သို့သော် ထိုသပိတ်မှစ၍ ဦးရာဇတ် အနေနှင့် ကျောင်းဆက်မတက်တော့ဘဲ အမျိုးသားကျောင်းများ ဖြစ်ထွန်းရေးတွင် ဘဝမြှုပ်နှံ၍ လုပ်ကိုင်လာခဲ့သည်။ ထိုမှစ၍ အမျိုးသားကျောင်းဆရာ၊ အမျိုးသားကျောင်းအုပ်ဆရာကြီး၊ မန္တလေးခရိုင် ဖဆပလ ဥက္ကဋ္ဌ၊ နောက် ပညာရေးဝန်ကြီး စသဖြင့် စသဖြင့် ဖြတ်သန်းလာခဲ့သည်။ ထို့ကြောင့် ဦးရာဇတ်၏ အမျိုးသားနိုင်ငံရေး အစသည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်က စခဲ့သည်ဟု ဆိုခြင်း ဖြစ်ပါသည်။

    ဆရာကြီးနှင့် ဘာသာရေး

    ကျောင်းဆရာတစ်ဦး ဖြစ်သော ဆရာကြီး ဦးရာဇတ်၏ ဘာသာရေးနှင့် ပတ်သက်သော သဘောထားများကလည်း လေးစား အတုယူဖွယ် ဖြစ်သည်။

    “အမျိုးသားကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ်ကြီး ဖြစ်နေသောသူမှာ မြန်မာအမျိုးသားတစ်ဦး မဟုတ်ဘဲ မွတ်ဆလင်အမျိုးသား တစ်ဦး ဖြစ်နေသည်မှာ အံ့သြဖွယ်ရာကောင်း၏။ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးဟူသော အမည်နှင့် ကျောင်းအုပ်ကြီး မစ္စတာရာဇတ် ဟူသော အမည်သည် စင်စစ် အဆင်မပြေ။ မလိုက်လျော။ သို့သော် ထိုအမျိုးသားကျောင်းကြီးကို ထိုဆရာကြီး မစ္စတာ ရာဇတ်သာလျှင် စီမံအုပ်ချုပ်နိုင်ခဲ့သည်။” (ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ မြန်မာ့အာဇာနည် ခေါင်းဆောင် ဦးရာဇတ်၊ စာမျက်နှာ-ကဝ)။

    “ကျောင်းမှာ ပုဏ္ဏား အမျိုးသားကျောင်းသားတွေလည်း တော်တော်များတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဂရုတစိုက် ဘုရားရှိခိုးစေသလို အစ္စလာမ် ဘာသာဝင်တွေကို ပလီတက်ဖို့၊ ပုဏ္ဏား ကျောင်းသားတွေကိုလည်း သူတို့ဘုရား ရှိခိုးဖို့၊ ဟိန္ဒူဘာသာဝင်တွေကျတော့ ဟိန္ဒူဘုရား ကျောင်းသွားခွင့် ပေးတယ်။ သောကြာနေ့ဆို ဆရာကြီးကိုယ်တိုင်လဲ ပလီတက်တယ်။ အစ္စလာမ် ဘာသာဝင် ကျောင်းသားတွေလဲ ပလီသွားတက်ကြတယ်။” (စာမျက်နှာ-၁၉၀)။

    “နောက် ဆရာကြီးအနေနဲ့ ဒီကောင် ဟိန္ဒူ၊ ဒီကောင် မွတ်ဆလင်၊ ဒီကောင် ခရစ်ယာန်ရယ်လို့ ပြောရင် မကြိုက်ဘူး။ ဒါဟာ စိတ်ဝမ်းကွဲစေတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ မြန်မာဟာ မြန်မာပဲဆိုပြီး ခေါင်းထဲ ရိုက်သွင်းခဲ့တယ်။” (စာမျက်နှာ-ကမ)။

    “ဆရာကြီးကို မန္တလေးခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ပေးဖို့ မန္တလေးကျောင်းထိုင် ဆရာတော်ကြီးများက ဆန္ဒပေး တောင်းဆိုခဲ့ပါသတဲ့။ ဒါဟာ တမန်တော်မြတ် မုဟမ္မာဒ် (ဆွ) ကျင့်သုံးတဲ့ စည်းရုံးရေး လမ်းစဉ်ကို ဆရာကြီး ဦးရာဇတ်က လက်တွေ့နယ်ပယ်မှာ အသုံးချမိလျက်သား ဖြစ်နေလို့ပါပဲ” (စာမျက်နှာ-ခဌ)။ ဤတွင်လည်း ဆရာတော်များနှင့် ပတ်သက်၍ ပြောစရာတစ်ခု ရှိလာသည်။ ဘာသာကွဲပြားမှုကို ကျော်၍ အရည်အချင်းကို မူတည်ရွေးချယ် ထောက်ခံပေးခဲ့သော မန္တလေးမှ ကျောင်းထိုင်ဆရာတော်များ၏ လုပ်ရပ်မှာလည်း တကယ်ပင် လေးစားအတုယူဖွယ် ဖြစ်ပါသည်။

    ဆရာကြီးနှင့် ပတ်သက်၍ လူထုဒေါ်အမာကလည်း အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။ “ … မန္တလေး အမျိုးသားနေရှင်နယ် ကျောင်းထွက်မှန်သမျှ ဆရာကြီး ရာဇတ်ဆိုရင် မိဘလိုတစ်မျိုး၊ ဆရာလိုတစ်သွယ် ချစ်ကြောက်ရိုသေ လေးစားကြတာပါ။ …ကျွန်မတို့ မြန်မာတွေ အများစုကြီးက ဆရာကြီးနှင့် ပေါင်းသင်းဆက်ဆံရလို့ ဘာသာရေးအရ၊ လူမျိုးရေးအရ ကသိကအောက် ဖြစ်ရတာ ဘာတစ်ခုမှ မရှိစဖူးပါဘူး။…မြန်မာ မွတ်ဆလင်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်း လုပ်မှုဆိုပြီး ဘယ်တော့မှ မရှိပါဘူး။ ဒါကိုပဲ ကျွန်မတို့လို တပည့်တပန်းတွေကရော၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကရော၊ မိတ်ဆွေ သူငယ်ချင်းတွေကရော ဆရာကြီးကို ကျေနပ်ပြီး ချစ်နေကြတာ၊ ခင်နေကြတာပါ” ဟု ဆိုသည်။

    သို့ဖြစ်ရာ ဆရာကြီးတွင် ကျဉ်းမြောင်းသော ဘာသာစွဲစိတ်မျိုး မရှိဘဲ နိုင်ငံစွဲတစ်ခုတည်းသာ ပြင်းပြင်းထန်ထန် ရှိကြောင်း တွေ့ရမည် ဖြစ်သည်။

    ဆရာကြီးနှင့် နိုင်ငံချစ်စိတ်

    နေရှင်နယ်ကျောင်း ကျောင်းအုပ်ကြီးဘဝက ဦးရာဇတ်၏ ကြွေးကြော်သံ ကြက်သီးထချင်စရာ ကောင်းသည်။ “သူများကျောင်းက အိုင်စီအက်စ် တစ်ယောက်ထွက်ရင်၊ ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့် သူပုန်ဆယ်ယောက် ထွက်ရမည်” ဟူ၍ ဖြစ်သည်။ (ဆရာ ဦးအောင်သင်း၊ ဖတ်ကြည့်စမ်းပါ စွန့်စွန့်စားစား၊ စာမျက်နှာ-၅၉ )။ တကယ်ပင် လေးစားစရာ ကောင်းသည်။ နိုင်ငံချစ်စိတ်ကို အထင်းသား တွေ့ရသည်။

    နောက်ထပ် တစ်ခုလည်း ရှိသေးသည်။ ၁၉၄၇၊ ဇွန်လက ဖြစ်သည်။ ဆရာကြီးသည် အိန္ဒိယသို့ ပညာရေးကွန်ဖရင့် တက်ရောက်ရန် သွားခဲ့သည်။ ထိုစဉ်က အိန္ဒိယမှာ မွတ်ဆလင်များက ပါကစ္စတန် နိုင်ငံအဖြစ် သီးခြားခွဲထွက်ရန် ကြိုးပမ်းနေသော အချိန်ဖြစ်သည်။ ဆရာကြီးကို (မွတ်ဆလင်မှန်း သိသည် ဖြစ်သောကြောင့်) မွတ်ဆလင် ခွဲထွက်ရေး ခေါင်းဆောင်တို့က စကားစလာသည်။ “ကျွန်တော်တို့ မကြာခင်မှာ ပါကစ္စတန်ပြည် ရတော့မှာမို့ ဆရာကြီးစိတ်ထဲ ဘယ်လိုများ ရှိပါသလဲ” ဟု ဆိုလာသည်။ ပါကစ္စတန် သီးခြားထူထောင်ရေးအပေါ် ဆရာကြီး၏ အမြင်ကို မေးခြင်းဖြစ်သည်။ ထိုစဉ်က ဆရာကြီး၏ အဖြေမှာ မှတ်သားလောက်စရာ ကောင်းသည်။ သူဖြေပုံက “ခင်ဗျားတို့ လိုလားတဲ့ ပန်းတိုင်ကို ရောက်တော့မှာမို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ အိန္ဒိယပြည်ကြီး နှစ်ခြမ်းကွဲသွားမှာကိုတော့ ဝမ်းနည်းတယ်ဗျာ” ဟူ၍ဖြစ်သည်။ ထိုအဖြေသည် မွတ်ဆလင် ခွဲထွက်ရေး ခေါင်းဆောင်များကို မအီမလည် ဖြစ်စေခဲ့သည်။ သူတို့အနေနှင့် မွတ်ဆလင် တစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုလိမ့်မည်ဟု မျှော်လင့်ထားပုံ ရသည်။ ဤသို့ဖြင့် ဘာသာရေးကို အကြောင်းပြု၍ နိုင်ငံတစ်ခု ပြိုကွဲသွားခြင်းကို မလိုလားသော ဆရာကြီး၏ စိတ်ရင်းကို သိနိုင်မည် ဖြစ်သည်။

    နောက်တစ်ခုက လူထုဦးလှ ပေးခဲ့ဖူးသော မှတ်ချက်စကား ဖြစ်ပါသည်။ “ဆရာကြီး ဦးရာဇတ်ကို အမျိုးသားကျောင်းဆရာကြီး တစ်ဦးအဖြစ်နဲ့ တိုင်းပြည်က မြင်ကြပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားကျောင်းဆရာကြီး တစ်ဦးဖြစ်လာဖို့က မလွယ်ပါဘူး။အမျိုးသားကျောင်းဆရာ ဖြစ်လာသူများဟာ ပထမဆုံး နယ်ချဲ့ကို ဆန့်ကျင်တယ်။ နယ်ချဲ့တို့က သူတို့ ကြာရှည် အုပ်စိုးနိုင်အောင် သင်ပေးမယ့် ပညာရေးစနစ်ကို ဆန့်ကျင်တယ်။ ကိုယ့်တိုင်းရင်းသားတွေနဲ့ ကိုယ့်နိုင်ငံကို ချစ်တယ်။ လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် စိတ်အားထက်သန်တယ်။ …ဗဟိုအမျိုးသား အထက်တန်းကျောင်းကို တည်ထောင်ကာ ပညာသင်ကြားရေး အဆင့်အတန်း မနိမ့်အောင် လုံးပန်းရတာ၊ မျိုးချစ်စိတ်ထက်သန်တဲ့ ကျောင်းသားတွေ မွေးထုတ်ဖို့ လုံ့လ စိုက်တာတွေကလည်း အခု ပြန်ကြည့်ရင် လွယ်မလိုလို ရှိပေမယ့် တကယ်ကတော့ အဲဒီခေတ်မှာ မလွယ်ဘူး၊ နည်းနည်းမှ မလွယ်ဘူး” ဟု ဆိုသည်။

    သို့ဖြစ်ရာ ဆရာကြီးသည် ဘာသာကွဲပြားမှုကြောင့် ဖြစ်တတ်သော ဝိရောဓိများ၊ မတိုက်ဆိုင်မှုများမှ လွတ်မြောက်နေသူ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ အစွန်းရောက်သော ဘာသာရေး၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာ ဆိုသည် အတွေးမျိုး ဆရာကြီးတွင် လုံးလုံးမရှိ ဆိုသည်မှာ သိသာလှသည်။

    အမှန်တော့ ဆရာကြီး ဦးရာဇတ်ထံတွင် စာရေးသူတို့အားလုံး အတုယူရမည့် စိတ်နေစိတ်ထားမျိုး တကယ်ရှိနေသည်။ မြင့်မြတ်တယ်ဆိုတာ ဘာလဲ။ ကိုယ့်ပစ္စည်းကို ကိုယ်တန်ဖိုးထားတာဟာ ဘာမှမဆန်း။သူများပစ္စည်းကို တန်ဖိုးထားပြနိုင်မှ တကယ်ဆန်းသည်။ ကိုယ့်သွေးသားမို့ မေတ္တာစိတ်ထားနိုင်တာ ဘာမျှမဆန်း။ ကိုယ့်သွေးသား မဟုတ်သည့်တိုင် မေတ္တာစိတ် ထားနိုင်သည်ကမှ တကယ်ဆန်းသည်။ ကိုယ့်ဘာသာ ကိုယ့် သာသနာကို တန်ဖိုးထားကြတာ ဘာမျှမဆန်း။ အခြားဘာသာကို အပြန်အလှန် လေးစားပြနိုင်တာကမှ တကယ်ဆန်းသည်။

    ဒီလိုလုပ်နိုင်ဖို့ လက်တွေ့မှာ ခက်ခဲနိုင်သလား။ ခက်ခဲရင်လည်း ခက်ခဲပါလိမ့်မည်။ သို့သော် ဆရာကြီး ဦးရာဇတ်ကတော့ လုပ်ပြသွားသည်။ လုပ်သလောက်လည်း အောင်မြင်ခဲ့သည်။ ကျန်တာ မဆိုထားနှင့် မန္တလေး ရဟန်းထုကပါ ချစ်တယ် ဆိုတာကတော့ တကယ်ထူးဆန်းသည်။ အမှန်ပင် ဆရာကြီးက ချစ်ဖို့ကောင်းလို့သာ ဖြစ်ပေလိမ့်မည်။ အမှန်တကယ်ပင် လေးစားထိုက်လို့သာ ဖြစ်ပေလိမ့်မည်။

    ဘာရယ်ကြောင့်မှန်း မသိ။ ဒီနှစ်တော့ အာဇာနည်နေ့ နီးလေလေ ဆရာကြီး ဦးရာဇတ်ကို ပို၍ သတိရချင်စရာတွေက ဖြစ်လေလေ ဖြစ်နေတော့သည်။

    ပေါ်လင်းဦး

  • မန္တလေးမှ အကြမ်းဖက်မှု စတင်ဖြစ်စေသည့် ဆန်းကဖီး မုဒိမ်းမှု သတင်း လိမ်လည်တိုင်ကြားမှုဖြစ် (အစိုးရသတင်း ထုတ်ပြန်ချက်)

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    မူရင်း ၊ ကြေးမုံ မြန်မာအလင်း

    (1)_Wira_Thu_-_2014-07-02_02.37.56
    သစ်ထူးလွင်ဘလောဂ်မှ စတင်ခဲ့သည့် သတင်း ဦးဝီရသူ မှ ထပ်ဆင့် ဖြန့်ဝေခဲ့သည်။

    မန္တလေးမှ အကြမ်းဖက်မှု စတင်ဖြစ်ပေါ်စေသည့်  “ဆန်းကဖီး”  ပိုင်ရှင်များမှ သားမယားပြုကျင့်သည့်ဟု အမှုဖွင့်တိုင်ကြားမှုမှာ  လိမ်လည် လုပ်ကြံတိုင်ကြားမှုဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြိးဌာ၏ သတင်း ထုတ်ပြန်ချက်ကို ယနေ့ထုတ် ကြေးမုံနှင့် မြန်မာအလင်း သတင်းစာများမှာ ဖော်ပြပါရှိပါတယ်။ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

    မန္တလေးမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင်ဖြစ်ပေါ်စေသည့် ဖြစ်စဉ် အများပြည်သူတို့ သတင်းအမှတ် သိရှိစေရန် သတင်းထုတ်ပြန်

    မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း နှင့်(၈၂)လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

    လူအုပ်စုချင်း ပဋိပက္ခများဆက်လက်ဖြစ်ပွားခြင်း ကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီး ခံရပြီး တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် (၇)မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။

    ထိုသို့ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနား မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်ကြောင်းသတင်းကို ဇွန် ၃၀ ရက် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများစတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

    မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ (၂၈)လမ်းနှင့် (၈၂) လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး(၂၅)နှစ် ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင်(၄၄)နှစ် (ဘ) ဦးမောင်မောင်အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် လေလာဝန်းအကွက်အမှတ်(၁၄၆)နေသူနှင့် ယင်း၏ အစ်ကို နေဝင်း(၄၅)နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် ကွက်အမှတ်(၁၄၇) နေသူတို့ နှစ်ဦးက အမျိုးအစားနှင့်ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင်ယာဉ်ဖြင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင် အသစ်ဖွင့်မည်ဖြစ် ကြောင်းနှင့် အလုပ်လုပ် ရမည်ဟု ပြောဆိုခေါ်ဆောင် ပြီး၂၉-၆-၂၀၁၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနား-တောင်ညိုကားလမ်း တော်ဝင်နန်း စားသောက်ဆိုင်အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၄င်းအား သားမယား အဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက်အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနား မြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူခဲ့မှုဖြစ်သည်။

    အဆိုပါအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ က စစ်ဆေးခဲ့ရာ တရားလိုမစိုးစိုး၏ တိုင်ကြားချက်ပါ ယင်း၏ကိုယ်ရေး အချက်အလက်များ၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့်အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာမြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ်စုံစမ်းစစ်ဆေးခဲ့သည်။ စစ်ဆေးချက်များအရ ၄င်း၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ (၃၀)နှစ်ဖြစ် ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ဖြစ်ကြောင်း၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာဆေးပညာနှင့် ဓာတုဗေဒ ဆိုင်ရာစစ်ဆေးချက်များအရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအားအသေးစိတ် ဆက်လက်စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ခိုင်းစေမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်း အပေါ်သားမယားအဖြစ်ပြုကျင့်ကြောင်းဖြင့် ပျဉ်းမနားရဲစခန်းတွင် လီဆယ်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည်။

    မှုခင်းဆိုင်ရာစစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ်တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမသည် ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဘ ဦးကျော်ဆန်း- အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှလွတ်မြောက်ရေးကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှု အား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးကတရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်၏အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့ အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုများပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းကတရားလို ပြုလုပ်တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅၀၆/၃၅၃ အရ အမှုဖွင့်အရေးယူခံရကာ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

    ထိုသို့ပြန်လည် အမှုဖွင့်အရေးယူခံရမှုအပေါ် ခင်မောင်ထွေး(ခ)ကိုထွေး၊ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် ဒေါ်မာ လာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ်ပြု ကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး ၂၁-၅-ကျော်တို့အား နေအိမ်သို့ခေါ်ယူ၍ လီဆယ်တိုင်ကြားမည့် အစီအစဉ်ကို သင်ကြားပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ)ကိုထွေး၊ ဒေါ်မာလာနှင့်၎င်း၏ သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော် ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ်တိုင်ကြားမည့် ဖြစ်စဉ်နှင့်သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အားပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ(ခ)ဖြူဖြူဇော်နှင့်ဟေမာကျော်တို့သည် ပြင်ဦးလွင်မြို့မရဲစခန်းသို့ သွားရောက်ပြီး ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သင်ကြား ပေးသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ဦးတင်မောင်ဝင်းက ၄င်းအားသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းဖြင့် ဟေမာကျော်က တရားလိုပြုလုပ်၍ လီဆယ်တိုင်ကြားခဲ့ရာ ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၀၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်းအပေါ် အမှုဖွင့်အရေးယူ ခဲ့သည်။

    ထို့ပြင် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သည်မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းနှင့် “ဆန်းကဖီး”ပိုင်ရှင်ဆန်းမောင်၊ “နေကဖီး” ပိုင်ရှင် နေဝင်းတို့မှာလည်း လူမှုရေးပြဿနာများကြောင့် မှုခင်းများအပြန်အလှန်ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေးသိရှိရသည်။ ဟာဂျီထွန်းထွန်းသည် ၄င်းကြက်ခြံမှ အလုပ်သမား မကေသီခိုင်(ခ)ချယ်ရီသိန်း(၂၇)နှစ်(ဘ)ဦးရဲမြင့်အား ၉-၅-၂၀၁၄ ရက်နေ့တွင်စစ်ကိုင်းမြို့တည်းခိုခန်း၌ သားမယားအဖြစ်ပြုကျင့်ကြောင်းတိုင်ကြားခံရသဖြင့် ၁၇-၅-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်း မြို့မရဲစခန်း(ပ)၂၈၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆အမှုဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှု အပေါ် ဆန်းမောင်နှင့်နေဝင်း တို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆယုံကြည်ခဲ့သည်။ ထို့နောက် ဟာဂျီထွန်းထွန်းသည် ဆန်းမောင်နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရေးအတွက် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီတောင်းခံခဲ့သည်။ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့်ထောင် ကျပြီး ငွေကြေးလိုအပ်နေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချ၍ သားမယားပြုကျင့်မှုဖြင့် လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း၌ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ် တို့သည် ဖြူဖြူမင်း(ခ)ကတုံးမအား မန္တလေးမြို့ရှိ ၄င်းတို့၏ နေအိမ်သို့ခေါ်ယူနေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ်ဇာတ်လမ်းဆင် သင်ကြားပေးခဲ့ပြီး အောင်မြင်ပါက ဖြူဖြူမင်း(ခ)ကတုံးမ အား ငွေကျပ် ၁၀ သိန်းပေးမည်ဟု သွေးဆောင်စည်းရုံး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

    ထို့နောက် ဖြူဖြူမင်း(ခ)ကတုံးမ၊ ရဲထွဋ်(ခ)သူရရဲ ထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့်နေဝင်းတို့အပေါ် သားမယားအဖြစ်ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ) သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီးအတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ရောက်ရှိပြီး ရွှေတောင်တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာနှင့် ပျဉ်းမနားမြို့၏အနေအထားကို ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသခဲ့ကြောင်း၊ ၂၉-၆-၂၀၁၄ ရက်နေ့ နေ့လယ်ပိုင်း တွင်ဖြူဖြူမင်း(ခ)ကတုံးမအား ငွေကျပ် ၂၅၀ဝ၀ ပေး၍ ပျဉ်းမနားမြို့မြင်းရတနာရုပ်တုအနီးတွင်ထားခဲ့ပြီး မန္တလေးသို့ပြန်သွားခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ)ကတုံးမသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းသို့ သွားရောက်ကာ မစိုးစိုးအမည်ခံ၍ နေဝင်းနှင့် ဆန်းမောင်တို့က ၄င်းအားသားမယား အဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့သည်ကိုစစ်ဆေးပေါ်ပေါက်သည်။

    ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့်နေဝင်းတို့က ယင်းအား သားမယားအဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည်ကို အမှုစစ်ရဲအရာရှိထံ ဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၉-၇-၂၀၁၄ ရက်နေ့ တွင် ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ ထိုသို့လီဆယ်အမှုတိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံကို ဖြူဖြူမင်း(ခ)ကတုံးမကဖြောင့်ဆိုချက်ပေးခဲ့၍ ပျဉ်းမနားမြို့နယ် တရားရုံးမှပြစ်မှုသေးအမှတ်၊ ၁၂၂/၂၀၁၄ ဖြင့်လက်ခံခဲ့သည်။ ထို့ပြင် ပျဉ်းမနားနှင့်ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ်ပြုကျင့်မှုများမှ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ထွေး(ခ)ကိုထွေး၊ ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့်ဖိုးခွား (ခ)ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လီဆယ် တိုင်ကြားခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ အရကြိုတင်ထွက်ဆိုချက်များပေးခဲ့ကြသည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ အကြံပြုချက်အရ စိုးစိုး(ခ)ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့်ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူဖြူဖြူမင်း(ခ)ကတုံးမ(ဖမ်းမိ)နှင့် ထိုသို့လီဆယ်တိုင်တန်းရ န်ညွှန်ကြားစီစဉ်သူ နုနုမြတ်(ဖမ်းမိ)၊ ရဲထွဋ်(ခ)သူရရဲထွဋ် (တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။ အလားတူ ပြင်ဦးလွင်မြို့မရဲစခန်း(ပ) ၁၀၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကိုလည်း စစ်ဆေးပေါ်ပေါက်ချက်နှင့် ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၏ ဥပဒေအကြံပြုချက်အရ ၁၈-၇-၂၀၁၄ ရက်နေ့တွင်လီဆယ်မှုဖြင့် ပိတ်သိမ်းခဲ့ပြီး လီဆယ်တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်)နှင့်ဒေါ်မာလာ(တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

    ထို့သို့ ပျဉ်းမနားမြို့တွင် လီဆယ်တိုင်ကြားခဲ့သော အမှုကို အကြောင်းပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာလူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားစေရန်သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦးဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။

    ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့်ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇-၂၀၁၄ ရက်နေ့ထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သောတရားခံများနှင့်ဆက်စပ်ပါဝင်သူများကို ဥပဒေအရ အရေးယူရန် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အများပြည်သူတို့ သတင်းအမှန်သိရှိစေရန်အတွက် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်သည်။

    ပြည်ထဲရေးဝန်ကြီးဌာန

  • ဂါဇာကို အစ္စရေး ကျူးကျော် တိုက်ခိုက်နေမှု လန်ဒန်မြို့ခံ လူတစ်သိန်းခန့် ဆန့်ကျင် ဆန္ဒပြ

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ -ကျော်စိုးဝင်း

    “အစ္စရေးစစ်တပ်မှ ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှုနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှုအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့် လမ်းလျှောက်ဆန္ဒပြ”

    10450150_737044029671403_8782697977251105655_n

    အစ္စရေးစစ်တပ်မှနေ၍ ပါလက်စတိုင်း ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှူနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှူအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့်ဟာ ဇူလိုင်လ ၁၉ရက် စနေနေ့ နေ့လည် ၁၂နာရီတွင် အမှတ် ၁၀၊ ဝန်ကြီးချူပ်နေအိမ်ရှိသော ဒေါင်းနင်းလမ်းတွင် စုဝေးကာ ကင်ဆင်တန် အရပ်ရှိ အစ္စရေးသံရုံးရှိရာသို့ နွေရာသီ၏ ပြင်းထန်သော အပူချိန်အား အံတု၍ ၃မိုင်ကျော် အကွာအဝေးအား လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။

    ပါဝင်ဆန္ဒပြသူများ များပြားခဲ့သော် လည်း ခရီးလမ်းတလျှောက် ၁၀ဦးခန့် မူးမော်လဲကျခဲ့သည်မှ အပ ဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာဖြင့်ပြီးဆုံးသွား ခဲ့ကြောင်းသိရပါတယ်။ဆန္ဒပြပွဲတွင် လန်ဒန်မြို့ခံများ အပြင် ငြိမ်းချမ်းမှူကို လိုလားသော ဘောလုံးကလပ်အသင်း အားပေးသူများ၊ အင်္ဂလန်နှင့် ဝေလနယ်မှ မြို့ခံ၊ဒေသခံ ကောင်စီနယ်များ၊ တက္ကသိုလ်ကြီးများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အဆိုကျော်များ၊ရွေးကောက်ခံ မြို့နယ်အသီးသီးမှ ကောင်စီလွှတ်တော် အမတ်များ ဇီယွန်ဝါဒကို ဆန့်ကျင်သော အင်္ဂလန်နှင့် နိုင်ငံတကာမှ ဂျူးးအမျိုးသားများလည်း ပူးပေါင်းပါဝင်လာကြသည်ဟုလည်းသိရပါသည်။

    ထို့အပြင် လန်ဒန်မြို့ အခြားနေရာများနှင့် အတူ အင်္ဂလန်နိုင်ငံ အနှံ့အပြားရှိ ဘတ်ဖို့စ်၊လက်စ်စတာ၊ မန်ချက်စတာမြို့ကြီးများတွင် ပါလက်စတိုင်း အရေးကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြပွဲများဖြစ်ပွါးလျှက်ရှိကြပါသည်။

    လာမည့်အင်္ဂါနေ့တွင် အစ္စရေး သံရုံးရှေ့နှင့် စနေ့နေ့တွင် ဒေါင်းနင်းလမ်းမှ ကာကွယ်ရေးဝန်ကြီးငှါန ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြဦးမည်ဟုသိရပါသည်။

    ရက်သတ္တပတ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးစစ်တပ်မှ ဝေဟင်၊မြေပြင် တိုက်ခိုက်မှူများကြောင့် ပါလက်စတိုင်း အရပ်သား ၃၀၀ကျော် သေဆုံး၊ ၁၅၀၀ကျော် ဒဏ်ရာရ၊ ၁၈၀၀၀ ကျော် အိုးအိမ်များ ဆုံးရှုံးခဲ့ရကာ သေဆုံးသူများ အနက်မှ ၇၀ကျော်ဟာ အသက် ငါးလခန့်မှ စ၍ အရွယ် မရောက်သေးသူ ကလေးငယ်များဖြစ်ကြပါသည်။ ပါလက်စတိုင်း ဟာ့မားစ်အဖွဲ့မှ ဒုံးကျည်များဖြင့်ပြန်လည် တိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လည် သေဆုံးခဲ့ရကြောင်းသိရပါသည်၊