News @ M-Media

Blog

  • FBI မှ မွတ်စလင်များကို အကြမ်းဖက်သမားအဖြစ် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း HRW ပြော

    ဇူလိုင် ၂၄ ၊၂၀၁၄
    M-Media

    ၉/၁၁ ပြီးနောက် FBI မှာ ထောင်ချောက်ဆင်၍ မွစလင်များအား အကြမ်းဖက်သမားများအဖြစ် ဖမ်းဆီးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြ

    FBITrapped-Muslims-into-Terror-Attacks
    – ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က  ငွေကြေးများစိုက်ထုတ်၍ အကြမ်းဖက် တိုက်ခိုက်မှုပုံစံများ ဖန်တီး ထောင်ချောက်ဆင်ကာ မွတ်စလင်များအား ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က စွပ်စွဲ ပြောကြားလိုက်သည်။

    “အမေရိကန် မွတ်စလင်တွေအပါအ၀င်၊ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်မှုတွေမလုပ်ဘဲ၊ ဒီအစီရင်ခံစာမှာဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကလည်း ဥပဒေထိန်းသိမ်းရေးအဖွဲ့တွေ တကယ့်ခြိမ်းခြောက်မှုအစစ်ကို လိုက်ရာကနေ လမ်းလွဲစေပါတယ်” ဟု Human Rights Watch မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ကိုးကား၍ AFP သတင်းဌာနက ဇူလိုင် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာမှာ အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် အမှု ၂၇ ခုကို စုံးစမ်းစစ်ဆေးကာ၊ အကြမ်းဖက်မှုကျူးလွန်သူ သို့မဟုတ် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့အား အမှုလိုက်ပေးနေသည့် ရှေ့နေများနှင့် တရားသူကြီးများ အပါအ၀င် လူပေါင်း ၂၁၅ ဦးကို အင်တာဗျူးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆေးမှုများကို HRW နှင့် ကိုလံဘီယာ တက္ကသိုလ် ဥပဒေဌာန လူ့အခွင့်အရေး အင်စတီကျုတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

    “တစ်ချို့ကိစ္စတွေမှာ  အကြမ်းဖက်လုပ်ရပ်အတွက် အကြံအဥာဏ်ပေးတာမျိုးတွေ ဒါမှမဟုတ် ပစ်မှတ်ထားတဲ့ လူတစ်ယောက်ကို အကြမ်းဖက် လုပ်ရပ်လုပ်ဖို့ တိုက်တွန်းတာတွေလုပ်ပြီး  အကြမ်းဖက်သမားကို FBI က ဖန်တီးတာမျိုးတွေ ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ပြစ်မှုကျူးလွန်မှုများ၏ ထက်ဝက်ကျော်မှာ လုပ်ကြံဖန်တီးထားသော ကိစ္စများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး အမှု ၃၀ ရာခိုင်နှုန်းတွင် FBI မှ သူလျှိုများမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သိရသည်။

    “အမေရိကန်အစိုးရဟာ တားဆီးခြင်း၊ အရေးယူခြင်းတွေပြုလုပ်ပြီး အကြမ်းဖက်ဝါဒကနေ ပြည်သူတွေကို ကာကွယ်မှုပေးထားတယ်လို့ အမေရိကန်တွေက ပြောကြပါတယ်။ ဒါပေမယ့် သေသေချာချာလေ့လာကြည့်ရင် ဥပဒေထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်ဖို့ တိုက်တွန်းတာ၊ ဖိအားပေးတာ၊ တစ်ခါတစ်ရံမှာ ထောက်ပံ့တာမျိုးတွေမရှိဘူးဆိုရင် (အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့) ဒီလူတွေဟာ ဘယ်တော့မှ ရာဇ၀တ်မှုကို ကျူးလွန်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်” ဟု ၀ါရှင်တန် HRW မှ လက်ထောက်ဒါရိုက်တာ အန်ဒရီယာ ပရာဆိုက ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်တရားသူကြီးချုပ် အဲရစ်ဟိုလ်ဒါကမူ FBI ၏ သူလျှိုများမှာ အကြမ်းဖက်ဝါဒအား တွန်းလှန်ရာတွင် အရေးပါသည်ဟု HRW စွပ်စွဲမှုများ ကာကွယ် ပြောကြားခဲ့သည်။

    အကြမ်းဖက်မှုအတွက် ဇာတ်လမ်းဆင်ရာတွင် FBI မှာ တစ်ခါတစ်ရံ၌ အသိဥာဏ်နိမ့်ပါးသူများ၊ စိတ်ပိုင်းဆိုင်ပြဿနာရှိသူများ စသည့် ပုံမှန်မဟုတ်သူများကို ပစ်မှတ်ထားအသုံးချခဲ့သည်ဟုလည်း HRW က ဆိုကာ ပင်တဂွန်နှင့် ကွန်ဂရက်တို့အား ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းလေယာဉ်ငယ်ဖြင့် တိုက်ခိုက်လိုခြင်းကြောင့် ထောင်ဒဏ် ၁၇ နှစ်ချခံခဲ့၇သည့် အသက် ၂၇ နှစ်အရွယ် ရက်ဇ်ဝန် ဖစ်ရ်ဒေါက်စ်၏ အမှုအား ထောက်ပြခဲ့သည်။

    ဖစ်ရ်ဒေါက်မှာ ဆိုးရွားသည့် စိတ်ကျန်းမာရေးပြဿနာရှိနေသည်ဟု FBI အေးဂျင့်တစ်ဦးက ၎င်း၏ အဖေအား ပြောကြားခဲ့သော်လည်း FBI သူလျှိုများအနေဖြင့် ၎င်းတို့၏ ထောင်ချောက်ဆင်မှုကို ရပ်တန့်ခဲ့ခြင်းမရှိချေ။

    “အမေရိကန်အစိုးရက အမေရိကန် မွတ်စလင်တွေကို ဂွင်စောင့်နေတဲ့ အကြမ်းဖက်သမားတွေအဖြစ် ပြုမူဆက်ဆံနေတာတွေကို ရပ်သင့်ပါပြီ” ဟု HRW ၏ အဆိုပါ အစီရင်ခံစာ နိဂုံးချုပ် ဖော်ပြထားသည်။

    ထို့ပြင် နယူးယောက်ရှိ မွတ်စလင်သစ်လွင်လေးဦးက ဂျူးဘုရားကျောင်းနှင့် အမေရိကန်စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲခဲ့သည်ဟု စွပ်စွဲထားသည့် ဖြစ်စဉ်တွင် အစိုးရက နည်းလမ်းများချပေးကာ ထိုလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အတားအဆီးများကိုလည်း ဖယ်ရှားပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုအား ကိုင်တွယ်နေသည့် တရားသူကြီးတစ်ဦး၏ ပြောကြားချက်ကိုလည်း ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ယခင် FBI အေးဂျင့်ဟောင်း မိုက် ဂျာမန်ကမူ FBI ၏ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်မှာ ပြည်သူများ၏ ကိုရေးကိုယ်တာနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်ကြောင်း စိုးရိမ်စရာများရှိနေပြီး၊ ထိုအစီအစဉ်မှာလည်း ခြိမ်းခြောက်မှုအစစ်အမှန်များကို ဖြေရှင်းရာတွင် မထိရောက်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် FBI မှ မွတ်စလင်များအား ထောင်ချောက်ဆင်ဖမ်းဆီးမှုများကို ဖော်ပြထားသော HRW ၏ အစီရင်ခံစာအား လစ်လျူရှု၍ မရဟုလည်း ပညာရှင်များက FBI ကို သတိပေးထားသည်။

    Ref: OnIslam.net & News Agencies

  • စင်ကာပူရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးသို့ ၀န်ကြီးချုပ် လီရှန်လွန်း သွားရောက်လည်ပတ်၊ မွတ်စလင်များနှင့် အတူ စုပေါင်းဝါဖြေခဲ့

    ဇူလိုင် ၂၄ ၊ ၂0၁၄
    M-Media

    6
    – စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းမှာ Queenstown အရပ်ရှိ မူဂျာဟစ်ဒင် ဗလီဝတ်ကျောင်းတော်သို့ တနင်္လာနေ့က သွားရောက်လည်ပတ်ခဲ့ပြီး မွတ်စလင်များနှင့် စုပေါင်းဝါဖြေခဲ့သည်ဟု သိရသည်။

    အဆိုပါဗလီဝတ်ကျောင်းတော်ကို မကြာသေးမီက ပြုပြင်ထားခဲ့ပြီး အဓိက ၀တ်ပြုခန်းမ တိုးချဲ့ခြင်း၊ ဓာတ်လှေကား၊ ရိုးရိုးလှေကားများ ထပ်မံထည့်သွင်းခြင်းနှင့် စာသင်ခန်း အသစ်များ ဆောက်လုပ်ခြင်း စသဖြင့် ပြင်ဆင်မွမ်းမံထားသည်။
    1
    လီရှန်လွန်းမှာ SAFTI RSM အရာရှိသင်တန်းကျောင်းတွင် ခင်မင်ရင်းနှီးခဲ့သည့် အသက် ၈၂ နှစ်အရွယ် ဟာဂျီ ရှမ်ရှူဒင် ရှာဒန်နှင့်လည်း ထိုဗလီဝတ်ကျောင်းတော်တွင် တွေ့ဆုံခဲ့သည်။

    ၎င်း၏ လည်ပတ်မှုကို ကြိုဆိုခဲ့ကြသည့် မူဂျဟစ်ဒင် ဗလီဝတ်ကျောင်းတော် ဥက္ကဌ မစ္စတာ ခိုင်ရူလ် ဂျမီလ်းနှင့် ၀ိုင်းတော်သူဝိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ကြောင်း၊ အသက် ၈၂ အရွယ်ရှိနေသော်လည်း တက်တက်ကြွကြွရှိနေသည့် ရှမ်ရှူဒင်ရှာဒန်အား တွေ့ရသည့်အတွက် ၀မ်းမြောက်မိကြောင်း လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    စင်ကာပူ၏ ၅ သန်းကျော်သော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ၁၄ ရာခိုင်နှုန်းရှိပြီး အများစုမှာ မလေးနွယ်ဝင်မွတ်စလင်များဖြစ်ကြသည်။ နှစ်စဉ် အစ္စလာမ်ဘာသာဝင်များ၏ ရမ်ဇာန်ဥပုသ်လရောက်တိုင်း စင်ကာပူစိုးရမှာ ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခြင်း၊ စုပေါင်းဝါဖြေပွဲများ ပြုလုပ်ပေးလေ့ရှိသည်။

    2 3 4 5 7 8

    Ref: Lee Hsien Loong FB

  • ဂါဇာအတွက် အစ္စရေးကုန်ပစ္စည်းများကို တူရကီ သပိတ်မှောက်မည်

    ဇူလိုင် ၂၄၊ ၂၀၁၄
    M-Media
    188562_newsdetail
    – ပါလက်စတိုင်း အရပ်သား ရာနှင့်ချီသေဆုံးခဲ့သည့် ဂါဇားအား အစ္စရေးမှ ကျူးတော်တိုက်ခိုက်မှုကို ဆန့်ကျင်သော အနေဖြင့် ဆိုရှယ်မီဒီယာများတွင် စတင်ခဲ့သည့် အစ္စရေးကုန်ပစ္စည်းသပိတ်မှောက်ရေး လှုပ်ရှားမှုတွင် တူရကီရှိ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံအာဏာပိုင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    ဂါဇာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသည့်အနေဖြင့် မြို့တော် အစ္စတန်ဘူလ်မှ အစပြုကာ မြို့ငယ်လေးများအထိ အုပ်ချုပ်ရေးအဖွဲ့များမှာ အစ္စရေးထုတ်ကုန်ပစ္စည်းများနှင့် အစ္စရေးနှင့် အဆက်အသွယ်ရှိသည့် ကုမ္ပဏီများမှ ကုန်ပစ္စည်းများကို မ၀ယ်ယူရန် ပြည်သူများအား တိုက်တွန်းထားသည်။

    ထို့ပြင် ထိုလှုပ်ရှားမှုတွင် အခြားသော မြို့နယ် ၁၂ ခုကလည်း ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အချို့သော ကုန်ပစ္စည်းများကို ကော်ဖီဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဒေသတွင်း အစိုးရက စီစဉ်ပေးထားသည့် အပန်ဖြေနေရာများတွင် ရောင်းချမည်မဟုတ်ဟု ကြေညာခဲ့သည်။

    အစ္စရေးထုတ်ကုန်များကို တူရကီတွင် သပိတ်မှောက်မှုမှာ ၂၀၁၀ ခုနှစ်တွင် ဂါဇာသို့သွားသည့် အကူအညီပေးရေးသင်္ဘောအား အစ္စရေးက တိုက်ခိုက်မှုကြောင့် တူရီနိုင်ငံသား ၉ ဦးနှင့် တူရကီ-အမေရိကန် ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးပြီးနောက်ပိုင်း အကြီးဆုံး သပိတ်မှောက်မှုလည်းဖြစ်သည်။

    တူရကီမှ သပိတ်မှောက်မည့် အစ္စရေးထုတ်ကုန်များတွင် ကိုကာကိုလာအချိုရည်လည်း ပါဝင်မည်ဖြစ်ပြီး၊ အစ္စရေး ထုတ်ကုန်ပစ္စည်းများ သို့မဟုတ် အစ္စရေးအစိုးရနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ရသည့် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများစာရင်းကို စာရင်းပြုစုကာ Facebook နှင့် Twitter စာမျက်နှာများတွင် တူရကီပြည်သူများက မျှဝေခဲ့ကြသည်။

    စူပါမားကတ်များနှင့် စတိုးဆိုင်များအနေဖြင့် အစ္စရေး၏ ကုန်ပစ္စည်းများ သပိတ်မှောက်ရေးကို ပြီးခဲ့သည့် တနင်္ဂနွေနေက ပြည်သူများမှ တိုက်တွန်းခဲ့ပြီး တူရကီရှိ စီးပွားရေးလုပ်ငန်းပေါင်း ၁.၅ သန်း ပါဝင်ဖွဲ့စည်းထားသည့် TESK အဖွဲ့ကလည်း ၎င်းတို့၏ အဖွဲ့ဝင်များ အစ္စရေးကုန်ပစ္စည်း သပိတ်မှောက်ရေးကို လာမည့် တနင်္လာနေ့တွင် တိုက်တွန်းသွားရန် ရှိနေသည်။

    ထိုလှုပ်ရှားမှုများမှတစ်ဆင့် ၎င်းတို့အား ပစ်မှတ်ထားလာမည်ကို တူရကီနိုင်ငံသား ဂျူးများက စိုးရိမ်နေကြပြီး တူရကီသမ္မတ အာဒိုဂန်ကမူ နိုင်ငံသားဂျူးများအပေါ် ဆိုးဝါးသော ဆက်ဆံမှုများကို လက်ခံသွားမည်မဟုတ်ဟု သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်သည့်နေ့ကပင် ပြောကြားခဲ့သည်။

    “တူရကီနိုင်ငံသား ဂျူးတွေပေါ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုမျိုးကို လက်ခံမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်တဲ့အတွက် ကြောင့်ပါပဲ” ဟု အာဒိုဂန်က ဆိုသည်။

    သပိတ်မှောက်မည့် ကုပစ္စည်းများစာရင်းတွင် ပါဝင်သည့် အချို့ကုမ္ပဏီများကမူ အစ္စရေးနှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် Diesel ကုမ္ပဏီလည်း တစ်ခုအပါဝင်ဖြစ်ပြီး မိမိတို့အနေဖြင့် အစ္စရေးနှင့် ဆက်သွယ်မှုမရှိကြောင်းကို လိုအပ်ပါက လူသိရှင်ကြား အသေးစိတ်ချပြမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှ ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုများမှာ ယနေ့ဆိုလျှင် ၁၇ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၆၀၀ ကျော်လာကာ ဒဏ်ရာရရှိသူမှာ ၄၀၀၀ ကျောိနေသည်။

    Ref:Today’s Zaman

  • စည်သူအောင်မြင့် – ဘာသာခြားဖိနှိပ်မှု အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသလား

    စည်သူအောင်မြင့် – ဘာသာခြားဖိနှိပ်မှု အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသလား

    ဇူလိုင် ၂၄ ၊ ၂၀၁၄
    မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။
    ဆောင်းပါးရှင်- စည်သူအောင်မြင့်

    သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် လက်ထက် ၂၀၁၂ ခုနှစ်ကစပြီး ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    ဒီအကြမ်းဖက်မှုတွေရဲ့ သရုပ်သကန်ဟာ ဘာသာနှစ်ခု၊ လူမျိုး နှစ်ခု တစ်ခုနဲ့တစ်ခု အမုန်းပွား အပြန်အလှန် တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြဆိုတာမျိုးထက် လူနည်းစုက အကြမ်းဖက်ခံ၊ တိုက်ခိုက်ခံရတဲ့ အနေအထားမျိုး ပိုပြီး ပေါ်လွင်ပါတယ်။

    အမုန်းတရား ဖြန့်ဖြူးတာကအစ အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာအဆုံး ထွက်ပေါ်လာတဲ့ သတင်းအချက်တွေက အဲဒီအချက် မှန်ကန်ကြောင်း သက်သေပြနေသလို နိုင်ငံတကာ မိသားစုကြီးကလည်း အဲဒီအတိုင်း ပုံဖော်ပြောဆို ရေးသားကြပါတယ်။

    သမ္မတ အိုဘားမား အာရှ ခရီးစဉ်တုန်းကလည်း ဒီသဘော ပြောခဲ့တာပဲ ဖြစ်ပါတယ်။

    ဒါဟာ ခါးသီးပေမယ့် ငြင်းလို့ မရတဲ့ အမှန်တရားပါ။ အခုလို လူနည်းစု မြန်မာနိုင်ငံသား ဘာသာခြားတွေ ဖိနှိပ်ခံရတဲ့ ကိစ္စ ဘယ်သူလုပ်တယ်၊ ဘယ်ဝါ လုပ်တယ်၊ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိတယ် စသဖြင့် ဝေဖန်ပြောဆိုနေကြပေမယ့် အစိုးရပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး တိုက်ရိုက် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

    ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေ ကိုတော့ ထိထိရောက်ရောက် အရေးမယူ၊ တမင် မွေးမြူထားတယ်၊ လွှတ်ပေးထားတယ်ဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ရှိပါတယ်။

    ဒါပေမဲ့ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ကို အရေးယူဖမ်းဆီးမှုမှာတော့ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ဘာသာခြား လူနည်းစုတွေကို ဖိနှိပ်တဲ့အထဲ ပါဝင်နေပြီလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

    အားလုံးသိကြတဲ့အတိုင်း သိပ်မကြာသေးခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အက်စ်ဘီခေါ် ရဲအထူးသတင်းတပ်ဖွဲ့ဟာ သတင်းစာ၊ ဂျာနယ် တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး ငွေရေးကြေးရေး၊ ထုတ်ဝေမှုဆိုင်ရာ ကိစ္စတွေကို မေးမြန်း စစ်ကြောခဲ့ပါတယ်။

    ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ တကယ်လုပ်ရမှာ စသုံးလုံး အဖွဲ့ဖြစ်တယ်။ ထူးခြားတာက ခေါ်ယူစစ်ဆေးမှုမှာ မွန်းတည့်နေနဲ့ ဘိုင် မွန်းတည့်နေ ဂျာနယ် တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။

    အက်စ်ဘီဘက်က အဓိက စစ်ဆေးခဲ့တာက အဲဒီဂျာနယ် နှစ်စောင် ထုတ်ဝေတာ ပြည်ပက အိုအိုင်စီလို အစ္စလာမ္မစ် အဖွဲ့အစည်းတွေက ငွေကြေး ထောက်ပံ့တာ ရှိသလား၊ ပြည်တွင်းက အစ္စလာမ် လုပ်ငန်းရှင်တွေကရော ငွေကြေး ထောက်ပံ့ထားသလားဆိုတာပါ။

    တာဝန်ရှိသူတွေကတော့ အဲဒီလို မရှိတဲ့အကြောင်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

    ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းစာမှာတော့ အခုလို သတင်းတစ်ပုဒ် ပါလာပါတယ်။

    ဇူလိုင် ၄ ရက်က ‘အိုအိုင်စီ အပါအ၀င် အစ္စလာမ်အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ ရယူနေသည့် သတင်းမီဒီယာများကို အစိုးရက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်’နဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းဦး ကို ကိုးကားပြီး ဖော်ပြထားတဲ့ သတင်းပါ။

    သတင်းထုတ်ပြန်ချက်ကိုကြည့်ရင် အချက်အလက် ခိုင်လုံပုံလည်း မရပါဘူး။ ခိုင်လုံတယ်ဆိုရင် တိုက်ရိုက် နာမည်တပ်ပြီး စွပ်စွဲဖော်ပြမှာ အသေအချာပဲ ဖြစ်ပါတယ်။

    အဲဒီအဖွဲ့ကို ဦးဆောင်နေတဲ့သူတွေကတော့ ကိုရဲမင်းဦး၊ အရင် ဒီဗီဘီမှာ အလုပ်လုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ရွှေသံစဉ် ကိုဝင်းမော်၊ သိပ်မကြာသေးခင်တုန်းက အော်ရီဒူး ဖုန်း မသုံးဖို့ လှုံ့ဆော် ဟောပြောခဲ့တဲ့ ရန်ကုန်က မကွေးကျောင်းတိုက်ဆရာတော်စတဲ့ လူနဲ့
    သံဃာတချို့ ပါဝင်ကြပါတယ်။

    ဒီ ထုတ်ပြန်ကြေညာချက်ဟာ တိကျသေချာ ခိုင်လုံမှု မရှိသလောက် စွပ်စွဲခံရတဲ့ဘက်ကို ဘယ်လောက်ကြီးတဲ့ ဘေးအန္တရာယ် ကျရောက်နိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

    ဆက်တိုက်ဆိုသလိုပါပဲ။ မန္တလေး အကြမ်းဖက်မှုကိစ္စ သမ္မတမိန့်ခွန်းပြောတဲ့ ဇူလိုင်လ ၇ ရက်နေ့ မှာပဲ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းထောက်နဲ့ အယ်ဒီတာတွေကို အက်စ်ဘီက ဖမ်းပါတယ်။

    သူတို့ကို ဖမ်းဆီး အရေးယူလိုက်ရတာဟာ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ ရဲ့ ထုတ်ပြန်ကြေညာချက်ကို ‘ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ်ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့်လို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။

    ဘိုင်မွန်းတည့်နေလိုပဲ အဲဒီသတင်းကို နောက်နေ့မှာ ဖော်ပြခဲ့ကြတဲ့ တခြားသတင်းစာ ဂျာနယ်တွေ ကိုတော့ လုံးဝ အရေးယူတာ မတွေ့ရပါဘူး။

    အကြောင်းကတော့ ဒီသတင်းထည့်တာဟာ MDCF အဖွဲ့က ဆန္ဒပြပွဲ လုပ်ပြီး ကြေညာချက် ဖြန့်ဝေမယ့်နေ့နဲ့ ချိန်ကိုက်ဖြစ်အောင် လုပ်တယ်လို့ ယူဆပြီး ဖမ်းရတာလို့ ဆိုပါတယ်။

    ပုဒ်မ ၁၀ (ဃ)၊ ၁၀ (ည) တပ်ပါတယ်။ ဖမ်းဆီးထားသူတွေကို ဘာတွေ စစ်ဆေးတယ်ဆိုတာ မသိရပါဘူး။

    ဇူလိုင် ၂၂ ရက်နေ့ ရမန်ထပ်ယူ တရားရုံးကို ခေါ်လာတော့လည်း ဘယ်တစ်စုံ တစ်ယောက်ကိုမှ စကားတစ်ခွန်းမှ ပြောခွင့်မပေးပါဘူး။

    ဒါပေမဲ့ ဘိုင်မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ လိုင်စင်ပိုင်ရှင်ရဲ့ ခင်ပွန်း ဦးစံတင်နဲ့ ဒီဇိုင်နာ ကိုဇွဲ တို့ကို ခေါ်ယူစစ်ဆေးရာမှာတော့ အိုအိုင်စီက ထောက်ပံ့ပေးတာ ရှိသလား၊ နိုင်ငံခြားဘဏ် တွေကနေ ငွေလွှဲပေးတာတွေ ရှိသလား၊ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်တွေကငွေကြေးထောက်ပံ့တာတွေ ရှိသလား စတဲ့ မေးခွန်းတွေ အဓိက မေးခဲ့တယ်လို့ ဆိုပါတယ်။

    ဒီနေရာမှာ ပေါ်လွင်နေတာက အက်စ်ဘီရဲ့ ရည်ရွယ်ချက်ပါ။ MDCF နဲ့ ပတ်သက်တဲ့ သတင်းရေးလို့ ဖမ်းဆီးရတယ် ဆိုပေမယ့် သူတို့ အဓိက စွပ်စွဲပြီး အရေးယူချင်တာက အိုအိုင်စီလို နိုင်ငံတကာ အစ္စလာမ္မစ် အဖွဲ့အစည်းကနေ ငွေကြေးထောက်ပံ့မှု ယူပြီး ထုတ်နေတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

    ဒါကြောင့်လည်း နောက်ပိုင်း သတင်း ဖော်ပြမှုနဲ့ မဆိုင်တဲ့၊ ဂျာနယ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ငွေရင်းနှီးစိုက်ထုတ် လုပ်ကိုင်သူ ပုံနှိပ်တိုက်ပိုင်ရှင် ကိုကျော်မင်း မိသားစုကို ဖမ်းဆီးဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။

    အက်စ်ဘီတွေဟာ အရမ်းတော်ပါတယ်။ ချီးကျူးဖို့ ကောင်းပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်နေပြီဖြစ်တဲ့ ကိုကျော်မင်း၊ သူ့ဇနီး ဒေါက်တာအိအိစံ၊ သူတို့ကလေး နှစ်ယောက်နဲ့ ကိုယဉ်မင်းထွန်း အားလုံးကို ထိုင်းရဲက ဖမ်းဆီးပြီး အက်စ်ဘီ လက်ထဲရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (အခုနောက်ဆုံး သတင်း ဒေါက်တာအိအိစံနဲ့ ကလေးနှစ်ယောက်ကို သူ့အိမ် ပြန်ပို့ထားပြီလို့ သိရပါတယ်။)

    တစ်ဆက်တည်းဆိုသလိုပါပဲ။ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ သမ္မတ အကြံပေး နေဇင်လတ်ရဲ့ စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့ လိုသည်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြပါရှိပါတယ်။

    အဲဒီ ဆောင်းပါးထဲမှာ အိုအိုင်စီ အပါအ၀င် ပြည်ပ အဖွဲ့အစည်းများ၏ အထောက်အပံ့ ရယူထားသည့် မီဒီယာများ ရှိနေသည်ဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့က ဆိုထားပြီး အရေအတွက်အားဖြင့် ငါးခု ခန့်ရှိကာ ၎င်းတို့ကို ဖော်ထုတ် အရေးယူပေးသွားရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ထိုအဖွဲ့ကကြေညာခဲ့သည်ဆိုပြီး ကိုးကားဖော်ပြထားပါတယ်။

    သမ္မတရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် တစ်ယောက်ဟာ အဲဒီ မခိုင်မာတဲ့ စွပ်စွဲချက်တစ်ခုကို အတည်ယူပြီး တစ်စုံတစ်ခုကို ကြံစည်တော့မယ်ဆိုတာ တွေ့လိုက် ရတော့ ရိုးသား ပါတယ်ဆိုတဲ့ သမ္မတကိုတောင် သံသယ ဖြစ်စရာ ရှိလာပါတယ်။

    ဆက်ရေးထားတာ ကြည့်ပါဦး။ တစ်ဆက်တည်းပဲ ဆောင်းပါးမှာ ယခု ထိုဂျာနယ်မှ တာဝန်ရှိသူ များကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေကြလေပြီ။ အလောင်းအစားကြီးသည့် စွန့်စားမှုဖြစ်၍ တန်ရာတန်ကြေး နည်းပါးမည်ဟုတော့ မမြင်ပါလို့ ဖော်ပြထားပါတယ်။

    အလွန်ကြောက်စရာကောင်းတဲ့ မှတ်ချက်ပါ။ ဒီလောက်ဆိုရင် ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ရည်လည်လောက်ပြီ ထင်ပါတယ်။

    တကယ်ဆို သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်၊ ၂၀၁၂ ဇွန်လ စာပေစိစစ်ရေး ရုပ်သိမ်းပြီး နောက်ပိုင်း စာနယ်ဇင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရလာတဲ့ အချိန်မှာ တခြားသော စာနယ်ဇင်း ပေါင်းစုံနည်းတူ မွန်းတည့်နေ၊ ဘိုင်မွန်းတည့်နေနဲ့ အစ္စလာမ် ဘာသာဝင် ထုတ်ဝေသူ တချို့ကလည်း ဂျာနယ်လေးတွေ ထုတ်ဝေလာကြပါတယ်။

    အဲဒီ ဂျာနယ်နှစ်စောင်စလုံးမှာ သီးခြား အယ်ဒီတာချုပ်၊ အယ်ဒီတာနဲ့ သတင်းထောက်တွေ ရှိကြပြီး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

    သူတို့ဘာသာ သူတို့ လွတ်လွတ်လပ်လပ် သတင်းရေးသား တင်ဆက်ပါတယ်။ တခြားသော သတင်းစာဂျာနယ်တွေနည်းတူ အစိုးရဘက်ကို ဝေဖန်တာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ဘက်ကို ထောက်ခံတဲ့ သတင်း၊ ဆောင်းပါး ဖော်ပြတာမျိုးတွေ လုပ်ပါတယ်။

    သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ထူးခြားချက်ကတော့ ရခိုင်ပြည်နယ် ဘက်က ဘင်္ဂါလီတွေအရေး၊ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းစာတွေမှာ ဖော်ပြထားတာတွေကို တိုက်ရိုက်
    ဘာသာပြန် ဖော်ပြထားတာမျိုး လုပ်လေ့ရှိပါတယ်။

    ဂျာနယ်ထဲမှာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေကို နိုင်ငံတကာက သုံးနှုန်းသလို ရိုဟင်ဂျာလို့ သုံးနှုန်းပါတယ်။ စထွက်စဉ် ကာလတုန်းက နိုင်ငံတကာ အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတိုထွာ ဘာသာပြန်ဖော်ပြတာတွေ ရှိပါတယ်။ ဒီလောက်ပါပဲ။

    အခု အဲဒီဂျာနယ်နှစ်စောင်က တာဝန်ရှိသူတွေကို ဖမ်းဆီးထားလို့ ဂျာနယ်နှစ်စောင် စလုံးလည်း ရပ်တန့်နေပါပြီ။

    ပြည်ထဲရေး ၀န်ကြီးဌာန၊ အက်စ်ဘီ၊ သမ္မတ ရဲ့ နိုင်ငံရေးအကြံပေး နေဇင်လတ်တို့ ဘာတွေ လိုချင်ကြပါသလဲ၊ ဘာတွေ လုပ်ချင်ကြပါသလဲ၊ သိပ်အကြာကြီး ဖုံးဖိလို့ မရပါဘူး။

    ဖြစ်နိုင်ရင်တော့ ပြည်ထဲရေး၊ အက်စ်ဘီ၊ သမ္မတအကြံပေး အားလုံး ဒီကိစ္စကို ဥပဒေနဲ့အညီပဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားကြပါလို့သာ တိုက်တွန်းလိုပါတယ်။

    http://myanmar.mmtimes.com/index.php/features/11240-2014-07-24-05-04-32.html

  • မေတ္တာ-ဓမ္မ ငြိမ်းချမ်းခြင်း (အရှင် ဂမ္ဘီရ)

    ဇူလိုင် ၂၄ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- ဂမ္ဘီရ

    Ashin_Gambira_-_2014-07-24_15.56.17
    .မြန်မာနိုင်ငံရေးရဲ့ မျက်မှောက်အခင်းအကျင်းမှာ သံဃာ့ အခန်းကဏ္ဍနှင့် ပတ်သတ်ပြီး နေ့စဉ် စိတ်မချမ်းမြေ့စရာတွေ ကြားနေရသည်။ ဒီအကြောင်းနှင့် ပတ်သတ်ပြီး နိုင်ငံတကာမှ မိတ်ဆွေတွေရဲ့ အီးမေးတွေ၊ ဖုန်းတွေ လာရောက်တွေ့ဆုံ မေးမြန်းတာတွေကို လည်း နေ့စဉ်လို ဖြေကြားပေးနေရသည်။ သူတို့ မေးခွန်းတွေမှာ စောဒကတက်သံတွေ၊ အားမလို အားမရ ဖြစ်သံတွေ ထူပြောနေသည်။ သူတို့အားလုံး တူညီစွာ နှိုင်းယှဉ်ပြကြသည်က အပြည်ပြည်ဆိုင်ရာ လူသားထုကြီးက လေးစားဂုဏ်ယူ အားကျခဲ့ကြရသော ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနှင့် မျက်မှောက်သံဃာ့ လှုပ်ရှားမှုများက ဆန့်ကျင်ကွဲပြား ခြားနားနေကြသည်။ သူတို့အားကျ အတုယူခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးက စစ်အာဏာရှင် စနစ်ကို မြန်မာ့မြေပေါ်မှ ဖယ်ရှားဖို့ရန် မေတ္တာ-ဓမ္မ-ငြိမ်းချမ်းမှုတို့ကို ကိုင်စွဲလျှက် မေတ္တာသုတ် ရွတ်ဖတ်ချီတက် လမ်းလျှောက် ဆန္ဒ ပြခဲ့ကြတာ ဖြစ်သည်။ မျက်မှောက် သံဃာ့လှုပ်ရှားမှုတွေက ကျဉ်းမြောင်းသော လူမျိုးရေး ဘာသာရေးဆိုင်ရာ မုန်းတီးမှု ၀ါဒကို ကိုင်စွဲပြီး စစ်အာဏာရှင်တို့ အလိုကျ လူထုကြားမှာ အပြန်အလှန် အမုန်းတရားတွေ ကြီးထွားအောင်၊ ဆူပွက်အောင် ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်သည်။

    ၂၀၁၂ အတွင်းမှာ ကျန်းမာရေး အခြေအနေနှင့် နေ့စဉ် ဘ၀ ရပ်တည်နိုင်ရေး အခြေအနေက ယခုထက် ပိုမိုဆိုးဝါးသည်။ အဲဒီအချိန်မှာ ရခိုင်ပြည်နယ်တွင် မသီတာထွေး ကိစ္စနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား အပြန်အလှန် ရန်ပွဲဖြစ်ကြရာက သတ်ကြဖြတ်ကြသည် အထိ ဖြစ်ကုန်ကြသည်။ ထို့နောက် ပြစ်မှုနှင့် မဆိုင်သော ရိုဟင်ဂျာတွေကိုပါ သတ်ဖြတ်ခံရပီး ပြဿသနာ ပိုမိုကြီးထွားလာသည်။ မည်သူမျှ ၀င်ရောက် ထိန်းသိမ်းပေးခြင်း မရှိခဲ့ကြ။ အားလုံး တိတ်ဆိတ်နေခဲ့ကြသည်။ ပို၍ ဆိုးဝါးသည်က သွေးကြွနေသော ရခိုင်လူမျိုးတွေကို အစိုးရ သတင်းစာများနှင့် ပြည်တွင်း ထုတ် ဂျာနယ်တချို့က မြှောက်ထိုးပင့်ကော် လုပ်ပေးပြီး ပြဿသာနာတွေကို ပိုမိုကြီးထွားအောင် ဖန်တီးကာ ရခိုင်လူမျိုးတွေကို ကမ္ဘာ့မျက်နှာစာမှာ မြန်မာ့မူဆလင် မုန်းတီးရေး ၀ါဒီများအဖြစ် ဖန်တီးပုံဖော် အမြတ်ထုတ်ခဲ့ကြတာ ဖြစ်သည်။ အဲဒီအချိန်က လက်တလော အကျိုးအမြတ်အဖြစ် လက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေး ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသံတွေ သတင်းမီဒီယာပေါ်မှာ တိုးတိတ်သွားခဲ့ရသည်။ ရေရှည် အကျိုးအမြတ်အဖြစ် ယခုအခါ မြန်မာ့သံဃာထု နှင့် NLD ပါတီကြားမှာ ကွာဟချက်၊ ကွဲပြားခြားနားချက်က တဖြည်းဖြည်း ကျယ်ပြန့် နက်ရှိုင်းလာနေသည်။

    ၂၀၁၂ ရခိုင်ပြည်နယ်ရဲ့ ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခတွေကို နေ့စဉ် ဖတ်၊ နေ့စဉ်ကြားနေခဲ့ရပြီး မခံစားနိုင်တော့သည့် အဆုံး မကျန်းမာသည့်ကြားက သြဂုတ်၊ စက်တင်ဘာလတို့တွင် အိတ်ဖွင့်ပေးစာနှစ်စောင် ကြိုးစားပြီး ရေးပေးဖြစ် ခဲ့သည်။ ထို့ကြောင့် ပဋိပက္ခတို့ အတော်အသင့် ငြိမ်သက်သွားခဲ့သည်။ ယခုဆောင်းပါးက ထိုစာနှစ်စောင်ရဲ့ အဆက်ဟု မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်သည်။

    ယခုအခါ မြန်မာနိုင်ငံမှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အမည်ခံယူပြီး သံဃာတွေကြားမှာ သံဃာတချို့က လူမျိုးရေး ဘာသာရေးဆိုင်ရာ မုန်းတီးရေး ၀ါဒတွေ၊ တရားတွေ ဟောပြောစည်းရုံး ဖြန့်ဝေနေကြသည်။ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဆိုတဲ့ အမည်ကတော့ တော်တော်ကောင်းသည်။ သို့ပေမဲ့ သေသေချာချာ စဉ်းစားကြည့်ပါလျှင် သံဃာတော်များ အနေဖြင့် ဗုဒ္ဓအဆုံးအမ ဓမ္မနှင့် အညီ၊ ၀ိနယနှင့် အညီ၊ ဓမ္မ၀ိနယနှင့် အညီ ကျင့်သုံး ဆောင်ရွက်ကြသည်ဆိုပါလျှင် အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်။ သံဃာ့ အစည်းအရုံးကြီးကို ဗုဒ္ဓက ဖွဲ့စည်းထူထောင် ပေးတော်မူခဲ့ခြင်း၏ ပဓာန ရည်ရွယ်ချက်ကိုက အမျိုးဘာသာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဖြစ်သည်။ ၎င်းကို ၀ိနည်းမဟာ ပါဋ္ဌိတော်၌ စရထဘိက္ခဝေစာရိကံ-အစချီပြီး ဗဟုဇန ဟိတာယ မဟုဇန သုခါယ လောကာနုကမ္ပာယ စသည်ဖြင့်လည်းကောင်း ထို့နောက် အလားတူ မိန့်ဆိုချက်များကို ပါဠိတော် နေရာတော်တော်များများတွင် တွေ့မြင်နိုင်သည်။

    ဤနေရာတွင် အမျိုး ဟူသော စကားလုံး၊ စကားရပ်နှင့် ပတ်သက်ပြီး ပုဒ်ဆစ်ကောင်း ဆစ်ချင်ကြမည်ဖြစ်၍ အနည်းငယ် ရှင်းလင်းရေးသားလိုက်သည်။ အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်းလာအတိုင်း ရှုမြင်ကြည့်ကြမည်ဆိုပါလျှင် အနာဒိအနန္တ အဆုံးအစ မထင်ရှည်လျားသော သံသရာများအတိုင်း ဟောဒီ အနန္တ စင်္ကြာဝဠာကြီး အတွင်း ကျွန်ုပ်တို့ လူသားများအပါအ၀င် သတ္တ၀ါ အားလုံးအနေဖြင့် ဆွေမျိုးညာတိ မတော်စပ်ခဲ့ဖူးသူ တစ်ဦး တစ်ယောက်မျှ မရှိ။ ထိုကြောင့် “အမျိုး”  “အမျိုးစောင့်ခြင်း” ဟူသည်ကား အဘယ်နည်း။

    မေတ္တာ သုတ္တန်၌ ” မာနသံ ဘာဝယေ ”  အပရိမာဏံ ဟူသော စကားရပ် မိန့်ဆိုချက် နှစ်ကြိမ်ပင် ပါရှိသည်။ ဆိုလိုသည်က ” လူသားအပါအ၀င် သတ္တဝါ အားလုံးတို့အပေါ်၌ အပိုင်းအခြား မရှိသော မေတ္တာစိတ်ကို ပွားများရမည် ” ဟု မိန့်ဆိုခြင်း၊ သင်ကြားခြင်း၊ သတိပေးခြင်းနှင့် ပွားများစေခြင်း ဖြစ်သည်။

    ဤ၌ အပိုင်းအခြား မရှိသော မေတ္တာစိတ် ဟူသော စကားရပ်ကို အလေးအနက် သတိပြုမိဖို့ လိုသည်။ ဤကား မေတ္တာသုတ္တန်၏ အဓိက သော့ချက်များမှ နှစ်ခုဖြစ်သော သီမာသမ္ဘေဒနှင့် ဘိန္နသီမာ ကို ဆိုလိုခြင်း ဖြစ်သည်။ သီမာသမ္ဘေဒ ဆိုသည်က အပိုင်းအခြားကို ချိုးဖျက်ခြင်းဖြစ်သည်။ ဘိန္နသီမာ ဆိုသည်က အပိုင်းအခြားကို ချိုးဖျက်သူ ဟု ဆိုလိုသည်။ သတွာတို့မှာ ကိုယ်စီကိုယ်စီ အပိုင်းအခြားတွေ ရှိကြသည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ဂျပန်ရှေးဟောင်း ပုံပြင်တစ်ပုဒ်နှင့် ရှင်းပြဆွေးနွေးပါရစေ။

    တစ်ခါက တောအုပ်တစ်ခု အတွင်းမှာ ကျောင်းသင်္ခန်းတစ်ခုရှိသည်။ ကျောက်းထိုင် ပုဂ္ဂိုလ်မှ သူချစ်ခင် ရင်းနှီးသော ရဟန်းတစ်ပါး၊ သူမချစ်ခင်သော ရဟန်းတစ်ပါး၊ သူချစ်ခင်သည် မဟုတ်၊ မချစ်ခင် သည်လည်း မဟုတ် သာမန်မျှသာ ဖြစ်သော ရဟန်းတစ်ပါးတို့နှင့် အတူ သီတင်းသုံး နေထိုင်သည်။ တစ်နေ့တော့ တောအုပ် အတွင်း ကျောင်းသင်္ခန်းသို့ ခိုးသားဓားပြများ ရောက် ရှိလာကြသည်။ ခိုးသားဓားပြများက ကျောင်းသင်္ခန်းရှိ ရဟန်း ၄ ပါး အနက်မှ တစ်ပါးကို သတ်ရမည် ဖြစ်ကြောင်း ပြောဆိုပြီး ကျောင်းထိုင်ပုဂ္ဂိုလ်အား ၎င်းတို့သတ်ရမည့် ရဟန်းတစ်ပါးကို ရွေးချယ်ပေးဖို့ ပြောဆိုသည်။ ကျောင်းထိုင် ပုဂ္ဂိုလ်က စဉ်းစားသည်။ မိမိချစ်ခင် ရင်းနှီးသော ရဟန်းကို ညှင်းဆဲသတ်ဖြတ် မခံနိုင်။ မိမိ မချစ်ခင် မနှစ်သက်သော ရဟန်းကိုလည်း ရန်သူပင် ဖြစ်လင့်ကစား သတ္တဝါတို့ အပေါ် ထားရှိအပ်သော ဓမ္မဝိနယလာ မေတ္တာ၊ ဓမ္မနှင့် အညီ ညှင်းဆဲသတ်ဖြတ် မခံနိုင်။ မချစ်ခင်၊ မမုန်း သာမန် ရဟန်းကိုလည်း ထိုအတိုင်းပင်။ မိမိကိုယ်ကို ပေးမည်ဆိုပြန်တော့လည်း ဆိုဖွယ်ရာမရှိ။ ထို့ကြောင့် ကျောင်းထိုင် ပုဂ္ဂိုလ်က အကျိုးအကြောင်း ရှင်းလင်းပြောပြလိုက်သည်။ ထိုအခါ သူခိုးဓားပြများလည်း မည်သူ့ကိုမျှ မသတ်တော့ဘဲ ပြန်သွားကြတော့သည်။

    ဤပုံပြင်ကား မေတ္တာသုတ္တန်လာ သီမာသမ္ဘေဒ၊ ဘိန္နသီမာ တို့ နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်သတ္တဝါ အားဖြင့်လည်းကောင်း အချင်းအရာ အာကာရ အားဖြင့်လည်းကောင်း၊ တော်တော် နီးနီးစပ်စပ် နားလည်လွယ်စေသည်။ ဘင်္ဂါလီ ကဗျာဆရာ ရာဘင်ဒြာနတ် တဂိုး၏ ဂီတဉ္ဇလီ ကဗျာစာပိုဒ်ရေ ၃၅ ၌လည်း

    “အကြင်အရပ်၌
    အချင်းချင်းအား
    လူမျိုးစု အစရှိသော
    ကျဉ်းမြောင်းသော နံရံတံတိုင်း စသည်တို့ဖြင့်
    .တောက်စိတ် ပိုင်းခြား
    ကာရံထားခြင်းမရှိ”
    ဟူ၍ ကဗျာ တစ်ပိုဒ်ပါရှိသည်။ ရာဘင်ဒြာနတ် တဂိုး အနေဖြင့် သိမာသမ္ဘေဒ နှင့် ဘန္နသီမာကို ရည်ညွန်းပြီး စပ်ဆိုခဲ့လေသလား ဟုတ်မဟုတ်တော့ ကျွန်ုပ်လည်း မသိ။

    အရှင်ဝီရသူ အနေဖြင့် ဂရိဒဏ္ဍာရိထဲက မြေခွေး တစ်ကောင်လို ဖြစ်လာနေသည်။ ဒဏ္ဍာရီထဲမှာ မြေခွေး တစ်ကောင်က ပြေးရင်း လွှားရင်း ကျောက်တုံးနှင့် အမြီး ညှပ်မိပြီး အမြှီးပြတ်သွားသည်။ အဲဒီမှာ မြေခွေးက အခြားမြေခွေးတွေကို လိုက်လံ ပြောဆိုသည်။ အမြှီးပြတ်တဲ့ မြေခွေးတွေကိုမှ ဘုရားသခင်က စောင့်ရှောက်တော်မူမယ်လို့ ဘုရားသခင်က သူ့ကိုပြောကြောင်းပေါ့။ အဲဒီမှာ ယုံမိတဲ့ မြေခွေးတွေဟာ သူတို့အမြှီးတွေကို အမြန်ဖြတ်ပစ်ကြပါသတဲ့။

    ထို့ကြောင့် ထပ်ပြောပရစေ။ အရှင်ဘုရားတို့ အနေဖြင့် ဓမ္မ၀ိနယနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြခြင်းသည်ပင်လျှင် အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်ခြင်း ဖြစ်တော့သည်။ ထို့ကြောင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဆိုပြီး ထူးထူးခြားခြား ဖွဲ့စည်းဆောင်ရွက်ရန် မလိုအပ်။ ဖွဲ့စည်းထားလိုက်ပြီးပြီဆိုတော့ ဓမ္မ၀ိနယနှင့် အညီ ဘယ်လိုမူဝါဒတွေ ချမှတ်ထားသနည်း။ သံဃာ့အ၀န်းအ၀ိုင်း အတွင်း သံဃာ့အဖွဲ့အစည်းတွေ ဖွဲ့စည်းကြတယ်ဆိုတာက အရပ်သား လူ့အဖွဲ့အစည်း အသင်းအဖွဲ့တွေလို မဟုတ်။ မည်သို့သော ရည်ရွယ်ချက်နှင့် ဖွဲ့စည်းသည်ဖြစ်စေ၊ အဖွဲ့လုပ်ငန်းစဉ်များအတွက် ဗုဒ္ဓအဆုံးအမ သင်ကြားချက်များအတိုင်း ဓမ္မ၀ိနယနှင့် မသွေဖီသော မူဝါဒများ ချမှတ်ဆောင်ရွက်ရတာ ဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အစက မေတ္တာသုတ် ရွတ်ဖက်ချီတက် လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်သည်။ ထို့နောက် ပခုက္ကူ သံဃာတော်တွေ ရိုက်နက်ခံရတော့လည်း ၀ိနည်း စူဠ၀ါ ပါဠိတော်လာ ၀ိမုလိစ္ဆ ၀ီအခန်းပြဌာန်းချက် အတိုင်း အပြည်ပြည်ဆိုင်ရာ ပတ္တနိကုဇ္ဇန ကံဆောင်ကြပြီး မေတ္တာသုတ် ရွတ်ဖတ်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်သည်။ အမှန်တကယ်က ၂၀၀၆ ခုနှစ် ကုန်ပိုင်းလတွေကတည်းက ကျွန်ုပ်တို့ မြေအောက် သံဃာ့အဖွဲ့အသီးသီးက ဥပုသ်နေ့ညနေတိုင်း ကြိုတင်လေ့ကျင့်ခဲ့ကြတာ ဖြစ်သည်။ ဒီအကြောင်းတွေ ရေးဖြစ်၊ ဖော်ထုတ်ဖြစ်တော့မှ မော်ကွန်း ထိန်းသိမ်းရေး ဌာနမှ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့တကွ ခွင့်ပြုချက်ရယူပြီး ဖော်ပြပါဦးမည်။ အခုတော့ ရွှေဝါရောင် အရေးတော်ပုံကို အားလုံးနှိမ်ရေး နေကြတဲ့ ” ရွှေဝါရောင် အရေးအခင်း” ဆိုတာကို ဘာမှ ပြန်မဖြေရှင်းသေးပဲ ဒီအတိုင်း ထားလိုက်သည်။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည် ကတော့ အားလုံး ဓမ္မ၀ိနယနှင့် အညီအညွတ် ဖြစ်အောင် ကြိုးစားနိုင်ခဲ့ကြသည်။

    ဒါကြောင့်လည်း နိုင်ငံတကာရဲ့ လေးစား ဂုဏ်ယူခြင်းတွေကို ရရှိခဲ့ကြတာ ဖြစ်တယ်။

    တစ်ခုပြောစရာရှိတာက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းက အရှင် ၀ီရသူ မပါဝင်ပါ။ အရှင်ဝီရသူနှင့် ရွှေဝါရောင် တော်လှန်ရေးဟာ ဘာမှ မပတ်သက်၊ မသက်ဆိုင်ပါ။ အဲဒီ ကာလက အရှင်ဝီရသူ အနေဖြင့် ကျောက်ဆည် မွတ်ဆလင် ဗုဒ္ဓဘာသာ အဓိကရုဏ်းကြောင့် ၂၀၀၃ ခုနှစ်ကတည်းက မန္တလေး ဗဟိုအကျဉ်းထောင်တွင်း ရောက်ရှိနေချိန်ဖြစ်သည်။ အခုတလော သတင်းမီဒီယာတွေက ခဏခဏ မေးကြလွန်းလို့ ထည့်ဖြေလိုက်တာဖြစ်သည်။

    အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဆိုပြီး ဟောပြော ချက်တွေ၊ လုပ်ဆောင်ချက်တွေက ဓမ္မ၀ိနယနဲ့ သွေဖီနေတော့ ဒေသ တွင်း အပါအ၀င် နိုင်ငံတကာက ၀ိုင်းဝန်း ကဲ့ရဲ့ကြသည်။ ရှုံ့ချကြသည်။ ဘယ်နိုင်ငံကမှ လက်မခံကြ။ ဒီတော့ မူဝါဒတွေ၊ လုပ်ရပ်တွေက မှားတော့ တိုင်းပြည်၊ လူမျိုးအပါအ၀င် ဘာသာ သာသနာပါ အထင်အမြင်သေး ခံရသည်။ အရှက်ရစေသည်။ မူဆလင်တွေကို ရိုက်နှက်သတ်ဖြတ်သော မှတ်တမ်းဗီဒီယိုတွေမှာ ရဟန်းတွေတောင် တချို့ပါဝင်နေသည်။ ” ဗုဒ္ဓသာသနံ စိရံ တိဌိတု ” လို့ နေစဉ်လောက်  ရွတ်ဆိုနေကြပြီး ဘာကြောင့် ဗုဒ္ဓသာသနာတော်ကို အထင်သေးစရာဖြစ်အောင်၊ ကဲ့ရဲ့ရှုံ့ချစရာဖြစ်အောင် လုပ်ဆောင်ကြရသနည်း။

    အရှင်ဘုရားများအနေဖြင့် စစ်ဗိုလ်ချုပ်ဟောင်းများ အစိုးရရဲ့ ခိုင်းဖတ်ဖြစ်နေကြလို့ ဖြစ်နေကြမှန်းလည်း ကိုယ့်ကိုယ်ကိုယ် မသိကြ။ ထို့ထက် ပိုဆိုးတာက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သံဃာတွေနဲ့ NLD ပါတီ ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ရန်သူတွေလို ဖြစ်လာနေတာ ဖြစ်သည်။ တကယ့်တကယ် ဖြစ်တာက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သံဃာတွေနဲ့မျှသာ ဖြစ်သည်။ မြန်မာနိုင်ငံ သံဃာထု တစ်ရပ်လုံးမဟုတ်။ ဒါပေမဲ့ ပြည်တွင်းမီဒီယာတွေ ဖော်ပြနေကြသည်က ကွဲကွဲပြားပြား မရှိ။ ဝေေ၀၀ါးဝါးတွေ ဖြစ်သည်။ ဒါကို ဂဃနဏ မသိကြသူတွေက မြန်မာနိုင်ငံ သံဃာထု တစ်ရပ်လုံး နှင့် NLD ပါတီ ကွဲပြားသွားပြီလို့ လက်ခံလိုက်ကြတာ ဖြစ်သည်။ အမှန်တကယ်က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဆိုတာကို လက်မခံတဲ့ သံဃာတော်တွေက အများစု ဖြစ်သည်။

    ပြီးခဲ့သည့် ဇန္န၀ါရီတုန်းက ပြည်တွင်းထုတ် သစ္စာတောင်ပံ ဂျာနယ်က ၉၆၉ အဖွဲ့နဲ့ မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးနဲ့ ပတ်သတ်တာတွေ ရှိပါသလားဆိုတဲ့ မေးခွန်းကို မပတ်သက်ကြောင်း အတိအလင်း ဆိုပြီးတဲ့ နောက် ယခု ဖေဖော်ဝါရီလထဲမှာ ပြည်တွင်းက လုပ်ဖော်ကိုင်ဖက် ဦးဇင်းတချို့က လှမ်းပြီးဆက်သွယ် အကြောင်းကြားလာကြသည်။ အရှင်ဝီရသူက ဆက်သွယ်လာတဲ့ အကြောင်း၊ အတူပူးပေါင်း ဆောင်ရွက်ဖို့နဲ့ အထောက်အပံ့ ပေးမဲ့အကြောင်းတွေနဲ့ အတူ လက်ခံရင် ဘဏ်အကောင့် ဖွင့်ပေးပြီး ၀တ္ထုငွေကျပ် ၁၀ သိန်းချက်ခြင်း အပ်နှံပေးမယ်လို့ ပြောဆိုကြောင်းတွေ အကြောင်းကြားလာသည်။

    အရှင်ဝီရသူ အနေဖြင့် ဂရိဒဏ္ဍာရိထဲက မြေခွေးတစ်ကောင်လို ဖြစ်လာနေသည်။ ဒဏ္ဍာရီထဲမှာ မြေခွေးတစ်ကောင်က ပြေးရင်း လွှားရင်း ကျောက်တုံးနှင့် အမြီး ညှပ်မိပြီး အမြှီးပြတ်သွားသည်။ အဲဒီမှာ မြေခွေးက အခြားမြေခွေးတွေကို လိုက်လံ ပြောဆိုသည်။ အမြှီးပြတ်တဲ့ မြေခွေးတွေကိုမှ ဘုရားသခင်က စောင့်ရှောက်တော် မူမယ်လို့ ဘုရားသခင်က သူ့ကိုပြောကြောင်းပေါ့။ အဲဒီမှာ ယုံမိတဲ့ မြေခွေးတွေဟာ သူတို့အမြှီးတွေကို အမြန်ဖြတ်ပစ်ကြပါသတဲ့။

    လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
    အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
    ဆင်းရဲလိုခြင်း၊ ညှင်းဆဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

    ဂမ္ဘီရ

    * မှတ်ချက် အရှင် ဂမ္ဘီရ FB စာမျက်နှာမှ လက်ရေးဖြင့် ရေးသား ဖော်ပြသည့် ဆောင်းပါးကို M-Media မှာ Type ရိုက်ကာ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။