News @ M-Media

Blog

  • ပဲခူးမှ နှစ် ၁၄၀ ကျော် သက်တမ်းရှိ ရှေးဟောင်း မွတ်စလင် သုဿန် အား ဖျက်သိမ်းမှု အပေါ် ဆက်သွယ်မေးမြန်းချက်

    ပဲခူးမှ နှစ် ၁၄၀ ကျော် သက်တမ်းရှိ ရှေးဟောင်း မွတ်စလင် သုဿန် အား ဖျက်သိမ်းမှု အပေါ် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၂၀၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    10417599_1603230123236794_7023159240178110003_n
    ပဲခူးမြို့ရှိ ပသီကဘာရ်စတာန်ဟု အမည်ရသည့် မွတ်စလင်သုဿာန်(ကဘာရ်စတာန်)အား အာဏာပိုင်များက မနေ့က မနက် ၈-နာရီခန့်က စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့သည်ဟု သိရှိရသောကြောင့် ပဲခူးမြို့ခံများအား ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ကိုဂျမားက ဖြေကြားပေးထားတာ ဖြစ်ပါတယ်။

    M-Media – ပဲခူးမြို့ ကဘာရ်စတာန်ကိစ္စ အခြေအနေကို ပြောပြပေးပါလား။

    ဖြေ – ပဲခူး ကဘာရ်စတာန် အခုလောလောဆယ်အခြေအနေက တိုင်းဒေသကြီးအစိုးရက ဥပဒေမဲ့ အတင်းအဓမ္မ ကဘာရ်စတာန်ထဲကို ဘူဒိုဇာနဲ့ ၀င်ထိုးနေတာပေါ့ဗျာ။

    M-Media – ဘယ်အချိန်က စပြီး အဲ့လို လုပ်တာပါလဲ။

    ဖြေ – ဇူလိုင် ၁၈-ရက် မနက် ၈-နာရီခွဲ ၀န်းကျင်က စလုပ်တာပါ။

    10463059_1603230306570109_916755551023795334_n

    M-Media – ကဘာရ်စတာန်အကြောင်း ပြောပြပေးလို့ ရမလား။

    ဖြေ – ဟုတ်ကဲ့ ဒီကဘာရ်စတာန်က ၁၉၈၇-ခုနှစ်တုန်းက သိမ်းတယ်ဆိုတဲ့စကားလုံးကြောင့် စည်ပင်နဲ့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မွတ်စလင်လူကြီးတွေ အမှုဖြစ်ခဲ့တယ်။ အစ္စလာမ်ဘာသာဝင် လူကြီးတွေက အနိုင်ရရှိခဲ့တယ်။ အစ္စလာမ်ဘာသာဝင်တွေထဲက အမှုဆောင်အရာရှိ ဦးဘထူးကိုယ်တိုင်က ဒီသုဿာန်မြေသည် အစ္စလာမ်ဘာသာဝင် သုဿာန်မြေဖြစ်ကြောင်း တရားရုံးမှာ တရားဝင် ထွက်ဆိုခဲ့တယ်။ အဲ့ဒါက တစ်ချက်။ နောက်တစ်ချက်က ဒီသုဿာန်ဝင်းထဲမှာ တခြား အဆောက်အဦးတွေ ဗလီ၊ ဇရပ်၊ ရှေးဟောင်းရေတွင်းတွေ ရှိတယ်ဆိုတာလည်း ထည့်သွင်းထားတယ်။ ဒီလို တရားရုံးမှာ တရားဝင် ထွက်ဆိုထားတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေ ပိုင်တယ်ဆိုတာကို ဖော်ညွှန်းနေတယ်။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလိုလုပ်တာဟာ မတရားသဖြင့် လုပ်တယ်လို့ မြင်တယ်။ အဲ့ဒါက တစ်ချက်ပါ။ နောက်တစ်ချက်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဥပဒေမှာ ၁၉၉၈-ခုနှစ် စက်တင်ဘာလ ၁၀-ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာ ဥပဒေအမှတ် ၉/၉၈ မှာ တရားဝင် ဖော်ပြထားတယ်။ ၁၈၈၆-ခုနှစ် မတိုင်မီက တည်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းသုဿာန် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားတယ်။ အခု လက်ရှိဖျက်နေတဲ့ ပသီသုဿာန်ဟာ ၁၈၈၆-ခုနှစ် မတိုင်မီကတည်းက သုဿာန်ဖြစ်တဲ့အတွက် ဒါဟာ ရှေးဟောင်း ယဉ်ကျေးမှု သုဿာန်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးအဖွဲ့ကြီးက အခုလို မတရားသဖြင့် ဘူဒိုဇာဖြင့် ၀င်ရောက်ထိုး ဖျက်ဆီးခြင်းဟာ ရှေးဟောင်း ဥပဒေ ၉/၉၈ ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါဟာ ဒုတိယအချက်ပါ။

    M-Media – ဟုတ်ကဲ့ အခု ပသီသုဿာန်က မွတ်စလင်တွေရဲ့ ပိုင်ဆိုင်ခွင့် အထောက်အထား ဘယ်လိုရှိပါသလဲ။

    ဖြေ – ဒီသုဿာန်က မွတ်စလင်တွေကို ချပေးထားတဲ့ သုဿာန်မဟုတ်ပါဘူးခင်ဗျ။ ၁၉၈၇-ခုနှစ် ဦးဘထူးရဲ့ ထွက်ဆိုချက်မှာ ဒီသုဿာန်သည် ဦးအဘူဟတ်ဆိုတဲ့ ပုဂ္ဂိုလ်က ၀ယ်ယူလှူဒါန်းထားတဲ့ သုဿာန်ဖြစ်တယ်။ ဒီအတွက်ကြောင့် နှစ်နဲ့ပြောရင် နှစ်ပေါင်း ၁၅၀ ၀န်းကျင်ရှိပါပြီ။

    10527878_1603230383236768_5719318116912249235_n

    M-Media – သူဝယ်ယူထားတဲ့ ပိုင်ဆိုင်မှု အထောက်အထားရှိပါသလား။

    ဖြေ – ပိုင်ဆိုင်မှုက မြေပုံရှိပါတယ်။ မြေပုံမှာ ၀ယ်ယူတဲ့အချိန်က ဘိုးဘွားပိုင်မြေအဖြစ်နဲ့ ၀ယ်ယူထားတယ်။ မြှုပ်နှံတဲ့အချိန်မှာ စည်ပင်သာယာက သုဿာန်ဥပဒေ အစိမ်းပေါက်အနေနဲ့ အခွန်ကင်းလွတ်ခွင့်ရရှိထားတဲ့ မြေဖြစ်တယ်။ မြေအမျိုးအစား ၃-မျိုး ရှိတယ်ခင်ဗျ။ တစ်မျိုးက သာသနာ့မြေ၊ သာသနာ့မြေ အစိမ်းပေါက် အခွန်ကင်းလွတ်ခွင့်၊ နောက်တစ်မျိုးက သုဿာန်မြေ အခွန်ကင်းလွတ်ခွင့်၊ နောက်ဆုံးတစ်မျိုးက ဆောက်လုပ်ရေး လုပ်ပိုင်ခွင့် အဲ့ဒါက တစ်မျိုးပေါ့။ ကျွန်တော်တို့ ရရှိထားတဲ့မြေက အစိုးရအာဏာပိုင်အဖွဲ့အစည်းက ၀င်ရောက် ဖျက်ဆီးခွင့်မရှိတဲ့ သာသနာ့မြေ အမျိုးအစားဖြစ်တယ်။ ဒီထဲမှာ ဗလီတွေရှိတဲ့အတွက် ၀င်ရောက်ဖျက်ဆီးခွင့် မရှိဘူး။

    M-Media – ဟုတ်ကဲ့ အခုလို ဖျက်ဆီးနေတာကို ပဲခူးမြို့က တာဝန်ရှိသူ မွတ်စလင်တွေဘက်ကရော တိုင်းဒေသကြီးအစိုးရ ဘယ်လိုဆက်သွယ်ပြီး ဆောင်ရွက်နေပါသလဲ။

    ဖြေ – ကျွန်တော်တို့ ဒီသုဿာန်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅-ဖွဲ့ရှိတယ်။ သုဿာန်သော့ကိုလည်း ကျွန်တော်တို့လက်ဝယ်မှာ မထားပဲ အဲ့ဒီအဖွဲ့ကြီး ၅-ဖွဲ့ကို ၂၀၁၀-ခုနှစ်ကတည်းက ကျွန်တော်တို့ အပ်နှံထားတာဖြစ်တယ်။ ဒီအဖွဲ့ကြီးကလည်း ၂၀၁၀-ခုနှစ် ဇူလိုင်လ ၂၀-ရက်နေ့က စာအမှတ်နဲ့ ကျွန်တော်တို့ကို ညွှန်ကြားထားတယ်။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမသိပဲ အဖွဲ့ကြီးရဲ့သဘောတူညီမှု မရပဲ မည်သည့်တစ်စုံတစ်ရာမှ မပြုလုပ်ရလို့ ညွှန်ကြားထားတာ ရှိပါတယ်။

    M-Media – ဟုတ်ကဲ့ ဒီလိုဆိုရင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့က အခုကိစ္စအတွက် ဘယ်လို လုပ်ဆောင်ပေးနေပါသလဲ။

    ဖြေ – အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ဇူလိုင် ၁၈-ရက်နေ့မှာ အစည်းအဝေးထိုင်ပါတယ်။ ပထမရက်တွေတုန်းကလည်း တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတကို ကန့်ကွက်စာပို့တယ်။ ဇူလိုင် ၁၈-ရက်နေ့မှာလည်း ကန့်ကွက်စာတွေ ပို့ပါတယ်။ အခု ဖျက်နေတဲ့နေ့မှာလည်း တိုင်းဒေသကြီးအဖွဲ့ကို အမျိုးမျိုး အကြောင်းကြားပြီး သူတို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီလုပ်ဆောင်ပေးနေပါတယ်။

    နောက်ပြီးတော့ ကျွန်တော်တို့ ပဲခူးမြို့ အစ္စလာမ်ဘာသာဝင်တွေကလည်း လက်မှတ်တွေထိုးပြီးတော့ ဇူလိုင်လ ၁၈-ရက် မနက်မှာပဲ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းကို လိပ်မူပြီးတော့ စာတင်ထားပါတယ်။ သုဿာန်မြေကို တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်မည့်ကိစ္စကို ကန့်ကွက်စာတင်ထားပါတယ်။ စာတင်ထားတဲ့ကြားထဲက အခုလို အတင်းအဓမ္မ၀င်ရောက် ဖျက်ဆီးတာဟာ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ခံစားမိပါတယ်။

  • RFA: ရခိုင်ပဋိပက္ခဖြေရှင်းဖို့ အရေးကြီးကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သတိပေး

    ဇူလိုင် ၁၈ ၊ ၂၀၁၄
    RFA (မြန်မာပိုင်း)

    mrs-yanghee-lee
    ရခိုင်ပြည်နယ် ပဋိပက္ခကို မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့  ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က ဒီနေ့ ပြောခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေ အနေတွေကို လေ့လာဖို့အတွက် ရောက်ရှိနေတဲ့ Ms Yanghee Lee က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာဖြစ်ပါတယ်။

    “မိမိအနေနဲ့ သုံးသပ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုပါ ထိခိုက်လာနိုင်ပါတယ်”

    ဒါ့အပြင် Ms Yanghee Lee က မြေပုံမြို့နယ်ကစပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ အတိုင်း ဆောင်ရွက်နေတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ ကာယကံရှင်တွေရဲ့ ဆန္ဒသဘောထားကိုလိုက်နာဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခြေအနေ မငြိမ်မသက်ဖြစ်မှာကို စိုးရိမ်တာကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကို သီးခြားစီထားရတာဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်လာသူတွေကို နိုင်ငံအနှံ့လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

    Ms Yanghee Lee ဟာ ဒီကနေ့ စစ်တွေအကျဉ်းထောင်မှာရှိတဲ့ မွတ်စလင် အကျဉ်းသားတချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ သလို ဆတ်ရိုးကျ ရခိုင်ဒုက္ခသည်စခန်းနဲ့ ဘောဒူဘ မွတ်စလင် ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာ ခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ ဒီကနေ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
    အသံဖိုင်-http://goo.gl/GpvpJ4

    ဓါတ်ပုံ အညွှန်း -ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်
    Photo: Min Thein Aung/RFA

    RFA Link =>http://www.rfa.org/burmese/news/mrs-yanghee-lee-rakhine-trip-07182014113000.html

  • မန္တလေး နေကဖေးပိုင်ရှင်များ မုဒိန်းမှုမှာ လိမ်လည်လီဆယ် လုပ်ကြံ တိုင်တန်းမှုဖြစ်၍ အမှုပိတ်သိမ်း

    ဇူလိုင် ၁၉၊ ၂၀၁၄
    M-Media
    သုတ

    Thit_Htoo_Lwin_-_2014-06-30_16.43.02
    ဇူလိုင်လဆန်းက မန္တလေးတွင် အကြမ်းဖက်မှု စတင်ဖြစ်ပွားစေရန် အကြမ်းဖက်သမားများက လှုံ့ဆော်ခဲ့သည့် ကိစ္စရပ်ဖြစ်သော မန္တလေး နေကဖေး ပိုင်ရှင်များက မုဒိန်းမှုကျူးလွန်သည်ဆိုသည်မှာ လိမ်လည်လီဆယ် လုပ်ကြံတိုင်တန်းခြင်းဖြစ်ကြောင်း
    အမှုမှန်ပေါ်ပေါက်ပြီဖြစ်ကြောင်း 88.9 FM က ယနေ့ညပိုင်းက ကြေညာ သွားသလို၊ ယနေ့ည ၈-နာရီ MRTV4 သတင်းတွင်လည်း ယင်းကိစ္စမှာ လိမ်လည်လီဆယ်တိုင်တန်းသည့်အမှုဖြစ်သည့် အတွက် ယင်းအမှုအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့သည်ဟု သိရှိရသည်။
    (1)_Wira_Thu_-_2014-07-02_02.37.56
    အဆိုပါသတင်းကို သစ်ထူးလွင့် ဘလောဂ် မှ စတင် သတင်းတင်ခဲ့ပြိ့း  မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ၉၆၉ ဦးဆောင် ဆရာတော် ဦးဝီရသူတို့မှ အွန်လိုင်းစာမျက်နှာတွင် ဖြန့်ဝေရာမှ လှုံဆော်မှုများ ဖြစ်ပွားပြိး မန္တလေးမြိုတွင် အကြမ်းဖက်မှု ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ပြိး လူ ၂ ဦးသေဆုံးခဲ့ပါသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေကို M-Media မှ ထပ်မံစုံစမ်း တင်ပြသွားမည် ဖြစ်ပါသည်။

  • အာဇာနည်များ၏ စိတ်ဝိညာဉ်များ ခိုအောင်းရာနေရာတွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ကျင်းပ

    ဇူလိုင် ၁၉၊ ၂၀၁၄
    လမင်း
    05
    ရန်ကုန်။ ။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကြီးကို အာဇာနည်များ၏ စိတ်ဝိညာဉ်များ ခိုအောင်းရာနေရာဖြစ်သော ယခင် ၀န်ကြီးများရုံးရှေ့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပြီး အာဇာနည်များကို ဂါရ၀ပြုဦးညွတ်အလေးပြုခဲ့ကြသည်။

    အာဇာနည်နေ့အခမ်းအနားတွေကို ယခုကဲ့သို့ ပြုလုပ်နေရခြင်းမှာ လူထုတွေကြားထဲမှာပျောက်ကွယ်နေတဲ့ အာဇာနည်စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ရန်ဖြစ်ပြီး၊ ဒီနေ့ကို လူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းစေချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ် လို့ ကဗျာချစ်သူများအသင်းမှ ကဗျာဆရာ မောင်ဆောင်းခက အာဇာနည်နေ့ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်ပြီး ဆိုသည်။

    “ဒီနေရာမှာလုပ်တာဟာလည်း သူတို့ရဲ့ သွေးမြေကျခဲ့တဲ့နေရာ၊ စိတ်ဝိညာဉ်တွေခိုအောင်းနေတဲ့နေရာဖြစ်လို့ လာရောက် ဂါရ၀ပြုရခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

    ကဗျာချစ်သူများအသင်းမှ ကဗျာဆရာများမှ အာဇာနည်နေ့ကို ဂုဏ်ပြုသော ကဗျာများကို ရွတ်ဆိုခဲ့ကြပြီး ဘာသာပေါင်းစုံ အဖွဲ့အစည်းများမှ အာဇာနည်ခေါင်းဆောင်များအတွက် ဆုတောင်းဝတ်ပြုခဲ့ကြပြီး ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြများဆွဲကာ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုဦးညွတ်ခဲ့ကြသည်။

    “ဒီနှစ်က မနှစ်ကထက်ပိုပြီး လွတ်လပ်ခွင့်ရလာတယ်လို့ ထင်ပါတယ်။ ဒီနှစ်မှာ ကားဥသြသံတွေလည်း ဆွဲခွင့်ပေးလာပါတယ်။ ရန်ကုန်မြို့မှာတော့ လုပ်ခွင့်ရပြီး တခြားမြို့တွေမှာ လုပ်ခွင့်မရတာလည်းရှိနေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရပိုင်းမှာ ချိတ်ဆက်မှုတွေမရှိသေးပါဘူး။ လုပ်လို့ရတဲ့နေရာကရ မရတဲ့နေရာကမရ ဖြစ်နေတယ်” လူငယ်နှင့် သဟဇာတဖြစ်ရေးစင်တာမှ ကိုသက် က သုံးသပ်ပြောကြားသည်။

    ယင်းအခမ်းအနားကို ကဗျာချစ်သူများအသင်း၊ Myanmar Youth Social and Education Local Focus၊ Peace Machine Group၊ Muslim Youth Network၊ Center for Youth and Social Harmony၊ Mizzima Youth Network၊ Community Learning Centre၊ Myanmar Muslim Student Youth၊ Sunflowers Group စသည့် အဖွဲ့များက ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

    Facebook တွင် ဓါတ်ပုံများ ကြည့်ရန် http://goo.gl/Tnqfih

  • မန်ယူမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကလပ်အသင်းဟု နည်းပြသစ်ဗန်ဂါးလ်ပြော

    ဇူလိုင် ၁၉ ၊ ၂၀၁၄
    M-Media
    433919_heroa
    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကလပ်အသင်းဖြစ်သည်ဟု နည်းပြသစ် ဗန်ဂါးလ်က ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    ဗန်ဂါးလ်မှာ ဗုဒ္ဓဟူးနေ့က မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး နည်းပြတာဝန်ထမ်းဆောင်ခဲ့ကာ ကြာသာပတေးနေ့ တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည် ယခုလက်ရှိ မန်ယူအသင်းတွင် အလျင်အမြန်ဆောင်ရွက်ရမည့် အရာများရှိကြောင်းကို သိရှိသည်ဟုလည်း ၎င်းက ဆိုသည်။

    “ကမ္ဘာတစ်ဝှမ်း ဘယ်လောက် လူကြိုက်များတယ်ဆိုတဲ့ အကြောင်းကြောင့်ဆိုရင်တော့ ဒီအသင်းဟာ အကြီးကျယ်ဆုံး အသင်းပါ။ ဒါပေမယ့် အားကစားမှာ ဘယ်တော့မှ ထိပ်ဆုံးရောက်နေတဲ့ အသင်းမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က (ပရီးမီးယားလိဂ်မှာ) ကျွန်တော်တို့ အဆင့် ၇ ချိတ်ခဲ့ပါတယ်။ ကျွန်တော်တို့ အကြီးကျယ်ဆုံး အသင်းမဖြစ်ခဲ့ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ၎င်း၏ ပထမဆုံးရာသီတွင် အသင်းအား မည်သည့်နည်းဖြင့် ကိုင်တွယ် သွားမည်ကို မပြောခဲ့ဘဲ၊ မိမိအနေဖြင့် အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကစားသမားများ မိမိ၏ ပုံစံနှင့် အံဝင်ခွင်ကျဖြစ်ရန် အတွက်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဗန်ဂါလ်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အသင်းတို့ကို ယခင်က ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “စပိန်မှာနံပါတ် ၁ အသင်းဖြစ်တဲ့ ဘာစီလိုနာ၊ ဟော်လန်မှာ နံပါတ် ၁ ဖြစ်တဲ့ အေဂျက်စ်နဲ့ ဂျာမနီမှာ အကြီးဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျွန်တော် နည်းပြခဲ့ဖူးပါတယ်။ အခုတော့ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးအသင်းမှာ ကျွန်တော်ရောက်နေပါပြီ”

    နည်းပြမိုယက်စ် ထွက်ခွာသွားခဲ့ပြီးနောက် ဗန်ဂါလ်အား ပြီးခဲ့သည့်မေလက မန်ယူအသင်းမှ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက် နည်းပြအဖြစ် မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်က ဆောင်ရွက်သွားမည်ဖြစ်သည်။