News @ M-Media
Blog
  • အစ္စလာမ့် ဒဿနိကဗေဒ ပညာရပ်ရဲ့ ဖခင် (သို့) စွယ်စုံရ သိပ္ပံ-၀ိဇ္ဇာ ပညာရှင် အစ်ဗနေ့ အစ်ဟာက် အလ်-ကင်ဒီ
    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    လေးမောင် စုစည်းတင်ဆက်သည်။
    အစ္စလာမ့် ဒဿနိကဗေဒပညာရပ်ရဲ့ ဖခင် သို့မဟုတ် စွယ်စုံရ သိပ္ပံ-၀ိဇ္ဇာ ပညာရှင် အစ်ဗနေ့ အစ်ဟာက် အလ်-ကင်ဒီ
    တမန်တော်မုဟမ္မဒ်သခင် ကွယ်လွန်ပြီးနောက်ပိုင်း အစ္စလာမ့်အင်ပါယာကြီး ကျယ်ပြန့်လာတာနဲ့ အတူ အာရပ်တွေဟာ နယ်ပယ်စုံမှာ တိုးတက်ထွန်းကားလာခဲ့ကြပါတယ်။ အစ္စလာမ်သာသနာကို တင်းပြည့်ကျပ်ပြည့်လိုက်နာခဲ့ကြတဲ့ သူတို့တွေဟာ လေ့လာစူးစမ်းမှုတွေ သုတေသနတွေကိုလည်း ပြုလုပ်ခဲ့ကြပြီး ၀ိဇ္ဇာသိပ္ပံဘာသာရပ်တွေမှာ တွေ့ရှိချက်အသစ်တွေ၊ ဖော်မြူလာအသစ်တွေကိုလည်း တီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ အဲဒီပညာရှင်တွေထဲက အစောဆုံးလို့ပြောရမယ့် အေဒီ ၈ ရာစုအစပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ စွယ်စုံရ တွေးခေါ်ပညာရှင် ကြီး အလ်-ကင်ဒီရဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။
    ငယ်ဘဝ
    Al_Kindi2 အမည်အပြည့်အစုံ အဘူယူစွဖ် ယာကွဗ် အစ်ဗနေ့ အစ်ဟာက် အလ်-ကင်ဒီကို အီရတ်နိုင်ငံ ကူဖာမြို့မှာ အေဒီ ၈၀၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ တောင်ပိုင်း အာရေဗျမျိုးနွယ်ဖြစ်တဲ့ ကင်ဒဟ် မျိုးနွယ်မှဖြစ်ပြီး အဖိုးဖြစ်သူ အလ်-အရှ်အသ်ဟ် အစ်ဗနေ့ ကာအစ်ကတော့ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ)ရဲ့ သာဝကကြီး တစ်ပါးဖြစ်ပါတယ်။ အဖေဖြစ်သူ အစ်ဟာက် အစ်ဗနေ့ အလ်-ဆာဘာဟ်ဟာ အဘာဆစ်ခလီဖာ သုံးဦးလက်ထက်မှာ ကူဖာမြို့ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
    ကူဖာဟာ အဲဒီခေတ်က မက္ကာဟ်၊ မဒီနာတို့လို အစ္စလာမ့်အခြေပြု ၀ိဇ္ဇာ၊ သိပ္ပံပညာဘာသာရပ်တွေ ထွန်းကားတဲ့နေရာတစ်ခုဖြစ်ပြီး ကင်ဒီဟာ ကူဖာမြို့ ကျောင်းမှာပဲ သူရဲ့ ပညာရေးကို စတင်ခဲ့ပါတယ်။ ကင်ဒီရဲ့ အစောပိုင်းနှစ်တွေမှာ အာရဗီ ဘာသာစကား၊ သဒ္ဒါ၊ ရသစာပေနဲ့ အစ္စလာမ့် သိပ္ပံ ပညာရပ်တွေကို လေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ အစ္စလာမ် ဘာသာတရား၊ သင်္ချာပညာ နက္ခတဗေဒပညာရပ်နဲ့ ဒဿနိကဗေဒ ပညာရပ်တွေကို အထူးပြု လေ့လာခဲ့ပါတယ်။ ပါရမီရှိပြီး ထူးချွန်တဲ့ ကင်ဒီဟာ သူလေ့လာတဲ့ ပညာရပ်တိုင်းကို လွယ်လွယ်ကူကူပဲ တတ်မြောက်ခဲ့ပါတယ်။
    ဘဂ္ဂဒတ်သို့
    Al-Kindiသာမန်ပညာရေး ပြီးဆုံးခဲ့ပြီးနောက် ကင်ဒီဟာ အဆင့်မြင့်ပညာတွေ ဆက်လေ့လာဖို့ အဂ္ဂဒတ်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်က အစ္စလာမ့်အင်ပါယာကို ဘုရင် ဟာရွန် အလ်-ရရှစ်ဒ်ရဲ့သား အလ်-မာမွန်က အုပ်ချုပ်နေတာဖြစ်ပြီး ဘဂ္ဂဒတ်ဟာလည်း နိုင်ငံရေးအရ အချက်အချာကြတဲ့ နေရာတစ်ခုပါ။ ဘုရင် အလ်-မာမွန်ဟာ ၀ိဇ္ဇာ သိပ္ပံပညာတွေကို အားပေးမြှင့်တင်ပေးသူ ဖြစ်ပါတယ်။
    ကင်ဒီကိုလည်း ဘုရင် အလ်-မာမွန်က ထောက်ခံအာပေးခဲ့ပြီး ဖခင်ဖြစ်သူတည်ဆောက်ခဲ့တဲ့ မွတ်စလင် သိပ္ပံပညာရှင်တွေ စုစည်းရာ ဘိုက် အလ်-ဟစ်ကမာ(House of Wisdom) စာကြည့်တိုက်နဲ့ သုသေတနစင်တာမှာ လေ့လာမှုတွေလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
    အဲဒီ အလ်-ဟစ်ကမာမှာ ကင်ဒီဟာ သူ့ဘ၀ရဲ့ အချိန်တွေနဲ့ စွမ်းအားတွေ အားလုံးကို နှစ်မြုပ် ခဲ့ပြီး သင်္ချာ၊ နက္ခတဗေဒ၊ ဓာတုဗေဒ၊ ဂီတသီအိုရီနဲ့ ဒဿနိကဗေဒ စတဲ့ပညာရပ်တွေကို လေ့လာ ခဲ့ကာ ထင်ရှားတဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်လာ ခဲ့ပါတော့တယ်။ အဲဒီ အချိန်အတွင်းမှာ ကင်ဒီဟာ သူရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ဘဂ္ဂဒတ်မှာရှိတဲ့ တရားရုံးမှာ လက်ရေးလှ ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
    သုတေသနအဖွဲ့ခေါင်းဆောင် ကင်ဒီ
    ဘုရင် အလ်-မာမွန်ဟာ ကင်ဒီကို အလွန်ချစ်ခင် အားကိုခဲ့ပြီး ဂရိ၊ ပါရှား၊ အိန္ဒိယ ဘာသာစကားတွေနဲ့ ရေးသားထားတဲ့ ဒသဿနိက၊ သင်္ချာပညာရပ်တွေနဲ့ သိပ္ပံဆိုင်ရာ စာအုပ်တွေကို အာရဗီဘာသာစကားသို့ ပြန်ဆိုဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂရိ၊ ပါရှန်နဲ့ အိန္ဒိယ ဒဿနိကပညာရပ်တွေမှာ ပါရဂူမြောက် ဖြစ်လာခဲ့တဲ့ ကင်ဒီဟာ ဒီအတွေးအခေါ်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ အတွေးအခေါ်သစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ သုတေသနအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူတို့အဖွဲ့ဟာ ရှေးဟောင်း ဒဿနိကဗေဒနဲ့ သိပ္ပံဆိုင်ရာ စာအုပ်စာပေအမြောက်အများကို အချိန်တိုတိုအတွင်းမှာ အာရဗီ ဘာသာသို့ ပြန်ဆိုနိုင် ခဲ့ပြီး တည်းဖြတ်မှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလို ဘာသာပြန်ဆိုနိုင်ခဲ့တာ မွတ်စလင်ကမ္ဘာ့မှာ ပထမဆုံးလည်းဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့လေ့လာမှုတွေကထွက်ပေါ်လာတဲ့ အတွေးအခေါ်တွေဟာ စောစာပိုင်း မွတ်စလင် ဒဿနိကဗေဒနဲ့ သိပ္ပံပညာရှင်တွေအပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး ဖြစ်လာခဲ့ပါတယ်။
    ခလီဖာ အလ်-မာမွန်ရဲ့ အနှစ်သက်ဆုံး ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ကင်ဒီဟာ ရှေးခေတ် ဒဿနိကနဲ့ သိပ္ပံပညာရပ်ရပ်ဆိုင်ရာစာအုပ်တွေကို ဘာသာပြန်တာသာမက အဲဒီအချိန်ကာလက ပေါ်ထွန်းသိရှိခဲ့တဲ့ သိပ္ပံပညာရပ်အားလုံးနီးပါးနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေလည်း လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း အသစ်တက်လာတဲ့ ခလီဖာ မူတက်စ်အင် ဘီလာဟ် လက်ထက်မှာ ကင်ဒီဟာ ခလီဖာရဲ့သားကို စာသင်ပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
    page_from_AlKindi_book
    First page of Al-Kindi’s Treatise on Deciphering Cryptographic Messages which was recently rediscovered in the Ottoman archives in Istanbul. This text is the first known recorded explanation of cryptanalysis based on the method of frequency analysis. Source: http://www.apprendre-en-ligne.net/crypto/ stat/index.html.
    theories_of_vision
    The well known book of David C. Lindberg on Al-Kindi’s optics: Theories of Vision from Al-Kindi to Kepler (University of Chicago Press, 1976).
    စွယ်စုံရကင်ဒီ
    နောက်ပိုင်းမှာတော့ ဘဂ္ဂဒတ် ဘုရင့်နန်းတော်က နက္ခတဗေဒအဖွဲ့ရဲ့အကြီးအကဲ အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကင်ဒီရဲ့အသက်ဟာ ၃၂ နှစ်ပဲရှိပါသေးတယ်။ မှတ်ဥာဏ်အား အလွန်ကောင်းပြီး စွမ်းစုံကျမ်းတစ်ခုလို အစွမ်းထက်တဲ့ စိတ်စွမ်းအားမျိုးရှိတဲ့ ကင်ဒီဟာ သင်္ချာ၊ နက္ခတဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဂီတ၊ အလင်းပိုင်းဆိုင်ရာ၊ ပထ၀ီဝင်၊ ဘာသာရေး သိပ္ပံ၊ တွေးခေါ်မြော်မြင်မှုနဲ့ စာပေပညာရပ်တွေ အပါအ၀င် ဘာသာရပ်မျိုးစုံကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ပါတယ်။
    အလင်း၊ ဂီတနဲ့ ဒဿနိကဗေဒ နယ်ပယ်တွေမှာတော့ ကင်ဒီရဲ့ ကိုယ်ပိုင်တွေ့ရှိချက်တွေ အများဆုံးရှိခဲ့ပါတယ်။ အလင်းနဲ့ ပတ်သက်တဲ့ သမိုင်းမှာ ထိန်လင်းတဲ့ အရာဝတ္ထုက ထွက်လာတဲ့ မျဉ်းဖြောင့်တစ်ကြောင်းရဲ့ စည်းမျဉ်းဥပဒေသကို ကင်ဒီဟာ ပထမဆုံးအကြိမ် ရှင်းပြနိုင်ခဲ့ပါတယ်။ ဒီစည်းမျဉ်းဟာ ယနေ့ခေတ်အခါမှာ သာမန် ဗဟုသုတ တစ်ခုသာဖြစ်ပေမယ့် ၉ ရာစု ခေတ်ကာလဖြစ်တဲ့ အဲဒီအချိန်တုန်းကတော့ အလင်းနဲ့ ပတ်သက်တဲ့နယ်ပယ်မှာ ဒါဟာ ထင်ရှားတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကင်ဒီဟာ သူရဲ့ တွေ့ရှိချက်အတွက် ဖယောင်းတိုင်ကိုသုံးပြီး လက်တွေ့စမ်းသပ်ပြခဲ့နိုင်ခဲ့ပြီး အဲဒီစမ်းသပ်မှုကို “ဖယောင်းတိုင် စမ်းသပ်မှု”လို့ အမည်တပ်ခဲ့ပါတယ်။
    စကားဝှက်တီထွင်သူ ကင်ဒီ
    သင်္ချာနယ်ပယ်မှာတော့ ကင်ဒီဟာ အိန္ဒိယ ကိန်းဂဏန်းတွေကို အစ္စလာမ်နဲ့ ခရစ်ယာန် ကမ္ဘာကို မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပြီး စာလုံးဆက်ပညာနဲ့ စကားဝှက်ရေးသားနည်းကို တီထွင် ခဲ့သူလည်းဖြစ်ပါတယ်။ သင်္ချာနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို အသုံးချပြီး ကင်ဒီဟာ အချိုးချခြင်း နည်းလမ်းကို တီထွင်ခဲ့ကာ၊ ဒီနည်းလမ်းကြောင့် ဆရာဝန်တွေဟာ ဆေးရဲ့ ထိရောက်မှုကို တိုင်းတာနိုင်ခဲ့ပါတယ်။
    နောက်ပြီး ဂျီသြမေထရီပညာရပ်နဲ့ ဇီဝကမ္မပညာရပ်တွေမှာလည်း ကင်ဒီဟာ စားအုပ်အများအပြား ရေးသားခဲ့ပြီး ကမ္ဘာ့အရှေ့နဲ့ အနောက် နှစ်ခုစလုံးမှာ စံပြုစရာ စာအုပ်တွေဖြစ်လာခဲ့ပါတယ်။
    ဂီတပညာရှင် ကင်ဒီ
    ဂီတနယ်ပယ်မှာလည်း ကင်ဒီဟာ စာအုပ်နဲ့ ကျမ်း စုစုပေါင်း ၇ အုပ်ရေးသားခဲ့ပြီး သမိုင်းတစ်လျှောက် အကျော်ကြားဆုံး ဂီတသီအိုရီ ပညာရှင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂီတနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ပထမဆုံးရေးသားခဲ့တဲ့ ကင်ဒီကို ဂီတဆိုင်ရာ သီအိုရီနယ်ပယ်ရဲ့ ဖခင်လို့ သမိုင်းပညာရှင်များက သတ် မှတ်ခဲ့ကြပါတယ်။ သူရဲ့ရေးသားမှုမှာ ကင်ဒီဟာ သံစဉ်(ရစ်သမ်)ရဲ့ အသေးစိတ် အဓိပ္ပါယ်နဲ့ အရေးပါမှုကို ရှင်းပြခဲ့ပြီး အထူးသဖြင့် အာရပ်ဂန္တ၀င်ဂီတဲ့မှာရှိတဲ့ ရစ်သမ်ရဲ့ အခန်းကဏ္ဍကို အထူးလေးပေးခဲ့တာပါ။ သူရဲ့ အဲဒီပညာရပ်ကို မွတ်စလင်တွေဟာ နောက်ပိုင်း အနောက်ကမ္ဘာကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
    ကမ္ဘာကျော်ခဲ့ခြင်း
    ဒဿနိကဗေဒမှာ ကင်ဒီဟာ စာအုပ်ပေါင်း ၂၀ ကျော်ရေးသားခဲ့ပြီး သူရဲ့အဲဒီရေးသားမှုတွေက သူ့ကို ကမ္ဘာကျော်စေခဲ့တာပါ။ ဒီပညာရပ်မှာ ကင်ဒီဟာ မွတ်စလင်ကမ္ဘာနဲ့ အနောက်ကမ္ဘာမှာပါ ကျော်ကြားခဲ့ပါတယ်။ အနောက်ကမ္ဘာက ဒဿနိကဗေဒနဲ့ တွေးခေါ်ပညာရှင်တွေကိုပင် သူရဲ့ ရေးသားချက်တွေက လွှမ်းမိုးခဲ့ပြီး “အာရပ်တို့ရဲ့ တွေးခေါ်ပညာရှင်” အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒဿနိကဗေဒနဲ့ ပတ်သက်ပြီး သူရဲ့အကျော်ကြားဆုံး ကျမ်းကတော့ “Fil Falsafah al-Ula” (ဒဿနိကဗေဒ မူလဘူတကျမ်း) ဖြစ်ပြီး အဲဒီစာအုပ်ထဲမှာ ကင်ဒီဟာ ဒဿနိကဗေဒဆိုတာ အရာဝတ္ထုတွေရဲ့ အရင်းမူလ အသိပညာဆိုပြီး အဓိပ္ပါယ်ဖွင့်ခဲ့ပါတယ်။ နောက်ပြီး ဒဿနိကဗေဒရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ဒီပညာရပ်အပေါ် သူ့ရဲ့မှတ်ယူထားပုံတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။
    အစ္စလာမ့် ဒဿနိကဗေဒရဲ့ ဖခင်
    ဒဿနိကဗေဒနဲ့ပတ်သက်ပြီး သူရဲ့ဆောင်ရွက်ချက်တွေမှာ ဂရိတွေရဲ့ ရှေးဟောင်း ဒဿနိကဗေဒ ပညာရပ်တွေကို ကုရ်အာန်ရဲ့ အမြင်တွေနဲ့ အချိုးချဖို့ သူဟာ ဂရိဒဿနိကဗေဒဆိုင်ရာ အတွေးအခေါ်တွေကို အစ္စလာမ့်ရဲ့ ရှုထောင့်ကနေ စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ပါတယ်။ သူရဲ့ ဒီကြိုးပမ်းချက်ဟာ အောင်မြင်ခဲ့ပြီး အစ္စလာမ့် အခြေပြု ဒဿနိကဗေဒဆိုင်ရာ အတွေအခေါ်ပညာရပ် သီးခြားပေါ်ထွက်လာဖို့ လမ်းခင်းပေးခဲ့ပါတယ်။
    ဒဿနိကဗေဒပညာရပ်နယ်ပယ်မှာ ကင်ဒီရဲ့ ဘာသာပြန်မှုတွေ၊ တွေ့ရှိချက်တွေနဲ့ ဂရိတွေရဲ့အမြင်ကို အစ္စလာမ့် အတွေးအခေါ်တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားမှုတွေဟာ နောက်ပိုင်း ကျော်ကြားတဲ့ တွေးခေါ်ပညာရှင်တွေဖြစ်တဲ့ အလ်ဖာရာဘီ၊ အဘူ ဘာကာ အလ် ရာဇီ၊ အစ်ဗနေ့ဆီနာ၊ အလ် ဂါဇာလီ၊ အစ်ဗနေ့ ဘတ်ဂျာ၊ အစ်ဗနေ့ တူဖိုင်လ်နဲ့ အစ်ဗနေ့ ရွတ်ရှ်ဒ်တို့ရဲ့လက်ထက် မိုမိုပြီးပြည့်စုံတဲ့ အစ္စလာမ့်ဒဿနိကဗေဒဆိုင်ရာ အကျယ်တ၀င့်ရေးသားချက်တွေ ပေါ်ထွက်လာဖို့အတွက် လမ်းဖွင့်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။
    အံ့ဖွယ်စာရေးဆရာ
    စာအုပ်စာပေနဲ့ ပတ်သက်တဲ့ နယ်ပယ်က ပညာရှင် အလ်-နဒီမ်းကတော့ အလ်-ကင်ဒီဟာ သူ့ခေတ်သူ့အခါရဲ့ သိပ္ပံကဏ္ဍမှာ စာအုပ်ပေါင်း ၂၄၂ အုပ် ရေးသားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အခြားသုတေသနပညာရှင်တွေကတော့ ကင်ဒီဟာ စာအုပ်ပေါင်း ၂၈၀ ရေးသားခဲ့တယ်လို့ဆိုပါတယ်။ ကင်ဒီရဲ့ ရေးသားချက်တော်တော်များများဟာ ဒီနေ့ခေတ်မှာ မကျန်ရှိတော့ပေမယ့် သမိုင်းပညာရှင်တွေကတော့ ကင်ဒီဟာ ကြီးကျယ်တဲ့ တွေးခေါ်ပညာရှင်၊ စွယ်စုံရပညာရှင်နဲ့ အရေးသွက်တဲ့ စာရေးဆရာတစ်ဦးအဖြစ် မှတ်ယူထားကြပါတယ်။
    ကင်ဒီရဲ့ အောင်မြင်မှုတွေဟာ ဥရောပက တွေးခေါ်ပညာရှင်တွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးခဲ့ပါတယ်။ ကင်ဒီရဲ့ စာအုပ်တွေကို လက်တင်ဘာသာသို့ ပြန်ဆိုပြီးနောက်ပိုင်းမှာတော့ ကင်ဒီဟာ အနောက်နိုင်ငံတွေမှာ တွေးခေါ်ပညာရှင်၊ အလင်းနဲ့ပတ်သက်တဲ့ ပညာရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့ပါတယ်။ ကင်ဒီရဲ့ ပျောက်ဆုံးနေခဲ့တဲ့ စာအုပ် ၂၄ အုပ်ကို တူရကီစာကြည့်တိုက်တစ်ခုမှာ ၂၀ ရာစုအလယ်ပိုင်းက ပြန်တွေ့ခဲ့ပါတယ်။ အာရဗီဘာသာစကားနဲ့ ရေးထားတဲ့ ဒီစာအုပ်တွေဟာ အရေးပါဆုံးစာအုပ်တွေလည်းဖြစ်ပါတယ်။
    အဘူယူစွဖ် ယာကွဗ် အစ်ဗနေ့ အစ်ဟာက် အလ်-ကင်ဒီကို အနောက်နိုင်ငံတွေမှာတော့ အလ်ကင်ဒွတ်စ်လို့ သိကြပါတယ်။ မွတ်စလင်ကမ္ဘာမှာလည်း ကင်ဒီဟာ အစ္စလာမ့်ဒဿနိကဗေဒပညာရပ်ရဲ့ ဖခင်အဖြစ် ထင်ရှားခဲ့ပါတယ်။
    ဒဿနိကဗေဒနဲ့ သိပ္ပံနပညာရပ်တွေမှာ အပတ်တကုတ်ကြိုစားအားထုတ်ခဲ့တဲ့ ကင်ဒီဟာ အဘာစစ်ထီးနန်းကို ဆက်ခံခဲ့တဲ့ ရှေးရိုးစွဲဝါဒီ ခလီဖာ မူသာဝက်ကီလ်ရဲ့ လက်ထက်မှာတော့ နှိပ်စက်ငြှင်းပမ်းမှုကို ခံခဲ့ရပြီး ဘဂ္ဂဒတ်နန်းတော်ကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒူပေဒါပေခံတဲ့ ကင်ဒီဟာ နောက်ထပ် ၁၀ စုနှစ်တစ်ခုလောက် အသက်ရှင်ခဲ့ပြီး အေဒီ ၈၇၃ အသက် ၇၂ နှစ်မှာ ဘဂ္ဂဒတ်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
  • မလေးလေယာဉ်ကို ပစ်ချခဲ့တယ်လို့ ခွဲထွက်ရေးသမားများ ပြောခဲ့တဲ့ အသံဖိုင် ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်
    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    malaysiacrash08_2978618b
    မနေ့ကပျက်ကျခဲ့တဲ့ မလေးရှားခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေးသမားတွေက ပြောခဲ့တဲ့ ဖုန်းပြောဆိုမှု အသံဖိုင်တစ်ခုကို ယူကရိန်း ထောက်လှမ်းရေးဌာနက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    ရုရှားစစ်ဘက်ထောက်လှမ်းရေး အရာရှိတစ်ဦးနဲ့ ခွဲထွက်ရေးသမား သုံးဦးတို့ ဖုန်းပြောဆိုမှု တစ်ခုကို ကြားဖြတ်ဖမ်းယူထားတဲ့ အသံဖိုင်ဖြစ်ပြီး ယူကရိန်း ထောက်လှမ်းရေးဌာနက အင်္ဂလိပ်စာတန်းထိုးက ဗီဒီယိုအဖြစ် အင်တာနက်စာမျက်နှာပေါ်မှာ လွှင့်တင်ခဲ့တာပါ။
    ခွဲထွက်ရေးသမား သုံးဦးထဲကတစ်ဦးဟာ ယူကရိန်းအရှေ့ပိုင်း ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားခေါင်းဆောင် အီဂေါ ဘက်ဇ်လာဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးက ပြောဆိုထားပါတယ်။
    အီဂေါ ဘက်ဇ်လာပြောတဲ့အထဲမှာ “ငါတို့ လေယာဉ်ကို ပစ်ချလိုက်ပြီ” ဒါမှမဟုတ် “သူတို့လေယာဉ်ကိုပစ်ချလိုက်ပြီ” လို့ အဓိပ္ပါယ်နှစ်မျိုးထွက်တဲ့ စကားတစ်ခွန်း ပါဝင်ခဲ့ပါတယ်။ ဒီအသံဖိုင်ရဲ့ အလယ်ပိုင်းမှာ ရုရှားထောက်လှမ်းရေးအရာရှိနဲ့ အခြားခွဲထွက်ရေးသမား နှစ်ဦးတို့ လေယာဉ် ပျက်ကျရတဲ့အကြောင်း ဆွေးနွေးတာ ပါဝင်ခဲ့ပြီး လေယာဉ်ပျက်ကျခဲ့တဲ့နေရာနဲ့ မြောက်ဘက် ၁၅ မိုင်ဝေးတဲ့နေရာက Chernukhin စစ်ဆေးရေးဂိတ်နားမှာရှိတဲ့ Cossacks လို့သူတို့ခေါ်တဲ့ သူပုန်တွေက ပစ်ချခဲ့တဲ့လို့လည်း ပြောခဲ့ပါတယ်။
    “ကောင်းပြီ။ မင်းတို့အဲဒီမှာဘာတွေတွေ့လဲ” လို့ တစ်ယောက်ကမေးမြန်းခဲ့ပြီး ပျက်ကျတဲ့နေရာက နောက်တစ်ယောက်က “ဒီလေယာဉ်ဟာ ရာနှုန်းပြည့် ခရီးသည်တင်လေယာဉ်ပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။
    မေးမြန်တဲ့လူကို Greek လို အဲဒီဗီယိုမှာ ဖော်ပြခဲ့ပြီး ဖြေကြားတဲ့သူကိုတော့ Major လို့ ဖော်ပြခဲ့ပါတယ်။
    ဗီဒီယိုရဲ့နောက်ဆုံးပိုင်းက နောက်ထပ်ပြောဆိုမှုတစ်ခုမှာ ခွဲထွက်ရေးသမားတစ်ဦးက
    “အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အလောင်းတွေအများကြီးပဲ။ Cossacks တွေက အဲနေရာကိုသွားပြီး ကြည့်နေကြပြီ။ သူတို့က TV မှာ AN-26 ထောက်ပံ့ရေးလေယာဉ်လို့ ပြောတယ်။ ဒါပေမယ့် လေယာဉ်မှာ “မလေးရှား”လို့ရေးထားတယ်။ ယူကရိန်းပိုင်နက်ထဲကို ဒီလေယာဉ်က ဘာလာလုပ်တာလဲ” လို့ ပျက်ကျတဲ့နေရာရဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။
    ဒီအသံဖိုင်ဗီဒီယိုကို Kyiv Post သတင်းစာရဲ့ အွန်လိုင်းစာမျက်နှာ၊ ယူကရိန်း လုံခြုံရေးဌာနရဲ့ ၀ဘ်ဆိုဒ်နဲ့ YouTube စာမျက်နှာတို့မှာ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။
    ဒီအသံဖိုင်နဲ့ပတ်သက်ပြီး ရုရှားနဲ့ ခွဲထွက်ရေးသမားတွေဘက်ကတော့ မည်သည့်တုံ့ပြန်မှုမှ မလုပ်သေးပါဘူး။
    Ref: ဝါရှင်တန်ပိုစ်
    #MH17
  • အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗ-လ-မ ဋ္ဌာနချုပ်မှ ပေးပို့ခဲ့တဲ့စာ (၁၉၄၇)
    အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗ-လ-မ ဋ္ဌာနချုပ်မှ ပေးပို့ခဲ့တဲ့စာ (၁၉၄၇)
    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    Ba Ma La
    ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးမှ ရှမ်းကရင် ဗမာမွတ်စလင် လူငယ်ထုမှ တဆင့် ရှမ်းကရင် ဗမာမွတ်စလင် လူထုသို့ ပေးပို့သော ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် တိုင်းရင်းသားချင်း ပိုမိုသွေးစည်းရေး စာလွှာ
    သို့
    ရှမ်းကရင် ဗမာ-မွတ်စလင် လူငယ်အပေါင်းနှင့် ရှမ်း-ကရင်-ဗမာ-မွတ်စလင် လူထုအပေါင်းတို့….
    အသင်တို့နှင့် ကျွန်ုပ်တို့မှာ သွေးရင်းသားချင်း ဖြစ်ခဲ့ကြသည့် အလျောက် ကျွန်ုပ်တို့၏ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွန်မြတ်ကြည်လင်သော စိတ်ထားနှင့် အလုပ်တို့ကြောင့် တဦးနှင့်တဦး ချစ်ကြည်လေးစား ယုံကြည်မှုများကား ပွားများ၍လာခဲ့ကြသည်။
    ထိုကဲ့သို့ တဦးနှင့်တဦး ယုံကြည်အားထား လေးစားမှုများကြောင့် ကျွန်ုပ်တို့၏ အင်အားစုမှာ တနေ့တခြား ကြီးမား၍ လာခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီး၏ ရည်မှန်းတောင့်တရာ ဖြစ်သော လုံးဝလွတ်လပ်ရေး ဆုထူးဆုမြတ်ကြီးကား ကျွန်ုပ်တို့၏ လက်ဝယ်သို့ မလွဲဧကန် သက်ဆင်းရတော့မည့် အမှန်ဖြစ်သည် ထိုဓနရှင် နယ်ချဲ့ ဗြူရိုကရက်တို့ကား၊ မည်သည့် နည်းနှင့်မျှ ရှနက် ညွှတ်ရက်တော့မည် မဟုတ်ကြောင်း။
    ဤသည်ကို အကြောင်းပြု၍ ကျွန်ုတို့၏ သွေးစည်းမှု အင်အားစုံကို ပျက်ပြယ်စေသောအားဖြင့် (၀ါ) အားနည်းစေသော အားဖြင့် အသင်တို့ ကျွန်ုပ်တို့ အသီးသီး၏ ခေါင်းဆောင်ကြီးများအား လက်ပါးစေ အကြံပက်စက်သည့် လူ့တိရစ္ဆာန်များနှင့် ပေါင်းဖက်၍ ရက်စက်စွာ သတ်ဖြတ်လိုက်သဖြင့် ကျွန်ုပ်တို့ ခေါင်းဆောင်ကြီးများတွင် အပါအ၀င်ဖြစ်သော သင်တို့၏ ကိုယ်စားလှယ် ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီး စောစံထွန်း-မန်းဘခိုင်-မစ္စတာ ရာဇတ် စသည့် အသီးသီးတို့အား သွေးစိမ်းပွက်ပွက် ချင်းချင်း ထွက်၍ မရှုမလှ ကျဆုံးခဲ့ရလေသည်ကို ကျွန်ုပ်တို့ လူငယ်ထုမှာ နှမြောတသ ကြေကွဲဝမ်းနည်းလှပါတော့သည်။
    ၎င်းတို့အသီးသီး၏ မိဘဆွေမျိုး၊ ဇနီးသားမယားများအတွက်လည်း ထပ်လောင်း၍ ယူကျုံးမရရှိပါတော့သည်။
    သင်တို့အား သင်တို့၏ ခေါင်းဆောင်ကြီးတယောက် လက်လွှတ်လိုက်သဖြင့် မည်မျှ ကြေကွဲဝမ်းနည်း အားငယ်ကြမည်ကို ကျွန်ုပ်တို့ မှန်းဆကြည့်ခြင်းအားဖြင့် သင်တို့အတွက်လည်း ကျွန်ုပ်တို့သည် မချိတင်ကဲ ၀မ်းနည်းမိပါတော့သည်။
    အို-သွေးချင်းတို့
    သင်တို့ ကျွန်ုပ်တို့သည် ကျဆုံးလေပြီးသော သင်တို့ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများအား ချုပ်ခင်ခြင်း၊ ကြင်နားခြင်း၊ လေးစားခြင်းတို့ကို စိတ်ဓာတ်အားဖြင့် ပြရုံနှင့် အရာထင်မည် မဟုတ်၊ ၎င်းတို့၏ မြင့်မြတ်သန့်ရှင်းစင်ကြယ်လှသော စိတ်ထားကို သင်တို့ ကျွန်ုပ်တို့ အသီးသီး အသဲစွဲထားရှိပြီး ၎င်းတို့ခေါင်းဆောင် အချင်းချင်း သွေးမြေခ-ခန္ဓာကြွေသည်အထိ ရင်းနှီးစွာ ဆောင်ရွက်၍ လုံးဝ လွတ်လပ်ရေးတို့တွင် ၀င်ချီတက်ကြသည့် အမွေအနှစ်ပို သင်တို့နှင့် ကျွန်ုပ်တို့က လက်တွေ့ခံယူကာ ကျွန်ုပ်တို့ အချင်းချင်း ယခင်ကထက် ဆထက်တံပိုး ပိုမိုရင်းနှီးလျက် မလျော့သော စိတ်ဇွဲလုံ့လနှင့် တဦးအားတဦး သီးခံရင်းနှီးစွာ လုံးဝလွတ်လပ်ရေး အမွေအနှစ်ကို ခံယူကြပါစို့။
    တိုင်းရင်းသားချင်း ချစ်ခင်ရင်းနှီးရမည်။
    ဗဟိုရ်အမှုဆောင်
    ဗ-လ-မ ဋ္ဌာနချုပ်
    ရန်ကုန်မြို့။
    ၉-၈-၁၉၄၇ ဖဆပလ သတင်းစဉ်မှ
  • ပျက်ကျခဲ့တဲ့ မလေးရှားလေယာဉ် ပစ်ချခံရတာလို့ အမေရိကန် ကောက်ချက်ချ
    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    APTOPIX Ukraine Plane
    မနေ့က ယူကရိန်းနယ်စပ်မှာ ပျက်ကျခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ ပစ်ချခံလိုက်ရတယ်လို့ အမေရိကန်ကလည်း ကောက်ချက်ချခဲ့ပါတယ်။
    ရေဒါစနစ်တစ်ခုမှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ် အချက်ပြတာကိုတွေ့ခဲ့ရပြီး လေယာဉ်ပျက် မကျခင် လေးမှာလည်း ရေဒါကို ခြေရာ ခံနိုင်ခဲ့ကာ နောက်ရေဒါ စနစ်တစ်ခုမှာတော့ လေယာဉ်ထိသွားပြီးတဲ့နောက် အပူချိန်ထွက်လာတဲ့ လက္ခဏာကို တွေ့ခဲ့ရတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    ဒီတိုက်ခိုက်မှုတွေ ဘယ်ကလာတယ်ဆိုတာ စုံးစမ်းမှုတွေလုပ်နေပြီး အမေရိန်က ကျွမ်းကျင်သူတွေကိုလည်း လေယာဉ် ပျက်ကျတဲ့နေရာကို စေလွှတ်သွားမယ်လို့ သိရပါတယ်။
    မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ် MH 17 မှ လေယာဉ် ဟာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာစဉ် ရုရှား-ယူကရိန်း နယ်စပ်မှာ ပျက်ကျခဲ့ခြင်းဖြစ်ပါပြီး လေယာဉ်ပေါ်ပါရှိတဲ့ လူ ၂၉၅ ဦးစလုံးသေဆုံးသွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပျက်ကျခဲ့တဲ့ နယ်မြေဟာ ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေ ကြီးစိုးတဲ့ နယ်မြေဖြစ်ကြောင်းသိရပါတယ်။
  • ဂါဇာကို ဗုံးကျဲမှု ဆန့်ကျင်သောအားဖြင့် အစ္စရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးခြင်း ချီလီရပ်ဆိုင်း
    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    Bss5zvTCUAAs_eK.jpg large
    – ဂါဇာကမ်းခြေရှိ ပါလက်စတိုင်းပြည်သူများအပေါ် ဗုံးကြဲနေမှုအား ဆန့်ကျင်သောအားဖြင့် အစ္စရေးနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် ဆွေးနွေးမှုကို ချီလီနိုင်ငံက ရပ်ဆိုင်းခဲ့ပြီး တလ်အဗီးရှိ သံအမတ်ကိုလည်း ပြန်လည်ခေါ်ယူရန် စဉ်းစားနေသည်ဟု သိရသည်။
    ချီလီ-ပါလက်စတိုင်း ပါလီမန်အဖွဲ့က Hispan TV သို့ပြောကြားရာတွင် ၎င်းတို့မှာ နိုင်ငံခြားရေးဝန်ကြီး ဟီရာလ်ဒို မူနော့ဇ်နှင့် တွေဆုံပြီးခဲ့ပြီး အစ္စရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ရှုတ်ချရန် ချီလီအစိုးရက ကြိုးပမ်းသွားမည်ဟုဆိုသည်။
    ပါလက်စတိုင်းနွယ်ဖွား ချီလီပါလီမန်အမတ်များမှာ တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး ဂါဇာဒေသရှိ လုပ်ရပ်များနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် အစ္စရေးအား ပိုမိုပြင်းထန်စွာ ဆန့်ကျင်ရန် တောင်းဆိုခဲ့ကြသည်။
    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်သွားခဲ့ပြီးနောက် ချီလီအစိုးရက မဆိုင်းမတွ အရေးယူမှုများပြုလုပ်ရန် အခြားသော ပါလီမန်အမတ်များကလည်း တောင်းဆိုခဲ့ကြသည်။ ဂါဇာအား ကျူးကျော်မှုအတွက် ပါလက်စတိုင်းနွယ်ဖွား အများစုရှိသည့် ချီလီမှာ နှုတ်ဆိတ်မနေခဲ့ဘဲ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ချီလီအစိုးရမှာ အစ္စရေး၏ ကျူးကျော်မှုအား ရှုတ်ချခဲ့သည်။
    ပါလက်စတိုင်းများကို ဆက်ဆံရာတွင် နိုင်ငံတကာဥပဒေများအား ချိုးဖောက်မှုကို တုံ့ပြန်သောအနေဖြင့် အစ္စရေးအား သပိတ်မှောက်ရန် ချီလီနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုမှာ အခြားသောနိုင်ငံများမှာလည်း ထိုကဲ့သို့ပြုလုပ်ရန် လမ်းဖွင့်ပေးခြင်းလည်း ဖြစ်လာမည်ဖြစ်သည်။
    Ref: Worldbulletin