News @ M-Media

Blog

  • ဆီးရီးယားအစိုးရ သဘောတူညီချက် မလိုဘဲ ပြည်သူများကို ကူညီခွင့် ဥပဒေမူကြမ်း ကုလအတည်ပြု

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media

    The United Nations Security Council unanimously votes on a resolution authorizing humanitarian aid access into rebel-held areas of Syria, during a United Nations Security Council meeting at U.N. headquarters in New York
    – ဆီးရီးယား အစိုးရ၏ သဘောတူညီချက်မရသော်လည်း သူပုန်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများသို့ တူရကီ၊ အီရတ်နှင့် ဂျော်ဒန်တို့မှ တစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့် ဥပဒေမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    ဆီးရီးယားအစိုးရကမူ ထိုဒေသများသို့ အကူအညီပေးပို့မှုများကို နိုင်ငံပိုင်နက်အား ကျူးကျော်ခြင်းသာဖြစ်ကြောင်း မှတ်ယူမည်ဟု သတိပေးထားသည်။ သို့သော်လည်း အစိုးရ ခွင့်ပြုချက် မရှိဘဲ အကူအညီများဝင်ရောက်ခွင့် ဥပဒေမူကြမ်းကို လူဇင်ဘတ်၊ သြစတေးလျနှင့် ဂျော်ဒန်နိုင်ငံတို့က ရေးဆွဲခဲ့ပြီးနောက် လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့ပြီး၊ အဖွဲ့ဝင် ၁၅ နိုင်ငံက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ခြင်းဖြစ်သည်။

    “(အကူအညီပေးရေးအတွက်) ဆီရီးယားအစိုးရရဲ့ သဘောတူညီမှု လိုအပ်တော့မှာ မဟုတ်ပါဘူး” ဟု ကုလဆိုင်ရာ လူဇင်ဘတ်သံအမတ်ကြီး ဆဲလ်ဗီ လူးကတ်စ်က ပြောကြားခဲ့သည်။

    ၃ နှစ်ကျော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အနည်းဆုံး လူပေါင်း ၁ သိန်း ၅ သောင်းအခန့် သေဆုံးခဲ့ရပြီး ပြည်သူ ၁၀.၈ သန်းမှာ အကူအညီများလိုအပ်နေကာ ၄.၇သန်းမှာ ပို့ဆောင်ရေးခက်ခဲသည့် ဒေသများတွင် ရှိနေသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

    အမေရိကန် သံအမတ် စမန်သာပါဝါကမူ သူပုန်များထိန်းချုပ်ထားသည့်ဒေသအား တိုက်ခိုက်ရာတွင် အကူအညီများ ၀င်ရောက်ခွင့်မပြုခြင်းကို  ဆီးရီးယားအစိုးရက လက်နက်အဖြစ် အသုံးချနေသည်ဟု ပြောဆိုခဲ့သည်။

    Ref: reuters

  • မငိုပါနဲ့ ဂါဇာ (ကဗျာ)

    မငိုပါနဲ့ ဂါဇာ (ကဗျာ)

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- အိမ်ဝေးသူ (KZ)
    1969251_536845289754962_811406001836792092_n
    ရာဇဝင်ချီခမ်းနားခဲ့တဲ့ မင်းတို့ရဲ့ မြေ
    ရာဇဝင်မရိုင်းရလေအောင်
    ရန်စွယ်မှန်သမျှ စိန်ခေါ်ရင်ဆိုင်လိုက်ပါ ဂါဇာ။

    ခွန်အားနဲ့ သိက္ခာတရားဆိုတာ
    အသျှင်ကလွဲပြီး ဘယ်သူ့မှ မပိုင်ဆိုင်ကြောင်း
    ကမ္ဘာကို သက်သေပြပါ ဂါဇာ။

    တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ယုံကြည်ရာဟာ
    အကောင်းဆုံး တန်ပြန်တွန်းအားဖြစ်ကြောင်း
    ကမ္ဘာကို မြင်အောင်ပြပါ ဂါဇာ။

    ကြောက်ရွံ့မှုကို ကျော်လွှား၊
    ဖိနှိပ်မှုထဲက ရုန်းထွက်ပြီး ရလာမယ့် အောင်မြင်ကို
    ကမ္ဘာသူ၊ကမ္ဘာသားတွေ မြင်ပါစေ ဂါဇာ။

    ဂါဇာ
    ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ
    နှုတ်ဆိတ်သူတွေလည်း ရှိမယ်။
    အသက်ပေးကူညီသူတွေလည်း ရှိမယ်။
    သစ္စာဖောက်တတ်တဲ့ သူတွေလည်း ရှိမယ်။
    သစ္စာစောင့်သိတဲ့ သူတွေလည်း ရှိမယ်။
    ပွဲလန့်တုန်း ဖျာခင်းမယ့်သူတွေလည်း ရှိမယ်။
    ပျားတွေလို စုစည်းမယ့် သူတွေလည်း ရှိတယ်။

    မငိုပါနဲ့ ဂါဇာ
    မင်းအပေါ်မှာ ဒုံးပျံတွေ ရှိပေမယ့်
    ဒုံးပျံတွေအပေါ်မှာ မင်းအသျှင် ရှိနေတယ်။
    မင်းဘက်မှာ…မင့်အသျှင် ရှိနေတဲ့နောက်
    မငိုနဲ့တော့…ဂါဇာ။

    အိမ်ဝေးသူ (KZ)

  • ဖနွမ်းပင်တွင် ပြုလုပ်ခဲ့သော် အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲ

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    201471510456671734_20
    – ကမ္ဘောဒီးယားအစိုးရ၏ နိုင်ငံရေးဆိုင်ရာ စုဝေးခွင့် ပိတ်င်မှုကို ဆန့်ကျင်ကာ အတိုက်အခံများ၏ ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံ၏ သက်တော်ရှည်ဝန်ကြီးချုပ် ဟန်ဆန်ကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြပွဲကို မြို့တော်ဖနွမ်းပင်ရှိ လွတ်လပ်ရေးပန်းခြံအနီး အတိုက်အခံ ရာပေါင်းများစွာက ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ CNRP က အနိုင်ရရန် ရေပန်းစားခဲ့သော်လည်း ဟန်ဆန်၏ ပါတီက အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက် အစိုးရနှင် အတိုက်အခံများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲကြောင့် CNRP ပါတီခေါင်းဆောင် မူဆိုဟွာအပါအ၀င် အတိုက်အခံ ပါလီမန်အမတ် ၃ ဦးအား ထိန်းသိမ်းထားသည်ဟု ဖနွမ်းပင် မြူနီစပယ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဖွနွမ်းပင် လက်ထောက်ရဲချုပ်ကမူ ၎င်းတို့အား ဖမ်းဆီးခြင်းမဟုတ်ဘဲ မင်းမဲ့စရိုက်ဆန်သည့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့်အတွက် ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင် လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းမရှိချေ။

    Ref: Agencies

  • အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုအား ဘက်လိုက် ဖော်ပြသည့် BBC ကို လူထောင်ပေါင်းများစွာ ဆန္ဒပြ

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ -ကျော်စိုးဝင်း

    10489797_800044300019769_1386972333618948600_n

    ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများကို ကျူးကျော် တိုက်ခိုက်နေသည့် အစ္စရေး၏ လုပ်ရပ်ကို ဘီဘီစီ သတင်းဌာနမှ အမှန်တရားကို ဖုံးကွယ်ကာ ဘက်လိုက်စွာဖြင့် သတင်းထုတ်လွှင့်မှုများကို မကျေနပ်၍ ထောင်သောင်းချီသော လန်ဒန်မြို့ခံများ ဘီဘီစီ ရုံးချူပ်အဆောက်အဦးရှေ့၌ ဆန္ဒပြ ယနေ့ ဇူလိုင် ၁၅ ရက်နေ့ တွင် ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါ ဆန္ဒပြပွဲတွင် လူများ အများအပြားပါဝင်၍ လန်ဒန်မြို့လယ်ခေါင်၌ပင်လမ်းပိတ်ဆို့မှူများဖြစ်ပေါ်၊ နိုင်ငံတကာမှ ဇီယွန်ဝါဒကိုဆန့်ကျင်သော ဂျူးးအမျိုးသား အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်လာကြပါတယ်။

    BBC သတင်းဌာနဟာ အစ္စရေးရဲ့ ဂါဇာဒေသကို ကျူးကျော်တိုက်ခိုက်မှု စတင်တဲ့နေ့မှာ “ဟားမက်စ်၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကို အစ္စရေးခံနေရ” ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်။

    ဒါအပြင် ဇူလိုင် ၁၂ ရက်နေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေး ရဲ့ ကျူးကျော်မှုကို ရှုံချဆန္ဒပြခဲ့ကြတဲ့ ဗြိတိန်ပြည်သူတွေရဲ့ သတင်းကို BBC သတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပါဘူး။

    အီဂျစ်မှ ကြားဝင်ညှိနှိုင်းသော အပစ်အခတ်ရပ်စဲရေး မအောင်မမြင် ဖြစ်ပြီး နာရီပိုင်းအကြာ အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြှောင်ဒေသအား ဗုံးများထပ်မံကြဲချခဲ့ပါတယ်။

    သေဆုံးသူ အရေအတွက်များ ထပ်မံတိုးလာဖွယ်ရှိပြိး  အစ္စရေးရဲ့ ဂါဇာကိုတိုက်ခိုက်မှု ၈ မြောက်နေ့မှာတော့ ပါလက်စတိုင်းဘက်မှ  လူ ၁၇၀ ကျော်သေဆုံးပြီး ၁၅၀၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ အများစုမှာ အမျိုးသမီးများနှင့် ကလေးတွေ ဖြစ်ကြပါတယ်။

    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here