News @ M-Media

Blog

  • အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှု ပါလက်စတိုင်း ၇၂ ဦး သေဆုံး အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်

    ဇူလိုင် ၁၀၊ ၂၀၁၄
    M-Media
    Israel pounds Gaza as campaign widens
    – စစ်သွေးကြွများမှ ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဟု လက်တုံ့ပြန်သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးက လေကြောင်းမှ တဖက်သတ် ကျူးကျော် တိုက်ခိုက်နေမှုမှာ ၃ ရက်တာ ကြာမြင့်လာခဲ့ပြီး ယမန်နေ့ကထိ သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၇၂ ဦးရှိလာခဲ့ပြီဖြစ်သည်။

    သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၅၅၀ ရှိသည်ဟု ပါလက်စတိုင်း ကျန်းမာရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ခဲ့သည်။

    ယနေ့နံနက်ပိုင်းတွင်လည်း ဂါဇာဒေသအား အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ် ခဲ့သည်။ ခန်ယူနစ်ရှိ ကော်ဖီဆိုင်တစ်ခုကို တိုက်ခိုက်မှုတွင် လူ ၆ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့ပြီး၊ ဂါဇာအလယ်ပိုင်း နူစီရတ် ဒုက္ခသည် စခန်းရှိ နေအိမ်တစ်ခုကို တိုက်ခိုက်မှုတွင်လည်း ၁ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သည်။

    screen-shot-from-auphr-palestinian-loss-of-land-1946-2012

    Khan Yunis ရှိ အခြားလူနေအိမ်နှစ်လုံးကိုလည်း အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သေးသည်။ နေအိမ် အတွင်းရှိ လူများ အိပ်ပျော်နေစဉ် ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။

    အစ္စရေးဘက်ကမူ မိမိတို့မှာ ဂါဇာစီးတီ၊ ဘီအစ်ဟန်နွန်နှင့် Khan Yunis ရှိ ပစ်မှတ်ပေါင်း ၅၅၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက်ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးတင့်ကားများမှာ ဂါဇာနယ်စပ် တစ်လျှောက်တွင် ကင်းလှည့်နေပြီး စစ်သားလေးသောင်းမှာလည်း ဂါဇာ အတွင်းသို့ ၀င်ရောက် တိုက်ခိုက်ရန် အသင့် အနေအထားတွင် ရှိနေသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထားသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့နံနက် ၁၀ နာရီတွင် အရေးအပေါ် အစည်းဝေးပြုလုပ် သွားရန် စီစဉ်ထားပြီး၊ နောက်ပိုင်းတွင် လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံပါဝင်သည့် တံခါးပိတ် အကြံဥာဏ်ပေးမှုကို ပြုလုပ်မည်ဖြစ်သည်။

    Ref: AFP

  • ဂိုးသမား ရိုမီရိုကြောင့် တောင်အမေရိက သိက္ခာပြန်ဆယ်နိုင်ပြီး အာဂျင်တီးနား နောက်ဆုံး ဗိုလ်လုပွဲတက်

    ဇူလိုင် ၁၀ ၊ ၂၀၁၄
    M-Media
    10366053_941044935911354_3091503459499159747_n
    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဟော်လန်တို့ရဲ့ ပွဲစဉ်မှာတော့ သာမန်ပွဲချိန်နဲ့ အချိန်ပိုမိနစ်တွေမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီကန်ခဲ့ရပြီး အာဂျင်တီးနားတို့အနိုင်ရကာ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတို့ရဲ့ ဒီနိုင်ပွဲဟာ ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်မှာ ဟော်လန်ကို ရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင် ခဲ့တာလည်းဖြစ်ပါတယ်။

    ဒီပွဲမှာ နှစ်သင်းစလုံးလူစုံထုတ်ခဲ့ပြီး တစ်ယောက်အမှား တစ်ယောက်စောင့် ကစားနေတာကြောင့် ပွဲက သိပ်မမြိုင်ခဲ့ပါဘူး။ မက်ဆီနဲ့ ရော်ဘင်တို့ကို ဟော်လန်နဲ့ အာဂျင်တီးနားနောက်တန်းတွေက အပိုင်ထိန်းချုပ်နိုင်ခဲ့တာကြောင့်လည်း နှစ်သင်းစလုံး အဝေးကန်ချက်တွေနဲ့ပဲ ဂိုးရဖို့ ကြိုးစားခဲ့ရပါတယ်။

    1979531_941334942549020_3032429207320748762_n

    အာဂျင်တီးနားက ဟော်လန်ဂိုးပေါက်ကို ပိုခြိမ်းခြောက်နိုင်ခဲ့ပြီး ပထမပိုင်းမှာ မက်ဆီရဲ့ ဖရီကစ် ကန်ချက်ကို ဟော်လန်ဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာနဲ့ ဒုတိယပိုင်းမှာ ဟီဂူအင်ရဲ့ ဂိုးကို လူကျွံဘော အဖြစ် ဒိုင်လူကြီးက သတ်မှတ်ခဲ့တာတွေကြောင့် ဂိုး မရခဲ့တာပါ။ မိနစ် ၉၀ ပြည့်ပေမယ့် အရှုံးအနိုင်မပေါ်ခဲ့ဘဲ အချိန်ပို နာရီဝက် ဆက်ကစားပြီးတဲ့အထိလည် ဘယ်သူမှ ဂိုးမရခဲ့တာကြောင့် ပင်နယ်တီကန်သွင်းခဲ့ရပါတယ်။

    9277_941508222531692_7435729138728174645_n

    ကော်စတာရီကာနဲ့ ကွာတားဖိုင်နယ်ပွဲ ပင်နယ်တီကန်သွင်းချိန်မှာ နယူးကာဆယ်ဂိုးသမား ဗန်ဂါးလ်ကို လူစားလဲခဲ့ပြီး အနိုင်ယူခဲ့တဲ့ ဟော်လန်တို့ ဒီပွဲမှာတော့ ၃ ယောက်စလုံး လူစားလဲပြီး ဖြစ်နေတဲ့အတွက် ပွဲထွက်ဂိုးသမား ဆီလန်ဆန်နဲ့ပဲ ပင်နယ်တီကန်ခဲ့ရပါတယ်။

    ပင်နယ်တီမှာ အာဂျင်တီးနားတို့ ၄ လုံးစလုံး ၀င်ခဲ့ပြီး ဟော်လန်ရဲ့ ရွန်ဗလားနဲ့ ဆနိုက်ဒါတို့ရဲ့ ကန်သွင်းချက်တွေကို အာဂျင်တိုင်းဂိုးသမား ရိုမီရိုက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာကြောင့် အာဂျင်တီးနားတို့ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

    10444519_941334925882355_3483207182989698264_n

    အာဂျင်တီးနားနဲ့ ဂျာမနီတို့ရဲ့ နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၄ ရက်နံနက် ၁ နာရီ ခွဲမှာ ကစားမှာ ဖြစ်ပါတယ်။

     

    10421164_941334952549019_7076411469620372151_n

  • အကြမ်းဖက်ခံ​နေရ​သော သီရိလင်္ကာမှ မွတ်​ဆလင်​များ နှင့် တောင်အာရှ အတွက် အမုန်းသံသရာ သတိပေး ခေါင်းလောင်းသံ

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media
    ဆွေမွန် မြန်မာမှုပြုသည်။

    အိန္ဒိယ နဲ့ မြန်​မာနိုင်​ငံ​တွေမှာ မွတ်​ဆလင်​​တွေကို ဦးတည်​တိုက်​ခိုက်​တဲ့ ​ကြောက်​လန့်စ​ရာ​လုပ်​ရပ်​​တွေဟာ မလုံ​လောက်​​သေးသလိုမျိုး သီရိလင်္ကာနိုင်​ငံလည်း ဒီလိုတိုက်​ခိုက်​မှု​တွေမှာ မကြာခင်​ကမှ ပါဝင်​လာခဲ့မှုဟာ ​တောင်​အာရှမှာ ​နေထိုင်​ကြတဲ့ မွတ်​ဆလင်​​တွေကြားမှာ အချက်​​ပေး​ခေါင်း​လောင်းသံတစ်​ခု ဖြစ်​လာ​နေခဲ့ပါပြီ။

    People hold wooden poles as they stand next to police officers in Colombo

    အစွန်း​ရောက်​ ဗုဒ္ဓစွမ်းအားရှင်​ အကြမ်းဖက်​ အဖွဲ့ဖြစ်​တဲ့ Bodu Bala Sena (BBS) အဖွဲ့က ဦး​ဆောင်​ပြီး စတင်​ခဲ့တဲ့ အကြမ်းဖက်​မှု​ကြောင့်​ အိမ်​​တွေ၊ ​ဈေးဆိုင်​​တွေ​ပေါင်း များစွာဟာ တစစီ ဖျက်​ဆီးခံခဲ့ရပြီး သီရိလင်္ကာ​တောင်​ပိုင်းက အလူ့သ်​ဂါမာမြို့မှာ​တော့ ဗုဒ္ဓဘာသာဝင်​​တွေရဲ့ စိတ်​တိုင်းကျ သတ်​ဖြတ်​ခဲ့မှု​တွေ​ကြောင့်​ အနည်းဆုံး လူ​လေးဦး ​သေဆုံးခဲ့ရပါတယ်​။ နေရာ​ပေါင်းများစွာမှာ ဘာသာ​ရေးကို အ​ခြေခံတဲ့တိုက်​ခိုက်​မှု​တွေဟာ ဘက်​မလိုက်​တတ်​တဲ့ အစိုးရ အာဏာပိုင်​​တွေက ဖြစ်ရပ်တိုင်းမှာ လှုံ့ဆော် ကျူးလွန်တဲ့ အဓိကတရားခံတွေကို ထိုက်သင့်ပြစ်ဒဏ်တွေပေးပြီး တင်းတင်းကျပ်ကျပ်​ ကိုင်​တွယ်​​ဖြေရှင်းလိုက်ရင်​ စိုးရိမ်​စရာ အ​ကြောင်းတစ်ရပ် မဟုတ်​တော့ပါဘူး။

    ဒါပေမယ့် ပုံမှန်အားဖြင့် ဒေသတစ်ခုတွင်းမှာ ဘာသာရေးဆိုင်ရာ ပွတ်ထိမိမှုတွေနဲ့ တစ်ချိန်လုံး စိုးရိမ်ပူပန်နေစေတာရယ်၊ အကြမ်းဖက်သမား အုပ်စုလိုက်နဲ့ လူနည်းစုတွေ အပေါ်မှာ တိုက်ခိုက်မှုကျူးလွန်တတ်တဲ့ ပုံစံတွေဟာ ၀မ်းနည်းကြေကွဲစရာဖြစ်ရပ်တစ်ခုလုံးကို ကိုယ်စားပြုဖော်ပြနိုင်တဲ့ အကြောင်းအရာတွေတော့ မဟုတ်ပါဘူး။

    ဘာသာ​ရေးယုံကြည်​ချက်​အ​ပေါ် အ​ခြေခံတဲ့ ဒီလိုအကြမ်းဖက်​တိုက်​ခိုက်​မှုပုံစံ​တွေဟာ ​ဒေသတစ်​ခုလုံးမှာ ပုံစံတူညီမှု ရှိ​နေပါတယ်​။ ဒီလိုမျိုး မွတ်ဆလင်တွေအပေါ်တိုက်ခိုက်ရတဲ့ သူတို့ရဲ့ အခြေခံသ​ဘော သဘာဝအကြောင်းရင်းဟာ ဒီလိုတိုက်​ခိုက်​မှု​တွေကို အ​ကြောင်းခံပြီး သူတို့ဦးစီးလုပ်ကိုင်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နောက်တစ်ကြိမ် ပြန်ပြီးလူကြိုက်​များ​အောင်​ လုပ်​ဖို့ပဲဖြစ်ပါတယ်။ ဒီလို ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးအရ လူကြိုက်များအောင် လုပ်ဆောင်အကြမ်းဖက်မှုတွေက သူတို့ရဲ့ မွတ်ဆလင်ပစ်​မှတ်​​တွေကို အပြစ်​​ပေးခံရခြင်းမရှိဘဲ စိတ်​တိုင်းကျ ထိ​ခိုက်အောင်​ တိုက်​ခိုက်​နိုင်​ခဲ့ကြပါတယ်​။

    စုစုပေါင်း ​သေဆုံးရမှုအ​ရေအတွက် ၁၀၀၀၀ ​ကျော်​ထိ မြင့်တက်ခဲ့တဲ့ အိန္ဒိယနိုင်ငံက မွတ်​ဆလင်​ ဆန့်​ကျင်​​ရေး အစုအပြုံလိုက်​ သတ်​ဖြတ်​မှု​တွေဖြစ်​ကြတဲ့ ၁၉၆၉ မှာ ဖြစ်​ခဲ့တဲ့ ဂူဂျရတ်​သတ်ဖြတ်မှု၊ ၁၉၈၀ မှာ မိုရာဒါဘတ်​​သတ်ဖြတ်မှု၊ ၁၉၈၃ မှာ နယ်လီသတ်ဖြတ်မှု၊ ၁၉၈၉ မှာ ဘာဂါလ်ပါးလ်သတ်ဖြတ်မှု၊ ၁၉၉၂ မှာ ဘာဘရီဗလီဖြစ်ရပ်နဲ့ ဆက်နွယ်ခဲ့တဲ့ ဘုံဘေ အဓိကရုဏ်းနဲ့ ၂၀၀၂ မှာ ဖြစ်​ခဲ့တဲ့ ဂူဂျရတ်​ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုစတဲ့ ဖြစ်စဉ်တွေအားလုံးမှာ မွတ်ဆလင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်၊ အစိုးရကိုယ်တိုင် အားပေးထောက်ခံတယ် ဒါမှမဟုတ် အရေးယူမှု လုံးဝ မရှိဘူးစတဲ့ ပုံစံတူတွေရှိခဲ့ပါတယ်။

    သဏ္ဍာန်တူစွာပဲ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေဖြစ်တဲ့၂၀၁၃ ခုနှစ်မှာ ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာ နဲ့ ၂၀၁၄ ခုနှစ်မှာ သီရိလင်္ကာတို့မှာလည်း သတ်ဖြတ် ဖျက်ဆီးမှုတွေကျူးလွန်ပြီး လုံးဝ အရေးမယူတဲ့ ဖြစ်ရပ်တွေဟာ တစ်ပုံစံတည်းဖြစ်ခဲ့ပါတယ်။ အစွန်းရောက် ဗုဒ္ဓ၀ါဒဟာ အခြားသော ဘာသာတရား အယူဝါဒတွေအပေါ်မှာ အမုန်းတရားဟောပြောပို့ချမှုတွေ၊ ရက်ရက်စက် တိုက်ခိုက်မှုတွေ၊ အစိုးရကိုယ်တိုင် ပူးပေါင်း ပါဝင်မှုတွေနဲ့အတူ ထင်ရှားလာခဲ့ပါတယ်။

    တောင်အာရှဒေသက မွတ်ဆလင် အများစုနေထိုင်ရာ တိုင်းပြည်တွေက မွတ်ဆလင် မဟုတ်တဲ့ လူနည်းစုတွေမှာလည်း ကြောက်ရွံ စိုးရိမ်နေရမှုတွေဟာလည်း မြင့် တက်လာနေပါတယ်။

    ပမာဆိုရရင် အိန္ဒိယက RSS အဖွဲ့၊ မြန်မာပြည်က ၉၆၉ လှုပ်ရှားမှု၊ သီရိလင်္ကာက BBS အဖွဲ့၊ ပါကစ္စတန်မှာ TTP စတဲ့အဖွဲ့တွေဟာ ဒီလို “ဘာသာခြား မွတ်ဆလင်တွေကို မုန်းတီးတိုက်ခိုက်ခြင်းဟာ ဗုဒ္ဓသာသနာကို ကာကွယ်ရာရောက်တယ်”  ဆိုတဲ့ အတွေးအခေါ်တွေကို ဗုဒ္ဓဘာသာဝင်ကလေးတွေမှာ အရှိန်အဟုန်နဲ့ ရိုက်သွင်းခဲ့ပါတယ်။

    ဘာသာတရားဟာ ဆင်းရဲလှတဲ့ လူဦးရေများပြားရာ တောင်အာရှဒေသက လူတွေအတွက် သောက တရားအားလုံးပြေငြိမ်းရာ အဖြေ တစ်ခုဖြစ်ပါတယ်။ အတိတ်ကာလက အ​ကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ပြိုင်ဖက်ဘာသာ တရားအယူဝါဒတွေက ဗုဒ္ဓဘာသာအယူအပေါ်မှာ လွှမ်းမိုးကျယ်ပြန့်သွားမှာကို အကြမ်းဖက် တားဆီးရမယ်ဆိုတဲ့ ဟောပြော သတ်မှတ်ချက်တွေကို ဘုန်းကြီးတွေကိုယ်တိုင်က ချမှတ်ကာ လိုက်နာစေဖို့ ဖိအားပေးနေတာတွေကို ဒီတောင်အာရှက လူတွေ ရင်ဆိုင်နေရပါတယ်။

    ဗုဒ္ဓသာသနာတော် ကမ္ဘာကို ပြန့်ပွား ထွန်းကားခဲ့တဲ့ “ရွှေခေတ်ကာလ”ကို ပြန်လည် ရရှိစေဖို့ လုပ်ဆောင်ရမယ်ဆိုတဲ့ အကြောင်းရင်းဟာ ဒီလို အကြမ်းဖက်မှုတွေကို “ဗုဒ္ဓသာသနာကို ကာကွယ်တဲ့ မြင့်မြတ်တဲ့ လုပ်ရပ်” အဖြစ် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်ကို လှုံ့ဆော် ပုံသွင်းဖို့ရာ လုံလောက်စေခဲ့ပါတယ်။

    ငယ်ရွယ်လွန်းလှတဲ့ ဗုဒ္ဓဘာသာဝင်ကလေးတွေဟာ အမုန်းတရားတွေကို ထပ်ဆင့်ကာ ဟောပြောဖြန့်ဖြူးသူ၊ အမုန်းတရားတွေကို လေ့ကျင့် လိုက်နာစေသူ ဒါမှမဟုတ် ကိုယ်တိုင် ၀င်ရောက်တိုက်ခိုက်ကာ ဗုဒ္ဓသာသနာကို ကာကွယ်သူတွေဖြစ်​ကြတယ်​ဆိုတဲ့ အယူအဆတွေကို ရိုက်ထည့်သွင်းခြင်း ခံခဲ့ကြရပါတယ်။ ပမာဆိုရရင် အိန္ဒိယက RSS အဖွဲ့၊ မြန်မာပြည်က ၉၆၉ လှုပ်ရှားမှု၊ သီရိလင်္ကာက BBS အဖွဲ့၊ ပါကစ္စတန်မှာ TTP စတဲ့အဖွဲ့တွေဟာ ဒီလို “ဘာသာခြား မွတ်ဆလင်တွေကို မုန်းတီးတိုက်ခိုက်ခြင်းဟာ ဗုဒ္ဓသာသနာကို ကာကွယ်ရာရောက်တယ်” ဆိုတဲ့ အတွေးအခေါ်တွေကို ဗုဒ္ဓဘာသာဝင်ကလေးတွေမှာ အရှိန်အဟုန်နဲ့ ရိုက်သွင်းခဲ့ပါတယ်။

    ဖြစ်ပျက်ခဲ့တဲ့ကိစ္စတိုင်းမှာလည်း အစိုးရရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တာလည်း သက်သေအထင်အရှား ရှိနေပါတယ်။ အကျိုးဆက်ကတော့ ဘာသာရေးကို နိုင်ငံရေးမှာအသုံးချပြီး လူကြိုက်များအောင် လုပ်ဆောင်နေမှုတွေဟာ တောင်အာရှဒေသကို ဗဟိုပြုကာ အလျင်မြန်ဆုံးပြန့်ပွားလာနေပြီဖြစ်သလို လက်ရှိအနေနဲ့ ဒီလိုလုပ်ဆောင်နေမှုတွေကို နိုင်ငံ ၉ နိုင်ငံမှာ တွေ့နေရပါပြီ။

    အိန္ဒိယနိုင်ငံမှာ ဟိန္ဒူတွေရဲ့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချပြီး လူကြိုက်များအောင်လုပ်ဆောင်နေမှုတွေဟာ ရာစုနှစ် နှစ်ခုနီးပါး ရှိလာခဲ့ပါပြီး RSS ရဲ့ ဦးဆောင်ဟောပြောသူ နာရင်ဒြာမိုဒီ ၀န်ကြီးချုပ်ဖြစ်လာမှုနဲ့ အတူ ဘာသာရေးကို နိုင်ငံရေးမှာအသုံးချမှုဟာ အမြင့်ဆုံးရောက်လာ ခဲ့ပါတယ်။ နီပေါနိုင်ငံကတော့ ဟိန္ဒူလူများစုရဲ့ အကြီးအကျယ် လွှမ်းမိုးမှုရှိနေခဲ့ပြီး ဘူတန်နိုင်ငံကတော့ ဟိန္ဒူတွေလက် တစ်ဆုပ်စာမျှသာရှိနေပေမယ့် သဘာဝအားဖြင့်ကို အိန္ဒိယရဲ့လက်ရှိနိုင်ငံရေး အခြေအနေတွေ အမြဲလွှမ်းမိုးခံနေရတဲ့ နိုင်ငံငယ်ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာကို နိုင်ငံရေးမှာအသုံးချပြီး လူကြိုက်များအောင်လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံ၊ သီရိလင်္ကာနဲ့ ဘူတန်တို့မှာ တူညီစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံရေးမှာအသုံးချပြီး လူကြိုက်များအောင်လုပ်ဆောင်နေတဲ့ ၉၆၉ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဖြစ်စေပြီး မွတ်ဆလင်တွေ အများအပြားသေကြေပျက်စီးစေတဲ့ထိ ဦးတည်သွားစေခဲ့ပါတယ်။

    ယခုတော့ မွတ်ဆလင် လူနည်းစုတွေအပေါ်မှာ BBS အစွန်း​ရောက်​ ဗုဒ္ဓစွမ်းအားရှင်​အကြမ်းဖက်​အဖွဲ့ရဲ့ အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ သီရိလင်္ကာမှာ ပြန့်နှံ့လာခဲ့ပြန်ပါပြီ။

    အိမ်နီးချင်းနိုင်ငံတွေမှာ ပိုမိုပြီး မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေရှိလာလေလေ၊ တရားဥပဒေနဲ့ ထိန်းချုပ်ဖို့ခက်လှတဲ့ အစွန်းရောက်ဗုဒ္ဓ၀ါဒ အမုန်းတရားဟောပြောပို့ချမှုတွေဟာ ကျွန်တော်တို့ရဲ့ တိုင်းပြည်ပေါ်မှာ ဖိအားတွေအမျိုးမျိုးနဲ့ နေရာပေါင်းစုံမှာ တွင်တွင်ကျယ်ကျယ်နေရာယူကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဦးမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစွန်းရောက်ဗုဒ္ဓ၀ါဒ ပိုမိုထွန်းကားလာမှုက မနှစ်သက်စရာနောက်ဆက်တွဲ ရလာဒ်တွေကို ဆက်တိုက်ဖြစ်ပေါ်စေမှာဖြစ်ပြီး အခြား​သော တောင် အာရှဒေသနိုင်ငံတွေမှာ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ပိုမိုတွင်ကျယ်စေဦးမှာ ဖြစ်ပါတယ်။

    ဒီလို ရက်စက်ပြင်းထန်ခက်ထန်လှတဲ့ သက်ရောက်မှုနဲ့ တန်ပြန်သက်ရောက်မှု အမုန်း၊ ကြောက်ရွံမှု၊ သွေးထွက်သံယိုအကြမ်းဖက်မှု သံသရာစက်ဝန်းထဲမှာ မလွတ်မြောက်နိုင်တော့တဲ့ အခြေအနေတွေဆီကို ကျွန်တော်တို့ ဦးတည်နေ မိပြီလားဆိုတဲ့ မေးခွန်း ကိုတော့ တောင်အာရှဒေသက နိုင်ငံခေါင်းဆောင်တွေ စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ကိုရောက်နေပါပြီ။

    The Express Tribune တွင်ဖော်ပြခဲ့သော ​ဆောင်းပါးရှင်​ Adnan Randhawa ​ရေးသား​သည့် Muslims under attack in Lanka ​ဆောင်းပါးအား ​ဆွေမွန်​ ဆီ​လျော်​​အောင်​ ပြန်​ဆိုပါသည်​။

  • အရေးကြီးတဲ့ အချိုးအကွေ့တိုင်းမှာ ရုန်းရင်းဆန်ခတ်မှုတွေ ခဏခဏ တိုက်ဆိုင်နေတာ မကောင်းပါဘူးဟု ဦးကိုကိုကြီးပြော

    ဇွန် ၉၊ ၂၀၁၄
    M-Media
    လမင်း
    ko-ko-gyi
    ရန်ကုန် ။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရဲ့ အရေးကြီးသည့် အချိုးအကွေ့ အပြောင်းအလဲဖြစ်တိုင်းတွင် အထိကရုဏ်း၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာမှုဟာ ခဏခဏတိုက်ဆိုင်နေတာ မကောင်းပါဘူးလို့ ၈၈ မျိုးဆက်ပွင့်လင်းငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဆိုသည်။

    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လူထုပါဝင်နိုင်မှု မီဒီယာနှင့် လူထုအဖွဲ့အစည်းများကြားဆွေးနွေးပွဲကို ရန်ကုန်ုမြို့ရှိ Park Royal ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်ရာ ဦးကိုကိုကြီးအား မီဒီယာများမှ မေးမြန်းစဉ် ၎င်းမှဖြေကြားခဲ့ခြင်းဖြစ်သည်။

    “အဲ့လိုတိုက်ဆိုင်မှုတွေဟာ ၈၈ ကတည်းက စတယ်လို့ပြောလို့ရပါတယ်။ အခုက အင်တာနက်နည်းပညာ သုံးပြီး သွေးထွက်သံယို မှု တွေဖြစ်အောင် လုပ်နေကြတာပါ။ Electronic အက်ဥပဒေ ပုဒ်မ ၃၃ ဆိုတာရှိပါတယ်။ ကျွန်တော်တို့ကို အဲ့ဒီဥပဒေနဲ့ မေးလ်တစ်စောင်ကို ၁၅ နှစ်နဲ့ ၄ စောင် နှစ် ၆၀ ကျခဲ့ရတာပါ။ အဲ့လိုဥပဒေမျိုးတွေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုနေပါပြီ” ဟု သုံးသပ်ပြောကြားခဲ့သည်။

    လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူလူထု လက်မှတ်များ ကောက်ယူပွဲကို နိုင်ငံအနှံ့အပြားတွင် ကောက်ယူလျက်ရှိသည်။

    အစိုးရအနေနဲ့ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင် နောက်ကွယ်မှကြိုးကိုင်သည်ဟု သံသယရှိနေသည်ဆိုလျှင် ထိုသံသယများကို ထိရောက်စွာ ဖော်ထုတ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

    ကျောင်းသားတွေ ဆန္ဒပြလျှင် ချက်ချင်းဖမ်းဆီးနိုင်တယ်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဧရာမ လှုပ်ရှားမှုကြီးကိုတောင် ချက်ချင်း ထိန်းသိမ်းနိုင်ပြီး လက်ပံတောင်းတောင်ကဲ့သို့ လှုပ်ရှားမှုကိုလည်း ချက်ချင်းဖြိုခွဲနိုင်တယ်။ ယခု ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင် ထိရောက်စွာ ဖြေရှင်းနိုင်မှု မရှိခြင်းဟာ တရားဥပဒေစိုးမိုးမှု အားနည်းနေသောကြောင့် ဟု ဦးကိုကိုကြီးက သုံးသပ်ပြောကြားသည်။

    လွန်ခဲ့သော ဇူလိုင်လ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတွင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သည်။

  • စစ်ကိုင်းမြို့ရှိ ဗလီများသို့ ရဲများ ၀င်ရောက် မှတ်တမ်းဓါတ်ပုံများ ရိုက်ယူ

    ဇူလိုင် ၉၊ ၂၀၁၄
    M-Media
    သုတ
    P1000362
    စစ်ကိုင်းမြို့ရှိ ဗလီများအား မနေ့က မနက်ပိုင်းက ရဲများက ၀င်ရောက်ကြည့်ရှုစစ်ဆေးကာ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် M-Media မှ စစ်ကိုင်းမြို့ခံများထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    စစ်ကိုင်းမြို့ရှိ ဗလီ ၅-လုံးအား မုံရွာအခြေစိုက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကြည်နိုင် အပါအ၀င် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ရဲမှူးနှင့် ရဲတပ်များက လာရောက်ကြည့်ရှုသွားခဲ့ပြီး သိလိုသည်များကို ဗလီတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

    “မနေ့က မနက် ၁၀-နာရီခွဲလောက်ကလာတယ်။ တစ်ယောက်ကတော့ လုံခြုံရေးနှင့် နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ကြည်နိုင်လို့ သူ့ကိုယ့်သူမိတ်ဆက်တယ်။ မုံရွာမှာ ရုံးထိုင်တယ်လို့ပြောတယ်။ နောက်တခြားကတော့ ရဲမှူးတွေ၊ တပ်သားတွေလည်းပါတယ်။ လုံခြုံရေးအရ လာပြီး စစ်ဆေးကြည့်ရှုတာပါလို့ပြောတယ်။ ပထမပိုင်းကတော့ ဗလီတာဝန်ရှိသူတွေ မပါဘူး။ ဓါတ်ပုံလာရိုက်နေတာကိုမြင်တော့ ဗလီအနီးနေသူတွေ ၀ိုင်းသွားမှ အစိုးရပိုင်းက လာပြီး ဓါတ်ပုံရိုက်တာသိရတယ်။ ဗလီဝန်းကျင် လမ်းတွေကို ဓါတ်ပုံရိုက်တယ်။ ခဏနေ ဗလီဂေါပကရောက်လာတယ်။ နောက်တော့ ဗလီပေါ်တက်တယ်။ ဗလီပေါ်တက်တော့ တခြားသူတွေက ဖိနပ်ချွတ်တယ်။ ဗိုလ်မှူးကြီးကြည်နိုင် ဆိုသူက မချွတ်ဘူး။ ဗလီရင်ပြင်ထိ ဖိနပ်စီးတယ်။ နောက်ဗလီထဲ ၀င်ခါနီး တစ်ယောက်က လှမ်းပြောတော့မှ ကျွန်တော် သတိမထားလိုက် မိလို့ပါဆိုပြီး ဖိနပ်ချွတ်တယ်”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

    ၎င်းနောက် ဗလီအား ဓါတ်ပုံရိုက်သူများက ဓါတ်ပုံရိုက်ကြပြီး ဗိုလ်မှူးကြီးကြည်နိုင်က ဗလီဂေါပကအား ဗလီရှေ့ဆောင် ဆရာ၏အမည်၊ ဆွေမျိုးစဉ်ဆက်၊ ဇာတိနှင့် မည်သည့်လူမျိုးနှင့် ကပြားဖြစ်ကြောင်းကို မေးမြန်းခဲ့သည့် အတွက် ရှေ့ဆောင်ဗလီ ဆရာမှာ မြန်မာမွတ်စလင်တစ်ဦးဖြစ်ကြောင်း၊ ဘိုးဘေးစဉ်ဆက် မြန်မာမွတ်စလင်ဖြစ်သည် ဟုဖြေဆို၍ မြန်မာမွတ်စလင် သမိုင်းကြောင်းအား အနည်းငယ် ရှင်းပြခဲ့ကြောင်းသိရသည်။

    “အခုလို လာတာ ဗလီအခြေအနေကို လာကြည့်တယ်လို့ပြောတယ်။ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဗလီမှာ ဘာရာဇ၀တ်မှုရှိခဲ့လဲဆိုတာမေးတယ်။ ကျွန်တော်တို့ ဗလီမှာ အရင်ကတည်းကလည်း ဘာမှ ပြဿနာမရှိခဲ့ဖူးဘူးလေ။ ပြီးတော့ ရပ်ကွက်က ဘာသာခြားတွေနဲ့ ဆက်ဆံရေးအခြေအနေကို မေးတယ်။ ကျွန်တော်တို့ရပ်ကွက်က ဘာသာလူမျိုးမခွဲပဲ အရင်ကတည်းက အတူတူနေခဲ့ကြတာ။ ဘုန်းကြီးကျောင်းဝင်းနဲ့ ဗလီဆိုတာကလည်း လမ်းပဲ ခြားတယ်။ ဟိုးအရင်ကတည်းက သင့်မြတ်စွာ နေလာခဲ့ကြတာ ဆိုတာကိုလည်း ကျွန်တော်တို့ ရှင်းပြလိုက်ပါတယ်။ သူတို့ကလည်း ပြန်ပြောပါတယ်။ သူတို့ စိတ်ပူလို့ လာကြည့်တာပါ။ ဒီလို တည်ငြိမ်အေးချမ်းတဲ့ မြို့တစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာသာမတူတွေအချင်းချင်း လက်တွဲပြီး အခုလို ငြိမ်းချမ်းအောင် တည်ထောင်ထားတဲ့မြို့ကို အပျက်စီးမခံနိုင်ပါဘူးဆိုပြီး ပြောတယ်”လို့ စစ်ကိုင်းမြို့ခံက ပြောပါတယ်။

    ဗိုလ်မှူးကြီး ကြည်နိုင်နဲ့ အဖွဲ့ဟာ မွတ်စလင်ထုအနေနဲ့ စိုးရိမ်စိတ်မကြီးကြရန်နှင့် သံသယစိတ်များမထားကြရန် ပြောဆိုခဲ့ပြီးနောက် ပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။

    စစ်ကိုင်းမြို့ခံများအနေနှင့် စိုးရိမ်စိတ်မကြီးဖို့ပြောပေမယ့် စိုးရိမ်စိတ်များရှိနေကြောင်း၊ သံသယစိတ်မထားပဲ နေသော်လည်း အကြမ်းဖက်မှုဖြစ်အောင် ဘယ်အချိန်ဖန်တီးလှုံ့ဆော်လာမလဲဟု သံသယဖြစ်နေတဲ့စိတ်များ ဖျောက်ဖျက်ရန် ခက်ခဲနေကြောင်း ပြောပါတယ်။

    မနေ့က ညနေပိုင်းမှာတော့ စစ်ကိုင်းမြို့ပေါ်မှ ဗလီသုံးလုံးအား ဖျက်ဆီးရန် စစ်ကိုင်းမြို့ ပဒူရွာဘက်က လူအချို့အား ခေါ်ဆောင်သွားသည်ဟူသော ကောလဟလသတင်းများ ကြားရပြီးနောက် စိုးရိမ်စိတ်များ ပိုမိုရှိနေကြကြောင်း၊ အကြမ်းဖက်မည့်သတင်းများ ကြားရပါက အစိုးရတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့များ ပူးပေါင်း၍ မြို့ရွာအေးချမ်းတည်ငြိမ်ရေးကို ဆောင်ရွက်ပေးစေလိုကြောင်းများကို စစ်ကိုင်းမြို့ခံများက M-Media ကို ဆက်သွယ်ပြောဆိုလာပါတယ်။