News @ M-Media

အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှု ပါလက်စတိုင်း ၇၂ ဦး သေဆုံး အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်

ဇူလိုင် ၁၀၊ ၂၀၁၄
M-Media
Israel pounds Gaza as campaign widens
– စစ်သွေးကြွများမှ ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဟု လက်တုံ့ပြန်သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးက လေကြောင်းမှ တဖက်သတ် ကျူးကျော် တိုက်ခိုက်နေမှုမှာ ၃ ရက်တာ ကြာမြင့်လာခဲ့ပြီး ယမန်နေ့ကထိ သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၇၂ ဦးရှိလာခဲ့ပြီဖြစ်သည်။

သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၅၅၀ ရှိသည်ဟု ပါလက်စတိုင်း ကျန်းမာရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်လည်း ဂါဇာဒေသအား အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ် ခဲ့သည်။ ခန်ယူနစ်ရှိ ကော်ဖီဆိုင်တစ်ခုကို တိုက်ခိုက်မှုတွင် လူ ၆ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့ပြီး၊ ဂါဇာအလယ်ပိုင်း နူစီရတ် ဒုက္ခသည် စခန်းရှိ နေအိမ်တစ်ခုကို တိုက်ခိုက်မှုတွင်လည်း ၁ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သည်။

screen-shot-from-auphr-palestinian-loss-of-land-1946-2012

Khan Yunis ရှိ အခြားလူနေအိမ်နှစ်လုံးကိုလည်း အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သေးသည်။ နေအိမ် အတွင်းရှိ လူများ အိပ်ပျော်နေစဉ် ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။

အစ္စရေးဘက်ကမူ မိမိတို့မှာ ဂါဇာစီးတီ၊ ဘီအစ်ဟန်နွန်နှင့် Khan Yunis ရှိ ပစ်မှတ်ပေါင်း ၅၅၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက်ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးတင့်ကားများမှာ ဂါဇာနယ်စပ် တစ်လျှောက်တွင် ကင်းလှည့်နေပြီး စစ်သားလေးသောင်းမှာလည်း ဂါဇာ အတွင်းသို့ ၀င်ရောက် တိုက်ခိုက်ရန် အသင့် အနေအထားတွင် ရှိနေသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့နံနက် ၁၀ နာရီတွင် အရေးအပေါ် အစည်းဝေးပြုလုပ် သွားရန် စီစဉ်ထားပြီး၊ နောက်ပိုင်းတွင် လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံပါဝင်သည့် တံခါးပိတ် အကြံဥာဏ်ပေးမှုကို ပြုလုပ်မည်ဖြစ်သည်။

Ref: AFP

Comments

Leave a Reply