News @ M-Media

Blog

  • သမ္မတ ဦးသိန်းစိန် တိုင်းပြည်ကို တည်ငြိမ်အောင် မဆောင်ကျဉ်းနိုင်ဘူးလား

    သမ္မတ ဦးသိန်းစိန် တိုင်းပြည်ကို တည်ငြိမ်အောင် မဆောင်ကျဉ်းနိုင်ဘူးလား

    စည်သူအောင်မြင့်
    VOA အသံလွှင့်ဌာန၊ ဇူလိုင် ၆ ည နဲ့ ဇူလိုင် ၇ မနက်ပိုင်း အစီအစဉ်။

    အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ အလွန် အရုပ်ဆိုးအကျည်းတန်းတဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားသွားခဲ့ပါပြီ။ လူနှစ်ယောက်သေ၊ တစ်ချို့ ဒါဏ်ရာရ၊ နေအိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ တိုက်ခိုက်ဖျက်ဆီး ခံရတာတွေ ဖြစ်ပွားခဲ့ပါပြီ။ ထုံးစံအတိုင်း နည်းပညာခေတ်ကြီးမှာ ဒီ သတင်း ကမ္ဘာတစ်လွှား တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီ ထက်ပိုဆိုးတာက မန္တလေးနေ ပြည်သူတွေရဲ့ စိတ် မလုံခြုံမှု၊ အထူးသဖြင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ နိုင်ငံသားတွေရဲ့ စိတ်မလုံခြုံမှုကတော့ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ်က စ လိုက်တဲ့ ဒီ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပြသနာဟာ မိတ္တီလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီး ရပ်ဆိုင်းမသွားရုံမက အခု မန္တလေး ရွှေမြို့တော်ကြီးမှာလည်း ဖြစ်ပွား ခဲ့ပြန်ပါပြီ။ ပြသနာ ဘယ်လိုဖြစ်ရတာပါလဲ၊ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ကိုင်တွယ်ဆောင်ရွက်နိုင်ပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

    လက်ရှိ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ အထူးအဆန်း ဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး။ ကြိုတင် မသိရှိ၊ မတားဆီး လို့ မရတဲ့ အဖြစ်အပျက်မျိုးလည်း မဟုတ်ပါဘူး။ ဇတ်လမ်းကတော့ ထုံးစံအတိုင့်း မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့်က နေ လဖက်ရည်ပိုင်ရှင် အစ္စလာမ် ဘာသာဝင်နှစ်ယောက် ပျဉ်းမနားမြို့ရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရတယ် ဆိုတာ ကနေ စ ပါတယ်။ ဒါက တိုင်ကြားထားတဲ့အဆင့်မှာပဲ ရှိသေးပြီး ရဲတပ်ဖွဲ့ကိုယ်တိုင်က စုံစမ်း မေးမြန်းနေဆဲ အခြေအနေပါ။ စွတ်စွဲခံရသူတွေကိုလည်း ဖမ်းတာ ဆီးတာ မလုပ်ပါဘူး။ ဒါပေမယ့် ပြသနာက အဲလောက်နဲ့ ရပ်မနေပါဘူး။ ဒီ တိုင်ကြားခံရမှု ပြသနာကို အခြေပြုပြီး အစွန်းရောက်သူ တစ်ချို့ဟာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် တကယ်ကျူးလွန်ခဲ့တဲ့ မှုခင်းကြီးဖြစ်သယောင်၊ အမုန်းတရား ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုတွေ တရစပ် လုပ်ခဲ့ကြပါတယ်။

    ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မန္တလေး မဘသ အဖွဲ့ခေါင်းဆောင် အရှင်ဝီရသူနဲ့ အခြား သူတွေ ပါဝင်ကြပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးမှု အခြေခံက စပြီး မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့် က လက်ဖက်ရည်ဆိုင် ပါတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက စောစောက ပြောခဲ့သလို လူသေဆုံး၊ ထိခိုက်ဒါဏ်ရာ ရသူရ၊ နေအိမ်အဆောက်အဦနဲ့ ကားဆိုင်ကယ်တွေ ဖျက်ဆီးခံရတဲ့ အထိ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ်။ အခုလို ဘာသာခြားက မုဒိန်းကျင့်တယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းကို ပျံ့အောင် ဖြန့်၊ တဆက်တည်း ဘာသာခြား အမုန်းတရား ပျံ့နှံ့အောင်လုပ်၊ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွား ဆိုတဲ့ ဖေါ်မြူလာဆန်ဆန် လုပ်ရပ် သမ္မတ ဦးသိန်းစိန် အစိုးရက မသိ၊ မတားဆီး နိုင်ဘူးလားဆိုတဲ့ မေးခွန်းဖြစ် ပါတယ်။ တကယ်တော့ ဒီ ပြသနာကို သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက သိခဲ့ပါတယ်။

    သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းကို နည်းနည်း ပြန်နားထောင်ကြည့်ရအောင်ပါ။ သမ္မတရဲ့ မိန့်ခွန်းတစ်နေရာမှာ အဲဒီ အချိန်က မလေးရှားရောက် မြန်မာအလုပ်သမားတစ်ချို့ တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ခုလို ပြောဆိုထားပါတယ်။ “ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့် ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တာပဲ ဖြစ်တယ်။ ” လို့ ဆိုပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ Hate Speech လို့ခေါ်တဲ့ အမုန်းတရား ဖြန့်ဖြူးမှုရဲ့ အန္တရာယ်ကို သိနေတဲ့ သဘော သက်ရောက်ပါတယ်။

    ဆက်ပြီးပြောတာက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ အခုဆို သမ္မတ အဲဒီ မိန့်ခွန်းပြောတာ တစ်နှစ်တိတိ ရှိသွားပါပြီ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုရဲ့ အဓိက လက်သည်တရားခံဖြစ်တဲ့ အဲဒီ အမုန်းတရား ဖြန့်ဖြူးသူ တစ်ဦးတစ်ယောက်ကိုမှ အစိုးရက အရေးယူတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး အတင့်ရဲ ပိုပြီး ဆိုးရွားလာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ အနေမျိုး ကြုံတွေ့ရလာတာ ဖြစ်ပါတယ်။

    သမ္မတ ဦးသိန်းစိန်ဟာ အမုန်းတရားဖြန့်ဖြူးတဲ့သူတွေကို အရေးယူမယ် ဆိုတဲ့ မိန့်ခွန်းပြောပြီး တစ်နှစ်အကြာ အခု ဇူလိုင် ၃ ရက်နေ့မှာ နောက်ထပ် မိန့်ခွန်းတစ်ခု ပြောခဲ့သလို မန္တလေးမှာ အကြမ်းဖက်မှုကြီးတစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ ကြုံရပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောတာက “ ပြုပြင်ပြောင်းလဲရေး အာင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

    သမ္မတ ဦးသိန်းစိန် ပြောတာ ရှင်းပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရေးယူရမယ် ပြောခဲ့ပေမယ့် အခုတစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ သူတို့ အစိုးရ အာဏာပိုင်တွေအနေနဲ့ ဘာတာဝန်မှ ယူတော့မှာ မဟုတ်ပဲ လူ့အဖွဲ့အစည်းကသာ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြပါ ဆိုပြီး ပြည်သူတွေ လက်ထဲ ပြန်ထိုးထည့်သွားခဲ့တာပါ်။ အဓိပ္ပါယ်ကတော့ ဒီပြသနာကို ကိုင်တွယ် အရေးယူနိုင်တဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားလို့ မရဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပြောရရင် နိုင်ငံ့အကြီးအကဲ အထွတ်အထိပ် လို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုကြည့်ရင် သူ့အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး ဘာမှ အရေးယူနိုင်တာ မရှိသလို လုပ်နိုင်စွမ်းမရှိတာလဲ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    https://www.facebook.com/sithu.aungmyint/posts/299747063541434

  • ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

    ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    7

    – ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခရစ်ယာန်ဘုန်းတော်ကြီးများက ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ဖြေရှင်းရန် ဗာတီကန် ကော်မရှင်၏ ကြိုးပမ်းမှု တစ်ရပ် အနေနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စော်ကားခံရသူများအား ပထမဆုံးအကြိမ် အဖြစ် ယနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ဗြိတိန်၊ ဂျာမနီနှင့် အိုင်ယာလန်တို့မှ အစော်ကားခံရသူ ၆ ဦးနှင့် ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းအနီး ၎င်း၏ ကိုယ်ပိုင်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဖြစ်ပွားခဲ့သည်ဟု သတင်းထွက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှ ခရစ်ယာန်ဘုန်းတော်ကြီး ဆီယန် အိုမာလေးလည်း ပါဝင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပုပ်ရဟန်းမင်းအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ဖရန်စစ်မှာ ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့ပြီး ကက်သလစ်အသင်းတော်၏ ပုံရိပ်ကို ပျက်ဆီးစေသည့် ခရစ်ယာန်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအတွက် ထိရောက်သော ဆောင်ရွက်မှုများ မရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    သို့သော်လည်း အဆိုပါရာဇ၀တ်မှုများအတွက် လုံးဝ သည်းခံတော့မည်မဟုတ်ဟု ပြီးခဲ့သည့်မေလက ကြေညာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန် ကော်မရှင်တစ်ခု ကိုလည်း ဖွဲ့စည်းခဲ့သည်။

    လွန်ခဲ့သည့် ၁၀နှစ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃၄၂၀ မှုအား အသင်းတော် တရားရေးအဖွဲ့မှ စစ်ဆေးခဲ့ပြီး ဘုန်ကြီး ၈၄၈ ပါးအား လူဝတ်လဲစေခဲ့ကာ ၂၅၇၂ ပါးအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုအတွင် ဘ၀တစ်သက်တာလုံး ဆုတောင်းအာပတ်ဖြေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဗာတီကန် တာဝန်ရှိသူများက ယခုနှစ်အတွင်း သတင်းထုတ်ပြန်ခဲ့သည်။

    Ref : Aljazeera

  • ဘိုကိုဟရမ်အဖွဲ့ ပြန်ပေးဆွဲခဲ့သည့် အမျိုးသမီးအချို့ ပြန်လည် လွတ်မြောက်လာ

    ဘိုကိုဟရမ်အဖွဲ့ ပြန်ပေးဆွဲခဲ့သည့် အမျိုးသမီးအချို့ ပြန်လည် လွတ်မြောက်လာ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    3

    – ပြီးခဲ့သည့်လက နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟရမ်အဖွဲ့၏ ပြန်ပေးဆွဲခံခဲ့ရသည့် အမျိုးသမီး ၆၀ ကျော်မှာ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

    စုစုပေါင်း ၆၃ ဦးရှိသည့် အဆိုပါ အမျိုးသမီးအုပ်စုမှာ ၎င်းတို့ကို ပြန်ပေးဆွဲသူများ အစိုးရတပ်များကို သွားရောက်တိုက်ခိုက်ချိန်တွင် ထွက်ပြေးလာခဲ့ကာ သောကြာနေ့ ညပိုင်းက ပြန်ရောက်ခဲ့ကြောင်း ဘိုနိုပြည်နယ် ပြည်သူ့ကင်းအဖွဲ့မှ အကြီးတန်းအရာရှိ အဘတ်စ် ဂါဗာက ဂျာနစ်လစ်များအား ပြောကြားခဲ့သည်။

    ဘိုနိုပြည်နယ် မြို့တော် မိုင်ဒူဂူရီမှ အဆင့်မြင့်လုံခြုံရေးအရာရှိတစ်ဦးကလည်း ထိုသတင်းအား အတည်ပြုခဲ့ပြီး ၎င်းအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ ပြောရေးဆိုခွင့် မရှိသောကြောင့် အမည်ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သည်။

    ဘိုကိုဟရမ်လက်နက်ကိုင်များနှင့် နိုက်ဂျီးရီးယား အစိုးရတပ်များမှာ သောကြာနေ့ ညပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲများ အနီးရှိ ကျေးရွာများသို့ ကင်းလှည့်နေစဉ် လက်နက်ကိုင်များက ရဲစခန်းများ၊ ကင်းစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

    ဘိုကိုဟရမ်အဖွဲ့မှာ ပြီးခဲ့သည့်လက ချီဘွတ်မြို့ရှိ စာသင်ကျောင်းတစ်ခုမှ ကျောင်းသူ ၂၀၀ ကျော်ကိုပြန်ပေးဆွဲခဲ့ပြီး၊ ထိုကျောင်းသူများလွတ်မြောက်ရေးအတွက် Bring Back Our Girls ခေါင်းစဉ်ဖြင့် နိုင်ငံတစ်ဝှမ်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုလွတ်မြောက်လာသည့် အမျိုးသမီးများတွင် အဆိုပါကျောင်းသူ အရေအတွက်မည်မျှ ပါဝင်သည်ကို သိရှိရခြင်းမရှိသေးပေ။

    Ref : ChannelNewsAsia

  • ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    – မနက်ဖြန်ညတွင် ကစားမည့် ဆီးမီးဖိုင်နယ်ပွဲတွင် ဂျာမနီအား အနိုင်ယူကာ ဘရာဇီးလ်အသင်း ဗိုလ်လုပွဲ တက်နိုင်ခဲ့လျှင်ပင် အသင်း၏ အားထားရသည့် တိုက်စစ်မှူး နေးမာမှာ ပါဝင်နိုင်ရန် အလားအလာမရှိတော့ဟု ဘရာဇီးလ်အသင်း၏ ဆေးအဖွဲက ပြောကြားလိုက်သည်။

    ကိုလံဘီယာနှင့်ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် နေးမာမှာ ကိုလံဘီယာကစားသမားနှင့် ထိခိုက်မိခဲ့ပြီး နောက်ကျောတွင် ဒဏ်ရာရရှိခဲ့သည်။ ဘရာဇီးလ် မီဒီယာများကမူ နေးမာမှာ ဂျာမနီနှင့်ပွဲ သို့မဟုတ် နောက်ဆုံးဗိုလ်လုပွဲတွင် နေးမာ ပြန်လည်ပါဝင်နိုင်မည်ဟု ရေးသားခဲ့ကြသော်လည်း ဘရာဇီးအသင်း ဒေါက်တာ ဂျိုဆေး လူးဝစ်ရန်ကိုက နေးမာအနေဖြင့် ဒဏ်ရာအကင်း မသေသေးပဲ ၀င်ကစားခဲ့ပါက ၎င်း၏ အနာဂတ် ကြံ့ခိုင်မှုကို ထိခိုက်လိ့မ်မည်ဟု သတိပေးခဲ့သည်။

    “ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကစားဖို့ သူ့မှာ အခွင့်အရေးမရှိတော့ပါဘူး။ သူ အသင်းနဲ့ရှိနေမှာ ဖြစ်ပေမယ့် လုံးဝ ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ တကယ်မရှိတဲ့ အရာတစ်ခုကို ထင်ယောင်ထင်မှားဖြစ်အောင် ကျွန်တော်ဖန်တီးမှာမဟုတ်ပါဘူး။ သူ့ကို့ မကစားခိုင်းတာကလွဲလို့ ကျွန်တော်တို့မှာ ရွေးစရာမရှိပါဘူး” ဟု ရန်ကိုက ပြောကြားခဲ့သည်။

    ဂျာမနီအသင်းနှင့် ကစားမည့် ဘရာဇီးလ်အသင်းတွင် သီယိုဂိုဆေးလ်ဗားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။
    Ref : Goal

  • ရမ်ဇာန်အထောက်အကူပြု ဘက်စုံသုံး ဆော့ဖ်ဝဲ Google Play တွင် Download ရယူသူ အများဆုံးဖြစ်လာ

    ရမ်ဇာန်အထောက်အကူပြု ဘက်စုံသုံး ဆော့ဖ်ဝဲ Google Play တွင် Download ရယူသူ အများဆုံးဖြစ်လာ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

     

    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ဖုန်းဆော့ဖ်ဝဲတစ်ခုမှာ ယခုနှစ် ရမ်ဇာန်လအတွင်း Google Play ၌ Download ရယူမှုအများဆုံး ဆော့ဖ်ဝဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု သိရသည်။

    RAMADAN PHONE 2014 အမည်ပေးထားသည့် အဆိုပါ ဆော့ဖ်ဝဲကို Carib Publishing မှ ပြီးခဲ့သည့် နှစ်ပတ်ကျော်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်များအား ရမ်ဇာန်လမြတ်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များရရှိရန် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်သည်။

    ထိုဆောဖ့်ဝဲတွင် ရမ်ဇာန်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ထည့်သွင်းထားပြီး၊ ဆဲဟ်ရီနှင့် အစ်ဖ်သာရ်အချိန်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရမ်ဇာန်လ အတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များလည်းပါဝင်ကာ ကစ်ဗ်လာကိုရှာဖွေနိုင်သော သံလိုက်အိမ်မြှောင်ကိုလည်း ထည့်သွင်းထားသည်။

    ရက်ပေါင်း ၆၀ အတွင်း ဖန်တီးခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ဖြန့်ချီခြင်းဖြစ်သည်။ Google Play သို့ လွှင့်တင်ပြီးနောက်ပိုင်း တစ်နှစ်တာအတွက် Download ရယူမှုအများဆုံအဖြစ် စံချိန်တင်ခဲ့ပြီး ရမ်ဇာန်နှင့် ပတ်သက်သည့် ဆော့ဖ်ဝဲများတွင်လည်း လူကြိုက်အများဆုံး ဆော့ဖ်ဝဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

    ထိုဆော့ဖ်ဝဲဖြင့် မိမိတို့၏ ဖုန်းအတွင်း ရမ်ဇာန်နှင့် ပတ်သက်သည့် Theme များ၊ ဂရပ်ဖစ်ကောင်းမွန်သည့် Wallpaperများကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ ရမ်ဇာန်နှင့် သက်ဆိုင်သည့် အကြောင်းအရာများအပြင် ဆွလာသ်ဝတ်ပြုချိန်များနှင့် ဟစ်ဂျရီပြက္ခဒိန်တို့လည်း ပါဝင်သည်။ ထို့ပြင် ထိုဆော့ဖ်ဝဲဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ကို ရွတ်ဖတ် နားထောင်နိုင်မည်ဖြစ်ကာ ဘာသာပြန်ကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။

    ရမ်ဇာန်ဥပုသ်လတွင် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အာရုဏ်တက်ချိန်မှ နေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့ကို ရှောင်ကျဉ်ရပြီး အစ္စလာမ်က သတ်မှတ်ထားသည့် သီလများကို ဆောက်တည်ကာ ကုန်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဆွလာသ် ၀တ်ပြုခြင်း စသည့် အိဗာဒဟ် ခ၀ပ်ကိုးကွယ်မှုများကို ဆောင်ရွက်ကြရသည်။

    အစားအသောက်ရှောင်ကျဉ်ခြင်းအတွက် နာမကျန်းဖြစ်သူများနှင့် ခရီးသွားလာနေသူများကို ခြွင်းချက်အဖြစ် ပလပ်ခွင့်ပေးထားသည်။

    ဤလမြတ်အတွင်း မွတ်စလင်များမှာ မိသားစု စုပေါင်းဝါဖြေခြင်း၊ ဓမ္မသင်တန်းများ သင်ကြားပို့ချခြင်း၊ ချို့တဲ့သူများအား ကူညီခြင်းနှင့် အထူးဝတ်ပြုမှုများ ဆောက်တည်ခြင်း စသည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ကြသည်။

    Ref : Onislam