News @ M-Media

Blog

  • @ ကွာခြားပုံ @ (သူ့အမြင်)

    ဇူလို်င် ၆ ၊ ၂၀၁၄
    M-Media
    .ရေးသူ – အိမ်ဝေးသူ (KZ)

    10012627_532831476823010_4141102866987021982_n

    ဦးဥတ္တမ
    ဦးဝိစာရ
    သင်္ဂဇာဆရာတော်
    ဆရာတော် ဦးဗုဓ်
    ဗန်းမော်ဆရာတော်
    ရှင်မဟာရဋ္ဌသာရ
    ပင်လေးပင်ရှင်လေးပါး
    ရှင်ဒီသာပါမောက္ခ
    ရှင်အရဟံ

    အထက်ပါ ဆရာတော်ကြီးများသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏
    မှန်ကန်သော အမျိုးသားရေး၊ စစ်မှန်သော ဘာသာရေးနှင့် စာပေတို့အား
    စွမ်းစွမ်းတမံ မြှင့်တင်ပေးခဲ့ကြသော ပုဂ္ဂိုလ်မွန်များ ဖြစ်ကြသည်။
    ( ငြိမ်းချမ်းစွာ နေထိုင်ကြသော ဘာသာခြားများအား ဒုက္ခပေးခဲ့ခြင်း အလျင်းမရှိ )

    —————၀၀၀——————၀၀၀——————

    ကျွန်တော်အပါအဝင်
    မြန်မာပြည်ဖွား တိုင်းရင်းသား ပေါင်းစုံတို့သည်
    (ဗုဒ္ဓဘာသာဖြစ်စေ၊ မွတ်စလင်မ်ဖြစ်စေ၊ ဟိန္ဒူ ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊)
    ကျောင်းနေအရွယ်မှ စတင်၍ ဗန်းမော်ဆရာတော်၊ ရှင်မဟာရဋ္ဌသာရ တို့၏
    ပျို့ များ၊ ကဗျာများကို သင်ယူလေ့လာခဲ့ကြရ၏။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်….။
    ရှင်မဟာရဋ္ဌသာရ ၏

    “ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
    သားမယားပင်
    သိမြင်ကင်းကွာ၊ မလိမ္မာလည်း
    စာပေစကား၊ နေ့တိုင်းကြားက
    ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။”

    ဟူသော ဆုံးမစာကို ဖတ်ပြီး လိမ္မာယဉ်ကျေးခဲ့ပါသည်။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်….။
    ဗန်းမော်ဆရာတော် ၏

    “တရားကို တေးလိုဆို၊
    အဖကို သားကဆဲ၊
    ဆွေမျိုးထဲက ဓားပြတိုက်၊
    မိုက်ရဲလျှင် သောတပန်၊
    မကောင်းကြံက သမာဓိ၊
    ရွှေရှိမှ လူလိမ္မာ၊
    လိမ်နိုင်မှ သစ္စာရှင်၊
    ရိုးသားသူကို အရူးလို့ထင်”

    ဟု အစချီသော ဆုံးမစာကို ဖတ်ပြီး ဆရာတော်၏
    ကဗျာဥာဏ် ကွန့်မြူးပုံကို လေးစားအတုယူခဲ့ဖူးပါသည်။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်….။

    ”နော့်ရထာ့ကံ၊ အရဟံ၊ ခုန်ပျံကျလှာဝဲ”

    ဟု ဆိုသည့်အတိုင်း သထုံပြည်မှ ပုဂံပြည်သို့ ကြွ၍ သာသနာပြုခဲ့သည့်
    ရှင်အရဟံ နှင့် အနော်ရထာမင်းတို့၏ ဆက်နွယ်မှုတို့ကို
    စိတ်ဝင်တစား ဖတ်ရှုရင်း ထေရဝါဒဗုဒ္ဓ ဘာသာ အကြောင်းကို လေ့လာခဲ့ဖူးပါသည်။

    ထိုမျှမက

    ဆရာတော် ဦးဥတ္တမ ၏ ရဲရဲတောက်သော သတ္တိ
    ဆရာတော် ဦးဝိစာရ၏ မှန်ကန်သော မျိုးချစ်စိတ်
    သင်္ဂဇာဆရာတော်၏ ယဉ်ကျေးလိမ္မာ သိမ်မွေ့သော အဆုံးအမ
    ဆရာတော် ဦးဗုဓ်၏ အမှန်တရားအား မြတ်နိုးတတ်မှု
    ပင်လေးပင်ရှင်လေးပါး၏ ချစ်ဖွယ်သော အဆုံးအမ
    ရှင်ဒီသာပါမောက္ခ၏ လိမ္မာပါးနပ်သော သံတမန်ရေးရာ ကျွမ်းကျင်မှု

    စသည်တို့ကိုလည်း အလျင်းသင့်သလို ဖတ်ရှု လေ့လာခဲ့ရပါသည်။

    သို့ဆိုလျှင်….။
    ယခုခေတ် သင်္ကန်းအရေခြုံ ဦးဝီရသူ၏
    အဆင့်အတန်း…..အဘယ်မှာနည်း။
    အတုယူစရာ…လေးစားစရာ အချက် အဘယ်မှာနည်း။

    ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
    သို့သော်…။
    ဗုဒ္ဓဘာသာဝင် ညီငယ်၊ ညီမငယ်များစွာ ရှိပါသေးသည်။

    အကယ်၍….
    ထိုလူမမယ် ကလေးငယ်များ၏ ရင်ထဲ၌
    ဦးဝီရသူ သင်ကြားပို့ချသော
    အမုန်းတရားများ၊ အကြမ်းဖက်ဝါဒများ၊ အချောင်လုယက်လိုစိတ်တို့
    တစ်ဖြည်းဖြည်း ကိန်အောင်းသွားမည်ဆိုပါက
    မြန်မာ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးသည်
    မျှော်လေ…ဝေးလေ ဖြစ်ရပေဦးတော့မည်။

    အိမ်ဝေးသူ (KZ)

    မှတ်ချက်။

    သင်…စွဲကိုင်သော အယူဝါဒ၏ ပူလောင်မှု ၊ အေးမြမှုတို့အား ပထမဆုံး ခံစား၊ စံစားရမည့်သူမှာ သင်ကိုယ်တိုင် ဖြစ်သည်။

  • အေးရိပ်ငြိမ်(ကြာနီကန်) မွတ်စလင်သုဿာန် အကြမ်းဖက် ဖျက်ဆီး ခံခဲ့ရမှု (ဓါတ်ပုံများ)

    ဇူလိုင် ၆၊ ၂၀၁၄
    M-Media
    သုတ

    a3a1a095a130fda3953261087dd761984f7c6b76c0a3037210555e97a804f9f3
    မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ အေးရိပ်ငြိမ် မွတ်စလင်သုဿန် (ကြာနီကန် ကဘာရ်စတာန်)ကို ဇူလိုင်လ ၄-ရက်နေ့ ညနေပိုင်းနှင့် ဇူလိုင် ၅-ရက်နေ့ မနက်ပိုင်း အကြမ်းဖက်သမားများက ဝင်ရောက် မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ အပျက်အဆီးများ မြင်ကွင်းဖြစ်ပါတယ်။

    အကြမ်းဖက်သမား၏ လုပ်ရပ်ကြောင့် ဗလီအတွင်းပိုင်းနှင့် စာသင်ကျောင်းဆောင်တို့ ပျက်စီးခဲ့ပြီး ၀န်ထမ်းအစောင့်နေအိမ် မီးလောင် ပြာကျသွားခဲ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားများဟာ မွတ်စလင် အုတ်ဂူများလည်း ဖြိုဖျက်သွားခဲ့ကြပါတယ်။

    မှတ်ချက်- ဓါတ်ပုံပါ နေ့စွဲမှာ ရိုက်ကူးခဲ့သည့် ကင်မရာ Date Setting လွဲမှားနေခြင်းဖြစ်ပါတယ်။

    ဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် http://goo.gl/3J9d54

  • ဓါးမတိုလဲ လက်နက်ပဲ (ကာတွန်း)

    ဓါးမတိုလဲ လက်နက်ပဲ (ကာတွန်း)

    ဇူလိုင် – ၆ ၊ ၂၀၁၄

    ကာတွန်း –Artist Lagoon Eain

    98

  • မန္တလေး သိုးခြုံရပ်ကွက်အား အကြမ်းဖက်သမားများ လှုံ့ဆော်မှုပြုလုပ်ပြီး ထွက်ပြေး

    မန္တလေး သိုးခြုံရပ်ကွက်အား အကြမ်းဖက်သမားများ လှုံ့ဆော်မှုပြုလုပ်ပြီး ထွက်ပြေး

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media
    သုတ

    မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် လုပ်ရပ်များကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ၂-ညရောက်ဖြစ်သည့် ယနေ့ ဇူလိုင်လ ၅-ရက် ည ၈ နာရီခွဲခန့်တွင် မွတ်စလင်အများစုနေထိုင်ရာ မန္တလေး ချမ်းမြသာစည်မြို့နယ် သိုးခြံရပ်ကွက်အတွင်းသို့ အကြမ်းဖက် လှုံ့ဆော်သူတစ်စု ဆိုင်ကယ် ၃-စီးဖြင့် အော်ဟစ်ဝင်ရောက်လာခဲ့ရာ ရပ်ကွက်ဒေသခံများမှ ၀ိုင်း၍ လိုက်ကြသဖြင့် ထွက်ပြေးသွားကြောင်း သိရပါတယ်။

    “ဟုတ်ကဲ့ ကျွန်တော်တို့ တရာဝီ(ဥပုသ်လ ၀တ်ပြုမှု)ပြုလုပ်နေချိန် ဖြစ်သွားတာပါ။ ကျွန်တော်တို့တွေက ဗလီထဲမှာ ဆွလာသ်ဝတ်ပြုနေကြတာပါ။ သူတို့က အော်ပြီး ၀င်လာတော့ ကျွန်တော်တို့လည်း ၀တ်ပြုတာရပ်ပြီး ၀ိုင်းလိုက်ကြတာပါ။ သူတို့ ထွက်ပြေးသွားကြပါတယ်။ ၀င်လာတာကတော့ ဆိုင်ကယ် ၃-၄ စီးပါပဲ။ သူ့နောက်မှာတော့ လူအုပ်ပါတယ်လို့ အပြင်က မြင်တဲ့သူတချို့ ကတော့ပြောတယ်။ သူတို့က ၆၂-လမ်း လမ်းမကြီးဘက်က ၀င်တာမဟုတ်ဘူးဗျ။ အနောက်ဘက် သံလမ်းဘက် လမ်းအသစ်ကနေ ၀င်တာ။ ဟုတ်ကဲ့ လုံခြုံရေးက ခုနကပဲ ရဲတွေတော့ ပတ်နေပါတယ်။ အခုတော့ အေးအေးဆေးဆေးပါပဲ။”ဟု သိုးခြံရပ်မှာ နေထိုင်သူက ပြောပါတယ်။

    ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ သိုးခြံရပ်နှင့် အနီးဆုံးတွင်ရှိနေသည့် ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်းသို့ M-Media က ည ၉-နာရီက ဆက်သွယ်စုံစမ်းရာတွင် “ကျွန်တော်တို့က သိုးခြံနားကပဲခင်ဗျာ။ အခုထိတော့ ထူးခြားမှု ဘာမှ မရှိပါဘူးခင်ဗျာ”ဟု ဖြေကြားခဲ့ပါတယ်။

    မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော အကြမ်းဖက် လုပ်ရပ်များကြောင့် မန္တလေးမြို့ခံများနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းသွားစေရန်သာ ဆန္ဒရှိနေကြပါတယ်။

    သိုးခြံဖြစ်စဉ်နှင့် တစ်ချိန်တည်းနီးပါးမှာပင် ပြည်ကြီး တံခွန်မြို့နယ် တောင်မြင့် ရပ်ကွက်၌လည်း “ကုလားတွေ ဘာညာ”ဟု ဆဲဆိုကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်၍ ဆိုင်ကယ်မောင်းပြေးသွားကာ သွားကြောင်း သိရသည်။

  • ပြန်ပေးဆွဲ ခံရသည့် ပါလက်စတိုင်း လူငယ် အသတ်မခံရမီ မီးရှို့ခံရ

    ဇူလိုင် ၅ ၊ ၂၀၁၄
    M-Media
    20147512386838621_20
    – ယခုသီတင်းပတ်အတွင်း ဂျေရုစလင်တွင် ပြန်ပေးဆွဲကာ အသတ်ခံခဲ့ရသည့် ပါလက်စတိုင်း ဆယ်ကျော်သက်မှာ တုံးသော အရာဝတ္ထုဖြင့် ဦးခေါင်းအား အရိုက်ခံခဲ့ရပြီးနောက် မသေဆုံးမီ မီးရှို့ခြင်းခံခဲ့ရသည်ဟု အလောင်းအား ခွဲစိတ်စစ်ဆေးမှုများအရ သိရသည်။

    သေဆုံးသူမှာ အသက် ၁၆ နှစ်အရွယ်ရှိ မိုဟာမက် အဘူကာဒရ် ဆိုသူဖြစ်ပြီး အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရပြီးနောက် နာရီအနည်းငယ်အကြာတွင် ခန္ဓာကိုယ်အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းကျော် မီးလောင်နေသော ၎င်း၏ အလောင်းအား တွေ့ရှိခဲ့ရသည်။

    ခွဲစိတ်မှုများရ ၎င်း၏ အဆုတ်တွင် မီးခိုးမှိုင်းများတွေ့ရှိခဲ့ရသောကြောင့် ကာဒရ်မှာ မီးရှို့ခံရစဉ်တွင် သေဆုံးခြင်းမရှိသေးဟု မှုခင်းဆေးပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ ကာဒရ် အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံအား ရဲတပ်ဖွဲ့က တရားဝင်အတည်မပြုနိုင်သေးသော်လည်း ပြီးခဲ့သည့် သီတင်းပတ်များက ပျောက်ဆုံးသွားခဲ့သည့် ဂျူးလူငယ်သုံးဦးအတွက် လက်စားချေသည့်အနေဖြင့် အစ္စရေးရှိ ဂျူးများက သတ်ဖြတ်ခဲ့ခြင်းသာဖြစ်မည်ဟု ယုံကြည်နေကြသည်။

    ကာဒရ်၏ အလောင်းအား ခွဲစိတ်စစ်ဆေးမှုကို တဲလ်အဗီးမြို့ရှိ အဘူကာဘီရ် မှူခင်းဆေးပညာအသင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖဲလ်ဒ်ကမူ ထိုတွေ့ရှိချက်အတွက် မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

    Al Jazeera