News @ M-Media

Blog

  • ဘာသာပေါင်းစုံပါဝင်သည့် စုပေါင်းဝါဖြေပွဲတစ်ခုကို တောင်အာဖရိက မွတ်စလင်များ ပြုလုပ်

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media

    RamadanInterfaith-Iftars-Unite-S- Africans
    ရမသွာန် ဥပုသ်လ၏ ဓလေ့ထုံးတမ်းများကို အခြားသော လူ့အဖွဲ့အစည်းအား မျှဝေလျက် ဘာသာပေါင်းစုံမှ အဖွဲ့များပါဝင်သည့် စုပေါင်း ၀ါဖြေပွဲတစ်ခုကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    တောင်အာဖရိက အာရဗ်လူ့အဖွဲ့အစည်းများအသင်းမှ ဦးဆောင်ကာ Pan-African စီးပွားရေးဖိုရမ်၏ ပူးပေါင်းပါဝင်မှုဖြင့် အစ္စလာမ်ဘာသာဝင်များစုရှိရာ Mayfair ဒေသ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်၊ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

    “မွတ်စလင်တွေနဲ့ အခြားဘာသာဝင်တွေအကြားမှာ ညီညွတ်မှုဖန်တီးဖို့ ဒီဘာသာပေါင်းစုံ ၀ါဖြေပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု အာရဗ်လူ့အဖွဲ့အစည်းများ အသင်း ဥက္ကဌ အဘ်ဒီစလာမ် ဟဘီဘာလာ အဟ်မဒ်က Anadolu သတင်းအေဂျင်စီသို့ ဇူလိုင် ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    စုပေါင်းဝါဖြေပွဲပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသည့် အစ္စလာမ်ဘာာသာဝင် မိုဟာမက် ဇာကီနှင့် ခရစ်ယာန်ဘုန်းတော်ကြီး ဖရန်စင်း ပူမီ၊ မာမာ မူကွာဇီတို့က လူအဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် မေတ္တာတရားများ ပြန့်ပွားလာရန် ဆုတောင်းပတ္ထနာပြုခဲ့ကြသည်။

    တက်ရောက်လာသူများကမူ အဆိုပါ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲအား ချီးကျူးခဲ့ကြပြီး အနာဂတ်တွင် ထိုကဲ့သို့ အခမ်းအနား မျိုးကို ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

    “မတူညီတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို ဘေးဖယ်ထားပြီး လွတ်လွတ်လပ်လပ် အပြန်အလှန်အကျိုးပြုနိုင်တာ၊ စားသောက်နိုင်တာနဲ့ အတူတကွ ဆုတောင်းနိုင်တဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်” ဟု အခမ်းအနားသို့ တက်ရောက်လာသူ နိုမာတန်းဒို ပရီစီလာက AA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တောင်အာဖရိကတွင် စုစုပေါင်း လူဦးရေ ၄၅ သန်းရှိပြီး ၁.၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref:OnIslam & News Agencies

  • အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မန္တလေးတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    10468109_735465223166502_900023657997773496_n
    ယခု ဇူလိုင်လဆန်းပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့တွင်း အကြမ်းဖက်မှုဖြစ်ရပ်များကြောင့် လိုအပ်ချက်အရ မန္တလေးငြိမ်းချမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

    မန္တလေးမြို့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု ကိစ္စရပ်တွေ ထပ်မံတိုးပွားမလာစေရန်၊ ကောလဟလသတင်းများအပေါ် ဖြစ်ရပ်မှန်များကို ပြည်သူလူထုသိရှိစေဖို့ အချိန်နဲ့ တပြေးညီ တင်ပြနိုင်စေရန်နှင့် ဥပဒေနဲ့အညီ ထိရောက်စွာ ဖြေရှင်းနိုင်ရေး တွန်းအားပေး လုပ်ဆောင်ရန် ဘာသာလူမျိုးပေါင်းစုံ ပါဝင်သည့် မန္တလေးမြို့ လူထုပေါင်းစည်းအားနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရှိရပါတယ်။

    မန္တလေး တစ်မြို့လုံးအတိုင်းအတာ မြို့မိမြို့ဖများ၊ NGO များ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ ကျောင်းပေါင်းစုံမှာ သံဃာတော်များ ပါဝင်ပြီး ဆရာတော်ကြီးများ၏ သြ၀ါဒ ခံယူပွဲကို မနက်ဖြန် နေ့လည် ၁-နာရီမှာ မိုးကောင်းကျောင်းတိုက်မှာ ပြုလုပ်မယ်လို့ မန္တလေး ငြိမ်းချမ်းရေးကော်မတီ၏ လုပ်ငန်းအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

    ယခုရက်ပိုင်းအတွင်း ဖြစ်နေသည့် ကိစ္စရပ်များ၊ အေးရိပ်ငြိမ် မွတ်စလင်သုဿာန် (ကြာနီကန်ကဘာရ်စတာန်) အတွင်းရှိ ဗလီနှင့် ကျောင်းအား မနေ့က မီးရှို့ရန်လုပ်ဆောင်ခဲ့ကြပြီး အတွင်းရှိပစ္စည်းများကို ယနေ့မနက်ပိုင်းက သယ်ယူသွားကြမှုအားမေးမြန်းရာ မှန်ကန်ကြောင်း ၎င်းက ဖြေကြားပါတယ်။

    အဆိုပါကိစ္စရပ်များအတွက် အာဏာပိုင်အနေနဲ့ မည်သို့ လုပ်ဆောင်နေကြောင်း သိရှိပါသလဲဆိုသည့် မေးခွန်းအပေါ်”အာဏာပိုင်ကတော့ ပေါ့လျော့တာပေါ့။ တကယ့် ဥပဒေစိုးမိုးမှု ရှိအောင်၊ လုံခြုံရေးအပြည့်အ၀ ပေးနိုင်အောင် ကျွန်တော်တို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ထပ်မံ ဖြေကြားပါတယ်။

    အမှုဆောင် လုပ်ငန်းအဖွဲ့ဝင် ၂၁-ဦးဖြင့် ဖွဲ့စည်း၍ ဆပ်ကော်မတီများဖွဲ့စည်းကာ လုပ်ဆောင်နေပြီး မန္တလေးမြို့ခံများအနေနှင့်လည်း မန္တလေးရဲ့ ငြိမ်းချမ်း ချစ်ခင်မှု တည်ငြိမ်အေးချမ်းမှု အစဉ်အလာကောင်းတွေကို ဆက်လက် ထိန်းသိမ်းရန် ရည်ရွယ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

    ဓါတ်ပုံ – မန္တလေးငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးကော်မတီ FB စာမျက်နှာ

  • ရန်ကုန်မြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေ The Voice ဂျာနယ် အယ်ဒီတာချူပ် ကိုကျော်မင်းဆွေရဲ့ သတိပေးစကား

    ဇူလိုင် ၅၊ ၂၀၁၄
    kyaw min swe
    မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး အရေခြုံပြီး အကြမ်းဖက်ဖို့ ကြံစည်တာ မအောင်မြင်တဲ့အတွက် ရန်ကုန်မှာ ပြောင်းကြံစည်ကောင်း ကြံစည်လာနိုင်တယ်။ ဒီကိစ္စက အတော်စိုးရိမ်စရာ ကောင်းတဲ့အခြေအနေပါ။ မန္တလေးမှာ မြို့သူမြို့သားတွေနဲ့ အများကြည်ညိုလေးစားတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ အထိန်းသိမ်းကောင်းပြီး ရဲတပ်ဖွဲ့ဝင်တွေ သတိရှိလို့ သူတို့ထင်သလို အကြမ်းဖက်မီးရှို့ခွင့် မရလိုက်ဘူး။

    ရန်ကုန်မှာ ဘယ်မြို့နယ်မှာ ဘာလုပ်မယ်၊ ဘယ်သူတွေကို ဘာလုပ်ပါ ဆိုပြီး ချိတ်ဆက်ညွှန်ကြားမှုတွေ ရှိနေတယ်လို့ သတင်းထွက်နေတယ်။ အဲဒီလို အကြမ်းဖက်ဖို့ ကြံစည်တဲ့သူတွေက စနစ်တကျ လေ့ကျင့်ပေးထားတဲ့သူတွေဆိုတာကို မမေ့ကြဖို့လိုတယ်။ ဆုတ်တာ၊ တက်တာ၊ ပျောက်ကျားနည်းနဲ့ အကြမ်းဖက်တာ၊ ခြေရာဖျောက်တာတွေက အတော် စနစ်တကျ ရှိတယ်။လက်ရဲ ဇက်ရဲလည်း အတော်နိုင်တယ်။ သူတို့ကို အင်အားကောင်းကောင်း၊ သြဇာအာဏာကောင်းကောင်း ရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတစ်ခုရဲ့ သေဆိုသေ ရှင်ဆိုရှင် လက်ပါးစေ၊ လက်မရွံ့တွေ ဖြစ်ဖို့ များတယ်။ သာမန်ပြည်သူတွေအနေနဲ့ သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ မကြိုးစားသင့်ဘူး။ ရဲတပ်ဖွဲ့ရဲ့အကူအညီယူသင့်တယ်။ ကျနော့်အထင် ရဲတပ်ဖွဲ့ကလည်း ပျောက်ကျားနည်းနဲ့ အကြမ်းဖက်မှု တကယ်ဖြစ်လာရင် ထိန်းသိမ်းဖို့ အတော်ခက်မယ်။ ကြိုတင်ပြီး ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။

    အထူးသဖြင့် အကြမ်းဖက်အုပ်စုက သတင်းထောက်တွေကို အတော်ညှိုးနေကြတယ်။ သတင်းထောက်တချို့ကို ဓာတ်ပုံမှတ်တမ်းရိုက်ယူထားတာမျိုးရှိတဲ့အတွက် နောက်တစ်ကြိမ်တွေ့တာနဲ့ ဒုက္ခပေးကောင်း ပေးလာနိုင်တယ်။ ရှေ့တမ်းစစ်မြေပြင်လို စွန့်စားသတင်းယူပြီး ပြည်သူကို အဖြစ်မှန် တင်ပြပေးဖို့ ကြိုးစားနေကြတဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ အထူးဂရုစိုက်ကြပါ။ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိဖို့က နံပါတ်တစ်ဆိုတာ မမေ့ကြဖို့ လိုပါမယ်။

    ဖြစ်လာရင် ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုယူနေရတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ အမိန့်အရ လှုပ်ရှားရတဲ့ ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်က နောက်မှရောက်လာဖို့များတယ်။ အရေးကြီးတာက သူတို့ဆင်ထားတဲ့ ခွင်ထဲ၊ ထောင်ခြောက်ထဲကို နှစ်ဖက်စလုံး သတိလက်လွတ်ဖြစ်ပြီး ဝင်မသွားကြဖို့လိုမယ်။ နှစ်ပေါင်းအကြာကြီး ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေလာကြတဲ့ မြန်မာနိုင်ငံသားအချင်းချင်း ယိုင်းပင်းကူညီကြပါ၊ ကိုယ်ချင်းစာကြပါ။ စာနာစိတ်ထားကြပါ။ မေတ္တာထားကြပါလို့ မေတ္တာရှေ့ထားပြီး ကြိုတင် သတိပေးပါရစေ။

    https://www.facebook.com/kyawms/posts/10152262204553940

     

  • ဂျွန်းဗလီဝင်းအတွင်းမှ ဖမ်းဆီးသွားသည့် ၅-ဦးအား ၈-ရက်နေ့ ရုံးထုတ်စစ်ဆေးမည် မီဒီယာအချို့ တဖက်စောင်းနင်းရေးသားနေကြ

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media
    သုတ
    ဇူလိုင် လဆန်းက စတင်ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ အကြမ်းဖက်မှုတွင်ဖြစ်စဉ်တွင် လူ၂ ဦး သေဆုံးခဲ့ပြိး လူအများအပြားဒဏ်ရာရခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်များ တဖက်သက်အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြိး အစ္စလာမ်ဘာသာဝင်တို့နှင့် ပတ်သက်ပြီး သတင်းအမှားအများအပြား ပြန့်နှံ့ခဲ့ပြိး ဂျွန်းဗလီတွင် လက်နက်များ သိုလှောင်ထားသည်ဟု ကောလဟာလ သတင်းမှာလဲ အင်တာနက်စာမျက်နှာပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။

    အဆိုပါ မဟုတ်မမှန်သတင်းများကြောင့် ယမန်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်အပါအ၀င် ရဲများက ၀င်ရောက် ရှာဖွေ၍ လက်နက်တွေ့သည်ဟုဆိုကာ ဂျွန်းဗလီအတွင်းနေထိုင်သူ ၅-ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

    ယနေ့ နံနက်ပိုင်းတွင်မူ ဂျွန်းဗလီအတွင်း လက်နက်များတွေ့ရှိဟူသည့် ခေါင်းစဉ်ဖြင့် လက်နက်ပစ္စည်းများကို ဖော်ပြထားသည့် သတင်းများလည်း နိုင်ငံပိုင် သတင်းစာများနှင့် ပုဂ္ဂလိက မီဒီယာအချို့မှာ ဖော်ပြလာပါတယ်။

    အဆိုပါ ဖမ်းဆီးခံထားရသူ ၅-ဦးအား ယခုအခါ အိုးဘိုအကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ပြီး လာမယ့် ၈-ရက်နေ့တွင် ခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရပါတယ်။

    ဇွန်လ ၃ ရက်နေ့ ညနေတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက်အမိန့်နှင့် လူ ၅ ဦးထပ်ပိုမထွက်ရ အမိန့်ထုတ်ထားသော်လဲ ယမန့်နေ့ ကွယ်လွန်သူ ကိုထွန်းထွန်း ဈာပနကို ဆူပူအကြမ်းဖက်သူများအပါဝင် လူ သောင်းနှင့် ချီ လိုက်ပို့ခွင့်ပြုခဲ့ပါတယ်။

    အသုဘပို့သူများမှာ တုတ်၊ဓါးလက်နက်များ ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ပြီး မြို့အနှံလှည့်လည်ခဲ့ပြီး အကြမ်းဖက်ဖျက်ဆီးမှုအချို့ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အရေးယူကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

ုမိမိကိုယ်ကိုယ်ခုခံကာကွယ်ရန် ဆောင်ထားသည့် အိမ်တိုင်းတွင်ရှိလေ့ရှိသည့် အဆောင်လက်နက်များကို ယခုကဲ့သို့ ကြိးမားသည့် ပုဒ်မတပ်ပြိး မွတ်စလင်များကို တဖက်သက်အရေးယူနေတာဖြစ်တယ်လို့ မန္တလေးမြို့ခံ တဦးက သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။

  • ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်ဆလင်တို့ကြား သံသယနှင့် ကြောက်ရွံမှုများ မြန်မာ ဒုတိယမြို့တော်ကို ရိုက်ခတ်လာခြင်း

    ဇူလိုင် ၅၊ ၂၀၁၄
    မူရင်းဆောင်းပါးရှင်-
    .ဆွေမွန်(M-Media)  မြန်မာမှုပြုသည်။

    04myanmar-master675
    အကြမ်းဖက်မှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ ကိုစိုးမင်း ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်တင်ကျော် ခင်ပွန်းဖြစ်သူ အလောင်းအနီး ဝမ်းနည်းစွာ ငိုကြေါးနေစဉ် (Photo – Soe Zeya Tun/Reuters )

    လူနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရစေခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုဟာ မန္တလေးမြို့တော်မှာ အသစ်တဖန်ပြန်လည်ခေါင်းထောင်လာခဲ့ပြီးနောက် မြန်မာအာဏာပိုင်တွေဟာ မန္တလေးမှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ဒီလိုထိတ်လန့်စရာမြင်ကွင်းတွေကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရပြီးပါပြီ။ မော်တော်ဆိုင်ကယ်တွေပေါ်မှာ ဒါးတွေ၊ တုတ်တွေကို ဝှေ့ရမ်းကိုင်ဆောင်ကာ မွတ်ဆလင်ဆန့်ကျင်ရေးဆောင်ပုဒ်တွေ၊ ကမ္ဘာမကျေသီချင်းတွေ အော်ဟစ်ရွတ်ဆိုကာ၊ မွတ်ဆလင်ပိုင်ဆိုင်တွေကို ဖျက်ဆီးပစ်တာတွေဟာ မန္တလေးရဲ့ လက်ရှိအခြေအနေတွေပါ လို့ မျက်မြင်သက်သေတစ်ဦးက ပြောခဲ့ပါတယ်။

    မန္တလေးဒေသအာဏာပိုင်တွေထုတ်ပြန်တဲ့ ညမထွက်ရအမိန့်ဟာ ည ၉ နာရီကနေ မနက် ၅ နာရီထိ လူ ၅ ဦးထက် ပိုမစုဖို့ ပိတ်ပင်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံတွင်းက အဓိကမြို့တော်ကြီးတွေမှာ ပထမဆုံးအကြိမ်အနေနဲ့ ဖြစ်ပေါ်ခဲ့ပြီး ပိုမိုကြီးထွားကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ မန္တလေးဟာ ရန်ကုန်လိုပဲ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ နက်နက်ရှိုင်းရှိုင်းတည်ရှိထွန်းကားရာနေရာဖြစ်ပြီး ဗြိတိသျှ ကိုလိုနီခေတ်မတိုင်မီကာလတွေကတည်းက ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ နဲ့ ဟိန္ဒူတွေဟာ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အတူယှဉ်တွဲနေထိုင်ရာနေရာ ဖြစ်ပါတယ်။

    ဒီအကြမ်းဖက်မှုဟာ မွတ်ဆလင်အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်စော်ကားလိုက်တယ်လို့ သတင်းတွေပေါ်ထွက်အပြီး အင်္ဂါညမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ အစိုးရပိုင်မီဒီယာတွေကလည်း မုဒိမ်းမှုအတွက် သံသယရှိသူစာရင်းမှာ မွတ်ဆလင်အမည်တစ်ခုကို အတည်ပြုဖော်ပြခဲ့ပါတယ်။

    မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက မွတ်ဆလင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး ပေါင်း နှစ်ဦးသေတယ်၊ ဗလီတစ်လုံး မီးရှို့ခံရတယ်၊ အခြားဗလီ ၄ လုံး ခဲပေါက်ခံရတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

    မြန်မာသတင်းမီဒီယာတွေက သေဆုံးသူ ဗုဒ္ဓဘာသာဝင်ဟာ နာရေးကူညီမှုအသင်းတစ်ခုမှာ ယာဉ်မောင်းလုပ်နေတဲ့ ဦးထွန်းထွန်းဖြစ်တယ်လို့ အတည်ပြုခဲ့ပြီးတော့ သေဆုံးသူမွတ်ဆလင်ဟာ စက်ဘီးအရောင်းဆိုင်ပိုင်ရှင် ဦးစိုးဝင်းဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေတစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဦးစိုးဝင်းဟာ မနက်ပိုင်းဝတ်ပြုဖို့ ဗလီကိုသွားတဲ့လမ်းပေါ်မှာပဲ မသေမချင်း ရိုက်သတ်ခံခဲ့ရတာလို့ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ ဦးနေဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်အုပ်စုတွေဟာ အားကောင်းလာခဲ့ပြီးနောက်မှာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာတိုင်းပြည်မှာ လူနည်းစုမွတ်ဆလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။

    ရဲစခန်းကနေ ငါးမိနစ်လောက်ပဲ လမ်းလျှောက်သွားရတဲ့နေရာတွေမှာ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်အုပ်စုတွေက ကားတွေကို ဖျက်ဆီး၊ မွတ်ဆလင်ပိုင်ဆိုင်တွေကို တိုက်ခိုက်ဖျက်ဆီးနေခဲ့ကြတာလို့ လူမျိုးပေါင်းစုံနေထိုင်ကြရာ မန္တလေးမြို့ခံ မွတ်ဆလင်တွေက ပြောကြားခဲ့ပါတယ်။

    “ရဲတွေက ငါးမိနစ်လောက်ပဲ လာရမယ့်ခရီးကို ဘာကြောင့် မိနစ် ၅၀ လောက်ကြာနေရသလဲဗျာ၊ ပြီးတော့ အကြမ်းဖက်သမားအုပ်စုတွေက ရဲတွေနားက နီးနီးလေးသွားလာနေတာတောင် ဘာကြောင့် မဖမ်းဆီးရသလဲ၊ ကျွန်တော်ဖြင့် နားတောင် မလည်တော့ပါဘူးဗျာ” လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးညီညီက ပြောခဲ့ပါတယ်။

    “ငါတို့ဟာ အာဇာနည် ဗုဒ္ဓဘာသာဝင်တွေ””မွတ်ဆလင်တွေ ထွက်သွား” စသည်ဖြင့် အကြမ်းဖက်အုပ်စုတွေက အော်ဟစ်နေတာကိုလည်း သူကြားခဲ့ရတယ်လို့ ပြောပါတယ်။

    လူပေါင်း ၂၅၀ ကျော်သေဆုံးခဲ့ရတဲ့အပြင် လူပေါင်း တစ်သိန်းခွဲနီးနီးကို အိုးအိမ်မဲ့ဖြစ်စေခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ၊ မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်က စတင်လာခဲ့တဲ့ အဓိကရုဏ်းတွေဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာမှာ အဓိကအတားအဆီး အခက်အခဲတစ်ခုဖြစ်နေခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန်က အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ် လို့ ပြောခဲ့ပြီး နောက်ကွယ်က ဖန်တီးလှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေကို ပြစ်တင်ခဲ့တယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ အစိုးရဟာ လုံလောက်တဲ့ တားဆီးမှုတွေ မလုပ်ခဲ့ဘူး၊ ပြီးတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အခြားဘာသာကို ကူးပြောင်းလိုရင် ထောက်ခံချက်အဆင့်ဆင့်လိုအပ်တဲ့ ဘာသာကူးပြောင်းရေးဥပဒေ ပြဌာန်းဖို့ ဒီနှစ်အစောပိုင်းက ဦးသိန်းစိန်ရဲ့ အဆိုတင်သွင်းမှုက ဘာသာရေးဆိုင်ရာ ကွဲပြားခြားနားမှုတွေကို ပိုမိုအားကောင်းစေခဲ့တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    အစွန်းရောက် ဗုဒ္ဓဘာသာ အကြမ်းဖက်ဂိုဏ်း ၉၆၉ ခေါင်းဆောင်ဘုန်းကြီးဖြစ်တဲ့ ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်ပေါ်က သတင်းထပ်ဆင့်ဖြန့်ဝေမှုဟာလည်း မန္တလေးအကြမ်းဖက်မှုကို တစ်စိတ်တစ်ပိုင်း စတင်ဖြစ်ပွားစေခဲ့ပါတယ်။ သူဟာ အဲဒီမုဒိမ်းမှုသတင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ခဲ့ပြီး သူဟာသူခေါ်ဝေါ်ထားတဲ့ “ဂျီဟတ်မွတ်ဆလင်” တွေကို အစိုးရက ဖြိုခွင်းပစ်ဖို့ တိုက်တွန်းရေးသားထားပါတယ်။

    ဗုဒ္ဓဘာသာဝင်မြို့ခံတစ်ဦးဖြစ်တဲ့ ဦးစိုးလင်းက အကြမ်းဖက်သမားတွေဟာ မန္တလေးမြို့ရဲ့ မြို့ကွင်းမြို့ကွက်လမ်းတွေကို သိပုံမရကြဘူးလို့ ပြောခဲ့ပါတယ်။ “အကြမ်းဖက်လူအုပ်ဟာ နေ၀င်တာနဲ့ ရောက်လာတယ်၊ မိုးမလင်းခင် ပျောက်ကုန်ကြတယ်၊ မြို့တွင်းလမ်းတွေကို မကျွမ်းကြဘူး၊ သူတို့က လူစိမ်းတွေဗျ” လို့ သူက ပြောပြခဲ့ပါတယ်။

    New Youk Time သတင်းစာတွင် THOMAS FULLER နဲ့ WAI MOE ရေးသားတဲ့ Buddhist-Muslim Mayhem Hits Myanmar’s No. 2 City သတင်းဆောင်းပါးအား ဆွေမွန် မှ ဆီလျော်အောင်ပြန်ဆိုပါသည်။