News @ M-Media

Blog

  • အနာဂတ်တွင် အရေးပါမည့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရန် ယူအေအီး စီစဉ်

    အနာဂတ်တွင် အရေးပါမည့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရန် ယူအေအီး စီစဉ်

    ဇူလိုင် ၉၊ ၂၀၂၁
    M-Media

    -အနာဂတ် သန့်စင်တဲ့စွမ်းအင် ကူးပြောင်းရးမှာ အရေးပါတဲ့လောင်စာ ဖြစ်လာမယ့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရောင်းချဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က စီစဉ်နေပါတယ်။

    ဒီစီမံကိန်းကို ယူအေအီးက အကြီးဆုံး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း National Oil (Adnoc) ကုမ္ပဏီက ဦးဆောင်တာဖြစ်ပြီး အခြားစွမ်းအင်ကုမ္ပဏီတွေနဲ့ ရှယ်ယာမျှကာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေပါတယ်။

    လက်ရှိ ဟိုက်ဒရိုဂျင်လောင်စာစျေးကွက်ဟာ သိပ်မကြီးသေးပေမယ့် ၂၀၅၀ အရောက်မှာ တစ်နှစ်ကို ကန်ဒေါ်လာ ၇၀၀ ဘီလီယံလောက်ရှိတဲ့စျေးကွက် ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

    ဟိုက်ဒရိုဂျင်လောင်စာဟာ လောင်ကျွမ်းပြီးရင် ရေသာထွက်တဲ့အတွက် သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် ဒီလောင်စာထုတ်လုပ်ရေးအတွက် ကုန်ကျစားရိတ်က ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိမှာ ဖြစ်ပါတယ်။

    Adnoc ကုမ္ပဏီရဲ့ အကြီးအကဲ ယူအေအီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံအမတ် ဆူလ်တန် အလ် ဂျဘားရ်က လာမယ့် နှစ် ၂၀ အတွင်း ဟိုက်ဒရိုဂျင်လောင်စာဟာ အဓိကစွမ်းအင်ရင်းမြစ် ဖြစ်လာမယ်လို့ ​ပြောပါတယ်။

    လက်ရှိမှာ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နိုင်ရေး သူတို့ကုမ္ပဏီဟာ ဂျပန်အစိုးရ၊ တောင်ကိုရီးယားရဲ့ GS Energy ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေ ရရှိထားတယ်လို့လည်း ဂျဘားရ်က ဆိုပါတယ်။

    ယူအေအီးကထုတ်မယ့် ဟိုက်ဒရိုဂျင်လောင်စာပုံစံဟာ သဘာ၀ဓာတ်ငွေ့ကို ပုံပြောင်းကာ ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ကနေ ရယူမယ့် Blue Hydrogen အမျိုးအစားဖြစ်ပြီး အမိုးနီးယားအဖြစ်ပြန်ပြောင်းကာ တင်ပို့မှာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်း ဟိုက်ဒရိုဂျင်လောင်စာ တင်ပို့နိုင်ရေး စီစဉ်နေပါတယ်။

    Ref : Aljazeera

  • ကိုဗစ်ကြောင့် ဗီယက်နမ်ဆီးဂိမ်းကို လာမည့်နှစ်သို့ ရွှေ့ဆိုင်း

    ကိုဗစ်ကြောင့် ဗီယက်နမ်ဆီးဂိမ်းကို လာမည့်နှစ်သို့ ရွှေ့ဆိုင်း

    ဇူလိုင် ၈၊ ၂၀၂၁
    M-Media

    -အခုနှစ် ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို ကိုဗစ်ကပ်ရောဂါအန္တရာယ်ကြောင့် လာမယ့်နှစ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

    ၂ နှစ်တစ်ကြိမ်ကျင်းပတဲ့ ဆီးဂိမ်းကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက နေရာ ၁၂ ခုမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

    ဒါပေမယ့် အရှေ့တောင်အာရှဒေသအတွင်း ကိုဗစ်ကူးစက်မှု မလျော့ကျသေးတဲ့ အခြေအ​နေကြောင့် ဒီနှစ်အတွင်း ပြိုင်ပွဲမကျင်းပဖို့ ဆီးဂိမ်းကျင်းပရေး လုပ်ငန်းအဖွဲ့က ဒီကနေ့မှာ အစည်းအဝေးထိုင် ဆုံးဖြတ်လိုက်တယ်လို့ စင်ကာပူအမျိုးသား အိုလံပစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    နောက်နှစ်ကျင်းပမယ့် ရက်အတိအကျကို ဗီယက်နမ် အမျိုးသား အိုလံပစ်ကော်မတီက သတ်မှတ်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

    ထိုင်းအိုလံပစ်ကော်မတီကလည်း ဗီယက်နမ်ဆီးဂိမ်းကို အခုနှစ်အတွင်း ကျင်းပဖြစ်မှာ မဟုတ်ဘူးဆိုတာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီလိုရွှေ့ဆိုင်းလိုက်တာဟာ ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်ပြီး လာမယ့်နှစ် ဧပြီ၊ မေလောက်မှာ ကျင်းပနိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။

    ဆီးဂိမ်းပြိုင်ပွဲကို လာမယ့်နှစ်မှ ကျင်းပဖို့ ဗီယက်နမ်အစိုးရက အစောပိုင်းမှာ အဆိုပြုခဲ့ပေမယ့် အားကစားပြိုင်ပွဲတွေ များနေတာကြောင့် အရှေ့တောင်အာရှ ၈ နိုင်ငံက ကန့်ကွက်တယ်လို့ ပြီးခဲ့တဲ့လမှာ သတင်းထွက်ခဲ့ပါတယ်။

    ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုရေးဆိုခွင့်ရှိသူက ၃၁ ကြိမ်မြောက် ဆီးဂိမ်းကို ရွှေ့ဆိုင်းဖို့ အာဏာပိုင်တွေက အကြံပြုခဲ့ပေမယ့် အားကစားပြိုင်ပွဲ​တွေ များနေတဲ့ လာမယ့်နှစ်မှာ သင့်လျော်တဲ့အချိန်မျိုး မတွေ့သေးဘူးလို့ ဒီကနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    Ref : CNA

  • စစ်အာဏာရှင်ကြောင့် နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာနေ

    စစ်အာဏာရှင်ကြောင့် နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာနေ

    ဇူလိုင် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားလုပ်ငန်းတွေ၊ အမှတ်တံဆိပ်တွေဟာ တစ်ဖြည်းဖြည်းချင်း ထွက်ခွာနေကြပြီး ဒါဟာ တိုင်းပြည်စီးပွားရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အမေရိကန်ကုမ္ပဏီ Auntie Anne’s၊ တရုတ်က Little Sheep၊ ထိုင်ဝမ် bubble tea လက်ခွဲ KOI The တို့ ပိတ်သွားကြပြီး အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေလည်း လုပ်ငန်းလျှော့ချတာ၊ ပိတ်ဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

    နော်ဝေဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ တယ်လီနောကလည်း လက်ဘနွန်ကုမ္ပဏီ M1 Group ကို ကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    တယ်လီနောဥက္ကဌ ဆစ်ဗီ ဘရက်ကီက မိုဘိုင်းဆက်သွယ်ရေး လူတိုင်းသုံးစွဲလို့ရအောင် လုပ်ဆောင်ပေးတာဟာ တိုင်းပြည်ရဲ့ ဖွံဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်​ကောင်စီရဲ့ ကန့်သတ်မှုတွေ၊ လုပ်ရပ်တွေဟာ စိုးရိမ်စရာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကထွက်ခွာဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာအဖွဲ့ Free Expression Myanmar က အကြံပေး အိုလီဗာစပန်ဆာက တယ်လီနော မြန်မာနိုင်ငံက ထွက်ခွာမှုဟာ ပြည်သူတွေ ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်ခံရမှုကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တယ်လီနောထွက်သွားရင် သူတို့ အကန့်အသတ်နဲ့ရထားတဲ့ လွတ်လပ်မှုတွေလည်း ပါသွားမယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့် ရှိပါတော့မလားဆိုတာ မေးခွန်းထုတ်စရာပါ”

    လွန်ခဲ့တဲ့ ၁၀ နှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှုတွေ ဝင်ရောက်လာတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုမိုဖွံ့ဖြိုးစေပြီး နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်တောက်နေမှုလည်း လျော့ပါသွားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကန့်သတ်ချုပ်ချယ်မှုတွေ၊ ထင်ရာဆိုင်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာကို ကျဆင်းလာပါတယ်။

    Ref: Asian News

  • တယ်လီနောက မြန်မာနိုင်ငံမှလုပ်ငန်းကို ရောင်းချလိုက်ကြောင်း ကြေငြာ

    တယ်လီနောက မြန်မာနိုင်ငံမှလုပ်ငန်းကို ရောင်းချလိုက်ကြောင်း ကြေငြာ

    ဇူလိုင် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက သူတို့ရဲ့လုပ်ငန်းကို လက်ဘနွန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M1 Group ကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ အခြေအနေကြောင့် ဒီလိုဆုံးဖြတ်ရတာ ဖြစ်တယ်လို့ နော်ဝေဆက်သွယ်ရေးလုပ်ငန်း တယ်လီနောက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    “အခြေအနေတွေ ပိုမိုဆိုးရွားလာတာနဲ့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ အဖြစ်အပျက်တွေက ရင်းနှီးမြှုပ်နှံမှု နောက်ဆုတ်ဖို့ ဆုံးဖြတ်ချက်ရဲ့ အခြေခံအကြောင်းအရင်း ဖြစ်ပါတယ်”

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးနောက်ပိုင်း ဝင်ရောက်လာတဲ့ အနောက်နိုင်ငံက အနည်းငယ်သော ကုမ္ပဏီတွေထဲမှာ တယ်လီနောလည်းပါဝင်ပြီး မြန်မာနိုင်ငံက အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ရေးနဲ့ပတ်သက်လို့ ကန့်သတ်ထိန်းချုပ်တာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ အင်တာနက်နဲ့ ဆက်သွယ်ရေးပိတ်ဆို့မှုတွေ၊ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းထိခိုက်မှု ရှိတဲ့အတွက် တယ်လီနောမြန်မာက မေလမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၇၄၂ သန်းဖိုးလောက် လျော့ကျသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီဟာ နိုင်ငံအတွင်း ဆက်သွယ်ရးကုမ္ပဏီတွေက အကြီးအကဲတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ထားပြီး၊ အသုံးပြုသူတွေကို ကြားဖြတ်စောင့်ကြည့် ခြေရာခံနိုင်မယ့် ကိရိယာတွေ၊ နည်းပညာတွေ တပ်ဆင်ဖို့ အဓမ္မ ဖိအားပေးမှုတွေ ရှိနေပါတယ်။

    အခုဝယ်ယူလိုက်တဲ့ M1 Group ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆက်လက်လည်ပတ်လိမ့်မယ်လို့ တယ်လီနော အမှုဆောင်အရာရှိ ဆစ်ဂျ်ဗီ ဘရက်ကီက ပြောပါတယ်။

    “ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေဟာ ပြည်သူတွေရဲ့ လုံခြုံရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး တယ်လီနောအတွက် စိန်ခေါ်မှုတွေ ပိုဖြစ်စေပါတယ်”

    တယ်လီနောဟာ ဘင်္ဂလာဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာလည်း ရင်းနှီးမြှုပ်နှံထားပြီး၊ လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၈ သန်းလောက်ကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

    M1 Group ဆိုတာ ဘာလဲ

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အခြေစိုက်တဲ့ M1 Group ကို ၁၉၈၀ ပြည့်နှစ်လောက်က တာဟာ မီကာတီနဲ့ နာဂျစ် မီကာတီ ညီအစ်ကိုနှစ်ဦးက တည်ထောင်ခဲ့တာပါ။ နာဂျစ် မီကာတီဟာ ၂၀၀၅ ခုနှစ်မှာ လက်ဘနွန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စတင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ နောက်ပိုင်း တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှာပါချဲ့ထွင်လုပ်ကိုင်လာခဲ့ပြီး Investcom ဆိုတဲ့အမည်နဲ့ ကုမ္ပဏီထူထောင်ခဲ့ပါတယ်။

    Investcom ကို ၂၀၀၆ ခုနှစ်မှာ တောင်အာဖရိက စီးပွားရေးလုပ်ငန်း MTN က ဝယ်ယူခဲ့ပါတယ်။

    မီကာတီညီအစ်ကိုတွေဟာ ၂၀၀၇ ခုနှစ်မှာ M1 Group ဆိုတဲ့အမည်နဲ့ စီးပွားရေးလုပ်ငန်းစုကို ထူထောင်ခဲ့ပြီး MTN ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသလို၊ ကမ္ဘာတစ်ဝှမ်း အိမ်ခြံမြေလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြား စီးပွားရေးလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေပါတယ်။

    Ref: Reuters

  • စစ်ကောင်စီ၏အကြမ်းဖက်မှုများကို စုံစမ်းဖော်ထုတ်မည့် နိုင်ငံတကာ အဖွဲ့သစ်တစ်ခု ပေါ်လာ

    စစ်ကောင်စီ၏အကြမ်းဖက်မှုများကို စုံစမ်းဖော်ထုတ်မည့် နိုင်ငံတကာ အဖွဲ့သစ်တစ်ခု ပေါ်လာ

    ဇူလိုင် ၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်မယ့် အဖွဲ့တစ်ခု ပေါ်ပေါက်လာပါတယ်။

    Myanmar Witness လို့ခေါ်တဲ့ အဲဒီအဖွဲ့ကို ဗြိတိသျှအစိုးရက ငွေကြေးထောက်ပံ့ပေးတာဖြစ်ပြီး ဖော်ထုတ်ရရှိတဲ့ သတင်းအချက်အလက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၉၀၀ နီးပါး သေဆုံးခဲ့ပြီး ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ ထောင်ချီရှိနေပါတယ်။

    စစ်တပ်ဟာ အရင်ကလည်း တိုင်းရင်းသားဒေသတွေမှာ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်တဲ့မှတ်တမ်း ရှိပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုအတွက် နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာလည်း တရားရင်ဆိုင်နေရပါတယ်။

    “လူ့အခွင့်အရေး ချိုးဖောက်နိုင်ဖွယ်ရှိတဲ့ ကိစ္စတွေကို Myanmar Witness က လွတ်လပ်စွာ စုံစမ်းဖော်ထုတ်၊ အချက်အလက် ရှာဖွေ၊ သိမ်းဆည်း၊ အတည်ပြုကာ၊ သုံးသပ်သွားမှာဖြစ်ပါတယ်” လို့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အရပ်သားတွေဖက်က အချက်အလက်တွေပေးပို့ဖို့ တိုက်တွန်းသွားမှာဖြစ်သလို၊ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေတဲ့ ကိစ္စတွေကို လွတ်လပ်စွာ အတည်ပြု စစ်ဆေးမှာဖြစ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သားနေထိုင်ရာနေရာ၊ ဘာသာရေးအဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဆန္ဒပြပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်အောင် လုပ်ဆောင်မှု အထောက်အထားတွေကို ရှာဖွေဖော်ထုတ် အတည်ပြုထားတယ်လို့လည်း ဒီအဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် အနည်းဆုံး ပြည်သူ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    Ref: Reuters