News @ M-Media

Blog

  • ကမ္ဘာ့ပို့ဆောင်ရေး အချက်အခြာဖြစ်လာရန် ဆော်ဒီက ရည်မှန်းထား

    ကမ္ဘာ့ပို့ဆောင်ရေး အချက်အခြာဖြစ်လာရန် ဆော်ဒီက ရည်မှန်းထား

    ဇူလိုင် ၆၊ ၂၀၂၁
    M-Media

    -ဒေသတွင်း သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုမှာ အဓိကကျတဲ့ နိုင်ငံတစ်ခု ဖြစ်လာရေးအတွက် ကန်ဒေါ်လာ ၁၁၃.၃၄ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာလိုက်ပါတယ်။

    လေဆိပ်၊ ဆိပ်ကမ်း၊ ရထားလိုင်းအပါအဝင် အခြား ကြီးမားတဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးစီမံကိန်းတွေ ပါဝင်မှာပါ။ ၂၀၃၀ အရောက်မှာ ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်မှာပါ ပို့ဆောင်ရေး အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    နိုင်ငံတကာနဲ့ချိတ်ဆက်မှုမှာ ဆော်ဒီအာရေဗျဟာ ဒေသတွင်းက ယူအေအီး၊ ကာတာတို့လို နိုင်ငံတွေနဲ့ယှဉ်ရင် သိသိသာသာကို နည်းနေတာဖြစ်ပါတယ်။

    အခု ပို့ဆောင်ရေးစီမံကိန်းသစ်မှာ လေကြောင်းခရီးစဉ် ၉၉ ခုကနေ ၂၅၀ အထိ ရှိလာအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်က လေကြောင်းခရီးသွားလာသူအရေအတွက် ၁၀၃ သန်းရှိရာကနေ ၂၀၃၀ အရောက်မှာ ၃ ဆ သန်း ၃၃၀ လောက်ရှိဖို့ ရည်မှန်းထားပါတယ်။

    ကုန်စည်တွေ လေကြောင်းနဲ့ သယ်ယူပို့ဆောင်ပေးမှု အရေအတွက်ကိုလည်း ၂၀၁၉ ခုနှစ်မှာ တန် ၉ သိန်း ရှိခဲ့ရာကနေ ၂၀၃၀ အရောက်မှာ တန်ပေါင်း ၄.၅ သန်းအထိ ချဲ့ထွင်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။

    ဆော်ဒီအာရေဗျဟာ ၂၀၃၀ စီမံကိန်းချထားပြီး နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ်စုံမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အိန္ဒိယတွင် အကြမ်းဖက်ခေါင်းစဉ်တပ်၍ ဖမ်းဆီးခံရသည့် ခရစ်ယာန်ဘုန်းကြီး ကွယ်လွန်

    အိန္ဒိယတွင် အကြမ်းဖက်ခေါင်းစဉ်တပ်၍ ဖမ်းဆီးခံရသည့် ခရစ်ယာန်ဘုန်းကြီး ကွယ်လွန်

    ဇူလိုင် ၆၊ ၂၀၂၁
    M-Media

    -အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ အိန္ဒိယက ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ စတန် ဆွာမိဟာ မနေ့က ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

    နိုင်ငံအတွင်း ခွဲခြားဖိနှိပ်ခံနေရတဲ့ မျိုးနွယ်စုတွေ တန်းတူအခွင့်အရေးရရေး လှုပ်ရှားခဲ့တဲ့ ဖာသာ ဆွာမိကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်က လှုပ်ရှားမှုတစ်ခုအတွင်း ဖာသာ ဆွာမိဟာ မျိုးနွယ်ဇာတ်တွေအကြား အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်တယ်လို့ အစိုးရက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

    သက်တော် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဖာသာ ဆွာမိဟာ ပါကင်ဆန်နဲ့ အခြားရောဂါတွေကို ခံစားခဲ့ရပြီး မေလက ကိုဗစ်ကူးစက်ခံခဲ့ရကာ ပြီးခဲ့တဲ့တစ်ပတ်မှာလည်း နှလုံးဖောက်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက သူ့ကို အာမခံ မပေးခဲ့ပါဘူး။

    အကြမ်းဖက်တိုက်ဖျက်ရေးဥပ​ဒေကို အသုံးပြုပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသားတွေနဲ့ အတိုက်ခံတွေကို အိန္ဒိယအစိုးရက နှိပ်ကွပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ဖာသာ ဆွာမိဟာ ဖန်ခွက်ကိုင်ပြီး ရေမသောက်နိုင်တဲ့အတွက် ပိုက်နဲ့ ရေသောက်ခွင့်ရရေး ရှေ့နေတွေက တရားရုံးမှာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

    လူ့အခွင့်အရေး ကာကွယ်သူများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မေရီလော်လာက အကြမ်းဖက်ဝါဒနဲ့ မတရား တရားစွဲဆိုခံရပြီး ၉ လကြာ ချုပ်နှောင်ခံခဲ့ရတဲ့ ဖာသာဆွာမိသေဆုံးမှုအတွက် ၀မ်းနည်းရပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အခုလိုထောင်ချမှုကို ဘာဆင်ခြေမှ ပေးလို့မရဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: AFP

  • ကီလိုမီတာ ၇၀၀၀ အထိ ပျံနိုင်တဲ့ အီရန်ရဲ့ ပြည်တွင်းဖြစ် ဒရုန်းသစ်

    ကီလိုမီတာ ၇၀၀၀ အထိ ပျံနိုင်တဲ့ အီရန်ရဲ့ ပြည်တွင်းဖြစ် ဒရုန်းသစ်

    ဇူလိုင် ၆၊ ၂၀၂၁
    M-Media

    -မိမိတို့ရဲ့ ပြည်တွင်းဖြစ် ဒရုန်းသစ်ဟာ ကီလိုမီတာ ၇၀၀၀ အထိ ပျံနိုင်တယ်လို့ အီရန်က ထုတ်ပြောလိုက်ပြီး ဒါဟာ အီရန်ကထုတ်သမျှ ဒရုန်းတွေထဲမှာ အဝေးဆုံးအကွာအဝေးကို ပျံသန်းနိုင်တဲ့ဒရုန်း ဖြစ်လာပါတယ်။

    ပြီးခဲ့တဲ့ဇွန်လမှာ အီရန်က Gaza လို့ခေါ်တဲ့ ပြည်တွင်းဖြစ် ဒရုန်းတစ်မျိုးကို ထုတ်ပြခဲ့ပြီး ကီလိုမီတာ ၇၀၀၀ ထောင်အထိ ပျံနိုင်တဲ့ ဒရုန်းသစ်လို့ ရည်ညွှန်းတာဟာ ဒီဒရုန်းကိုပြောတာလားဆိုတာ တိတိကျကျ မသိရပါဘူး။

    အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်ညှင်းပမ်းမှုဒဏ်ကို အမြဲလိုလိုခံနေရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ရဲ့အမည်ကို မှည့်ခေါ်ထားတာဖြစ်ပါတယ်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဟူစိန် ဆာလာမီက မိမိတို့ထုတ်ထားတဲ့ ဒရုန်းသစ်ဟာ အီရန်၊ ဒါမှမဟုတ် ယီမင်၊ ဆီးရီးယားတို့ကနေ အစ္စရေးကို အသွားအပြန် ပျံသန်းလို့ရတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

    အဲဒီဒရုန်းသစ်ရဲ့ မော်ဒယ်က Shahed 149 ဖြစ်ပြီး ဒုံးကျည် ၁၃ လုံး တပ်ဆင်လို့ရတယ်လို့ ဆာလာမီက ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပစ်ချသိမ်းဆည်းနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်း RQ-170 ကို မှီငြိမ်းပြီး ထုတ်လုပ်ထားတာပါ။

    အီရတ်နဲ့ ဆီးရီးယားတို့က ရှီအာပြည်သူတွေစစ်ကိုလည်း အီရန်က ပြည်တွင်းဖြစ်ဒရုန်းတွေ ထောက်ပံ့ပေးထားပါတယ်။ ဇွန်လအစောပိုင်း အီရတ်မှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ Popular Mobilization Forces ​ရဲ့ စစ်ရေးပြအခမ်းအနားမှာ အီရန်ပြည်တွင်းထုတ် နောက်ဆုံးပေါ် ဒရုန်းတွေထဲက တစ်ခုဖြစ်တဲ့ Mohajer-6 ကို ထုတ်ပြခဲ့ပါတယ်။

    Ref: Asia Times

  • စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို စစ်ကောင်စီက ဖြတ် ၄ ဖြတ် နည်းလမ်းဖြင့် နှိမ်နှင်းနေ

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို စစ်ကောင်စီက ဖြတ် ၄ ဖြတ် နည်းလမ်းဖြင့် နှိမ်နှင်းနေ

    ဇူလိုင် ၆၊ ၂၀၂၁
    M-Media

    ကင်းမရွာ မီးလောင်ပြာကျမှုမြင်ကွင်း

    -​ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီက တုန့်ပြန်ရာမှာ တိုင်းရင်းသားဒေသတွေမှာ အသုံးပြုခဲ့​တဲ့ ‘ဖြတ် ၄ ဖြတ်’ နည်းစနစ်ကို အသုံးပြုနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည်သူတွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှုမြင့်တက်လာသလို၊​ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လည်း ပေါ်ပေါက်လာကာ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်မှု လုပ်ဆောင်လာပါတယ်။

    ဒီတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်တွေက တုန့်ပြန်ရာမှာ အရပ်ဖက်နေရာတွေကို မြင်မြင်ရာပစ်ခတ်တာကြောင့် နိုင်ငံတစ်ဝှမ် အနည်းဆုံး လူပေါင်း ၂၃၀၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လုယက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ အရေးပေါ် အကူအညီပေး​ရေး လုပ်ငန်းတွေကို နှောက်ယှက်ဟန့်တားတာ၊ သောက်သုံးရေ၊ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့တာ၊ ဘေးလွတ်ရာမှာ ခိုလှုံတဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ပါတယ်။

    ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပရိုဂရမ်ဒါရိုက်တာ နော်ထူးထူးက စစ်ကောင်စီတပ်တွေရဲ့ အခုလုပ်ရပ်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ၁၉၆၀ ပြည့်နှစ်လောက်က စတင်လုပ်ဆောင်ခဲ့တဲ့ ‘ဖြတ် ၄ ဖြတ်’ နည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တပ်မတော်က ဖြတ် ၄ ဖြတ်ဆိုတဲ့ စကားလုံးကို မသုံးတော့ပါဘူး။ ဒါပေမယ့် ဗျူဟာကတော့ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ၇၀ ကျော် အသုံးပြုလာခဲ့တဲ့ ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ တစ်ပုံစံတည်းပါပဲ”

    လက်နက်ကိုင်အဖွဲ့​တွေရဲ့ ရိက္ခာလမ်းကြောင်း၊ ငွေကြေးအထောက်အပံ့၊ သတင်းအချက်အလက်စီးဆင်းမှု၊ လူသစ်စုဆောင်းမှုတွေကို ဖြတ်တောက်တဲ့ ဒီ ဖြတ် ၄ ဖြတ် ဗျူဟာကို စစ်တပ်က အဓိကရင်းမြစ်သဖွယ် အသုံးပြုပြီး၊ အရပ်သားတွေကတော့ ဘက်စုံ ထိခိုက်ပျက်ဆီးတယ်လို့ မြန်မာနိုင်ငံက လုံခြုံရေးနဲ့ ပဋိပက္ခတွေကို လေ့လာနေတဲ့ ပညာရှင် ကင် ဂျိုလီဖီက ပြောပါတယ်။

    “စစ်တပ်ဟာ ပြည်သူတွေကို တိုက်ရိုက်ပစ်မှတ်ထား အကြမ်းဖက်ရုံသာမကဘဲ သူတို့ရဲ့ ဘ၀ရှင်သန်မှုတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ပြည်သူတွေဆီမှာ မှီခိုလို့မရအောင်၊ အထောက်အပံ့မရအောင် ဒီလိုလုပ်တာ ဖြစ်ပါတယ်”

    မတ်လအတွင်း မကွေးတိုင်းဒေသကြီး ကန့်ဂေါမြို့နယ်က PDF အဖွဲ့ရဲ့ တူမီးလက်နက်ကိုင်တော်လှန်မှုကို တုန့်ပြန်ရာမှာ စစ်ကောင်စီတပ်တွေက ဖောက်ခွဲရေးပစ္စည်းတွေ၊ စစ်သေနတ်တွေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး နေအိမ်တွေကို ဝင်ရောက်လုယက်တာတွေ ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း လူ ၄ ဦး သေဆုံးကာ တစ်သောင်းလောက် ထွက်ပြေးခဲ့ရပါတယ်။

    ဇွန်လအတွင်း ပေါက်မြို့နယ်က အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကင်းမရွာမှာဆိုရင် စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့တာကြောင့် တစ်ရွာလုံး ပြာကျခဲ့ပါတယ်။

    အာဏာမသိမ်းခင်ကာလတွေက တည်ငြိမ်အေးချမ်းခဲ့တဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နေရာတစ်ချို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့တွေက လက်နက်ကိုင်တော်လှန်ခဲ့ပြီး စစ်ကောင်စီတပ်တွေကလည်း ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ မြင်မြင်သမျှ ပစ်ခတ်ခိုက်ခိုကတာကြောင့် အနည်းဆုံး လူ ၁ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကာ အနီးအနားကတောထဲမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

    ကယားပြည်နယ်မှာ စစ်ရှောင်တွေခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုပါ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ကားပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ခိုက်မှုဖြစ်ပွားရာ နေရာတွေမှာ အတိဒုက္ခရောက်နေသူတွေကို ကူညီလို့မရအောင်လည်း စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖြိုခွင်းရာမှာ ဖြတ် ၄ ဖြတ်နည်းလမ်းအသုံးပြုနေလားဆိုတဲ့ အလ်ဂျာဇီးရားသတင်းဌာနရဲ့ မေးမြန်းမှုကို စစ်ကောင်စီဖက်က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

    လွတ်လပ်တဲ့ လေ့လာဆန်းစစ်သူ ကင် ဂျိုလစ်ဖီက စစ်ကောင်စီဟာ အများပြည်သူလူထု ဘ၀ပျက်အောင်လုပ်ပြီး တည်ငြိမ်အောင်ထိန်းဖို့ ရည်ရွယ်ထားတယ်လို့ သုံးသပ်ပါတယ်။

    “ဆန့်ကျင်သူတွေကို တုန့်ပြန်ဖို့ဆိုရင် လူ့အဖွဲ့အစည်းက သူတို့ကိုမကြိုက်တဲ့သူတွေအားလုံးကို အကြမ်းဖက်အင်အားသုံးကာ ပြားပြားဝပ်နာခံလာအောင်လုပ်မှ ရမယ်ဆိုတာမျိုးကိုပဲ စစ်ကောင်စီက သိတာပါ”

    နော်ထူထူးကတော့ ဖြတ် ၄ ဖြတ်နည်းလမ်းကိုသုံးတာဟာ ဆန့်ကျင်ဖက်ရလဒ်ကိုပဲ ထွက်ပေါ်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

    “စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြားရင်းမြစ်တွေရရှိမှု အကန့်အသတ်ရှိလာတာကြောင့် ဒီနည်းလမ်းဟာ ရေတိုမှာ လက်နက်ကိုင်တော်လှန်မှုအပေါ် သက်ရောက်မှုအချို့ ရှိနိုင်ပါတယ်။ ရေရှည်မှာဆိုရင်တော့ စစ်ကောင်စီဟာ ဘယ်နေရာကိုမှ စိုးမိုးနိုင်မှာ မဟုတ်ပါဘူး”

    ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ကောင်စီကို ပိုမို ရွံ့ရှာမုန်းတီးလာပြီး၊ သူတို့ကို အပြတ်ဖြတ်မှရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ပိုမိုခိုင်မာလာစေတယ်လို့ စစ်ကောင်စီရဲ့ ညှမ်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရသူတွေက ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးလုပ်ရပ်တွေကြောင့် စစ်တပ်ကို ဘယ်တော့မှ အကောင်းမြင်လာနိုင်တော့မှာ မဟုတ်ပါဘူး။ လယ်သမားဘ၀နဲ့ ကျွန်တော်တို့ အေးအေးချမ်းချမ်း နေချင်တာပါ။ စစ်အာဏာရှင်ကို အမြတ်မဖြတ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဘ၀တစ်သက်လုံး ဒီလိုပဲ ညှင်းပမ်းခံရမှာ ဖြစ်ပါတယ်” လို့ ကင်းမရွာသားတစ်ဦးဖြစ်တဲ့ ကိုသန်းထွန်းအောင်က ပြောပါတယ်။

    မင်းတပ်ဒေသခံတစ်ဦးဖြစ်တဲ့ ဆလိုင်းရှိန်းမှာလည်း ဒီလိုသဘောထားမျိုး ရှိပါတယ်။

    “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်တပ်ကို နိုင်အောင်တိုက်နိုင်ရင် ဒီဒေသကနေ မောင်းထုတ်နိုင်ရင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပြီး၊ ပိုမိုကောင်းမွန်တဲ့ဘ၀မှာ နေထိုင်ခွင့်ရပါမယ်”

    လက်နက်ကိုင်တော်လှန်ရေးဟာ စစ်တပ်ကို နာကျည်းမုန်းတီးနေတဲ့ ပြည်သူတွေထဲကနေ ပေါက်ဖွားလာတာကြောင့် ဖြတ် ၄​ ဖြတ်ဗျူဟာနဲ့ နှောင့်နှေးအောင်လုပ်ဆောင်လို့ရပေမယ့် လုံး၀ရပ်တန့်လို့ ရမှာမဟုတ်ဘူးလို့လည်း ဆလိုင်းရှိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Aljazeera

  • ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းထိုးခြင်းက ကိုယ်ခံစွမ်းအားကို ပိုကောင်းစေနိုင်

    ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းထိုးခြင်းက ကိုယ်ခံစွမ်းအားကို ပိုကောင်းစေနိုင်

    ဇူလိုင် ၅၊ ၂၀၂၁
    M-Media

    -ထွက်ရှိပြီးသား ကိုဗစ်ကာကွယ်ဆေးတွေကို တစ်ကြိမ်စီ ပေါင်းစပ်ထိုးနှံတာဟာ ကိုခံစွမ်းအားကို ပိုမိုကောင်းမွန်စေတယ်လို့ ယူကေက လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    Com-Cov လို့ အမည်ပေးထားတဲ့ အဲ့ဒီလေ့လာမှုဟာ Pfizer နဲ့ AstraZeneca တို့ နှစ်ကြိမ်စီထိုးတာ၊ တစ်ကြိမ်ကို တစ်မျိုးစီထိုးတာတွေရဲ့ သက်ရောက်မှုကို စမ်းသပ်ခဲ့တာပါ။

    ပေါင်းစပ်ထိုးနှံမှုအားလုံးဟာ ကိုယ်ခံစွမ်းအား ကောင်းမွန်တာတွေ့ရပြီး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကိုလည်း ပိုမိုလွယ်ကူ အဆင်ပြေစေလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    AstraZeneca နှစ်ကြိမ်ထိုးထား​ပြီးတဲ့သူတွေဟာ တစ်ခြားကိုဗစ်ကာကွယ်ဆေး ထပ်ထိုးမယ်ဆိုရင် ကိုဗစ်ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်နိုင်လိမ့်မယ်ဆိုတဲ့ သဲလွန်စတစ်ခုကိုလည်း ဒီလေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ယူကေ ကျန်းမာရေးဌာန တာဝန်ရှိသူ ပရော်ဖက်ဆာ ဂျိုနသန် ဗန် တမ်က လက်ရှိ ယူ​ကေမှာ ကာကွယ်ဆေးတစ်မျိုးတည်း နှစ်ကြိမ် ထိုးပေးနေမှုကို ပြောင်းလဲမှာ မဟုတ်ပေမယ့် အနာဂတ်မှာတော့ ပေါင်းစပ်ထိုးပေးတာမျိုး လုပ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းစပ်ထိုးပေးတာမျိုးကို လုပ်ဆောင်နေပါတယ်။ စပိန်နဲ့ ဂျာမနီတို့မှာဆိုရင် ပထမတစ်ကြိမ် AstraZeneca ထိုးပေးထားတဲ့ သူတွေကို ဒုတိယတစ်ကြိမ်မှာ Pfizer ဒါမှမဟုတ် Moderna mRNA ထိုးပေးတာမျိုး လုပ်ဆောင်နေပါတယ်။

    ကိုဗစ်ဝင်ရောက်မှုကို တားဆီးနိုင်မယ့် ကိုယ်ခံစွမ်းအား အပြည့်အ၀ရဖို့အတွက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရတာ ဖြစ်ပါတယ်။

    Ref : BBC