News @ M-Media

Blog

  • ရမသွာန်ဥပုသ်လ ကမ္ဘာတဝှမ်းမှ မွတ်စလင်များ ဥပုသ် စောင့်ထိန်းရသည့် အချိန်များ

    ဇွန်လ ၃၀ ၊ ၂၀၁၄
    M-Media
    ရမသွာန်လကို သတိထားမိသူတိုင်းအတွက် ဥပုသ်သီလ ဆောက်တည်ရမယ့် ဒီလမြတ်ဟာ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အချို့ကမ္ဘာနိုင်ငံများမှ မွတ်စလင်တွေကတော့ အခြားသူတွေထက် ဒီလမြတ်မှာ ပိုခက်ခဲပါလိမ့်မယ်။

    ဥပုသ်သီလ ဆောက်တည်ကြမယ့်သူတွေဟာ နံနက် အာရုဏ်တက် ၀တ်ပြုမှု ဖဂျရ်ဆွလာသ် မတိုင်မီပုံမှန်ထရပြီး တစ်နေ့တာ ဥပုသ်ဆောက်တည်ဖို့ အတွက် ဆဲဟ်ရီကို စားသောက်ရပါတယ်။ သူတို့တွေဟာ တစ်နေ့တာလုံး အစားအသောက် စားသောက်ခြင်းကို ရှောင်ရှားရပြီး နေ၀င်ပြီးနောက်ပိုင်းမှာတော့ ဥပုသ် ဆောက်တည်မှုကို အဆုံးသတ်ရပါတယ်။ ပြီးတဲ့နောက်မှာ နေ၀င်ပြီးစ ၀တ်ပြုမှု မဂ်ရစ်ဘ် ဆွလာသ်ကို ၀တ်ပြုဆောက်တည်ရပါတယ်။

    ဒီလိုဥပုသ်စတင်ချိန်၊ ပြီးဆုံးချိန်တို့ကို ပထ၀ီအနေအထား၊ ဒေသအလိုက် အလွယ်တကူ သိရှိစေဖို့အတွက် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Twitter က အစီအစဉ်တစ်ခုကို ပြုလုပ်ထားပါတယ်။ မိမိတို့ရဲ့ မြို့၊ #iftarနဲ့အတူ @AlArabiya စာမျက်နှာကို Tweet လုပ်ထားခြင်းက အသုံးပြုသူတွေအတွက် ဥပုသ်စတင်ချိန်နဲ့ ပြီးဆုံးချိန်ကို လက်ခံရရှိပါလိမ့်မယ်။

    ထို့ပြင် Huffpost Religion ကလည်း ကမ္ဘာ့တစ်ဝှမ်း မြို့ကြီးများမှာ ဥပုသ်ဆောက်တည်ချိန် ဘယ်လောက် ကြာရှည်လည်းဆိုတာကို ပြသဖို့ ဇယားတစ်ခုကိုလည်း ပြုလုပ်ထားပါတယ်။ အဲဒီ ဇယားကို ဖဂျရ်အချိန်နဲ့ မဂ်ရစ်ဘ် အချိန်တိုရဲ့ ကြားကာလကို တွက်ချက်ထားတာဖြစ်ပြီး အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

    Ref: The Huffington PostRamadan

  • ဘာသာဝင်တွေရဲ့ လုပ်ရပ်ကြောင့် ဘာသာတရားကို သိက္ခာရောပြီး ကျစေမယ်ဆိုရင် (သူ့အမြင်)

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    ရေးသူ- ဆွေမွန်
    Thit_Htoo_Lwin_-_2014-06-30_16.43.02
    “ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်၊ လှုံ့ ဆော်၊ ရေးသားခြင်း မပြုရ။”

    ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ (၁၃) ရက်နေ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ ပဉ္စမအကြိမ် အစည်းအဝေးတွင် ချမှတ်ထားသည့် စာနယ်ဇင်းကျင့်ဝတ် (၁၅) ချက်မှ….

    ဒီနေ့ သစ်ထူးလွင်သတင်းမှာ ဒီလိုရေးတယ်။ “ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့် ”…တဲ့။

    “ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်၊ လှုံ့ ဆော်၊ ရေးသားခြင်း မပြုရ။” ဆိုတဲ့ ကျင့်ဝတ် ethic ဘယ်ရောက်သွားသလဲ။

    ရဲက ထုတ်ပြန်တဲ့ တရားဝင်သတင်းမဟုတ်ဘဲ သစ်ထူးလွင်က ဒီလို အမုန်းတရားပြန့်ပွားအောင် လှုံ့ဆော်ရေးသားခွင့် ဘာကြောင့်ရနေသလဲ။

    အွန်လိုင်းမီဒီယာဟာ စာနယ်ဇင်းကျင့်ဝတ်ကို စောင့်ထိန်းစရာ မလိုဘူးလား။ စာနယ်ဇင်းကျင့်ဝတ်မဲ့ ရေးသားသည့် သစ်ထူးလွင်ကြောင့် လူမျိုး/ဘာသာ အခြေခံ မုန်းတီးမှုများ ပိုမို ဆိုးရွားလာနိုင်နေပါပြီ။

    အဲဒီလူနှစ်ယောက် မုဒိမ်းမှုကျူးလွန်ရင်တောင် ကိုးကွယ်ရာဘာသာကို ဘာကြောင့် ထည့်ရေးရသလဲ။

    ဗုဒ္ဓဘာသာဝင်တွေထဲမှာ မုဒိမ်းမှုကျူးလွန်သူ မရှိဖူးဘူးလား။

    ဘာကြောင့် လူတစ်ယောက်ရဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး ကိုးကွယ်ရာဘာသာတရားတစ်ခုကို စော်ကားသိက္ခာချချင်နေရတာလဲ….

    လူတစ်ယောက်ရဲ့ လုပ်ရပ်ဟာ အဲဒီလူကိုးကွယ်တဲ့ ဘာသာဝင်အားလုံးကို ကိုယ်စားပြုနိုင်သလား။

    အဇာတသတ်ဟာ ဗုဒ္ဓဘာသာဝင်ပါ။
    ဘုရားရှင်ကို အကြိမ်ကြိမ်သတ်ဖြတ်ဖို့အားထုတ်ဖူးတဲ့ ရှင်ဒေ၀ဒတ်ဟာ ဗုဒ္ဓဘာသာဝင်ပါ။ သူတို့ကြောင့် ဗုဒ္ဓဘာသာ သိက္ခာကျခဲ့သလား။ မကျပါဘူး။ ဘာသာဝင်တွေရဲ့ လုပ်ရပ်ကြောင့် ဘာသာတရားကို သိက္ခာရောပြီး ကျစေမယ်ဆိုရင် ဒီကမ္ဘာကြီးထက် မတရားတဲ့နေရာ မရှိတော့ပါဘူး။

    ဒီလူနှစ်ယောက်ရဲ့ လုပ်ရပ်ဟာ ဒီလိုနှစ်ယောက်ရဲ့ အကျင့်စာရိတ္တတွေကိုပဲ ကိုယ်စားပြုနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ မိဘကိုတောင် ဆွဲထည့်လို့မရနိုင်ပါဘူး။ ဘာသာတရားကိုဆွဲသွင်းသိက္ခာချတဲ့ သစ်ထူးလွင်ရဲ့ လုပ်ရပ်က အင်မတန်အောက်တန်းကျ ညစ်ပတ်လွန်းတယ်လို့ပဲ ပြောချင်တယ်။

    ဆွေမွန်

    ကိုးကား http://www.m-mediagroup.com/news/29249

  • လစ်ဗျားတွင် ပြန်ပေးဆွဲခံရသည့် တူနီးရှား သံရုံးမှ ၀န်ထမ်းနှစ်ဦး ပြန်လည် လွတ်မြောက်လာ

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    201463001352281734_20
    – ယခုနှစ်အစောပိုင်းတွင် လစ်ဗျားနိုင်ငံ၌ ပြန်ပေးဆွဲခံခဲ့ရသည့် တူနီးရှားသံရုံးမှ ၀န်ထမ်းနှစ်ဦးမှာယမန်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

    သံတမန်တစ်ဦးနှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ဖြစ်ကြပြီး တူနီးရှားအစိုးရနှင့် လစ်ဗျားအစိုးရအရာရှိများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပြန်ပေးဆွဲသူများလက်မှ လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လွတ်မြောက်လာခြင်းကို တူနီးရှား ၀န်ကြီးချုပ် မဟ်ဒီ ဂျွမ်မာက အတည်ပြုခဲ့ကာ တူနီးရှားသို့ ပြန်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    သံရုံဝန်ထမ်း မိုဟာမက်ဘင် ရှိခ်မှာ မတ်လ ၂၁ ရက်နေ့ ထရီပိုလီမြို့တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး၊ ဧပြီလ ၁၇ ရက်နေ့တွင် သံတမန် အလ်-အရူစီမှာလည်း ထပ်မံ၍ ပြန်ပေးဆွဲ ခံခဲ့ရသည်။

    မည်သူမည်ဝါက ပြန်ပေးဆွဲခံရသည်ကို မသိရှိဘဲ တူနီးရှားအစိုးရမှာလည်း လစ်ဗျားအစိုးရနှင့်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု တူနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟမ်ဒီက ပြောကြားခဲ့သည်။ အဆိုပါ အဖြစ်အပျက်အသေးစိတ်ကို ပြောရန် ဟမ်ဒီက ငြင်းဆိုခဲ့သော်လည်း ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးအတွက် ငွေးကြေးပေးခဲ့ရခြင်း မရှိဟု ဆိုသည်။

  • ဥရောပအသင်းများမှာ နိုင်လိုစိတ်နည်းပါသည်ဟု အယ်လ်ဂျီးရီးယား နည်းပြဆို

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    427139_heroa
    – လက်ရှိယှဉ်ပြိုင်ကစားနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပအသင်းများမှာ နိုင်လိုစိတ်နည်းပါးသည်ဟု အယ်လ်ဂျီးရီးယားနည်းပြ ဗာဟစ် ဟာလီဟို့ဒ်ဇစ်က ပြောကြားလိုက်သည်။

    ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံစပိန်၊ နာမည်ကြီးအင်္ဂလန်တို့ ထွက်ခွာသွားရခြင်းကို ရည်ညွှန်းကာ ဗာဟစ်က ပြောကြားခဲ့ခြင်းပြီး ဂျာမနီနှင့်တွေ့ရမည့် မိမိတို့အသင်းတွင် ဖိအားများလည်း ရှိနေသည်ဟု ဆိုသည်။

    “ဥရောပအသင်းတွေဟာ ကျွန်တော်တွေ့ဖူးသလောက်တော့ နိုင်လိုစိတ်နည်းကြပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာပါ။ အချို့ကစားသမားတွေကတော့ တကယ့်ကို နိုင်လိုစိတ်မရှိကြပါဘူး။ အသင်းအတွက် သူတို့အပြည့်အ၀ မပေးဆပ်ကြပါဘူး” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ဗာဟစ်ကဆိုသည်။

    အုပ်စု H တွင် တောင်ကိုရီးယားကို အနိုင်ကစားပြီး ရုရှားနှင့် သရေကျခဲ့ကာ အုပ်စု ဒုတိယဖြင့် ဘယ်လ်ဂျီယံနှင့်အတူ ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့သည့် အယ်လ်ဂျီးရီးယားအသင်းမှာ အင်္ဂါနေ့ညတွင် ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    “ပြိုင်ဘက်ကောင်းနဲ့ ကစားရမယ့် သမိုင်းဝင်ပွဲပါပဲ။ အပူချိန် ၄၅ ဒီဂရီရှိနေပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်တော့်ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးရပါမယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ အခွင့်အရေးရမှာ မဟုတ်ပါဘူး” ဟု ဗာဟစ်က ထပ်လောင်းပြောကြားခဲ့သည်။

  • ကျင့်ဝတ်မဲ့ ရေးသားသည့် သစ်ထူးလွင်ကြောင့် လူမျိုး/ဘာသာ အခြေခံ မုန်းတီးမှုများ ပိုမိုးဆိုးရွားလာနိုင်

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    .သီဟ
    အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက် ဝင်ရောက် ဖတ်ရှုလေ့ရှိ့ သစ်ထူးလွင်သတင်း ဘလောဂ်မှ ပြစ်မှုသတင်း တခုကို မီဒီယာကျင့်ဝတ်ဖောက်ဖျက်ပြီး ရေးသားခဲ့မှုကြောင့် မတူညီတဲ့ ဘာသာဝင်တွေအကြား အမုန်တရားများ ပိုမိုမြင်တက် လာဖွယ်ရာရှိပါတယ်။

    Thit_Htoo_Lwin_-_2014-06-30_16.43.02

    ယနေ့ ဇွန်လ ၃၀ ရက်နေ့ သစ်ထူးလွင့် သတင်းဘလောဂ်တွင် “ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့် ” ဟူသောသတင်းခေါင်းစဉ် ဖြင့် သတင်း တပုဒ်ကို တင်ခဲ့တာကို တွေ့ပါတယ်။

    သတင်းပြီး ၃ နာရီအတွင်း ထပ်ဆင့် ဖြန့်ဝေသူ တိုက်၇ိုက်ဖြန့် ဝေသူ ၆၀၀ ကျော်ရှိပြီး ထပ်ဆင့်ကူးယူဖော်ပြမှုများ အများအပြားရှိတာကို တွေ့ရပါတယ်။

    အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် အမုန်းတရားများ အခြေခံသည့် လူမျိုးဘာသာ ခွဲခြား ဆဲဆိုသည့် မှတ်ချက်များ အများအပြား ဝင်ရောက်ရေးသားနေကြတာကို တွေ့ရပါတယ်။

    ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ (၁၃) ရက်နေ့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ ပဉ္စမအကြိမ် အစည်းအဝေးတွင် ချမှတ်ထားသည့်  စာနယ်ဇင်းကျင့်ဝတ် (၁၅) ချက်တွင်ပါရှိသည့် “ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်၊ လှုံ့ ဆော်၊ ရေးသားခြင်း မပြုရ။” ဆိုသည့်  စာနယ်ဇင်းကျင့်ဝတ်ဖောက်ဖျက်ပြီး ရေးသားသည့် အဆိုပါသတင်းကြောင့် ပဋိပက္ခများ အကင်း မသေသေးသော မတူညီသည့် ဘာသာဝင်များအကြား အမုန်းတရားများ ပိုမိုဆိုး၇ွားလာဖွယ် ရှိနေပါတယ်။

    Thit Htoo Lwin

    အဆိုပါ သစ်ထူးလွင် ဘလောဂ်ကို တည်ထောင်လုပ်ကိုင်သူမှာ ကိုဒီဖြစ်ပြီး
    ၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
    ၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
    ၂ဝဝဝ – ၂ဝဝ၂ ဧရာဝတီသတင်းဌာန
    ၂ဝဝ၁ – ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
    ၁၉၉၈ – ၂ဝဝ၃ DVB အသံလွှင့်ဌာန
    များတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဘူးသူ ဖြစ်ကြောင်းကို ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူး အရ သိရှိရပါတယ်။

    ဓါတ်ပုံ- ၁ မီဒီယာ ကျင့်ဝတ်ဖောက်ဖျက်ပြီး ရေးသားထားသည့် သတင်း
    ဓါတ်ပုံ-၂ သစ်ထူးလွင် ဘလောဂ် တည်ထောင်သူ ကိုဒီ (Photo- ဧရာဝတီ)