News @ M-Media

Blog

  • ဇူလိုင် ၃ ရက်တွင် အစ္စလာမ်သို့ ကူးပြောင်းမည့် ပလေးဘွိုင်း အဖော်အချွတ် ကိုယ်ဟန်ပြမယ်ဟောင်း Felixia Yeap

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media
    bunnyplayboyfelixia
    မလေးရှားမှ လက်ဦးပလေးဘွိုင်းကိုယ်ဟန်ပြမယ် Felixia Yeap (၂၈ နှစ်)သည် လာမည့် ကြာသပတေးနေ့၌ အစ္စလာမ်ကို လက်ခံခြင်းဖြင့် ဘ၀သစ်ကို ပြန်လည်စတင်တော့မည်ဖြစ်သည်။

    သူမ၏မွေးနေ့ဖြစ်သော ဇူလိုင်လ ၃ ရက်တွင် အစ္စလာမ်သာသနာအား သက်ဝင်လက်ခံရန် ရွေးချယ်လိုက်ကြောင်း သူမ၏ဖေ့စ်ဘွတ်ပေါ် ရေးသားဖော်ပြခဲ့သည်။

    Playboy Club Sands Macau ၌ ၂ နှစ်တာ သဘောတူညီချက်ဖြင့် ကိုယ်ဟန်ပြအလုပ်မှ စွန့်ခွာလိုက်ပြီး များမကြာမီမှာပင် မွတ်စ်လင်မ်အမျိုးသမီးတို့၏၀တ်စားဆင်ယင်မှု – ဟိဂျာ့ဗ်ဖြင့် တွေ့လိုက်ရသည်။

    “ ကျွန်မ ရွေးချယ်လိုက်တဲ့ ကျွန်မရဲ့ခရီးစဉ်သစ်အပေါ် မယိုင်မလဲ ရှေ့ဆက်သွားနိုင်အောင် လူတိုင်းက ဆုတောင်းပေးမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မရဲ့ဒီဘ၀သစ်အတွက် ဆုမွန်ကောင်းတောင်းပေးသူအပေါင်းကို ပြန်လည် အစားပေးနိုင်တာကတော့ အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်တော်မူပါတယ် ” ဟု သူမ၏ Fan Page ပေါ်ရေးသားလိုက်ရာ သူမကိုအားပေးသူများစွာမှ ယင်းဆုံးဖြတ်ချက်အား အကြီးအကျယ် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး like လုပ်သူ ခုနှစ်သိန်းခွဲကျော် ရှိသွားခဲ့သည်။

    “ ကျွန်မရဲ့ခန္ဒာကိုယ်ကို ဖော်ပြ၀ါကြွားခြင်းထက် ကျွန်မက ပိုပြီး တန်ဖိုးရှိပါတယ်။ အဲ့ဒီအရာထက် ကျွန်မက ပိုပြီး အဖိုးတန်လို့ပါ။ လူတွေ သတိထားမိကြသည်ဖြစ်စေ၊ ကျော်ကြားမှုရှာနေတဲ့ တက်သစ်စ မော်ဒယ်တွေက သူတို့ရဲ့ စံပြလို မြင်သည်ဖြစ်စေ ကျွန်မအနေနဲ့ ဂုဏ်ယူစရာအဖြစ် မခံစားရပါဘူး ” ဟု ယမန်နှစ်က “ ကျွန်မရဲ့ ဟိဂျာ့ဗ်နောက်ကွယ်မှ အမှန်တရား” ခေါင်းစဉ်တပ် ပို့စ်တစ်ခုအတွင်း သူမ ရေးသားခဲ့သည်။

    Yeap သည် အ၀တ်မဲ့အမျိုးသမီးဓာတ်ပုံများကို ဖော်ပြလေ့ရှိသော Playboy Philippines အမျိုးသားကြိုက် မဂ္ဂဇင်းတွင် ကိုယ်ဟန်ပြခဲ့သည့် တတိယမြောက် မလေးရှားသူဖြစ်၏။ သို့သော် သူမသည် အ၀တ်မဲ့သက်သက်ဖြင့် ဖော်ပြခဲ့ခြင်း မရှိချေ။

    ယခုနှစ်အစောပိုင်းတွင် ဆွဲဆောင်ညှို့မြူသောဓာတ်ပုံများအတွက် ကိုယ်ဟန်ပြခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ဖေ့စ်ဘွတ်စာမျက်နှာ၌ မွတ်စ်လင်မ်အမျိုးသမီး အဆင်အယင်ဖြင့် မကြာခဏ ပုံများတင်လာသည်ကို တွေ့ခဲ့ရသည်။ သူမ၏ကိုယ်ဟန်ပြမှုဖြင့် ကုန်အမှတ်တံဆိပ်များစွာ ထင်ရှားအောင်မြင်နေကြပါသည်။

    Ref: The Star

  • မြန်မာနိုင်ငံမှ မွတ်စလင်များ ရမသွာန် ဥပုသ်ပထမရက် တနင်္လာနေ့တွင် စတင်မည်။

    မြန်မာနိုင်ငံမှ မွတ်စလင်များ ရမသွာန် ဥပုသ်ပထမရက် တနင်္လာနေ့တွင် စတင်မည်။

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media
    သီဟ

    မြန်မာနိုင်ငံမှ မွတ်စလင်များအတွက် ရမသွာန် ဥပုသ်လ ပထမရက် တနင်္လာနေ့၌ စတင်မည်ဖြစ်ကြောင်း အစ္စလာမ့် ဘာသာရေး အဖွဲ့များ သတင်းထုတ်ပြန်

    ယမန့်နေညက အစ္စလာမ်ဘာသာရေး အဖွဲ့ များရဲ့  ဆန်းဦးလ သတင်း ထုတ်ပြန်ချက်များအရ ဇွန်လ ၃၀ ရက် (တနင်္လာနေ့) မှာ မြန်မာနိုင်ငံမှ မွတ်စလင်များ ရမသွာန်ဥပုသ်လ ပထမရက်ကို စတင်တော့မှာဖြစ်ပါတယ်။

    အိုလမာသာသနာ့ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ၊ မြန်မာမွတ်စလင် လူငယ်များအဖွဲ့(မ.မ.လ) စသည့် အစ္စလာမ့် ဘာသာရေးအဖွဲများမှ ရမသွာန် ဆန်းဦးလ မြင်တွေ့ခြင်း မရှိကြောင်း  မနေ့ညက အသီးသီးကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ရမသွာန် ဥပုသ်လ ပထမရက်ကို ဇွန်လ ၃၀ ၇က်နေ့တွင် စတင်မှာ ဖြစ်ပါတယ်။

    အရှေ့တောင်အာရှမှ ထိုင်း၊ မလေးရှား၊ စင်ကာပူအပါအဝင် ကမ္ဘာ့ မွတ်စလင်နိုင်ငံအများစုတွင် ဇွန်လ ၂၉ ရက်(တနင်္ဂနွေ)နေ့မှာ ရမသွာန် ပထမရက် စတင်ကြောင်း အသီးသီးကြေညာချက်များ ထုတ်ပြန်ထားကြပါတယ်။

    အစ္စလာမ်ဘာသာဝင်တို့၏ ရမသွာန် ဥပုသ်လတွင် အရွယ်ရောက်ပြီး မွတ်စ်လင်မ်တို့သည် အရုဏ်ချိန်မှ နေ၀င်ချိန်ထိ အစာရေစာ၊ ဆေးလိပ်၊ လိင်မှု ကိစ္စများကို ရှောင်ကြဉ်ကြရပါတယ်။

  • စင်ကာပူဝန်ကြီးချူပ်မှ နိုင်ငံသား မွတ်စလင်များ အတွက် ရမသွာန် နှုတ်ခွန်းဆက် စကားပြောကြား

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media

    sg
    စင်ကာပူဝန်ကြီးချူပ် လီရှန်လွန်းမှ စင်ကာပူနိုင်ငံသား မွတ်စလင်များကို ၂၀၁၄ ခုနှစ် ရမသွာန်ဥပုတ်လ အကြိုနှုတ်ခွန်းဆက်စကားကို ၄င်းရဲ့ Facebook စာမျက်နှာက တဆင့် ပြောကြားလိုက်ပါတယ်။

    ” စင်ကာပူမွတ်စလင်အတွက် ကောင်းခြင်းမင်္ဂလာရှိတဲ့ ရမသွာန် ဥပုသ်လမြတ် ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။၊ ကျွန်တော့်အနေနဲ့ စင်ကာပူမွတ်စလင်မ်တွေထဲက အချို့ရဲ့ ဝါဖြေပွဲတွေကို ပါဝင်ဆင်နွဲဖို့ မျှော်လင့်စောင့်စားနေမိပါတယ်။ ” လို့ ၄င်းရဲ့ Facebook စာမျက်နှာ မှာ အင်္ဂလိပ်နှင့် မလေး ဘာသာစကား ၂ မျိုးနဲ့ ရေးသား ထားတာကို တွေ့ရှိရပါတယ်။

    စင်ကာပူ ၌ ဇူလိုင်လ ၂၉ ရက်နေ့ တွင် ရမသွာန် ပထမနေ့ စတင်မည်ဖြစ်သည်။

    ဓါတ်ပုံ- ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက် An-Nur ဗလီဝတ်ကျောင်းတွင် ပြုလုပ်သည့် ဥပုသ်ထွက် ဝါဖြေပွဲ တွင်ပါဝင်ဆင်နွှဲနေသည့် စင်ကာပူဝန်ကြိးချူပ်

  • ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် ၃၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

    ဇွန် ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    Tin mg oo

    ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် ကျောင်းသားများမှာ အစိုးရ၏ အကြိမ်ကြိမ်နည်းမျိုးစုံ ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဦးမောင်မောင်ဇေယျက ဇူလိုင် ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဆလိုင်းတင်မောင်ဦး၏ စာပေဆုနှင့် ၃၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    “မြန်မာနိုင်ငံမှာ ပြည်သူတွေကို စောင့်ရှောက်တဲ့ ဥပဒေဆိုတာ မရှိသေးပါဘူး။ ဆလိုင်းတင်မောင်ဦးလိုပဲ နောက်ထပ်ကျောင်းသားတွေကို အဲ့လိုအပြစ်တွေ ပေးဦးမလားဆိုတာ မပြောတတ်ပါဘူး။ ဘယ်လိုနိုင်ငံလည်းဆိုတာ ဥပဒေကိုကြည့်ပြီးပြောလို့ရပါတယ်” ဟု ၎င်းကဆိုသည်။

    ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံတွင် ပြည်သူတွေ အတွက် ရေးဆွဲထားသည့် ဥပဒေမပါရှိဘဲ အာဏာရှင်များ အလိုကျဖွဲ့စည်းထားသည့် ဥပဒေသာဖြစ်ကြောင်း၊ ပြည်သူ့အတွက် အကျိုးပြုရေးဆွဲထားတဲ့ ဥပဒေဖြစ်လာအောင် ကျောင်းသားများ၊ နိုင်ငံချစ်ပြည်သူများ၊ နိုင်ငံရေး အကျဉ်းသားများ နှင့် တိုင်းသူပြည်သား များမှ ကြိုးပမ်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းကို ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

    ဆလိုင်းတင်မောင်ဦးသည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင် နှစ်နှစ် ဖမ်းဆီးခြင်းခံ ခဲ့ရပြီးနောက်တွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ အရေးအခင်းများ တို့တွင် ပါဝင်ခဲ့သည်။၁၉၇၆ ဇွန်လ ၂၆ ရက်နေ့တွင် စစ်အစိုးရမှ ဆလိုင်းတင်မောင်ဦးအား အင်းစိန်ထောင်တွင် ကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။

    ဆလိုင်းတင်မောင်ဦး၏ ၃၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင် ယင်းအခမ်းအနား ကျင်းပရေးကော်မတီမှ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုသောအားဖြင့် ဆလိုင်းတင်မောင်ဦး စာပေဆုအား နှစ်စဉ် ချီးမြှင့်သွားမည်ဖြစ်သည်။

    ထို့အပြင် ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ် စနစ်ပေါ်ထွန်းလာစေရန်၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေးကော်မတီမှ ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

  • ၈ နှစ်ကြာ ခန့်ထားခဲ့သည့် အင်ဂျင်နီယာအတုကြောင့် ဘာလင် လေဆိပ်သစ် အချိန်မှီ မဖွင့်နိုင်ခဲ့

    ဇွန်လ ၂၈ ရက်၊ ၂၀၁၄
    M-Media
    berlin-airport-fake-engineer
    – မီးလုံခြုံရေး စနစ်နှင့် အိတ်ဇော စနစ် ချို့ယွင်းမှုကြောင့် ဘာလင်လေဆိပ်သစ်ဖွင့်ရန် နှောင့်နှေးရခြင်းမှာ အယောင်ဆောင် အင်ဂျင်နီယာကြောင့်ဖြစ်သည်ဟု ဂျာမနီ မဂ္ဂဇင်း Stern က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

    Brandenburg ဟုမည်ရသည့် အဆိုပါလေဆိပ်၏ မီးလုံခြုံရေးနှင့် အိတ်ဇော စနစ် ဆောက်လုပ်ရန် အတွက် အသက် ၅၂ နှစ်အရွယ် အလ်ဖရက်ဒို မူရိုအား တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ် ထုတ်ပယ်ခံရသည်အထိ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းတွင် အင်ဂျင်နီယာ လက်မှတ် မရှိဘဲ ၎င်းတည်ဆောက်ခဲ့သည့် အဆိုပါ စနစ်မှာလည်း ကောင်းစွာ အလုပ် မလုပ်သောကြောင့် ၂၀၁၂ ခုနှစ်တွင် လေဆိပ်ဖွင့်ရေး နှောင့်နှေးခဲ့ရကာ ယခုအချိန် အထိ ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။

    သို့သော်လည်း အင်ဂျင်နီယာ လက်မှတ် မရှိသည့် မူရိုအား မည်သည့် အတွက်ကြောင့် ခန့်အပ်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ ၎င်းတာဝန်ယူခဲ့သည့် ပရောဂျက်တွင် အမှားရှိခဲ့သည့်အတွက် ထုတ်ပစ် ခဲ့ကြောင်း လေဆိပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    မူရိုကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး နားလည်မှု လွဲမှားခြင်းသာဖြစ်သည်ဟု ဆိုသည်။ မူရို တာဝန်ယူသည့်လုပ်ငန်း အဆင်မပြေမှုမှာ ယခုအချိန်သည် ပထမဆုံး မဟုတ်ဘဲ ၂၀၀၂ ခုနှစ်က အော်ဖန်ဘန့်ခ်ျမြို့ရှိ ဆေးခန်း တစ်ခုဆောက်လုပ်မှုတွင်လည်း မှားယွင်းခဲ့ကာ မြေအောက် ကားပါကင်တွင် ရေထုတ်စနစ် ထည့်သွင်း မတည်ဆောက် ခဲ့သောကြောင့် ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

    Ref: RT

    Photo- (Reuters)