News @ M-Media

Blog

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၇ (သင်္ချာပညာရပ်)

    ဇွန်လ ၂၃ ရက်၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    Math copy
    ခေတ်သစ်သိပ္ပံပညာရပ်ရဲ့ မြောက်မြားစွာသောအသုံးအနှုန်းတွေဟာ အာရဗီစကားလုံးအရင်းမြစ်တွေဖြစ်နေပါတယ်။ သိပ္ပံဝေါဟာရတစ်ချို့ Algebra (အယ်လ်ဂျီဘရာ-အက္ခရာသင်္ချာ)၊ Algorithm (အယ်လ်ဂိုရစ်သမ်) ၊ Alkaline (အယ်လ်ကာလိုင်း) စတဲ့စကားလုံးတွေကို အာရဗီဘာသာစကားနဲ့ရင်းနှီးသူ တစ်ယောက်ဟာ ချက်ချင်း အာရဗီ စကားလုံးတွေလို့သိနိုင်ပါတယ်။ ဒီစကားလုံးတွေဟာ သိပ္ပံပညာရပ်တွေ အခြေ တည်ပြန့်ပွားရာလည်းဖြစ်ပါတယ်။ Algebra (အက္ခရာသင်္ချာ) သာမရှိရင် ယနေ့ ခေတ်သစ် သင်္ချာပညာရပ် (Modern Mathematics)၊ ခေတ်သစ် ရူပဗေဒပညာရပ် (Modern Physics) တွေရှိလာမှာ မဟုတ်ပါဘူး။ Algorithm (အလ်ဂိုရစ်သမ်) တွေမရှိရင် ကွန်ပျူတာတွေ ဖြစ်လာမှာမဟုတ်သလို Alkaline (အယ်လ်ကာလိုင်း) ဆိုတာမရှိရင်လည်း ဓာတုဗေဒ (Chemistry) ဆိုတာ ဖြစ်လာမှာမဟုတ်ပါ။

    Al-Khwarizmi  ကမ္ဘာ့သမိုင်းတစ်လျှောက် အစ္စလာမ့် သိပ္ပံပညာရှင်တွေဟာ အံ့သြဖွယ်ကောင်းလောက်အောင် များပြားလှတဲ့ အထင်ကရ မှတ်တိုင်တွေ စိုက်ထူခဲ့ပါတယ်။ ( ၉ ) ရာစုက ဘဂ္ဂဒက် သင်္ချာပညာရှင် မိုဟမ္မဒ် အိဗ်နေ့ မူဆာ အယ်လ်ခဝါရစ်ဇ်မီ (Al-Khawarizmi) ဟာ အက္ခရာသင်္ချာပညာရပ် (Algebra) ကို တီထွင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီပညာရပ်က ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ဖြစ်ပါတယ်။ အယ်လ်ခဝါရစ်ဇ်မီ ဟာ ကိန်းစဉ်တန်းတွေနဲ့ နှစ်ထပ် ကိန်းတန်းတွေကို အဆင့်ဆင့် (သို့) ကြိမ်ဖန် တလဲလဲ ပြဿနာဖြေရှင်းနည်းစနစ် ( Algorithm ) တွေ အသုံးပြုပြီးဖြေရှင်းခဲ့ပါတယ်။ အယ်လ်ဂိုရစ်သမ်တွေဟာ ကွန်ပျူတာ ပရိုဂရမ်းမင်း (ကွန်ပျူတာ အလုပ်လုပ်ရန် ညွှန်ကြားချက်ပေးသည့် နည်းပညာရပ်) ရဲ့ အခြေခံလည်းဖြစ်ပါတယ်။ အယ်လ်ဂိုရစ်သမ် ဆိုတဲ့ စကားလုံးဟာလည်း အယ်လ်ခ ဝါရစ်ဇ်မီ ရဲ့ နာမည်ကနေ ဆင်းသက်လာတာဖြစ်ပြီး သင်္ချာပညာရပ်အတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လို့ပြောရမှာဖြစ်ပါတယ်။ သူ့ရဲ့ ” ပေါင်းဖြည့်ခြင်းနှင့် တန်ဖိုးညှိခြင်း အနှစ်ချုပ်ကျမ်း ” (The Compendious Book on Calculation by Completion and Balancing”) တွက်ချက်မှုဆိုင်ရာ ကျမ်းစာအုပ်ကို ခေတ်သစ် အက္ခရာသင်္ချာရဲ့ အခြေခံလို့ သတ်မှတ်ကြပါတယ်။ ဒီစာအုပ်ဟာ နှစ်ထပ်ကိန်းတန်းတွေကို ဒုတိယ ဒီဂရီထိ ဖြေရှင်းဖို့ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိန်းတန်းတွေ တွက်ချက်ရာမှာသုံးတဲ့ နှုတ်ခြင်းနဲ့ ချေခြင်း နည်းစနစ် (Reduction and Balancing) တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

    he Compendious Book on Calculation by Completion and Balancing

    အယ်လ်ခဝါရစ်ဇ်မီ ရဲ့ အက္ခရာသင်္ချာပညာ(Algebra) တီထွင်မှုဟာ တကယ့်ကို အရေးပါ အရာရောက်ပါတယ်။ ဒါဟာ ဂရိတွေရဲ့ ဂျီသြမေတြီ ပညာရပ်အပေါ်မှာ ချည်းသက်သက် အခြေခံထားတဲ့ ဂရိသင်္ချာ ပညာရပ်ကို တော်လှန်ပြောင်းလဲလိုက်တဲ့ စွမ်းဆောင်ချက်လည်းဖြစ်ပါတယ်။ ဒ့ါအပြင် အတိတ်ကာလမှာ ဘယ်တုန်းကမှမရှိခဲ့တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်အောင် အက္ခရာသင်္ချာပညာရပ်ကို ပိုမိုတိုးတက်အောင် လမ်းဖွင့်ပေးခြင်းလည်းဖြစ်ခဲ့ပါတယ်။ အက္ခရာသင်္ချာကို တိုးတက်အောင် နောက်ထပ်ဖြည့်စွက်သူကတော့ ယနေ့ ကျော်ကြားတဲ့ ကဗျာဆရာအဖြစ်သိကြတဲ့ အိုမာ ခယမ် (Omar Al-Khayyam) ပဲဖြစ်ပါတယ်။ သူ့ကို အေဒီ ( ၁၀၄၈ ) မှာ မွေးဖွားပါတယ်။ သူဟာ ထပ်တိုးပြီး သုံးထပ် ကိန်းတန်းတွေကို ဂျီသြမေတြီနည်းနဲ့ အပြည့်အစုံ ရှင်းပြခဲ့သူဖြစ်ပါတယ်။
    Omar Al-Khayyam
    ဂဏန်းသင်္ချာပညာရပ် ( Arithmetic ) အပေါ် အယ်လ်ခဝါရစ်ဇ်မီ ရဲ့ အရေးပါတဲ့ နောက်ထပ်အကျိုးပြုဖြည့်စွက်မှုကတော့ အိန္ဒိယ သင်္ချာပညာရပ်မှာ တီထွင်ခဲ့တဲ့ အိန္ဒိယ ကိန်းစနစ်ကို အခြေခံတဲ့ ဟိန္ဒူ-အာရဗီ ကိန်းဂဏန်း (Arabic Numerals) တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အစ္စလာမ့်အင်ပါယာအောက်မှာ တိုးတက်ထွန်းကားနေတဲ့ မွတ်စလင်တိုင်းပြည်တွေအတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်အသုံးပြုရာမှာ လွယ်ကူတဲ့ သင်္ချာပညာရပ်က မရှိမဖြစ်အရေးပါပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ဟာ စာနဲ့ရေးသားတဲ့ ကိန်းဂဏန်းစနစ် ( Finger-reckoning) ၊ အာရဗီစကားလုံးအသုံးပြုတဲ့ ဘေဘီလိုးနီးယန်းတွေသုံးခဲ့တဲ့ ကိန်းဂဏန်းစနစ်( Babylonian Sexagesimal System) နဲ့ အသုံးအများဆုံးဖြစ်တဲ့ အိန္ဒိယ-အာရဗီ ကိန်းဂဏန်းစနစ် (Arabic Numerals) သုံးမျိုးတို့ကိုအဓိက အသုံးပြုခဲ့ကြပါတယ်။

    အယ်လ်ခဝါရစ်ဇ်မီ ဟာ အိန္ဒိယသင်္ချာစနစ်က ယူသုံးတဲ့ ကိန်းဂဏန်း (၉) လုံးနဲ့ အာရဗ်မွတ်စလင်တွေတီထွင်တဲ့ ၀ (သုည) ကို အသုံးပြုပြီး တစ်ဆယ်ရဲ့ ဆပွားကိန်းတွေဖြစ်တဲ့ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း စသဖြင့် တွက်ချက်ရေးသားရာမှာ အသုံးပြုနိုင်ဖို့ ရှင်းပြပေးခဲ့ပါတယ်။ အာရဗီ ကိန်းဂဏန်း မတိုင်ခင် ရှေးဟောင်း ကိန်းဂဏန်း စနစ်တွေဟာ အသုံးပြုရာမှာ ရှုပ်ထွေး ခက်ခဲပြီး ( ၅ ) ရဲ့ ဆပွားကိန်း၊ (၁၂)ရဲ့ ဆပွားကိန်း၊ (၆၀) ရဲ့ ဆပွားကိန်းစသဖြင့် ဖြစ်ပါတယ်။ ရောမ ကိန်းဂဏန်းတွေ (ဥပမာ I,II,C,X ) ဟာလည်း ကျစ်လစ်မှုမရှိဘဲ တွက်ချက်ရာမှာ အလွန်ခက်ခဲပါတယ်။ အိန္ဒိယ-အာရဗီ ကိန်းဂဏန်း(Arabic Numerals) တွေဟာ ဂဏန်းသင်္ချာကို ပိုရှင်းလင်းပြီး လျှင်မြန်စွာ တွက်ချက်နိုင်ဖို့လွန်စွာမှပဲ အထောက်အကူပေးခဲ့ပါတယ်။ သင်္ချာပညာရပ်မှာ အရေးပါတဲ့ ဒဿမစနစ် (Decimal System) တွေကိုလည်း အာရဗ်မွတ်စလင်တွေပဲ စတင်တီထွင် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မွတ်စလင်တွေဟာ အလယ်ခေတ် သင်္ချာပညာရပ်ရဲ့ ဦးဆောင်သူတွေဖြစ်ကြပါတယ်။

    အာရဗီ ကိန်းဂဏန်းတွေကို ဥရောပနဲ့ မိတ်ဆက်ပေးသူတွေထဲမှာ ထင်ရှားသူတစ်ချို့ကတော့ ရောဘတ် ချက်စတာ (Robert of Chester) နဲ့ ဖီဘိုနာချီ (Fibonacci-Italay) တို့ပဲဖြစ်ပါတယ်။ ရောဘတ် ချက်စတာ ဟာ အယ်လ် ခဝါရစ်ဇ်မီ ရဲ့ အာရဗီ ကိန်းဂဏန်းတွေအကြောင်းဖော်ပြတဲ့ ဒုတိယစာအုပ်ကို (၁၂) ရာစုမှာ ဘာသာပြန်ဆိုခဲ့သူဖြစ်ပါတယ်။ လီယိုနာဒို ပီစာ (Leonardo from Pisa) လို့လည်းသိကြတဲ့ ဖီဘိုနာချီ ကတော့ အာရဗ်သင်္ချာပညာရပ်တွေကို ဥရောပလူထုအမြာက်အများဆီရောက်အောင် ပို့ဆောင်ခဲ့သူဖြစ်ပါတယ်။ ဖီဘိုနာချီ ဟာ မြို့တော်ဘဂ္ဂဒက်နဲ့ မိုဆိုးလ်တို့မှာ သင်္ချာပညာရပ်သင်ကြားတဲ့ ဆီဒီ အိုမာ (Sidi Omar) ထံကနေ သင်္ချာပညာရပ်ကိုသင်ကြားခဲ့ပါတယ်။သူဟာ အလက်ဇန်းဒရီးယား၊ ကိုင်ရို ၊ ဒမတ်စကပ်စ် စတဲ့ မြို့တွေကစာကြည့်တိုက်တွေကို သွားရောက်လေ့လာပြီးတဲ့အခါမှာ လက်တင်ဘာသာနဲ့ နာမည်ကျော် ” တွက်ချက်မှုဆိုင်ရာကျမ်း ” ( Liber Abaci) ကိုရေးသားခဲ့ပါတယ်။ ဒီစာအုပ်မှာ အာရဗီ ကိန်းဂဏန်းတွေအကြောင်းအထူးဖော်ပြထားပါတယ်။

     

    (1001 Inventions : Muslim Heritage in Our World)

    အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    ==========================
    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
    http://www.m-mediagroup.com/news/28107

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)
    http://www.m-mediagroup.com/news/28166

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၄ (အနုပညာ)

    http://www.m-mediagroup.com/news/28362

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၅ (ဗိသုကာပညာရပ်)

    http://www.m-mediagroup.com/news/28555

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၆ (အာကာသ နက္ခတ္တဗေဒ ပညာရပ်)
    http://www.m-mediagroup.com/news/28756

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြ ပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ် ( The Golden Age of Islam) လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်းတိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက် စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။ သမိုင်းအရ အလယ်ခေတ် အရှေ့တိုင်းတွင် မွတ်စလင်များဘက်ပေါင်းစုံ တိုးတက်ထွန်းကားနေခိုက် အနောက်တိုင်း ခရစ်ယာန်နိုင်ငံများမှာ Dark Ages ဟုခေါ်သည့် အမှောင်ခေတ်များကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။

    အောင်သန်းလွင် (UCSY)

  • ” မြန်မာမွတ်စလင်မ် ဂျီနိုဆိုက် အသိပေး ဟန့်တားရေး ညီလာခံ ” အမေရိကန်တွင် ပြုလုပ်

    ဇွန်လ ၂၂ ရက်၊ ၂၀၁၄
    M-Media
    .သီဟ

    10479540_242520535946886_1947568591_n

    ဇွန်လ၂၁ ရက်နေ့တွင်  အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့၌့ ” မြန်မာမွတ်စလင်မ် ဂျီနိုဆိုက် အသိပေး ဟန့်တားရေး ညီလာခံ ” တရပ် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

    အဆိုပါညီလာခံတွင် မြန်မာမွတ်စလင်မ် များ နှင့် တိုင်းရင်း သား လူနည်းစု များ အပေါ် မြန်မာအစိုးရ က ဦးစီး ပြုကျင့်နေမှုများ အား Panel Speakers များမှ နိုင်ငံတကာ ဥပဒေ နှင့် ယှဉ်ပြီး ပြောကြားသွားခဲ့ပါတယ်။

    Panel Speakers များ အဖြစ်
    ဒေါက်တာ ဂရီဂိုရီ အိပ်ခ်ျ စတင်တန် ( ဥက္ကဋ္ဌ Genocide Watch )
    မစ္စတာ မက်သယူးစမစ်သ် ( အမှုဆောင် ညွှန်ကြားရေးမှုး Fortify Rights )
    Tom Andrews, President of United to End Genocide
    ဒေါက်တာ ၀ါကာအွဒ္ဒင်းန် ( ညွှန်ကြားရေးမှုးချူပ် All Rohingya Union ) နှင့် ပင်ဆီလ်ဗေး နီးယားပြည်နယ် တက္ကသိုလ် ပါမောက္ခ တက်ရောက်ပြောကြားခဲ့ပြိး
    Rev Dr Sai Htwe Maung Missionary Doctor Shan & Kachin Refugees

    Special Speaker အဖြစ် Jewish World Watch မှ လက်ထောက်ညွှန်ကြားရေးမှူး မစ္စ နာမာ ဟဗီးဗ် မှ ပြောကြားခဲ့ပါတယ်။

    ဗီဒီယို မှတ်တမ်းများကို အောက်ပါ လင့်ခ် များတွင် ကြည့်ရှုနိုင်ပါတယ်။

    http://www.ba-ma.org/

    Image via: Burmese American Muslims Association FB

  • “လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

    ဇွန် ၂၂၊ ၂၀၁၄
    M-Media
    လမင်း
    Ma Ma La
    ရန်ကုန် ။ ။ လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၂၂ ရက်နေ့တွင်  မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့ မ.မ.လ ဌာနချုပ် ရုံးခန်းမှာ  နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယနေ့ ကျင်းပပြုလုပ်သော ဆွေးနွေးပွဲကို မ.မ.လ အဖွဲ့ချူပ်ရဲ့ အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပတာ ဖြစ်ပြီး  အမျိုးသမီးတွေရဲ့ လိုအပ်မယ်ထင်တဲ့ အချက်များ၊ အမျိုးသမီးတွေသိသင့်တဲ့ သတင်းအချက်အလက်တွေကို သိစေရန်နှင့် အမျိုးသမီးတွေရဲ့ ရင်ထဲက ခံစားနေရတဲ့ အချက်အလက်တွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    “အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အမျိုးသမီးတွေမှာ အဓိက ပညာတွေ တတ်သိဖို့လိုပါတယ်။ တချို့အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ ဘယ်လိုတွေးထားလဲဆိုတော့ ငါတို့က အိမ်ရှင်မ၊ ဒါမှမဟုတ်ရင် မိခင်လောင်းများ၊ ဒီထက်ပိုပြီး ဘာတွေသိမလဲ။ မသိရင်လဲ ဆောင်ရွက်ပေးရမယ်။ အဲ့တော့ နည်းနည်းလေးတော့ အချိန်တွေ လိုတယ်။ သူတို့မှာ မပြောရဲ မဆိုရဲတာလေး တွေရှိနေတယ်။ သူတို့ရဲ့ အဲဒီအကျင့်လေးတွေ ဖျောက်ရမယ်” ဟု မ.မ.လ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်ဆန်းဆန်းအေး (ခ) ဒေါ်ချို က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့သည်။

    အမျိုးသမီးတွေ အနေနဲ့က အဓိက ပြောရေးဆိုရေး ရှိရမည်ဖြစ်ပြီး ပြောရေးဆိုခွင့် ရှိတဲ့အခါမှာလည်း အခွင့်ရေးဆိုသည်ကို အမျိုးသမီးအနေနှင့် နားလည်မှ ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီး အခွင့်အရေးကို မသိသေးဘူးဆိုရင် အမျိုးသမီး ဥပဒေအကြောင်းကို သေချာနားလည်စွာ ရှင်းလင်းပြသပေးရန်လိုအပ်ပြီး အမျိုးသမီး ဘ၀ကို မြှင့်တင်ပေးရန် ၎င်းကဆက်လက်ပြောကြားသည်။

    ယခုပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး နောင်တွင် တစ်လတစ်ကြိမ်လောက် ထိုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

  • ” အခက်အခဲတွေ ဘယ်လောက်ရှိရှိ ဆင်ခြေတွေ မပေးဘဲ ကြိုးစားရပါ့မယ်” ဆိုတဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ရိုဟင်ဂျာ ကျောင်းသားလေး မုဟမ္မဒ် အာယုပ်

    ဇွန်လ ၂၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ၂၀၁၃-၁၄ ပညာသင်နှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြားမှ အခက်အခဲများကို ကျော်လွှားကာ ကြိုးစား၍ ဂုဏ်ထူး သုံးဘာသာ စုစုပေါင်း ရမှတ် (၄၅၉)မှတ်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားလူငယ် မုဟမ္မဒ် အာယုပ် အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    3 D from BTT

    M-Media – မောင်လေးရဲ့ နာမည်က
    ဖြေ – မုဟမ္မဒ် အာယုပ်ပါ ခင်ဗျာ။

    M-Media – မောင်လေးရဲ့ မွေးသက္ကရာဇ်က
    ဖြေ – ၁၉၉၆ ခုနှစ်မှာ မွေးတာပါ

    M-Media – မောင်လေး ဂုဏ်ထူး ရခဲ့တဲ့ ဘာသာရပ်တွေက..
    ဖြေ – ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒပါ။

    M-Media- ကျောင်းစာမေးပွဲ မဖြေမှီ ကြုံတွေ့ ဖြတ်သန်းရတဲ့ အခြေအနေက
    ဖြေ – ဆူပူမှု အကြမ်းဖက်ခံ ကာလမှာ ကျောင်းတက်ရတာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ခွဲခြား ဆက်ဆံမှုတွေ အနည်းနဲ့ အများတော့ ရှိပါတယ်။

    M-Media – မောင်လေး ငယ်ငယ်က ကျောင်းမှာ ထူးချွန်ဆုတွေ ရခဲ့ဘူးလား
    ဖြေ – ငယ်ငယ်လေးထဲက အဆင့်(၁)၊ အဆင့်(၂) အမြဲ ရခဲ့ပါတယ်။

    M-Media – ဘယ်လို စိတ်ဓာတ်နဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့တာပါလဲ။
    ဖြေ – စာမေးပွဲမှာ ဂုဏ်ထူးရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တာပါ။ ကျွန်တော့် ရည်ရွယ်ချက်တွေ ပြည့်မှီဖို့ အတွက်ရောပါ။

    M-Media – မောင်လေးရဲ့ အနာဂတ် ပန်းတိုင်ကဘာလဲ။
    ဖြေ – ဆေးကျောင်းတတ်ခွင့်တော့ ရချင်ပါတယ်။

    M-Media – တက္ကသိုလ်ဆက်တက်ဖို့ လျှောက်ထားခွင့် ရပါသလား။
    ဖြေ – တက္ကသိုလ် တက်ရောက်ဖို့ အတွက် ပြင်ဆင်ထားပါတယ်။ တက်ခွင့်တော့ မကျသေးပါဘူး။ ကျောင်းဆက်တက်ခွင့် ရမယ်ဆိုရင်တော့ တက်ရောက်သင်ကြားခွင့်ရမယ့် ဘာသာရပ်မှာ ကြိုးစားပြီးတော့ သင်ယူပါ့မယ်။

    M-Media – ဆေးကျောင်းတက်ဖို့ အမှတ်မမှီရင်ရော ဘာဆက်လုပ်ဖို့ ရှိပါသလဲ
    ဖြေ – ဆေးကျောင်းတက်ဖို့ မမှီခဲ့ရင်တော့ ကျွန်တော် စက်မှု တက္ကသိုလ် တက်မှာပါ။

    M-Media – မောင်လေး တက်ခဲ့တဲ့ ကျောင်းက
    ဖြေ – အ.ထ.က (၁) ဘူးသီးတောင် ပါ။

    M-Media – မောင်လေးအနေနဲ့ စာမေးပွဲအတွက် ဘယ်လို ပြင်ဆင်ခဲ့တာလဲ။
    ဖြေ – ကျွန်တော် မနက် စောစောလည်း ထပြီး စာကျက်တယ်၊ ကျောင်းတက်တယ်၊ ပြန်လာရင်လည်း ညအထိ စာတွေကို ကျက်တယ်။

    M-Mediaး – အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ယောက် အနေနဲ့ မြန်မာပြည် တစ်ပြည်လုံးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင် ကျောင်းသူ ကျောင်းသားတွေကို ဘာများ ပြောစရာရှိပါသလဲ။
    ဖြေ – အခက်အခဲတွေ ဘယ်လောက်ရှိရှိ ဆင်ခြေတွေ မပေးဘဲ ကြိုးစားရပါ့မယ်။

  • မက်ဆီရဲ့ နောက်ဆုံးမိနစ် ဂိုးကြောင့် ရေတိမ်နစ်ခဲ့ရတဲ့ အီရန်၊ ဒိုင်အမှားကြောင့် အိမ်ပြန်စောခဲ့ရတဲ့ ဘော့စနီးယား

    ဇွန်လ ၂၂ ရက်၊ ၂၀၁၄
    M-Media

    – ဇွန်  ၂၁၊ ၂၂ မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာတော့ နာမည်ကြီး အာဂျင်တီးနားတို့ မိနစ် ၉၀ ပြည့်မှ အနိုင်ဂိုးရခဲ့ပြီး၊ ဂျာမနီတို့ကလည်း ဂါနာကို နောက်က လိုက်ကစားကာ သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ နိုက်ဂျီးရီးယားကတော့ ဘော့စနီးယားကို အနိုင်ရခဲ့ပါတယ်။
    10384470_909254759090372_8737345215172988891_n
    အုပ်စု F ရဲ့ အဖွင့်ပွဲမှာ ဘော့စနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ ကပ်နိုင်ခဲ့ နာမည်ကြီး အာဂျင်တီးနားတို့ ဒီပွဲမှာလည်း တစ်ဖက်သက်ဖိကစားနိုင်ခဲ့ပေမယ့် တစ်သင်းလုံးခံစစ်ကစားတဲ့ အီရန်ကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ် နာကျင်အချိန်ပိုမှာ မက်ဆီသွင်းယူခဲ့တဲ့ဂိုးကြောင့်သာ အနိုင် သုံးမှတ်ရခဲ့ကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

    10422238_909254652423716_4686945162623914980_n

    ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ နောက်ဆုံး သုံးကြိမ်ဆက်တိုက် အုပ်စုအဆင့်ကို မကျော်နိုင်ခဲ့တဲ့ အီရန်တို့ကတော့ နောက်တစ်ဆင့် တက်ဖို့အတွက် ဘော့စနီးယားနဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်ကို အနိုင်ကစားရမှာဖြစ်ပြီး အာဂျင်တီးနားနဲ့ နိုက်ဂျီးရီးယားတို့ပွဲရဲ့ အဖြေကိုလည်း စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

    ဘော့စနီးယားနဲ့ နိုက်ဂျီးရီးယားတို့ပွဲမှာတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုက ဘော့စနီးယားအသင်းကို အုပ်စုအဆင့်နဲ့ပဲ ကျေနပ်စေခဲ့ရပါတယ်။ အာဂျင်တီးနားနဲ့ပွဲမှာ ကစားပုံ မဆိုးလှတဲ့ ဘော့စနီးယားတို့ ဒီပွဲမှာလည်း နိုက်ဂျီးရီးယားကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး ၂၁ မိနစ်မှာ ဇက်ကိုက အဖွင့်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက လူကျွံဘောအဖြစ် မှားယွင်းစွာ သတ်မှတ်ခဲ့တာကြောင့် ဘော့စနီးယားတို့ နစ်နာခဲ့ရပါတယ်။ နိုက်ဂျီးရီးယားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ နောက်ထပ် ၈ မိနစ်အကြာ ၂၉ မိနစ်မှာ တိုက်စစ်မှူး ပီတာအိုဒီမ် ၀င်ဂီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် နိုက်ဂျီးရီးယားတို့ ၂ ပွဲကစား ၄ မှတ်ရထားပြီး အာဂျင်တီးနားနဲ့ နောက်ဆုံးပွဲမှာ သရေတစ်မှတ်ရတာနဲ့တင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

    10427265_909882145694300_8714385498553916123_n

    အုပ်စု G ရဲ့ ဂျာမနီနဲ့ ဂါနာတို့ပွဲမှာတော့ အဓိကပြိုင်ဘက် ပေါ်တူဂီကို အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့တဲ့ ဂျာမနီတို့ တိုက်စစ်မှူး ကလိုဆေးရဲ့ ချေပဂိုးကြောင့်သာ တစ်မှတ်ရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး ကစားပုံအေးခဲ့ပေမယ့် ဒုတိပိုင်းစပြီး ၆ မိနစ်အကြာမှာတော့ ဂျာမနီတို့ အဖွင့်ဂိုး စရခဲ့ပါတယ်။ သောမတ်စ်မူလာရဲ့ လှပတဲ့ ဖြတ်တင်ဘောကို ဂိုတက်ဇ်က ဂိုးအဖြစ် ပြောင်းလဲခဲ့တာပါ။ ဒါပေမယ့် ဦးဆောင်ဂိုးဟာ သုံးမိနစ်သာခံခဲ့ပြီး ၅၄ မိနစ်မှာ ဂါနာအတွက် အေယူက ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကစားမှ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရမယ့် ဂါနာတို့နောက်ပိုင်းမှာ တင်ကစားလာခဲ့ပြီး ၆၃ မိနစ်မှာ အနိုင်ဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဂိုင်ယန်က သွင်းယူပေးခဲ့တာပါ။ ဂျာမနီနည်းပြ ဂျိုအာချင်းလိုဟာ မိနစ် ၇၀ မှာ ၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို လူစားခဲ့ပြီး ၁ မိနစ်အကြာမှာပဲ ကလိုဆေးက အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ကလိုဆေးရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ ၁၅ ရှိလာပြီဖြစ်ပြီး ဘရာဇီးဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုတင်တားတဲ့ သွင်းဂိုးစံချိန်နဲ့ တူညီသွားပြီ ဖြစ်ကာ နောက်ထပ်တစ်ဂိုး ထပ်သွင်းနိုင်ရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်တော့မှာဖြစ်ပါတယ်။

    10418456_909697559046092_594810654590877541_n

    အုပ်စု G

    အာဂျင်တီးနား ၁-၀ အီရန်
    နိုက်ဂျီးရီးယား ၁-၀ ဘော့စနီးယား

    အုပ်စု F

    ဂျာမနီ ၂-၂ ဂါနာ