News @ M-Media

Blog

  • ရမဿသွာန် ဥပုသ်လ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ရုရှားရှိ ပြည်နယ် တစ်ခုတွင် ကျင်းပမည်

    ဇွန်လ ၂၀ ရက် ၊ ၂၀၁၄
    M-Media

    tiga-orang-berjalan-di-sebuah-lapangan-dekat-masjid-kul-_120730152155-803
    ရမဿသွာန် ဥပုသ်လ ကျရောက်ခြင်း အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ကာဇန်တွင် ဇွန်လ ၂၅ ရက်နေ့၌ ပြုလုပ်သွားမည်ဟု သိရသည်။

    ထိုပြိုင်ပွဲကို မွတ်စလင်လူငယ် ကလပ် Imanyorty မှ ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းတွင် ဒေသ၏ အထင်ကရ ဗလီဝတ်ကျောင်းတော်များဖြစ်သည့် ကာလ်ရှရစ်ဖ်၊ ယာဒီမ်း၊ ကာဇန်နူရီ၊ နူရွလ္လာဟ်၊ အပ္ပနီနှင့် အခြားသော ဗလီဝတ်ကျောင်းတော်များ ပါဝင်မည်ဖြစ်သည်။

    ယခုပြိုင်ပွဲအား ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး စက်ဘီးဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှုချင်သူများ၊ စက်ဘီးစီး အားကစားသမားများနှင့် ကိုယ်ပိုင်ကားရှိသူများလည်း ပါဝင်နိုင်မည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

    “ပြိုင်ပွဲမှာ ပါဝင်သူတွေဟာ ကာဇန်မြို့က ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ ရှော့ပင်းမောလ်တွေမှာ ရပ်တန့်ရပါမယ်။ ပြီးတော့ ရမဿသွာန်  ဥပုသ်လ ရောက်ရှိလာမှု အထိမ်းအမှတ်အဖြစ် ကာဇန်မြို့သားတွေ၊ လမ်းသွားလမ်းလာတွေကို သံလိုက်နဲ့ပြုလုပ်ထားတဲ့ ကဒ်ပြားလေးတွေ ဝေငှရမှာပါ” ဟု Imanyorty ကလပ်၏ အကြီးအကဲဖြစ်သူ လီဆန် ဆူလ်တာနိုဗာက ပြောကြားခဲ့သည်။

    တာတာစတန်ပြည်နယ်မှာ ရုရှားရှိ ကြီးပွား တိုးတက်ဆုံး ပြည်နယ်များထဲမှ တစ်ခုဖြစ်ပြီး လူဦးရေ ၄ သန်းနီးပါးရှိကာ ၅၅ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြပြီး ဗလီဝတ်ကျောင်းတော်ပေါင်း ၁ ထောင်ကျော်ရှိသည်။

    ဓါတ်ပုံ အညွှန်း -တာတာစတန် မှ ဗလီဝတ်ကျောင်းတော်တခု

  • BBC : အစ္စလာမ်ဘာသာဝင်တို့ ညီလာခံလုပ်ဖို့ ပြင်

    ဇွန်လ ၂၀ ရက် ၊ ၂၀၁၄
    BBC (မြန်မာပိုင်း)

    UMNC
    တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး အတွက် ကိုယ်စားလှယ် တွေ အားလုံး ပါဝင် ဆွေးနွေးထား တဲ့ လမ်းပြ မြေပုံတစ်ခု ပေါ်ထွက်လာ ဖို့ ရည်ရွယ် တဲ့‘ပြည်ထောင်စုသား မွတ်ဆလင်များ ရဲ့ ပြည်လုံးကျွတ် ညီလာခံ’အဖြစ်၊ မကြာခင် မှာ ကျင်းပနိုင် ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်ကြသူတွေ အဖွဲ့အစည်းတွေ စုစည်းပြီး၊ စီစဉ်နေကြပါ တယ်။

    သက်ဆိုင်ရာ အာဏာပိုင် တွေကို လည်း တင်ပြထား ပြီး၊ မြို့နယ်အလိုက် ကိုယ်စားလှယ် ရွေးချယ်ရေး လုပ်ငန်း တွေ အပါအဝင်၊ တခြား လိုအပ်တာတွေ ကို စီစဉ်ပြီးတဲ့ အခါ၊ တရားဝင် လုပ်ထုံးလုပ်နည်း အတိုင်း ခွင့်ပြုချက် ထပ်မံ တောင်းခံမယ် လို့ သိရပါ တယ်။

    ညီလာခံ ကျင်းပကြတဲ့ အခါ၊ အစိုးရ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေ၊ လူမှု အဖွဲ့အစည်းတွေ က ကိုယ်စားလှယ်တွေ နဲ့ အခြား ဘာသာဝင် ကိုယ်စားလှယ် တွေ ကိုလည်း၊ တရားဝင် ဖိတ်ကြားသွား ဖို့ ပြင်ဆင်နေတယ် ဆိုပြီး၊ ညီလာခံ ကျင်းပရေး ကော်မတီ က ပြောပါတယ်။

    လူမျိုးရေး ဘာသာရေး အမုန်းပွားစေမယ့်၊ အစွန်းရောက် လှုံ့ဆော်မှု တွေ အကြမ်းဖက်မှု တွေ လုံးဝ ချုပ်ငြိမ်းသွားဖို့ နဲ့၊ နိုင်ငံ့ တာဝန်တွေ ကို ဘာသာ လူမျိုး မရွေး နိုင်ငံသားတိုင်း က တန်းတူရည်တူ တာဝန် ထမ်းဆောင်ခွင့် ရဖို့လို ကိစ္စချင်းရာတွေ ကို၊ ဆွေးနွေးသွားမယ် လို့ သိရပါတယ်။

    မြန်မာနိုင်ငံ မှာ လူမျိုးရေး ဘာသာရေး နဲ့ ပတ်သက်ပြီး၊ အင်မတန် ထိလွယ် ရှလွယ် ဖြစ်နေတဲ့ အခြေအနေမျိုး မှာ၊ ဒီလို ညီလာခံ ကျင်းပဖို့ လုံခြုံရေးအရ စိုးရိမ်ရပေမယ့်၊ အာဏာပိုင်တွေ အပါအဝင်၊ ကျန် ပြည်သူအများ က နားလည်မှုနဲ့ ပူးပေါင်း ကူညီလာမယ် လို့ မျှော်လင့်ကြောင်း ကျင်းပရေး ကော်မတီ အတွင်းရေးမှုး ဦးအုန်းမောင် က ဆိုပါတယ်။

    ၁၉၄၅ ခုနှစ်က ဆရာကြီး ဦးရာဇတ် ဦးဆောင်ပြီး မြန်မာနိုင်ငံသား မွတ်ဆလင်တွေ အားလုံး ပါဝင် တဲ့ ညီလာခံတစ်ခု ပျဉ်းမနား မှာ ကျင်းပပြီးကတည်း က ဒါဟာ ဒုတိယ အကြိမ် ညီလာခံ ဖြစ်လာမှာပါ။

    ဘီဘီစီ (မြန်မာပိုင်း)

    Link =>http://www.bbc.co.uk/burmese/burma/2014/06/140619_muslim_conference.shtml

  • သာသနာရေးဌာန ဝန်ကြီး ဦးဆန်းဆင့် အား ရာထူးမှ ရပ်စဲ

    ဇွန်လ ၂၀ ရက်၊ ၂၀၁၄
    M-Media
    .သီဟ

    USan Sint
    သမ္မတ ဦးသိန်းစိန်က သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ရပ်စဲကြောင်း ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ဒါအပြင် ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

    သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲ လိုက်ကြောင်း RFA က ရေးပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်အရွေးခံပြီး လွှတ်တော်အမတ်ဖြစ်လာသူ ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ရာထူး ထမ်းဆောင်ရာက ကနေ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ သာသနာရေး ဝန်ကြီးကို ရွှေ့ပြောင်းခံခဲ့ရသူဖြစ်ပါတယ်။

    စစ်အစိုးရလက်ထက် ဗိုလ်မှူးချူပ် ရာထူးနှင့် ရန်ကုန်တိုင်း ဒုတိုင်းမှူး၊ ဒုတိယ ဗိုလ်ချူပ်ကြိးရာထူးဖြင့် စစ်ရာထူးခန့်ချူပ်အဖြစ် စစ်ဘက် တာဝန်များကို ထမ်းဆောင်ခဲ့သူလဲ ဖြစ်ပါတယ်။

    သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း Eleven မီဒီယာရဲ့ သတင်းတပုဒ်မှာ ဖော်ပြပါရှိပါတယ်။

    ဓါတ်ပုံအညွှန်း- (၂၉-၅-၂၀၁၃) လားရှိုးမြို့တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှု ဖြစ်စဉ်တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့် မှ ထိန်းသိမ်းသတိပေးဆောင်ရွက်နေမှု မြင်ကွင်း

  • အင်္ဂလန်ကို ဘင်သံ နဲ့ အိမ်ပြန်ပို့တဲ့ ဆွာရက်ဇ် ၊ ကိုလံဘီယာ ၁၆ နှစ်အတွင်း ပထမဆုံး အုပ်စုမှ တက်၊

    ဇွန်လ ၂၀ ရက် ၊ ၂၀၁၄
    M-Media

    – ကမ္ဘာ့ဖလား ဇွန် ၁၉၊ ၂၀ ပွဲစဉ်တွေမှာတော့ ကိုလံဘီယာ အနိုင်ရခဲ့ကာ ဂျပန် သရေကျခဲ့ပြီး နာမည်ကြီးအင်္ဂလန်ကတော့ ရှုံးပွဲတွေ့ခဲ့ပါတယ်။
    JAPAN 0-0 GREECE
    ပထမပွဲမှာရှုံးထားတဲ့ ဂျပန်နဲ့ ဂရိတို့ ဒီပွဲကို အနိုင်ကစားရမှာဖြစ်ပေမယ့် ဘယ်သူမှ ဂိုးမသွင်းနိုင်ကြပဲ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးကာနီး ၇ မိနစ်အလိုမှာ နောက်ခံလူ ကိုတက်စ် ကက်ဆူရာနစ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တဲ့ဂျပန်တို့ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး တစ်ယောက်အသာနဲ့ ကစားခဲ့ရပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုးကိုတော့ ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် နှစ်သင်းစလုံးဟာ နောက်တစ်ဆင့်တက်ရေးအတွက် အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်ကစားရတော့မှာဖြစ်ပါတယ်။ အိုက်ဗရီကို့စ်နဲ့ တွေ့ရမယ့် ဂရိကတော့ ဂိုးများများသွင်းဖို့ လိုအပ်မှာဖြစ်တဲ့အတွက် နောက် တစ်ဆင့်တက်ရေး မျှော်လင့်ချက်ဟာ ဝေး၀ါးနေပါတယ် ။

    COLOMBIA COTE DIVOIRE

    အဖွင့်ပွဲမှာ ဂရိကို ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ ကိုလံဘီယာတို့ အခုပွဲမှာလည်း အိုက်ဗရီကို့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ပထမပိုင်းမှာ ပွဲက အနည်းငယ်အေးခဲ့ပေမယ့် ဒုတိယပိုင်းရဲ့ နောက်ဆုံးနာရီ ၀က်မှာတော့ အကြိတ်အနယ်အရှိခဲ့ပြီး ၃ ဂိုးစလုံးကိုလည်း အဲဒီအချိန်ကျမှ ရခဲ့တာပါ။ ၆၄ မိနစ်နဲ့ မိနစ် ၇၀ မှာ ရော်ဒရီဂက်စ်နဲ့ ကွင်တီရိုတို့က ကိုလံဘီယာအတွက် ဦးဆောင်ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ ၇၃ မိနစ်မှာ ဂါဗင်ဟိုက အိုက်ဗရီကို့စ်အတွက် တစ်ဂိုးပြန်သွင်းခဲ့ပြီး နောက်ပိုင်းမှာ တရစပ်တိုက်စစ်ဆင်ခဲ့ပေမယ့်ယ ကိုလံဘီယာ အသင်းခေါင်းဆောင် မာရီယို ယီပက်စ် ဦးဆောင်တဲ့ နောက်တန်းဟာ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တာကြောင့် ကိုလံဘီယာတို့ အဖိုးတန် အနိုင် ၃ မှတ်ရခဲ့တာပါ။ ၂ ပွဲကစား ၆ မှတ်ရခဲ့တဲ့ ကိုလံဘီယာကတော့ ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
    URUGUAY 2-1 ENGLAND
    အုပ်စု D က အင်္ဂလန်ကတော့ ဥရုဂွေးနဲ့ပွဲမှာ ထပ်ရှုံးခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။ လူစုံထုတ်ခဲ့တဲ့ အင်္ဂလန်တို့ ကစားကွက်အသာရခဲ့ပြီး ဂိုးသွင်းခွင့် ငါးကြိမ်ရခဲ့ပေမယ့် ရူနီက တစ်ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် အသင်းရဲ့ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေခဲ့တာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဥရုဂွေးကတော့ ရရှိတဲ့ ဂိုးသွင်းခွင့် နှစ်ကြိမ်ကို အပိုင် အသုံးချနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်ရေးမျှော်လင့်ချက် ရှင်သန်လာခဲ့ပါတယ်။ ဥရုဂွေးအတွက်ဂိုးတွေကိုတော့ ပထမပွဲမှာ မပါဝင်နိုင်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ် တစ်ဦးတည်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    URUGUAY 2-1 ENGLAND 2

    အုပ်စု C

    ဂျပန် ၀-၀ ဂရိ
    ကိုလံဘီယာ ၂-၁ အိုက်ဗရီကို့စ်

    အုပ်စု D

    ဥရုဂွေး ၂-၁ အင်္ဂလန်

  • UN နှင့် NGO ရုံးများ အကြမ်းဖက်ခံရမှု အရေးမယူသည့် ကိစ္စ UN ပြောပြီး ၂ ရက်အကြာ ရခိုင်ဝန်ကြီးချူပ် နှုတ်ထွက်

    ဇွန်လ ၂၀ ရက်၊ ၂၀၁၄
    M-Media
    သီဟ
    Hla Maung Tin
    ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင် ရဲ့ နှုတ်ထွက်လွှာကို သမ္မတ ဦးသိန်းစိန် လက်ခံပြီး နှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြေညာချက် တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။

    ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တွေက ကုလသမဂ္ဂနဲ့ NGO ရုံးတွေကို အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ထိထိရောက်ရောက် စုံစမ်း အရေးယူနိုင်တာမျိုး မရှိဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-Wha Khan ရဲ့ ဇွန်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြောကြာချက်အပြီး ၂ ရက်အကြာမှ ယခုလို နှုတ်ထွက်သွားခြင်းဖြစ်ပါတယ်။

    ယမန့်နေ့ က မူလ စစ်ဘက်ရာထူးနေရာ ပြန်ပို့ခဲ့တဲ့ နယ်စပ်ဝန်ကြီး ဗိုလ်ချူပ်မောင်မောင်အုံး ဦးဆောင်တဲ့ UN နှင့် NGO အဖွဲ့များ တိုက်ခိုက်ခံရမှု စုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပြည်နယ်အစိုးရ အားနည်းချက်များ ရှိကြောင်းကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားရာ ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရ ရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းမှုတွေကို ပြည်တွင်းပြည်ပ မှ ဝေဖန်မှုတွေ ထွက်ပေါ်နေတာ အချိန်အတော်ကြာနေပြီး ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ် ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရခိုင်ပြည်နယ် တဝှမ်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသမှာ နေထိုင်တဲ့ မွတ်စလင် ၁ သိန်းကျော်ဟာ အိုးအိမ်စွန့်ခွါပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရာသည်မှာ ၂ နှစ်ကျော်လာဖြစ်ပါတယ်။