News @ M-Media

Blog

  • ဓာတ်ငွေ့ဖိုး အကြွေးမပေးနိုင်၍ ယူကရိန်းသို့ ဓာတ်ငွေ့ပို့လွှတ်မှုကို ရုရှား ရပ်ဆိုင်း

    ဇွန်လ ၁၇ ၊ ၂၀၁၄
    M-Media
    Russia cuts gas supplies to Ukraine
    – ယူကရိန်းသို့ ပေးပို့နေသော ဓာတ်ငွေ့ပိုက်လိုင်းများအားလုံးကို ရုရှားက ဖြတ်တောက်ပစ်လိုက်ပြီဟု ယူကရိန်း စွမ်းအင်ဝန်ကြီး ယူရီပရိုဒန်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဓာတ်ငွေ့ဈေးနှုန်းနှင့် ပတ်သက်၍ ရုရှားဂက်ဇ်ကုမ္ပဏီ Gazprom နှင့် ယူကရိန်းတို့၏ အငြင်းပွားမှု ကြာနေပြီဖြစ်ပြီး တနင်္လာနေ့ ယူကရိန်း စံတော်ချိန် နံနက် ၁၀ နာရီတွင် ဓာတ်ငွေ့ဖို့ အကြွေး ပေးချေနိုင်ခြင်းမရှိပါက ဓာတ်ငွေ့ပို့လွှတ်မှု ဖျက်တောက်မည်ဟု Gazprom မှ စောစောပိုင်းက ခြိမ်းခြောက်ထားသည်။

    သို့သော်လည်း ယနေ့နံနက်အစောပိုင်း ဆွေးနွေးမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် မိမိတို့အနေဖြင့် နောက်ဆုံးရက်ကို ထပ်မံတိုးပေးတော့မည်မဟုတ်ဟု Gazprom က ကြေညာခဲ့ပြီး ဓာတ်ငွေ့ပို့လွှတ်မှုကို ဖျက်တောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယူကရိန်းမှ တစ်ဆင့် ဥရောပနိုင်ငံများသို့ ပို့လွှတ်နေသော ဓာတ်ငွေ့ပိုက်လိုင်းများကို ဖြတ်တောက်ခြင်းမရှိပေး

    နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများကို ယူကရိန်းအစိုးရသစ်က အင်အားသုံးကာ ပြင်းပြင်းထန်ထန် နှိမ်နင်းနေသောကြောင့် ရုရှားနှင့် ယူကရိန်းအကြား နိုင်ငံရေးအရ တင်းမာမှုများကို ယခုရလဒ်က ပိုမိုမြင့်တက်စေဖွယ်ရှိနေသည်။ ယူကရိန်းအနေဖြင့် ရုရှားသို့ ဓာတ်ငွေ့ဖိုးအကြွေး ကန်ဒေါ်လာ ၄ ဘီလီယံ ပေးချေရျမည်ဟု ရုရှားက ပြောကြားထားသည်။

    Ref: Al Jazeera And Reuters

  • ဂီတဖြင့် အလှူငွေ ရှာပြီး လက်လုပ်လက်စား ပြည်သူများ အလှူငွေများ စုပေါင်းကာ ကချင်စစ်ဘေး ဒုက္ခသည်များကို  လှူဒါန်းခဲ့

    ဂီတဖြင့် အလှူငွေ ရှာပြီး လက်လုပ်လက်စား ပြည်သူများ အလှူငွေများ စုပေါင်းကာ ကချင်စစ်ဘေး ဒုက္ခသည်များကို လှူဒါန်းခဲ့

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02701

    ရန်ကုန် ။       ။      ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေး ဒုက္ခသည်များကို လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အသင်း၊ ရွှေသံစဉ် ဂီတ ဖောင်ဒေးရှင်း နှင့် The Action Times Foundation တို့မှ ပူးပေါင်းပြီး ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး သွားရောက် လှူဒါန်းခဲ့ကြရာ လမ်းတစ်လျှောက်တွင် လက်လုပ်လက်စားပြည်သူများ၏ အလှူငွေများဖြင့် ကချင်စစ်ဘေး ဒုက္ခသည်များကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဟု The Action Times Foundation မှအတွင်းရေးမှူး မအိန္ဒြာနေနွယ် ကဆိုသည်။

    ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများကို ၎င်းအဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး ဇွန်လ ၁ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဂီတဖြင့် ဖျော်ဖြေ အလှူခံပြီး မန္တလေးမြို့၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့များတွင် ဖျော်ဖြေခဲ့ကြပြီး ကချင်ဒုက္ခသည် စခန်းများကို အလှူငွေများသွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အရင်က ရှိုးပွဲတွေမှာပဲ သီချင်းဆိုနေရာကနေ လမ်းဘေးမှာဆိုပြီး အလှူငွေရှာရမယ်ဆိုတော့ ရှက်ခဲ့မိကြောင်း သို့သော်လည်း ဒုက္ခသည်စခန်းကလူတွေအတွက် မိမိတတ်နိုင်တဲ့ဘက်ကနေကူညီဆောင်ရွက်ပေးမယ်ဆိုပြီး စိတ်အားထက်သန်စွာဖြင့် ကူညီသီဆိုပေးခဲ့ခြင်းဖြစ်သည်ဟု ရွှေသံစဉ် ဂီတဖောင်ဒေးရှင်းမှ ကချင် အဆိုတော် Mဆိုင်းလာတို့က ၎င်းအစီအစဉ်တွင် ပါဝင်ဖြစ်ခဲ့ကြောင်း ပြောသည်။

    ၎င်းအဖွဲ့ သုံးဖွဲ့ပေါင်းပြီး ခရီးစဉ်တစ်လျှောက်တွင် ရွှေစင်စင်္ကြာ ကားဂိတ်ပိုင်ရှင်နှင့် ရန်ကုန် နာရေးကူညီမှုအသင်းတို့မှလည်း လှူဒါန်းခဲ့ကြပြီး ငွေသား၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း စုစုပေါင်း သိန်း ၃၀၀ ကျော်ရရှိခဲ့သည်ဖြစ်သည်။

    ကချင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၅၅၀၀ ကျော်ရှိသည်ဖြစ်ပြီး ယခုလတ်တလော ကျောင်းဖွင့်ရာသီတွင် ကျောင်းနေရွယ်ကလေးများ ကျောင်းတက်နိုင်ရေး အတွက် အဓိကလှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောင်တွင်လည်း သွားရောက်လှူဒါန်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

  • လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြုလုပ်၊ ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြသဖြစ်

    လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြုလုပ်၊ ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြသဖြစ်

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02684

    ရန်ကုန် ။        ။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ၀ဇီရာ ရုပ်ရှင်ရုံတို့တွင် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်လျက်ရှိသည်။

    အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင် ၆၇ ကားပြသမည်ဖြစ်ရာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ ကား၊ နိုင်ငံတကာရုပ်ရှင် ၂၆ ကား တို့ပါဝင်သည်။ ယင်းရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့အခြေစိုက် ဗြိတိသျှသံရုံး၊ အမေရိကန်အကူညီပေးရေးအဖွဲ့၊ မြန်မာ ထိုင်း ရုပ်ရှင်အဖွဲ့၊ ဆွီဒင်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့က ပါဝင် ကူညီပေးခဲ့ကြောင်း သိရသည်။

    ၎င်းလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ဆုများကို အကဲဖြတ်ဒိုင်လူကြီး ၂၀ ပါဝင်သည့်အဖွဲ့က စီစစ်ရွေးချယ်ကာ ဆု ၈ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

    ယခုပြုလုပ်သော ရုပ်ရှပ်ပွဲတော်သည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ရုပ်ရှင်ပွဲတော်ကို ပြည်တွင်း ပြည်ပ ရုပ်ရှင်ဇာတ်ကား ၅၄ ကားပြသခဲ့ပြီး ဆု ၇ ဆုကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ယခုကျင်းပသော ဒုတိယမြောက်အကြိမ် ရုပ်ရှင်ပွဲတော်၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါရုပ်ရှင်ပွဲတွင် ပါဝင်ပြသရန် စီစဉ်ထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးသည့် အမိုးမရှိတဲ့ ကောင်းကင်’ မှာ အွန်လိုင်းမှ ခြိမ်းခြောက် မှုများကြောင့် ပြသခြင်းမပြုတော့ ကြောင်း သိရသည်။

    မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကို အခြေခံပြီး အိမ်ဖျက်ခံရသူ  မွတ်စလင်အဒေါ် အဒေါ်ဖြစ်သူထံ တူမက သွားရောက်ခဲ့ပုံနှင့် ပဋိပက္ခအပေါ် အဒေါ်၏အမြင်နှင့် ပဋိပက္ခအတွင်း ၎င်းကို အကူအညီပေးခဲ့သော ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးနှင့် ၎င်းတို့ နှစ်ဦးကြား ထားရှိသော ခင်မင်မှုမေတ္တာတရားကို ရိုက်ကူးတင်ပြထားသည့်  ဇာတ်ကားဖြစ်ကြောင်း ဇာတ်ညွှန်း အရသိရသည်။

    အဆိုပါ ရုပ်ရှင် ဇာတ်ကားပြသမည့် သတင်းထွက်ပေါ်ခဲ့၍ ဆိုရှယ်မီဒီယာများ တွင် အစွန်းရောက်လှုပ်ရှားသူများ ဆန့်ကျင်လှုံဆော်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒါရိုက်တာ မင်းထင်ကိုကိုကြီး မှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

     

  • ပျောက်ဆုံးနေသည့် လူငယ်သုံးဦးအား ရှာဖွေရာတွင် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး စစ်တပ် ပစ်သတ်

    ဇွန်လ ၁၇ ၊ ၂၀၁၄
    M-Media
    20146168615925371_20
    – ပျောက်ဆုံးနေသည့် လူငယ် သုံးဦးအား ရှာဖွေရန်အတွက်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ဆက်လက် ဖမ်းဆီးနေပြီး ပါလက်စတိုင်း လူငယ်တစ်ဦးကိုလည်း အစ္စရေးစစ်တပ်က ယနေ့တွင် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ အသက် ၂၁ နှစ် အရွယ် အဟ်မဒ် ဆာဘာရီယံဆိုသူဖြစ်ပြီး ရာမာလာမြို့စွန်ရှိ အလ်-ဂျာလာဇန် ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်တပ်က တစ်အိမ်တက်ဆင်း မွှေနှောက် ရှာဖွေရာမှ ရင်ဘတ်သို့ အပစ်ခံရကာ သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ စင်တာမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အခြားတစ်ဦးမှာလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရကာ ပါလက်စတိုင်း ပါလီမန်တာဝန်ရှိသူများ အပါအ၀င် လူငါးဦးကို အစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့သည်။ ကြာသာပတေးနေ့ညက အစ္စရေးက ထိန်းချုပ်ထားသော အနောက်ဘက် ကမ်းခြေတွင် ပျောက်ဆုံးသွားသည့် ထိုလူငယ်သုံးဦးအား ဟားမက်စ်အဖွဲ့မှ ပြန်ပေး ဆွဲထားသည်ဟု အစ္စရေးက စွပ်စွဲထားပြီး ရှာဖွေမှုများကို ဆက်တိုက်ပြုလုပ်နေကာ ပါလီမန်ဥက္ကဌအပါအ၀င် ယခုအချိန်အထိ ပါလက်စတိုင်း ၁၈၀ ကျော်ကို ဖမ်းဆီးထားသည်။

    အစ္စရေး၏ စွပ်စွဲချက်ကို ဟားမက်စ်အဖွဲ့က ငြင်းဆိုထားပြီး ရူးနှမ်းသော ပြောဆိုမှုဟု တုံ့ပြန်ခဲ့သည်။ ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်ကမူ ထိုပျောက်ဆုံး လူငယ်များအား ရှာဖွေရန် ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့များကို အမိန့်ပေးထားပြီး၊ အစ္စရေး၏ အကြမ်းဖက် ဖမ်းဆီးမှုများကို ရှုတ်ချခဲ့သည်။

    အစ္စရေးမှာ ဟားမက်စ်နှင့် ဖာတာအဖွဲ့ပူးပေါင်းကာ ညီညွတ်သော ပါလက်စတိုင်း အစိုးရအဖွဲ့ကို လက်မခံဘဲ၊ အမေရိကန်နှင့် ကုလအပါအ၀င် နိုင်ငံတကာမှ ကန့်ကွက်နေသော်လည်း ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးအခြေချအိမ်ရာများကို ဆက်လက်ဆောက် လုပ်နေသည်။

    Ref:Al Jazeera

  • သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီး ဖြစ်ချင်တဲ့ တက္ကသိုလ်ဝင်တန်း ဘာသာစုံ ဂုဏ်ထူးရှင် မ၀တ်မှုံဖူး

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    Ma Wout Mhone Phuu copy
    ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီး ဖြစ်ချင်သည်ဆိုသော မ၀တ်မှုံဖူး ကို M-Media မှ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ မ၀တ်မှုံဖူးဟာ မွေးချင်းမောင်နှမ ၃-ယောက်အနက် အငယ်ဆုံးဖြစ်ပြီး အစ်ကိုအကြီးဆုံးမှာလည်း ဆေးကျောင်း တက်နေသူ တစ်ဦးဖြစ်ကာ ယခုအခါ မိဘများနှင့်အတူ ရန်ကုန်မြို့တွင် အတူနေထိုင်လျက်ရှိပါတယ်။

    မေး – ညီမလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်နဲ့ မိဘတွေကို ပထမဦးဆုံး ပြောပြပေးပါလား။

    .ဖြေ – ညီမလေးနာမည်က မ၀တ်မှုံဖူးပါ။ အိမ်မှာခေါ်တာကတော့ ဖူးဖူးလို့ခေါ်ပါတယ်။ အာရဗီနာမည်က ဟဂျဒါးဘီပါ။ အသက်က ၁၆-နှစ် ပြည့်ပြီးပြီ မွေးသက္ကရာဇ်က ၂၅.၃.၁၉၉၈ ပါ။ အဖေက ဟာဂျီဦးမောင်မောင်မြင့်နဲ့ အမေက ဟာဂျီမဒေါ်မိုးမိုးသန်းပါ။ ညီမလေးမှာ အစ်ကို ၂-ယောက်ရှိပါတယ်။

    မေး – ဒီ ၂၀၁၄-ခု တက္ကသိုလ်ဝင်တန်းမှာ ညီမလေးက ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင် ခဲ့တယ်ဆိုတော့ ဘယ်ဘာသာတွဲနဲ့ အောင်မြင်ခဲ့တာပါလဲ။

    .ဖြေ – ညီမလေးက Bio တွဲနဲ့ အောင်ခဲ့တာပါ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝ၊ ဓါတု၊ ရူပ ဘာသာတွေပါ။

    မေး – ညီမလေးက ဘယ်ကျောင်းကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပါသလဲ။

    ဖြေ – ညီမလေး အ.ထ.က (၂) လသာ မိန်းကလေးကျောင်း ကနေ အောင်မြင်ခဲ့တာပါ။

    မေး – ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်ဆိုတော့ ၆ ဘာသာကို အမှတ်ပေါင်း ဘယ်လောက်နဲ့ ရရှိခဲ့တာပါလဲ။

    .ဖြေ – ဟုတ်ကဲ့။ မြန်မာစာ-၇၈၊ အင်္ဂလိပ်စာ-၇၅၊ သင်္ချာ-၉၃၊ ဓာတုဗေဒ-၉၆၊ ရူပဗေဒ-၉၀၊ ဇီဝဗေဒ-၉၄ စုစုပေါင်းအမှတ် ၅၂၆-မှတ်ရရှိခဲ့တာပါ။

    မေး – ညီမလေး အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ဖို့ကို ဆယ်တန်း ကျောင်းသူ ဘ၀မှာဘယ်လို ကြိုးစားခဲ့ရပါသလဲ။

    .ဖြေ – ဘာသာစုံဂုဏ်ထူးရမယ်လို့ မှန်းတော့မထားပါဘူး။ ဒါပေမဲ့ အကောင်းဆုံးတော့ဖြစ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါ။ စာတွေကိုတစ်နေ့စာ တစ်နေ့လုပ်တယ် အကြွေးမထားဘူး။ ပြန်လည်လေ့ကျင့်ခန်းကို များများလုပ်တယ်။ တစ်နေ့စာ တစ်နေ့မှန်မှန်ကျက်ပါတယ်။

    မေး – ညီမလေးက အစိုးရကျောင်းဖြေအနေနဲ့ အောင်မြင်ခဲ့တာဆိုတော့ အဲ့ဒီအပေါ်မှာရော ဘယ်လို ကြိုးစားခဲ့ရလဲ။

    .ဖြေ – ကျောင်းက ညီမလေးအခုလို ဘာသာစုံဂုဏ်ထူးရဖို့ကို အထောက်အကူ အများကြီးဖြစ်ခဲ့ပါတယ်။ ကျောင်းမှာ လစဉ် စာမေးပွဲတွေလည်းစစ်ပေးတယ်။ လိုအပ်တဲ့ဘာသာရပ်တွေကိုလည်း ဆရာ/ ဆရာမတွေက သေချာလေ့ကျင့်ပေး ခဲ့ပါတယ်။

    .မေး – အခု ဒီမှာတွေ့ရတာက ဆုတွေ အများကြီးပဲလေ။ အဲဒါက ညီမလေး ရရှိခဲ့တဲ့ ဆုတွေလား။

    ဖြေ – ဟုတ်ကဲ့ ညီမလေး ရခဲ့တာတွေရော အစ်ကို ရခဲ့တာတွေရောပါတယ်။

    မေး – ညီမလေးအနေနဲ့ ငယ်စဉ်ကတည်းက အတန်းစဉ်တွေမှာ ဆုရခဲ့တာတွေကို နည်းနည်းပြောပြပေးပါလား။

    .ဖြေ – ညီမလေးက သူငယ်တန်းကနေ စတုတ္ထတန်းအထိ နှစ်စဉ် ဆုရခဲ့တယ်။ နောက် ကျောင်းကြီးကို ပြောင်းသွားတော့ ဆုရတာ မရှိတော့ဘူး။ ၈-တန်း ၉-တန်း မှာလည်း ဂုဏ်ထူးတွေနဲ့အောင်ပါတယ်။ ဒါပေမယ့် ဆုယူခဲ့ရတာမျိုးတော့ မရှိခဲ့ပါဘူး။

    မေး – ညီမလေး အရင်အတန်းတွေကရော ဘယ်လိုဆုတွေရရှိခဲ့ပါသလဲ။

    .ဖြေ – သူငယ်တန်းကနေ တတိယတန်းထိ ဒုတိယဆုရခဲ့ပါတယ်။ စတုတ္တတန်းကျတော့ ပထမဆုရပါတယ်။ အဌမတန်း၊ န၀မတန်း တို့မှာတော့ ဘာသာစုံ ဂုဏ်ထူးထွက်ခဲ့ပါတယ်။

    .မေး – ညီမလေး အခုလို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်သွားခဲ့တော့ ညီမလေးရှေ့ဆက်ပြီးတော့ အနာဂတ်အတွက် ဘယ်လိုရည်မှန်းချက်ထားထားပါသလဲ။

    ဖြေ – ညီမလေးက သားဖွားမီးယပ် အထူးကုဆရာဝန်မကြီးဖြစ်ချင်တော့ ဆေးကျောင်းပဲတက်မှာပါ။

    မေး – ဒါဆို ညီမလေးက ၉-တန်းအောင်ပြီး ၁၀-တန်း တက်တဲ့အချိန်ကတည်းက ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့တာလား။

    .ဖြေ – ဟုတ်ကဲ့ ရှိခဲ့ပါတယ်။ ဆရာဝန် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလည်း ရှိခဲ့ပါတယ်။

    မေး – ကိုယ်တိုင်က ဘာသာစုံ ဂုဏ်ထူးနဲ့အောင်မြင်ပြီးခဲ့သူ တစ်ယောက် အနေနဲ့ နောက်တက်လာမယ့် မောင်ညီမတွေကိုလည်း စာကျက်ပုံနဲ့ပတ်သက်ပြီး ဘယ်လို အကြံပေးချင်လဲ။

    .ဖြေ – အဓိကကတော့ ကိုယ်တိုင် အစွမ်းကုန် ကြိုးစားဖို့လိုပါတယ်။ ကိုယ်ပိုင် စာကျက်ချိန်ထားပြီး တစ်နေ့ကို ၅-နာရီလောက် စာကျက်ချိန် ထားသင့်ပါတယ်။ ကျောင်းတက်တာ ကျူရှင်တက်တာ များရင်လည်း ကိုယ်ပိုင်စာကျက်ချိန်မရှိ ဖြစ်သွားတတ်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ အားနည်းတဲ့ ဘာသာရပ်ကိုလည်း ကိုယ်သိရပါမယ်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေရပါမယ်။ ညီမလေး အနေနဲ့ကတော့ ဘာသာရပ်အလိုက်မှာ မြန်မာစာ အင်္ဂလိပ်စာကို နည်းနည်းဖော့ကျက်ပါတယ်။ သူက အမှတ်အများကြီး မရနိုင်တော့လေ။ သင်္ချာကိုတော့ နေ့တိုင်းနီးပါး ပြန်တွက်ရတယ်။ Bio ကတော့ ကျက်စာဆိုတော့ နည်းနည်းပိုကျက်ဖြစ်တယ်။

    မေး – ညီမလေး အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။

    .ဖြေ – ဟုတ်ကဲ့။ အရင်ဆုံး ဖန်ဆင်းအရှင်ကို ကျေးဇူးတင်မိပါတယ်၊ အဖေ နဲ့ အမေ တို့လည်း ပျော်ရွှင်နေကြတဲ့အတွက် သူတို့ကိုကြည့်ပြီး အရမ်းကိုပျော်ရွှင်မိပါတယ်။

    မေး – ဟုတ်ကဲ့ပါ။ နောက်တစ်ခု မေးချင်တာက ညီမလေးအနေနဲ့ မွတ်စလင် အမျိုးသမီးငယ် တစ်ယောက်ဖြစ်တဲ့ အပေါ်မှာ နောက်မျိုးဆက်သစ် မောင်နှမတွေရယ် အထူးသဖြင့် မွတ်စလင် အမျိုးသမီးတွေရယ်ကို ဘယ်လို အားပေးစကားပြောချင်လဲ။

    .ဖြေ – အဖေက အမြဲပြောတဲ့စကားရှိတယ်။ သူများတစ်ဆ ကြိုးစားရင် ကိုယ်က မွတ်စလင်ဖြစ်တဲ့အတွက် ဆယ်ဆ ကြိုးစားရမယ်တဲ့။ ညီမလေးလည်းအဲ့လိုပဲ ထင်တယ်။ ကိုယ်တွေအတွက် အခွင့်အရေးနည်းနေတဲ့အတွက် ပိုပြီး ကြိုးစားရမယ်။ သူများတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ ပညာတတ်တွေများလာအောင် အခုအချိန်မှာ ပိုကြိုးစားသင့်ပါတယ်။ ကြိုးစားပါလို့ပြောချင်ပါတယ်။

    မေး – Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။

    .ဖြေ – ညီမလေး တတ်နိုင်သလောက်လုပ်သွားမှာပါ။ အခုလောလောဆယ်တော့ MUSLIM YOUTH NETWORK ကိုဝင်ပြီးတော့ အကျိုးရှိမယ့်အလုပ်တွေလု ပ်ဆောင်သွားမှာပါ။ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အကျိုးပြုနိုင်အောင် ကြိုးစားသွားမှာပါ။

    မေး – ကျေးဇူးတင်ပါတယ် ညီမလေး။

    .ဖြေ – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မ။

    သမီးအနီးတွင် ရှိနေသော မ၀တ်မှုံဖူး၏ ဖခင်ဖြစ်သူ ဦးမောင်မောင်မြင့်အား သမီး၏ အောင်မြင်မှုအပေါ် ပီတိကို မေးရာ “သမီးအခုလို ဘာသာစုံ ဂုဏ်ထူးနဲ့အောင်မြင်တာကို အရမ်းကိုပျော်မိပါတယ်။ သားသမီး သုံးယောက်ထဲမှာ အငယ်ဆုံးလည်းဖြစ်တယ်။ သူကငယ်ငယ်လေး ကတည်းက စာကိုပုံမှန်ကြိုးစားပြီး လိုချင်စိတ်လည်းရှိပါတယ်။ အခုလို ဖြစ်လာတာကို အရမ်းကို ပီတိဖြစ်မိပါတယ်” လို့ ဖြေကြားခဲ့ပြီး မိဘတစ်ယောက်ရဲ့ ရင်တွင်းပီတိက မျက်နှာအထိ ထင်ဟပ်နေတာကို မြင်ခဲ့ရပါတယ်။

     

    M-Media သို့ ထူးချွန်လူငယ်ကဏ္ဍ ဆက်သွယ်လိုလျှင် [email protected] သို့ အီးမေးလ် ပို့၍ ဖြစ်စေ M-Media FB Page သို့ Message ပို့၍ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။