News @ M-Media

Blog

  • ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ တိုင်းပြည်မှ မထွက်ခွာရန် စစ်ကောင်စီက လျှို့ဝှက် အမိန့်ထုတ်ထား

    ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ တိုင်းပြည်မှ မထွက်ခွာရန် စစ်ကောင်စီက လျှို့ဝှက် အမိန့်ထုတ်ထား

    ဇူလိုင် ၅၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်းမှာရှိတဲ့ အဓိက ဆက်သွယ်ရေးလုပ်ငန်းတွေက နိုင်ငံခြားသား အကြီးအကဲတွေကို တိုင်းပြည်ကနေ အခွင့်မရှိဘဲ မထွက်ခွာရဘူးလို့ အာဏာသိမ်းစစ်ကောင်းစီက အမိန့်ထုတ်ထားကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    စစ်ကောင်စီလက်အောက်မှာရှိတဲ့ စာတိုက်နဲ့ ​ဆက်သွယ်ရေးဌာနက ဇွန်လအလယ်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ လျှို့ဝှက်အမိန့်မှာ ဆက်သွယ်ရေးကုမ္ပဏီတွေက နိုင်ငံသားနဲ့ နိုင်ငံခြားသား အကြီးတန်းအမှုဆောင်အရာရှိတွေ တိုင်းပြည်ကနေ ထွက်ခွာချင်ရင် အထူးခွင့်ပြုချက် တောင်းရမယ်လို့ ဖော်ပြထားပါတယ်။

    တစ်ပတ်အကြာမှာ စစ်ကောင်စီက နောက်ထပ်စာတစ်​စောင် ထပ်ထုတ်ခဲ့ပြီး ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်ထောက်လှမ်းတဲ့ ကိရိယာတွေကို ဇူလိုင်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆင်ဖို့ အမိန့်ပေးထားပါတယ်။ အဲဒီကိရိယာတွေဟာ ပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုပေးပို့မှုတွေနဲ့ အင်တာနက် အသုံးပြုမှုတွေကို စစ်ကောင်စီက တိုက်ရိုက် ကြားဖြတ်ဖမ်းယူနိုင်တဲ့ ကိရိယာတွေ ဖြစ်ပါတယ်။

    ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ကြားဖြတ် ကြည့်ရှုနားထောင်နိုင်မယ့် နည်းပညာကို တပ်ဆင်အသုံးပြုဖို့ အာဏာသိမ်းစစ်ကောင်စီဟာ အရင်ကတည်းက ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖိအားပေးခဲ့တာပါ။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းမှုကို စစ်ကောင်စီဖက်က ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထိန်းချုပ်နိုင်မယ့် ဆိုက်ဘာဥပဒေတစ်ခုကို ပြဌာန်းဖို့ အာဏာသိမ်းပြီးကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ကြားဖြတ်ဖမ်းယူနိုင်မယ့် နည်းပညာတွေ၊ ကိရိယာတွေ တပ်ဆင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖိအားပေးလာပြီး ကုမ္ပဏီအမှုဆောင်တွေကို ပြည်ပထွက်ခွင့်ပိတ်ထားတယ်ဆိုတဲ့ အခုသတင်းက စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုကို အပြင်းထန်ဆုံး ဖိနှိပ်ကန့်သတ်ဖို့ စိတ်ပိုင်းဖြတ် လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။

    ဆက်သွယ်ရေးကုမ္ပဏီ ၃ ခုက အမည်မဖော်လိုသူတွေကတော့ စစ်ကာင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ကြားဖြတ် ကြည့်ရှုနားထောင်ဖို့ သူတို့ကို ဖိအားပိုပေးလာတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခြား သတင်းရင်းမြစ်နှစ်ခုကလည်း ဒီကိစ္စကို အပြင်ထုတ်မပြောဖို့ စစ်ကောင်စီက ဆက်သွယ်ရေးကုမ္ပဏီတွေကို အကြိမ်ကြိသတိပေးထားတယ်လို့ ဆိုပါတယ်။

    Telenor က ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး Ooredoo၊ MPT နဲ့ MyTel တို့က ဖြေကြားမှု မလုပ်သေးပါဘူး။

    စစ်တပ်က ပြည်သူတွေရဲ့ ဆက်သွယ်မှုကို ကြားဖြတ် ကြည့်ရှုနားထောင်ရေး နည်းပညာတွေ၊ စက်ကိရိယာတွေ တပ်ဆင်ဖို့ စစ်အာဏာမသိမ်းခင် လတော်တော်ကြာအရင်ကတည်းက ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးထားတာပါ။

    Telenor နဲ့ Ooredoo တို့က အပြည့်အ၀ တပ်ဆင်ထားခြင်းမရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

    Ref: Reuters

  • မြေထဲပင်လယ်တွင် အီဂျစ်က ရေတပ်စခန်းတစ်ခု ဖွင့်လှစ်

    မြေထဲပင်လယ်တွင် အီဂျစ်က ရေတပ်စခန်းတစ်ခု ဖွင့်လှစ်

    ဇူလိုင် ၄၊ ၂၀၂၁
    M-Media

    -မြေထဲပင်လယ်က အရေးပါတဲ့ ရေတပ်စခန်းတစ်ခုကို အီဂျစ်က မနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

    အလက်ဇန်းဒရီးယားမြို့ အနောက်ပိုင်း လစ်ဗျားနယ်စပ်နားမှာရှိတဲ့ အဲဒီ ရေတပ်စခန်းဟာ ဖြတ်သန်းသွားလာတဲ့သင်္ဘောတွေကို ပိုမိုစောင့်ရှောက်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ မြောက်ဖက်နဲ့ အနောက်ဖက် ရေပိုင်နက်တွေကို လုံခြုံစေလိမ့်မယ်လို့ အီဂျစ်သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရေတပ်စခန်း ဖွင့်ပွဲအခမ်းအနားကို အီဂျစ် သမ္မတ ဖာတာ အလ်စီစီ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယက် အလ်နဟ်ယန်၊ လစ်ဗျားသမ္မတကောင်စီ ဥက္ကဌ မိုဟာမက် အလ် မန်ဖီတို့ တက်ရောက်ခဲ့ပါတယ်။

    အလ်စီစီဟာ စခန်းက စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

    ရေတပ်စခန်းကို July 3 လို့ အမည်ပေးထာပြီး နိုင်ငံရဲ့ ပထမ​ဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ မိုဟာမက် မော်စီအစိုးရကို အလ်စီစီဦးဆောင်တဲ့ စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်တဲ့နေ့ကို မှည့်ခေါ်တာ ဖြစ်ပါတယ်။

    အီဂျစ်ဟာ မြေထဲပင်လယ်မှာ ရေတပ်စခန်း ၃ ခု၊ ပင်လယ်နီမှာ ၁ ခု ရှိနေပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါကို တစ်ကျော့ပြန် ရင်ဆိုင်လာရတဲ့ အင်ဒိုနီးရှားကို အမေရိကန်က Moderna ကာကွယ်ဆေး ၄ သန်း ချက်ခြင်းပေးပို့သွားမယ်လို့ သိရပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီတို့ ဖုန်းနဲ့ ဆွေးနွေးမှုအတွင်း အမေရိကန်က ဒီလို သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး အစီအစဉ်တစ်ခုဖြစ်တဲ့ COVAX ကနေတစ်ဆင့် ချက်ခြင်း ပေးပို့မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေးအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုဗစ်လှိုင်းကို တစ်ကျော့ပြန် ခံစားနေရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း ၈ ရက်မှာ ကူးစက်မှု စံချိန်တင်ခဲ့ပါတယ်။

    အခုလို ကာကွယ်ဆေး လှူဒါန်းတာဟာ ကိုဗစ်ကပ်ရောဂါကို တွန်းလှန်နေတဲ့ အင်ဒိုနီးရှားပြည်သူတွေအပေါ် အမေရိကန်က ကူညီထောက်ပံ့မှုကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားကို ပိုမိုကူညီပံ့ပိုးပေးနိုင်ရေး အစီအစဉ်တွေကိုလည်း ဆူလီဗန်နဲ့ မာဆူဒီတို့ ဆွေးနွေးခဲ့ကြပါတယ်။

    အင်ဒိုနီးရှားဟာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို အဓိက မှီခိုနေရပေမယ့် အခြားကာကွယ်ဆေးတွေ ရရှိအောင်လည်း ကြိုးပမ်းနေပါတယ်။

    Ref: Reuters

  • အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က အဓိက စစ်စခန်းတစ်ခုဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းကနေ တပ်ဖွဲ့ဝင်တွေအားလုံး ဆုတ်ခွာသွားပြီလို့ အမေရိကန်က ကာကွယ်ရေးဌာနက အတည်ပြု ပြောဆိုပါတယ်။

    နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ ဘာဂရမ် လေတပ်စခန်းဟာ အလ်-ကိုင်းဒါနဲ့ တာလီဘန်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ မဟာဗျူဟာမြောက်ပြီး အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဌာနရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက စခန်းမှာရှိနေတဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့ စစ်သားတွေအားလုံး ဆုတ်ခွာသွားပြီး စခန်းကို အာဖဂန်တပ်ဖွဲ့တွေလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

    မြို့တော် ကဘူးလ် မြောက်ပိုင်းမှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁ သိန်းလောက် လာရောက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဖဂန်မှာ နောက်ဆုံးကျန်နေတဲ့ စစ်သည်အင်အားကို အခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးထား ပြန်ခေါ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။

    ဘာဂရမ်လေတပ်စခန်း လွှဲပြောင်းရယူပွဲအခမ်းအနားကို အာဖဂန်အစိုးရက ဒီကနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

    အာဖဂန်မှာရှိနေတဲ့ ဥရောပတပ်ဖွဲ့​ဝင်အများစုဟာ ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ အမေရိကန်က​ ကဘူးလ်မှာရှိတဲ့ သံရုံးကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင် ၆၅၀၀ ကိုသာ ထားရှိမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရုတ်အစိုးရကို ထောက်ခံကြောင်း ပါကစ္စတန် ထပ်ပြော

    တရုတ်အစိုးရကို ထောက်ခံကြောင်း ပါကစ္စတန် ထပ်ပြော

    ဇူလိုင် ၂၊ ၂၀၂၁
    M-Media

    -တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံပြီး တစ်ပါတီ အုပ်စိုးမှုစနစ်ကလည်း ရွေးကောက်ပွဲအခြေပြု ဒီမိုကရေစီစနစ်ထက် ပိုမိုကောင်းမွန်တယ်လို့ ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ​ခန်းဟာ ဥရောပနိုင်ငံ အစိုးရတွေရဲ့ အစ္စလာမ်ကြောက်ရောဂါ ကိုင်တွယ်မှု အားနည်းတာကို ဝေဖန်ထောက်ပြလေ့ရှိပေမယ့် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေ ဖိနှိပ် ညှင်းပမ်းခံရတာကို နှုတ်ဆိတ်နေလေ့ရှိပါတယ်။

    ကွန်မြူနစ်ပါတီ နှစ် ၁၀၀ အထိမ်းအမှတ် တရုတ်သတင်းဌာနကို ဖြေကြားတဲ့ အင်တာဗျူးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ တရုတ်အစိုးရက ငြင်းဆန်တာကို သဘောကျတယ်လို့​ ပြောဆိုခဲ့ပါတယ်။

    “တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်မှုတွေအရ ရှင်ကျန်းမှာ ​ဖြစ်နေတာတွေဟာ အနောက်မီဒီယာတွေ၊ အနောက်နိုင်ငံအစိုးရတွေထံက ကြားရတာတွေနဲ့ လုံး၀ တစ်ခြားစီပါပဲ။ ကျွန်တော်တို့ဟာ တရုတ်နဲ့ အလွန်ခိုင်မာတဲ့၊ ယုံကြည်မှုကို အခြေခံတဲ့ ဆက်ဆံရေးရှိတယ်။ ဒါ့ကြောင့် တရုတ်အစိုးရက ပြောတာကို ကျွန်တော်တို့ နှစ်နှစ်ကာကာ လက်ခံပါတယ်။ ရှင်ကျန်းက သူတို့ရဲ့စီမံကိန်တွေအကြောင်း ပြောတာတွေကို ကျွန်တော်တို့ လက်ခံပါတယ်”

    တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်း စီမံကိန်း (CPEC) ကနေတစ်ဆင့် တရုတ်ဟာ ပါကစ္စတန်မှာ ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် ရင်းနှီးမြှုပ်နှံထားတာပါ။

    ကွန်မြူနစ်ပါတီတစ်ခုတည်းက ထိန်းချုပ်တဲ့ တရုတ်နိုင်ငံရဲ့ တစ်ပါတီအုပ်ချုပ်မှုစနစ်ကို နှစ်သက်တယ်လို့လည်း ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “​တရုတ်ကွန်မြူနစ်ပါတီ (CPC) ဟာ ထူးခြားတဲ့ ပုံစံတစ်ခုပါ။ လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးပုံစံဟာ အနောက်တိုင်း ဒီမိုကရေစီစနစ်လို့ အခုအချိန်အထိ ကျွန်တော်တို့ကို ပြောကြတယ်။ CPC က တစ်ခြားနည်းလမ်းတစ်ခုကို ဖော်ဆောင်ပြသွားတာပါ။ လူ့အဖွဲ့အစည်း အကျိုးရှိအောင် ဖန်တီးပြီး အနောက်တိုင်း ဒီမိုကရေစီအားလုံးကို ရိုက်ချိုးသွားတာပါ”

    အပြောင်းအလဲလုပ်ဆောင်ရာမှာ ဒီမိုကရေစီက အကြပ်အတည်းဖြစ်စေပြီး တရုတ်ရဲ့ တစ်ပါတီစနစ်က ပြောင်းလွယ်ပြင်လွယ် ဖြစ်တယ်လို့လည်း ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Aljazeera