News @ M-Media

Blog

  • နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးကို ထိုင်းဖမ်းဆီး

    နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးကို ထိုင်းဖမ်းဆီး

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -ကန်ချနာဘူရီပြည်နယ်က ရေလှောင်တမံတစ်ခုနားမှာ မြန်မာနိုင်ငံက တရားမဝင်ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ပါတယ်။

    ဒေသတွင်း ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ Lat Ya Task Force ဟာ ဆွန်ခလာဘူရီခရိုင်က ဝိဇယလောင်ကွန် ရေလှောင်တမံနားမှာ သတင်းအရ မြန်မာနိုင်ငံက စက်လှေနဲ့ ဝင်ရောက်လာသူတွေကို အင်္ဂါနေ့မနက် အစောပိုင်းမှာ စောင့်ဖမ်းခဲ့တာပါ။

    လူ ၁၂ ဦး ဖမ်းဆီးရမိပြီး ၁၁ ဦးက မြန်မာနိုင်ငံသားဖြစ်ကာ စက်လှေမောင်းသူက ဆွန်ခလာဘူရီမှာနေထိုင်တဲ့ မွန်လူမျိုး နိုင်ငံမဲ့တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်​တွေက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေက မော်လမြိုင်နဲ့ ရေးမြို့တို့ကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံက ပွဲစားကို ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြား ပေးခဲ့ရကြောင်း၊ စမွတ်ဆာခွန်၊ ချွန်ဘူရီနဲ့ ရက်ချာဘူရီ ပြည်နယ်တွေမှာ အလုပ်လုပ်ဖို့ လာရောက်ကြသူတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

    လက်ရှိမှာ ဆွန်ခလာဘူရီ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၁ ဦးကို ထိန်းသိမ်းထားပြီး ဥပဒေအရ ​ဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref: Bangkok Post

  • အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းများကို အစ္စရေးက ဖျက်ဆီး

    အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းများကို အစ္စရေးက ဖျက်ဆီး

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ​အရှေ့ဂျေရုစလင် အလ်-ဘူစတန်ရပ်ကွက်က ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းတွေကို အစ္စရေးတပ်ဖွဲ့တွေက ဒီကနေ့မှာ ဖြိုချဖျက်ဆီးမှုတွေ လုပ်နေပြီး ပါလက်စတိုင်းတွေကလည်း ဆန္ဒပြ တုန့်ပြန်တာတွေ ရှိလာပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ ဘူဒိုဇာတွေနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို တုတ်တွေနဲ့ ရိုက်တာ၊ ရာဘာကျည်တွေနဲ့ ပစ်တာ၊ မျက်ရည်ယိုဗုံးသုံးပြီး လူစု​ခွဲတာတွေ လုပ်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်မှာ အနည်းဆုံး ပါလက်စတိုင်း ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါလက်စတိုင် လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။

    အလ်-ဘူစတန်ရပ်ကွက်က ပါလက်စတိုင်းစီးပွားရေးလုပ်ငန်းတွေ၊ အဆောက်အဦးတွေကို ၂၁ ရက်အတွင်း ဖျက်ဆီးပေးဖို့ ဇွန်လ ၇ ရက်နေ့မှာ အစ္စရေးစည်ပင်ဌာနက ထုတ်ပြန်ခဲ့တာပါ။ ကိုယ်တိုင်မဖျက်ရင် ဖျက်ခ ကန်ဒေါ် ၆၀၀၀ ပေးရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

    ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူ ၁၃၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    အရှေ့ဂျေရုစလင်က အလ်-ဘူစတန်ရပ်ကွက်မှာ အစ္စရေးဟာ ၂၀၀၅ ခုနှစ်ကစတင်ပြီး ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို တစ်ဖြည်းဖြည်းချင်း ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    အရှေ့ဂျေရုစလင်က တစ်ခြားနေရာတွေမှာလည်း ဂျူးအခြေချနေထိုင်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို လုယူတာ၊ ဖြိုချဖျက်ဆီးတာတွေ လုပ်လေ့ရှိတာကြောင့် ပါလက်စတိုင်း ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

    Ref: Aljazeera

  • မြန်မာ့​ကျောက်စိမ်းစျေးကွက်တွင် အမြတ်ထုတ်နေမှုကို ရပ်တန့်ရန် တရုတ်ကို Global Witness တောင်းဆို

    မြန်မာ့​ကျောက်စိမ်းစျေးကွက်တွင် အမြတ်ထုတ်နေမှုကို ရပ်တန့်ရန် တရုတ်ကို Global Witness တောင်းဆို

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းမှာ အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ ငွေရလမ်းဖြစ်တဲ့ ကျောက်မြတ်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှုကို ရပ်ဆိုင်းဖို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု​ဖြစ်တဲ့ Global Witness က တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

    မြန်မာ့ကျောက်မြတ်လုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ နိုင်ငံခြားကို တရားမဝင်ထွက်နေပြီး အများစုက တရုတ်နိုင်ငံကို သွားနေတာဖြစ်တယ်လို့ Global Witness က ​ပြောပါတယ်။

    Jade and Conflict: Myanmar’s Vicious Circle (ကျောက်စိမ်းနှင့် ပဋိပက္ခ – မြန်မာနိုင်ငံက ဆိုးယုတ်မှုသံသရာ) ဆိုတဲ့ Global Witness ရဲ့ အစီရင်ခံစာမှာ ကျောက်စိမ်းလုပ်ငန်းရဲ့ ခြစားမှုဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေအပါအဝင် စစ်တပ်ရဲ့ ထိပ်တန်းအရာရှိတွေအထိ ဆက်နွယ်နေတယ်လို့ ဖော်ပြထားပါတယ်။

    Global Witness ဟာ နှစ်နဲ့ချီ စုံစမ်းမှုတွေလုပ်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်တာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရင်ကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ ရောပြွမ်းနေတဲ့ ကျောက်မြတ်လုပ်ငန်းမှာ အကြမ်းဖက်မှု ပုံစံသစ်ဖြစ်ပေါ်လာပြီး ဒေါ်လာဘီလီယံချီတဲ့ ဒီလုပ်ငန်းကို လက်နက်ကိုင်တွေက ထိန်းချုပ်မယ့်အန္တရာယ် ရှိနေတယ်လို့ အစီရင်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက ကျောက်မြတ်ရတနာတွေ တင်သွင်းမှုကို ရပ်ဆိုင်းပြီး စစ်တပ်ရဲ့ ငွေရလမ်းကို ဖြတ်တောက်ဖို့၊ စစ်ကောင်စီကို ဖယ်ရှားကာ မြန်မာပြည်သူတွေ လက်ခံနိုင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး ကူညီဖို့ Global Witness က တိုက်တွန်းခဲ့ပါတယ်။

    တရုတ်ကအမြတ်ထုတ်

    မြန်မာနိုင်ငံကထွက်ရှိတဲ့ ကျောက်စိမ်းနဲ့ အခြားအဖိုးတန် ကျောက်မြတ်ရတနာတွေဟာ နိုင်ငံပြင်ပကို မှောင်ခိုလမ်းကြောင်းကနေထွက်ပြီး တရုတ်နိုင်ငံကို အများဆုံး သွားနေတာဖြစ်ပါတယ်။

    မူးယစ်ဆေးဝါးအပါအဝင် နယ်စပ်ဒေသက တရားမဝင်လုပ်ငန်းတွေထဲမှာ ကျောက်မြတ်လုပ်ငန်းလည်းပါဝင်ပြီး ဒါတွေဟာ အကြမ်းဖက်မှုတွေ၊ ဒေသမတည်မငြိမ်မှုတွေ ဖြစ်နိုင်တဲ့အတွက် တရုတ်နိုင်ငံက အလေးထားကိုင်တွယ်ဖို့ Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကြံပေး နီလ် ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။

    မကြာသေးခင်က ပြဌာန်းလိုက်တဲ့ ငွေကြေးခဝါချမှု ဥပဒေကို ကျောက်မြတ်မှောင်ခိုထုတ်သူတွေအပေါ်မှာပါ သက်ရောက်အောင် တရုတ်က ဆောင်ရွက်သင့်ပြီး၊ မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်ကို ပိုမို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    မြန်မာ့ကျောက်မြတ်လုပ်ငန်းမှာ တရုတ်ဟာ ကုမ္ပဏီတွေနဲ့ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာပါ။ ဥပဒေအရေ နိုင်ငံခြားသားတွေဟာ ကျောက်မြတ်ကုမ္ပဏီတွေကို တိုက်ရိုက် ပိုင်ဆိုင်လို့မရတာကြောင့် တရုတ်နိုင်ငံသားတွေဟာ မြန်မာမှတ်ပုံတင်အတုလုပ်တာ၊ မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေနဲ့ ပူးပေါင်းတာတွေက​နေတစ်ဆင့် ဝင်ရောက် လုပ်ကိုင်နေတယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ဧပြီလမှာ ကျောက်မြတ်ပြပွဲ ၁၀ ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ကန်ဒေါ်လာ ၂၂ သန်းဖို့ ရောင်းချခဲ့ရပါတယ်။ အရင်က ဒီလိုပြပွဲတွေမှာ ကန်ဒေါ်လာ သန်းရာချီဖိုး ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

    ကျောက်မြတ်လုပ်ငန်းကရတဲ့ဝင်ငွေတွေဟာ စစ်ခေါင်းဆောင်တွေထံ စီးဝင်နေတာကြောင့် ကုမ္ပဏီတွေအနေနဲ့ ဒီလုပ်ငန်းနဲ့ ဝေးဝေးနေကြဖို့ နီလ် ဒီယက်ဇ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: South China Morning Post

  • နိုင်ငံမြောက်ပိုင်း ပြည်တွင်းစစ်အတွက် အပစ်ရပ်ကြောင်း အီသီယိုးပီးယား ကြေငြာ

    နိုင်ငံမြောက်ပိုင်း ပြည်တွင်းစစ်အတွက် အပစ်ရပ်ကြောင်း အီသီယိုးပီးယား ကြေငြာ

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -နိုင်ငံမြောက်ပိုင်း တီဂရေးဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း အီသီယိုးပီးယားအစိုးရက ကြေငြာလိုက်ပါတယ်။

    လူမျိုးစုအခြေပြု ဖက်ဒရယ်စနစ်ကို ပြောင်းလဲလိုတဲ့ သမ္မတ အဘီအဟ်မဒ်ရဲ့ မူဝါဒကို မကြိုက်တာကြောင့် တီဂရေးဒေသ အာဏာရပါတီ TPLF က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဗဟိုအစိုးရ စစ်စခန်းတစ်ခုကို သိမ်းယူခဲ့ပြီးတဲ့နောက် ပြည်တွင်းစစ်ဖြစ်ပေါ်လာတာပါ။

    ဒီပြည်တွင်းစစ်အတွင်း လူထောင်ချီသေဆုံးခဲ့ကာ ၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နှစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

    စစ်ပွဲကြောင့် လူ ၅ သန်းလောက် စားနပ်ရိက္ခာ အပူတပြင်း လိုအပ်နေပြီး ၃ သိန်းခွဲလောက် အငတ်ဘေးဆိုက်မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    မနေ့က ဒေသမြို့တော် မီကီလီကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း TPLF က မနေ့မှာ ထုတ်ပြန်ပါတယ်။ ဗဟိုအစိုးရက ခန့်ထားတဲ့ ဒေသအစိုးရအဖွဲ့နဲ့ ဗဟိုအစိုးရတပ်တွေ မီကီလီကနေ ထွက်ခွာသွားပြီလို့လည်း သတင်းတွေ ထွက်နေပါတယ်။

    တနင်္လာနေ့က အစိုးရရဲ့ကြေငြာချက်မှာ ဇွန်လ ၂၈ ရက်နေ့ကနေ စိုက်ပျိုးရေးရာသီကုန်တဲ့ စက်တင်ဘာလအထိ အပစ်ရပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    Ref: Reuters

  • ဝီဂါအရေး တရုတ်ကို ထိထိရောက်ရောက် အရေးယူရန် AI တိုက်တွန်း

    ဝီဂါအရေး တရုတ်ကို ထိထိရောက်ရောက် အရေးယူရန် AI တိုက်တွန်း

    ဇွန် ၂၈၊ ၂၀၂၁
    M-Media

    -ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား လူမျိုးစုငယ်တွေကို တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းမှုအပေါ် နိုင်ငံတကာက စိုးရိမ်နေတာကနေ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International (AI) က တိုက်တွန်းလိုက်ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့တစ်ပတ် ကနေဒါက တင်သွင်းပြီး ၄၅ နိုင်ငံက ထောက်ခံတဲ့​ ကြေငြာချက် ရှင်ကျန်းပြည်နယ်က တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အလွန်အမင်းစိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

    AI က ဒီလို နိုင်ငံအများအပြားက စိုးရိမ်ကြောင်းပြောကြားတာဟာ နိုင်ငံတကာက စောင့်ကြည့်နေတယ်ဆိုတာ တရုတ်အာဏာပိုင်တွေကို သတင်းစကားပေးလိုက်တာဖြစ်ပြီး၊ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လမ်းဖွင့်ပေးတာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ထပ်မံတိုက်တွန်းခဲ့ပါတယ်။

    “လက်မှတ်ထိုးတဲ့နိုင်ငံတွေဟာ ကမ်းကုန်လာတဲ့ အခြေအနေတွေကို စာထုတ်တာထက်ပိုတဲ့ အမှန်တကယ်အရေးယူမှုတွေ လုပ်ရပါတော့မယ်” လို့ AI အဖွဲ့ရဲ့ အတွင်းရေးမှူး အဂ်နက်စ် ကာလာမာ့ဒ်က ပြောပါတယ်။

    ရှင်ကျန်းမှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုစု ၁ သန်းလောက်ကို အကျဉ်းစခန်းတွေမှာ ပိတ်လှောင်ထားပြီး လူမျိုးစု ရိုးရာဓလေ့ထုံးတမ်းတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ ပပျောက်အောင် တရုတ်အစိုးရက ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ မီဒီယာတွေ၊ အဖွဲ့အစည်းတွေက ဖော်ထုတ်ရေးသားကြပါတယ်။

    လူဦးရေ ကျဆင်းအောင်၊ လူမျိုးပျောက်အောင် တရုတ်အစိုးရက နည်းလမ်းပေါင်းစုံနဲ့ စနစ်တကျ လုပ်ဆောင်နေပြီး ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ အမေရိကန်နဲ့ ကမ္ဘာနိုင်ငံတစ်ချို့က စွပ်စွဲထားပါတယ်။

    တရုတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

    “လူသားထုအပေါ်ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြောက်ရွံ တွန့်ဆုတ်မနေဘဲ ထိထိရောက်ရောက် တုန့်ပြန်အရေးယူဖို့ တာဝန်ရှိပါတယ်။ တရုတ်နိုင်ငံဟာ အင်အားကြီးတယ်၊ သူတို့ကို ဝေဖန်သူတွေကို ခြောက်လှန့်နိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် နိုင်ငံတကာ တရားရေးစနစ်က အရေးမယူနိုင်ဘူးဆိုတာမျိုး မဖြစ်ရပါဘူး” လို့ ကာလာမာ့ဒ်က ဆိုပါတယ်။

    ကနေဒါက တင်သွင်းတဲ့ တရုတ်အရေး ကြေငြာချက်ကို မထောက်ခံတဲ့နိုင်ငံတွေ၊ တရုတ်ကို ကာကွယ်ပေးတဲ့နိုင်ငံတွေဟာ ဖိနှိပ်မှုကနေ လွတ်မြောက်လာသူတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အသေရေဖျက်ဖို့ တရုတ်အစိုးရက စီမံကိန်းချ ဆောင်ရွက်နေမှုကို အားပေးအားမြှောက်ပြုနေတာဖြစ်တယ်လို့လည်း ကာလာမာ့ဒ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AI