News @ M-Media

Blog

  • ကလေးငယ်များကို အစ္စလာမ့် သွန်သင်ချက်များကို စမ်းသပ် စစ်ဆေးသည့်ပြိုင်ပွဲ ရုရှားပြည်နယ် တစ်ခုတွင် ပြုလုပ်

    မေ ၂၈ ၊ ၂၀၁၄
    M-Media
    detskiy_konkurs_ryazan
    – ကလေးငယ်များနှင့်လူငယ်များအကြား အစ္စလာမ့်အခြေခံသင်ကြားမှုများကို စမ်းသပ်စစ်ဆေးသည့် “I study Isalm” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲတစ်ခုကို ရုရှားနိုင်ငံ Ryazan ပြည်နယ်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ပြည်နယ်မြို့တော် Ryazan တွင် ပြုလုပ်သည့် အဆိုပါပြိုင်ပွဲသို့ ဒေသတွင်း မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်  “Muhtasibat of Ryazan Region” အဖွဲ့မှ ဖွင့်လှစ်သော အစ္စလာမ့်ဓမ္မသင်တန်း (မက္ကသဗ်) ကျောင်းများတွင် တက်ရောက်နေကြသည့် အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်များ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ထိုပြိုင်ပွဲတွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်မှု၊ အခြေခံ အစ္စလာမ့်သင်ကြားချက်များ၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ)၏ ထေရုပ္ပတ္တိ စသည်တို့ကို ယှဉ်ပြိုင်ခြင်းတို့ ပါဝင်သည်။

    အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို စက်ဘီး၊ ဥာဏ်ရည်မြှင့်တင်ပေးသည့် ကားချပ်ကစားနည်းများနှင့် အခြား စိတ်ဝင်စားဖွယ်အရုပ်များကို ပေးအပ်သွားမည်ဖြစ်သည်။

    Ref: islam.ru

  • အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လိုလားစွာ ပါဝင် လက်မှတ်ရေးထိုးလျက်ရှိ

    အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လိုလားစွာ ပါဝင် လက်မှတ်ရေးထိုးလျက်ရှိ

    မေ ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC02322

    ရန်ကုန်  ။        ။      အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် တို့မှ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူများမှ လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ မေလ ၂၇ ရက်မှ စတင်ကာပြုလုပ်လျက်သည်။

    ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်း ရပ်ကွက်ရှိ NLD ပါတီမှ ဘဏ္ဍရေးမှူး ဦးသိန်းမြင့်က “ဒီနေ့နဲ့ မနေ့က လက်မှတ်ရေးထိုးတဲ့လူတွေ ၃၀၀ ကျော် လောက် ရှိသွားပြီ များသောအားဖြင့် ဒီရပ်ကွက်က လူအများစု လက်မှတ်ထိုးကြပါတယ်။ လမ်းသွားရင်နဲ့တွေ့တဲ့ လူတွေလည်း ၀င်လာပြီး လက်မှတ်ထိုးသွားကြတယ်” ဟု ၎င်းကဆိုသည်။

    ယင်းကဲ့သို့ တစ်နိုင်ငံလုံးလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ခြင်းကို မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်နေ့အထိ ၅၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မေလ ၂၈ ရက် နေ့က နေပြည်တော် ဥတ္တရ သီရိမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    လက်မှတ်ရေးထိုးသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူများ နှင့် စိတ်ပေါသွပ်သူ များမဟုတ်သူဖြစ်ရမည်ဖြစ်ပြီး လတ်မှတ်ရေးထိုးသူများသည် အမည် မှတ်ပုံတင် နေရပ် လိပ်စာတို့နှင့် တကွ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

    ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ဟောပြောပွဲများကို ပြုလုပ်လျက်ရှိသည်။

  • တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

    တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

    မေ ၂၈၊ ၂၀၁၄
    M-media
    လမင်း

    ရန်ကုန် ။       ။     ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်စာရင်းအား ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန် ကြေငြာ သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင်မြင့်အရာရှိ တစ်ဦးကပြောခဲ့သည်။

    “ဆရာမတို့ကျောင်းတွေကိုတော့ ထွက်မဲ့ရက် အတိအကျ မရောက်သေးပါဘူး။ ဇွန်လ ၇ ရက်နေ့ထွက်မယ်လို့တော့ ကြားနေပါတယ်။ အခုထိတော့ စာဝင်လာတာ မရှိသေးပါဘူး” ဟု အ.ထ.က (၄) ဗိုလ်တစ်ထောင်မှ တာဝန်ကျဆရာမ တစ်ဦးကဆိုသည်။

    ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ ၂၀၁၃ ဇွန်လ ၁၈ ရက်နေ့တွင် ထွက်ရှိခဲ့သည်။

    ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်း ငါးသိန်း ရှစ်သောင်းကျော်ရှိခဲ့ရာ လေးသောင်းကျော် ပျက်ကွက်ခဲ့ကြောင်း သိရပါသည်။

     

     

     

  • မက်ဆီက မိမိလို ကစားသမားမျိုးဖြစ်ရန် အိပ်မက် မက်နေသည်ဟု အဂူရိုဆို

    .မေ ၂၇ ၊ ၂၀၁၄
    M-Media
    411965_heroa
    – မိမိမှာ မက်ဆီကဲ့သို့ဖြစ်ရန် အိပ်မက် မက်မနေဘဲ မက်ဆီကသာ မိမိကဲ့သို့ဖြစ်ရန် အိပ်မက် မက်နေခြင်းဖြစ်သည်ဟု မန်စီးတီးအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး အဂူရိုက အရွှန်းဖောက် ပြောကြားခဲ့သည်။

    Puma ၏ ဘောလုံးကန်ဖိနပ်အသစ် ပြပွဲတွင် အဂူရိုအား ကမ္ဘာ့အကောင်းဆုံးဆု လေးကြိမ်ရ မက်ဆီကဲ့သို့ အဆင့်မျိုး ရောက်ရန်မျှော်မှန်းထားသလားဟု မေးမြန်းခဲ့ရာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ချင်သည်ဟုလည်း ဖွင့်ဟခဲ့သည်။ အဂူရိုမှာ မန်စီးတီအသင်း၏ အဓိက တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရသော်လည်း ကစားနိုင်သည့် ပွဲများတွင် အသင်းအတွက် အရေးပါသောဂိုးများကို သွင်းယူပေးခဲ့သူဖြစ်သည်။

    အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍လည်း အဂူရိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြဲတမ်းခက်ခဲသော်လည်း မိမိတို့ ဗိုလ်စွဲနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းမှာ နိုက်ဂျီးရီးယား၊ အီရန်၊ ဘော့စနီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

  • မျိုးစောင့်ဥပဒေမှ ဘာသာပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းဖြင့် လူထု တုံ့ပြန်မှု အစိုးရ သွေးတိုးစမ်း

    မေ ၂၈ ၊ ၂၀၁၄
    M-Media
    timthumb.php
    – မည်သူမဆို အခြားသာသာသို့ ကူးပြောင်းပါက ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရမည်ဆိုသော အမျိုးသားရေး ၀ါဒီသံဃာများက တင်ပြသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍  လူထုထောက်ခံမှု မည်မျှရှိသည်ကို အကဲဖြတ်ရန် ကြိုးစားနေပြီဖြစ်သည်။

    ထိုဥပေဒ အတည်ဖြစ်သွားပါက ဘာသာပြောင်းရန် စည်းရုံးသိမ်းသွင်းကြောင်း အပြစ်ရှိသည်ဟု တွေ့ရှိရသူမှာ ထောင်ဒဏ် ၁ နှစ်အထိ ကျခံရတော့မည်ဖြစ်သည်။

    လူဦးရေ သန်း ၆၀ ရှိပြီး ဗုဒ္ဓဘာသာဝင်ဦးရေ အများဆုံးရှိသည့် မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ဝက်ကြာ စစ်တပ်အုပ်ချုပ်ခဲ့ရာမှ လွန်ခဲ့သည့် ၃ နှစ်က ဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သည်။ ထိုအချိန်ကတည်းက နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့၏။

    လူပေါင်း ၂၈၀ အထိ သေဆုံးခဲ့ပြီး ၁ သိန်း ၄ သောင်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ အများစုမှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကို ခံကြရသော မွတ်စလင်များဖြစ်လေသည်။

    မေလ ၂၇ ရက် အင်္ဂါနေ့က နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြခဲ့သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် မည်သည့်ဘာသာတရားကိုမှ သီးသန့် ဖော်ပြထားခြင်မျိုးမရှိ။

    သို့သော်လည်း ဘာသာရေးတင်းမာမှုများဖြစ်အောင် လှုံ့ဆော်သည်ဟု  စွပ်စွဲခံရသည့် အမျိုးသားရေးဝါဒီ သံဃာတော်များဦးဆောင်သော အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခြင်းဖြစ်သောကြောင့် ထိုဥပဒေ မူကြမ်းမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား မွတ်စလင်များက အိမ်ထောင်ပြုခြင်း သို့မဟုတ် အခြားသော နည်းလမ်းဖြင့် ဘာသာအား စွန့်လွှတ်စေခြင်းကို တားမြစ်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြလေသည်။

    ထိုဥပဒေမူကြမ်းအရ မည်သူမဆို ဘာသာပြောင်းလဲလိုပါက ဘာသာကူးပြောင်းခြင်းဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။ ထိုအဖွဲ့အား ဘာသာရေးခေါင်းဆောင်များ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ဒေသအာဏာပိုင်များ၊ အမျိုးသမီးရေးရာဥက္ကဌနှင့် ဒေသ ပညာရေးအရာရှိများဖြင့် ဖွဲ့စည်းထားမည်ဖြစ်သည်။

    ထိုအဖွဲ့မှ ခွင့်ပြုချက်မရဘဲ ဘာသာပြောင်းသူအတွက် မည်ကဲ့သို့ အရေးယူမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

    လူသိများသည့် စာရေးဆရာမဖြစ်ပြီး ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသည့် မသီတာကတော့ အဆိုပါဥပဒေမူကြမ်းအား ကန့်ကွက်သည်ဟု ဆိုသည်။

    “ဘာသာပြောင်းဖို့အတွက် အာဏာပိုင်တွေကနေ ခွင့်ပြုချက်ယူရမယ်ဆိုတာ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ်တာပါပဲ။ အရွယ်ရောက်ပြီးတဲ့ ဘယ်သူမဆို အုပ်ချုပ်သူတွေရဲ့ ကြားဝင်မှုမပါဘဲနဲ့ သူကြိုက်တဲ့ ဘာသာတရားကို ပြောင်းခွင့်ရှိပါတယ်” ဟု သူမက ဖွင့်ဟခဲ့သည်။

    သံဃာများနှင့် အရပ်သားများ ပါဝင်ဖွဲ့စည်းထားသည့် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းကတော့ အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ထောက်ခံသူ ၁.၃ သန်း၏ လက်မှတ်များကို ယမန်နှစ်က ကောက်ခံခဲ့သည်။

    ထိုကိစ္စမှာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့် ကိစ္စဖြစ်သည်ဟု အစိုးရကရှုမြင်ပြီး ပြည်သူလူထု၏ ထောက်ခံမှု အတိုင်းအတာကို ကြည့်ရှုရန် ကြိုးစားနေလေပြီ။

    Ref: AP

    ဓါတ်ပုံအညွှန်း- မျိုးစောင့်ဥပေဒ ပြဌာန်းပေးရန် အစိုးရအဖွဲ့ကို တွန်းအားပေး တောင်းဆိုခဲ့သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်တွင် ဖွဲ့စည်းခဲ့သည့် အခမ်းအနား မြင်ကွင်း  (Photo: Teza Hlaing / The Irrawaddy)