News @ M-Media

Blog

  • ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ

    ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ

    မေ ၃၁၊ ၂၀၁၄
    M-Media

    31A

    – ၁၉၉၄ ခုနှစ်က ရ၀မ်ဒါတွင်ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဖွဲ့ FDLR မှ လက်နက်ကိုင် ၁၀၅ ဦးမှာ ကွန်ဂိုနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က လက်နက်ချခဲ့ကြသည်ဟု သိရသည်။

    ထိုလက်နက်ချမှုကို ကွန်ဂိုရှိ ကုလသမဂ္ဂ မစ်ရှင် MONUSCO က ကြိုဆိုခဲ့သော်လည်း  သူပုန်များအနေဖြင့် ပြင်းပြသောဆန္ဒရှိမရှိ စောင့်ကြည့်ရန် အချိန်ယူရမည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ကောင်းတဲ့ စတင်မှုပါ။ ဒါပေမယ့် အများကြီးထပ်လုပ်ရပါဦးမယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ အားပေးပြီး ကျွန်တော်တို့ရဲ့ တပ်တွေကိုလည်း စုစည်းထားပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ ယုံကြည်ရပြီး သေချာလားဆိုတာကိုတော့ လာမယ့်အချိန်တွေ စကားပြောသွားပါလိမ့်မယ်” ဟု MONUSCO မှ ဗိုလ်ချုပ် အဘ်ဒါလ်လာ ၀ါဖီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါ ရ၀မ်ဒါလွတ်မြောက်ရေးတပ်မှာ အနည်းဆုံး တွတ်ဆီလူမျိုး ၈ သိန်းကျော်အား သတ်ဖြတ်ခဲ့သည့် ပြည်သူစစ်တပ်ဖွဲ့တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်ဟု ကွန်ဂိုအခြေစိုက် MONUSCO က ဆိုသည်။

    FDLR အဖွဲ့မှာ တပ်ဖွဲ့ဝင် ၁၅၀၀ ရှိမည်ဟု ကုလကခန့်မှန်းပြီး ကွန်ဂိုအစိုးရကမူ တပ်ဖွဲ့ဝင် ၄၀၀၀ ရှိသည်ဟု ခန့်မှန်းသည်။ ၎င်းတို့မှာ ကွန်ဂိုနိုင်ငံ မြောက်ပိုင်း ကီဗူပြည်နယ်တွင် ပြန့်ကျဲလျက်ရှိပြီး အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲပြစ်တင်ခြင်း ခံထားရသည်။

    Ref : Aljazeera

  • တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု တစ်ဦးကို တစ်သက်တစ်ကျွန်း အလုပ်ကြမ်း ပြစ်ဒဏ် မြောက်ကိုရီးယားချမှတ်

    တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု တစ်ဦးကို တစ်သက်တစ်ကျွန်း အလုပ်ကြမ်း ပြစ်ဒဏ် မြောက်ကိုရီးယားချမှတ်

    မေ ၃၁၊ ၂၀၁၄
    M-Media

    31

    – တောင်ကိုရီးယားမှ ခရစ်ယာန် သာသနာပြုတစ်ဦးအား အဖျက်အမှောက်လုပ်ငန်း၊ သူလျှိုလုပ်ငန်းနှင့် လှုံ့ဆော်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တစ်သက်တစ်ကျွန်း အလုပ်ကြမ်းပြစ်ဒဏ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ယနေ့နံနက်တွင် ဖော်ပြခဲ့သည်။

    အသက် ၅၀ အရွယ်ရှိ ကင်ဂျုံအက် ဆိုသူဖြစ်ပြီး မြောက်ကိုရီးယား၏ ဘာသာာရေးဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခြင်း၊ မြေအောက် ခရစ်ယာန် အသင်းတော်များ ထူထောင်ခြင်းနှင့် မြောက်ကိုရီးယားနိုင်ငံအား သူလျှိုလုပ်ခြင်းတို့ အပါအ၀င် ရာဇ၀တ်မှုများအတွက် အပြစ်ရှိသည်ဟုဆိုကာ ကင်၏ နောင်တရသော အပြုအမူကြောင့် သေဒဏ်ချမှတ်ခြင်းမပြုခဲ့ဟု KCNA က ဖော်ပြခဲ့သည်။

    ကင်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ကင်က ၎င်းမှာ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ အတွက် သူလျှိုလုပ်ပေးနေကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကမူ ထိုသတင်းအား ငြင်းဆိုခဲ့သည်။

    ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးရမိခဲ့သည့် ကိုရီးယား-အမေရိကန် ခရစ်ယာန်သာသနာပြု တစ်ဦးကိုလည်း နိုင်ငံတော်ကိုဆန့်ကျင်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်ဟုဆိုကာ မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

    Ref : Xinhua

  • အမေရိကန်မောင်းသူမဲ့ လေယာဉ်နှစ်စင်း ဂျပန်ရှိ စစ်အခြေစိုက် စခန်းသို့ ရောက်ရှိ

    မေ ၃၁ ၊ ၂၀၁၄
    M-Media

    20145308231551734_20

    – ဂျပန်နိုင်ငံမြောက်ပိုင်း စစ်အခြေစိုက်စခန်းတွင် ခရီးရှည်ဖြန့်ကျက်နိုင်သည့် အဆင့်မြင့် ဒရုန်းလေယာဉ်နှစ်စင်းကို အမေရိကန်လေတပ်မှ ပြီးခဲ့သည့် တစ်ပတ်က ချထားခဲ့သည်ဟု သိရသည်။

    လက်နက်တပ်ဆင်ထားခြင်းမရှိသည့် အဆိုပါ Global Hawk ဒရုန်းလေယာဉ်မှာ ဂူအမ်ရှိ ပစိဖိတ်ကျွန်းသို့ ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားရှိ နျူကလီးယား ဆောင်ရွက်မှုများ၊ တရုတ်ရေတပ်၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်ရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ချထားခြင်းဖြစ်သည်ဟု ဆိုသည်။

    ဂျပန်နိုင်ငံမှာ အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး ယခုကဲ့သို့ ဒရုန်းလေယာဉ်များ ချထားခြင်းက ပစိဖိတ်ဒေသ စစ်အင်အားကို ချိန်ညှိရေး အမေရိကန်၏ ကတိက၀တ်ကို ဖြည့်ဆည်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

    ထိုကိစ္စက မောင်းသူမဲ့ လေယာဉ်အုပ်စုများ တိုးတက်လာရန် ဆောင်ရွက်နေသည့် တရုတ်နှင့် မြောက်ကိုရီးယားတို့အတွက် အနှောက်အယှက်ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

    Ref: aljazeera

  • အေစီမီလန်က အလိုရှိလျှင် နည်းပြအဖြစ် ဆောင်ရွက်ရန် အဆင်သင့်ဟု အင်ဇာဂီဆို

    မေ ၃၁ ၊ ၂၀၁၄
    M-Media

    363691_heroa

    – အေစီမီလန်အသင်းက မိမိအား နည်းပြအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ပါက အဆင်သင့်ဖြစ်နေပြီဟု အေစီမီလန်ကစားသမားဟောင်း ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    အေစီမီလန်အသင်းမှာ လက်ရှိနည်းပြဆီးဒေါ့ဖ်အား အသင်းမှဖယ်ရှားရန် ရှိနေပြီး အင်ဇာဂီအား ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေကာ အီတလီအားကစား စာစောင်များကလည်း ထိုသတင်းအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသည်။

    “ဖတ်ရတာတွေအတွက် သိပ်ကိုစိတ်လှုပ်ရှားရပါတယ်။ ဒါတွေကို ဖတ်ရတဲ့အတွက် ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမလဲ။ မီလန်ဟာ ကျွန်တော့်ရဲ့ ဘ၀၊ ကျွန်တော့်ရဲ့ ဇာတ်ကြောင်းပါပဲ” ဟု Milan Channel သို့ အင်ဇာဂီက ပြောကြားခဲ့သည်။

    လက်ရှိနည်းပြ ဆီးဒေါ့ဖ်မှာ ဇန်န၀ါရီလက အလ်လီဂရီနေရာသို့ အစားထိုးဝင်ရောက်လာခဲ့ပြီး အသင်းအား ဥရောပ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အင်ဇာဂီမှာ ယခုလက်ရှိတွင် အေစီမီလန်လူငယ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

  • လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေမည့် ပြကွက်များ မြန်မာလူငယ် ရုပ်ရှင်ပွဲတော်တွင် ယှဉ်ပြိုင် ခွင့်မပြု

    မေ ၃၀၊ ၂၀၁၄
    M-Media
    လမင်း

    DSC02355

    ရန်ကုန် ။      ။ မြန်မာနိုင်ငံတွင် လူငယ်တို့ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသော ခံစားချက် အခက်အခဲများအား ဖော်ပြနိုင်ရန် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဦးစီးကာ မြန်မာလူငယ်ရုပ်ရှင်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့ လူငယ်တွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရန်နှင့် မြန်မာလူငယ်တွေရဲ့ စွမ်းရည်တိုးတက် မြင့်မားလာစေရန် အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့တက်ကြွစွာပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်က ပြောသည်။

    သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာ လူငယ်များနေ့တွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ် မြန်မာ့လူငယ် ရုပ်ရှင်ပွဲတော်တွင် အမျိုးသား၊ အမျိုးသမီး မည်သူမဆို အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီးလက်ရှိကြုံတွေ့နေရသော အခက်အခဲများအား မီးမောင်းထိုးပြသနိုင်သော ဇာတ်ကားများအား ယှဉ်ပြိုင်နိုင်ပြီး၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွားစေသော ပြကွက်များနှင့် ရုပ်ရှင်ပွဲတော် စည်းမျဉ်းနှင့် မကိုက်ညီသော ဇာတ်ကားမျိုး ပြသခြင်းများအား ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

    ယှဉ်ပြိုင်သည့် ရုပ်ရှင်များအား ရုပ်ရှင်ပွဲတော်အဖြစ် သြဂုတ်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် Juncation Cinplex ကျွန်းတော်လမ်း ရန်ကုန်မြို့တွင် ပြည်သူများအား အခမဲ့ပြသသွားမည်ဖြစ်ပါသည်။ ထိုရုပ်ရှင်ပွဲတော်တွင် ပြသပြီး အကဲဖြတ်ဒိုင်များအဖြစ် ဒါရိုက်တာ မောင်သူရ (ခ) ဦးဇာဂနာ၊ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဦးကျော်မင်းယု (ခ) ကိုဂျင်မီ၊ ဦးဇော်သက်ထွေး တို့မှဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်းဆုံးဆု ၃ ဆုနှင့် ပရိတ်သတ် အကြိုက်ဆုံး ၁ ဆု စုစုပေါင်း ၄ ဆု အား နိုင်ငံတကာလူငယ်များနေ့တွင်  ဆုချီးမြှင့်သွားမည်ဖြစ်သည်။

    လူငယ်တွေရဲ့အားတွေကိုပေါ်လွင်စေမဲ့ကားတွေကို ၀င်ရောက်ယှဉ်ပြိုင်စေချင်ပြီး မြန်မာလူငယ်တွေအနေနဲ့ မြန်မာလူငယ်များမညံ့ကြောင်း ကမ္ဘာကိုပြသရန် အချိန်ဖြစ်နေပြီဖြစ်ကြောင်း  ဒါရိုက်တာ မောင်သူရ (ခ) ဦးဇာဂနာ ကဆိုသည်။

    အဆိုပါပြိုင်ပွဲတွင် ဆုရရှိမည့်ဇာတ်ကားများအား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် သွားရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ ယှဉ်ပြိုင်လိုသည့် ပြိုင်ပွဲဝင်များသည် ၂၀၁၄ ဇူလိုင်လ ၂၁ ရက်နေ့တွင် နောက်ဆုံးထား၍ ဗိုလ်အောင်ကျော်လမ်း House of Media & Entertainment နှင့် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး (ဗဟို ရုံးချုပ်) တို့တွင် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။