News @ M-Media

Blog

  • ယေရှု ဟီဘရူး စကားပြောကြောင်း အစ္စရေးဝန်ကြီးချုပ် အမှားကို ပုပ်ရဟန်းမင်းကြီး ပြင်ဆင်ပေးခဲ့

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    Jesus Did Not Speak Hebrew
    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တနင်္လာနေ့ကတွေ့ခဲ့ရာမှာ ယေရှုနဲ့ပတ်သက်ပြီး နေတန်ရာဟုရဲ့ မှားယွင်းမှုတစ်ခုကို ပုပ်ရဟန်းမင်းကြီးက ပြင်ဆင်ပေးခဲ့ပါတယ်။

    ခရစ်ယာန်နဲ့ ဂျူးဝါဒတို့အကြား နက်ရှိုင်းနဲ့ ဆက်သွယ်မှုကို ပုပ်ရဟန်းမင်းကြီးနဲ့ ဆွေးနွေးခဲ့ရာမှာ နေတန်ရာဟုက “ယေရှုဟာ ဒီမှာမွေးပြီး ဟီဘရူးစကားပြောပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးကို ပြောခဲ့ပါတယ်။ ဘာသာပြန်ပေးသူကနေ ပြန်ကြားရတဲ့ ပုပ်ရဟန်းမင်းက ချက်ချင်းဆိုသလိုပဲ “အာရမိုက်” စကားဖြစ်တယ်လို့ ပြင်ဆင်ပေးခဲ့ပါတယ်။

    ရုတ်တရတ် ကြားဖြတ်ပြောလိုက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဟန်ပန်ကြောင့် နေတန်ယာဟု အပါအ၀င် အနားမှာ ရှိတဲ့သူတွေအားလုံး ရယ်ခဲ့ကြပြီး နေတန်ယာဟုကလည်း “ယေရှုဟာ အာရမိုက်စကားကိုပြောတယ်။ ဒါပေမယ့် ဟီဘရူးဘာသာစကားကိုလည်း နားလည်တယ်” လို့ သူရဲ့အမှားကို ပြင်လည်ပြင်ဆင်ခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ အရှေ့အလယ်ပိုင်းခရီးစဉ်အဖြစ် ဂျော်ဒန်၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို သွားရောက်လည်ပတ်ခဲ့ပြီး ဒေသတွင်းငြိမ်းရေးရဖို့အတွက်ဆုတောင်းခဲ့ကာ ဘာသာသုံးခုက ခေါင်းဆောင်တွေကိုလည်း ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Time

  • အိန္ဒိယ သမုဒ္ဒရာအတွင်း ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေမှု အောင်မြင်မှု မရဘဲ အဆုံးသတ်

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    under-water-search
    – မတ်လ အစောပိုင်းက ပျောက်ဆုံးသွားခဲ့သည့် မေလေးရှားလေယာဉ် ပျက်ကျခဲ့သည်ဟု ယူဆရသည့် အိန္ဒိယသမုဒ္ဒရာမှနေရာတစ်ခုတွင် ရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိဟု သြစတေးလျ သယ်ယူပို့ဆောင်မှု အန္တရာယ်ကင်းရှင်းရေးဗျူရိုက ယနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    လေယာဉ် Black Box မှ ထွက်လာသော အချက်ပေးချက်အား ဧပြီလ အစောပိုင်းက တွေ့ရှိခဲ့ရသောကြောင့် ရှာဖွေရေးအဖွဲ့များက ထိုအချက်ပေးချက် ထွက်လာခဲ့သည့်နေရာအား မှတ်သားကာ ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သည့် အစနအနမှ တွေ့ရှိခဲ့ရခြင်းမရှိပေ။

    အမေရိကန် ရေတပ်တာဝန်ရှိသူ မိုက်ကယ်ဒီန်းမူ ထိုအချက်ပေးချက်မှာ လေယာဉ်မှလာခြင်းမဟုတ်ဘဲ သင်္ဘော သို့မဟုတ် အခြားသောအရာများမှလာခြင်းဖြစ်မည်ဟု CNN သတင်းဌာသို့ ယနေ့တွင် ပြောကြားခဲ့သည်။

    သြစတေးလျဘေးအန္တရာယ်ကင်းရှင်းရေး ဗျူရိုကမူ မိမိတို့အနေဖြင့် ရရှိသမျှအချက်အလက်များကို အသုံးပြုကာ သမုဒ္ဒရာကြမ်းပြင်အောက် အကျယ်အ၀န်း ၆၀၀၀၀ စကွဲယား ကီလိုမီတာအထိ ဆက်လက်ရှာဖွေသွားမည်ဟု ပြောကြားခဲ့သည်။

    Ref:  Agencies

  • Facebook အကောင့်အတုဖြင့် အမေရိကန် တာဝန်ရှိသူချို့ကို အီရန် ဟက်ကာများ ထောက်လှမ်းခဲ့

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    201452953040453734_20
    – အမေရိကန်နှင့် အနောက်နိုင်ငံများမှ အာဏာပိုင်များကို မိတ်ဆွေဖွဲ့၍ လျှိ့ဝှက် စုံစမ်းထောက်လှမ်းရန် အတွက် အီရန်ဟက်ကာများက Facebook အကောင့် အတုများကို ပြုလုပ်ခဲ့သည်ဟု အင်တာနက် လုံခြုံရေး ကုမ္ပဏီ  ISight Partners က ပြောကြားလိုက်သည်။

    အဆိုပါ ဟက်ကာများမှာ ဟန်ဆောင်ထားသော Profile ဖော်ပြချက်များဖြင့် လူကြိုက်များအောင် ဖန်တီးကာ မိတ်ဆွေများဖွဲ့ခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၊ သံအမတ်များ၊ ၀ါဒဖြန့်သူများ ယူကေနှင့် ဆော်ဒီအာရေဗျနိုင်ငံ အပါအ၀င် အခြားသောနိုင်ငံများမှ အာဏာပိုင် များလည်း ပါဝင်သည်ဟု ယုံကြည်ရကြောင်း အဆိုပါ ကုမ္ပဏီ၏အဆိုအရ သိရသည်။

    သို့သော်လည်း မည်သူမည်ဝါမှာ ထောက်လှမ်းခံခဲ့ရပြီး မည်သည့်အချက်အလက်များ ခိုးယူခံခဲ့ရသည်ကို ပြောဆိုရန် ISight Partners က ငြင်းဆိုခဲ့သည်။

    “တကယ်လို့ ဒီလိုလုပ်တာ တော်တော်ကြာနေပြီဆိုရင်တော့ သူတို့အောင်မြင်ခဲ့တာ ထင်ရှားနေပါပြီ” ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် တစ်ဖနီဂျုံးက ပြောကြားခဲ့သည်။

    အီရန်ဟက်ကာများမှာ newsonair.org ၀ဘ်ဆိုဒ် ၊ ကာကွယ်ရေး ကန်ထရိုက်တာနှင့် အခြားသော အဖွဲ့စည်းများတွင် အလုပ်လုပ်သည်ဟု ဖော်ပြထားသည့် အကောင့်အတုများဖြင့် အနည်းဆုံး ၂၀၁၁ ခုနှစ်ကတည်းက အဆိုပါ ထောက်လှမ်းရေးလုပ်ငန်းကို လုပ်ကိုင်နေသည်ဟု ယုံကြည်ရသည်။

    ၎င်းတို့မှာ လူပေါင်း ၂၀၀၀ ကျော်နှင့် အဆက်အသွယ်ရှိကာ ရာပေါင်းများစွာအား ပစ်မှတ်ထား၍ ဖြည်းဖြည်းမှန်မှန်ပုံစံဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း အီရန်အစိုးရနှင့် ဆက်သွယ်မှုရှိမရှိကိုမှု မသိရဘဲ ထိုအလုပ်များမှာ ရှုပ်ထွေးသောကြောင့် အစိုးရ၏ ထောက်ပံ့မှုရှိမည်ဟု ယုံကြည်ကြောင်း ISight Partners က ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Agencies

  • မန်ယူပိုင်ရှင် ဂလေဇာ ကွယ်လွန်

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    413033_heroa
    – မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် အမေရိကန် စီပွားရေးလုပ်ငန်းရှင် မဲလ်ကွန် ဂလေဇာမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    ဂလေဇာမှာ အမေရိကန်ဘောလုံးအသင်း Tampa Bay Buccaneers ကိုလည်း ပိုင်ဆိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၅နှစ်ရှိပြီဖြစ်သည်။ Buccaneers ၀ဘ်ဆိုက်ကလည်း ဂလေဇာသေဆုံးကြောင်း အတည်ပြုခဲ့သည်။

    ၂၀၀၅ ခုနှစ်တွင် မန်ယူအသင်းအား ဂလေဇာက ၀ယ်ယူခဲ့ပြီး သူ၏ ကွပ်ကဲမှုအောက်တွင် မန်ယူမှာ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ ချစ်ပီယံလိဂ်ဖလားတစ်ကြိမ်နှင့် ကမ္ဘာ့ကလပ် ချန်ပီယံတစ်ကြိမ် ဖြစ်ခဲ့သည်။

    မန်ယူအသင်းကလည်း ဂလေဇာသေဆုံးခဲ့ရသည့်အတွက် ၀မ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “မဲလ်ကွန်ဂလေဇာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကြားရပြီးတဲ့နောက် ဒီညမှာတော့ လူတိုင်းရဲ့ အတွေးဟာ ဂလေဇာမိသားစုနဲ့ ရှိနေမှာပါ။ ဂလေဇာရဲ့ မိသားစုဝင်တွေအားလုံးကို မန်ယူအသင်း ၀န်ထမ်းတွေက ၀မ်းနည်းကြောင်း ပြောကြားလိုပါတယ်”

  • မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး စာနယ်ဇင်း ရှင်းလင်းပွဲ၌ ကိုရဲထွဋ်ခေါင်နှင့် မြစ်ဆုံ လမ်းလျှောက်သူများ အချင်းများ

    မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး စာနယ်ဇင်း ရှင်းလင်းပွဲ၌ ကိုရဲထွဋ်ခေါင်နှင့် မြစ်ဆုံ လမ်းလျှောက်သူများ အချင်းများ

    မေ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    ကိုရဲထွဋ်ခေါင် ရှင်းလင်းပြောကြားစဉ်
    ကိုရဲထွဋ်ခေါင် ရှင်းလင်းပြောကြားစဉ်

    ရန်ကုန် ။     ။      ယနေ့ပြုလုပ်သော ဧရာဝတီမြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး စာနယ်ဇင်း ရှင်းလင်းပွဲတွင် ကိုရဲထွဋ်ခေါင် နှင့် မြစ်ဆုံ လမ်းလျှောက်သူမျာုးုရန်ကုန်မြို့မှ မြစ်ကြီးနား မြစ်ဆုံအထိ တိုင်အောင် လမ်းလျှောက်နေစဉ်အတောအတွင်း လမ်းလျှောက်ကြသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အချင်းများခဲ့ကြသည်။

    မြစ်ဆုံစီမံကိန်းအပြီးသပ် ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့မှ မြစ်ကြီးနားမြစ်ဆုံ ထိအောင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့မှ စတင် ထွက်ခွာခဲ့ကြပြီး ဧပြီလ ၁၂ ရက်နေ့တွင် ပုဂံ၌ သဘောထား စတင် ကွဲလွဲခဲ့ကြသောကြောင့် အရှေ့ခြမ်းနှင့် အနောက်ခြမ်း ဟူပြီး ခွဲ၍လမ်းလျှောက်ခဲ့ကြသည်။

    “ကျွန်တော်တို့က စထွက်ကတည်းက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ဆိုတဲ့ စိတ်နဲ့လျှောက်ကြတာပါ။ စည်းကမ်း မလိုက်နာတဲ့လူတွေကိုတော့ ဆက်လျှောက် ခွင့်မပေးပါဘူး။ နှစ်ဖွဲ့ခွဲလိုက်တဲ့ အချိန်မှာလည်း ကိုသီဟကို ၇ သိန်းပေးလိုက်ပါတယ်” ဟု မြစ်ဆုံအဖွဲ့ကို ဦးဆောင်လမ်းလျှောက်သူ ကိုရဲထွဋ်ခေါင်ကဆိုသည်။

    စတင် လမ်းလျှောက်ခဲ့စဉ်က နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် အနေနှင့် လမ်းလျှောက်ခဲ့ကြသော်လည်း လမ်းလျှောက်နေစဉ် ထိုအဖွဲ့နှင့် သဘောထား ကွဲလွဲမှုများရှိလာသောကြောင့် ၎င်းအဖွဲ့မှခွဲထွက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံး ဟူသည့်အဖွဲ့ကိုတည်ထောင်ခဲ့ပြီး ဆက်လက် လမ်းလျှောက်ခဲ့ကြကြောင်း ၎င်းအဖွဲ့အသစ် တည်ထောင်ခဲ့သော အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ကိုရဲထွဋ်ခေါင်က ဆက်လက်ပြောကြားခဲ့သည်။

    “စထွက်တုန်းက အဖွဲ့ကတစ်မျိုး လမ်းရောက်တော့တစ်မျိုး အဲလို အဖွဲ့အစည်းတစ်ခုကို လမ်မှာ လွယ်လွယ်နဲ့ တည်ထောင်လို့ရတယ်လား လို့မေးချင်ပါတယ်။ ကိုရဲထွဋ်ခေါင်က သူ့ကိုယ်သူနိုင်/ကျဉ်းလို့ ပြောပါတယ်။ သူဟာ နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့တာ မဟုတ်ပါဘူး။ ချဲလောင်းကစားမှု နဲ့ထောင်ကျခဲ့တာပါ။ အခုဒီပွဲကိုလည်း ကျွန်တော်တို့ကို ထောက်ပံ့ကြေးငွေ ၅ သောင်းပေးမယ်ဆိုပြီး လိမ်ခေါ်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ပန်းချီမောင်စိန်က ပြောသည်။

    ကိုသီဟ ခေါင်းဆောင်မှုနောက်တွင် လိုက်ပါခဲ့သူ တစ်ဦးဖြစ်သူ ကိုမိုးသူကလည်း လမ်းလျှောက်ရာတွင် ကိုရဲထွဋ်ခေါင်မှာ ပါလာတဲ့သူတွေနဲ့တိုင်ပင်မှု မရှိပဲ ၎င်းစိတ်ကြိုက်နေရေးထိုင်ရေး သွားရေးလာရေးတို့ကိုပြုလုပ်ခဲ့ပြီး ၊ ၎င်းစိတ်ကြိုက် ပါလာသည့်သူများကိုလည်း လမ်းလျှောက်အဖွဲ့မှ ထုတ်ခဲ့ကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိသည့် လုပ်ရပ်များကြောင့် မကျေနပ်သည့်သူ များပြားလာကာ ယခုကဲ့သို့ အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့ပါသည်။