မေ ၃၀၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ မြန်မာနိုင်ငံတွင် လူငယ်တို့ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသော ခံစားချက် အခက်အခဲများအား ဖော်ပြနိုင်ရန် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဦးစီးကာ မြန်မာလူငယ်ရုပ်ရှင်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လူငယ်တွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရန်နှင့် မြန်မာလူငယ်တွေရဲ့ စွမ်းရည်တိုးတက် မြင့်မားလာစေရန် အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့တက်ကြွစွာပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်က ပြောသည်။
သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာ လူငယ်များနေ့တွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ် မြန်မာ့လူငယ် ရုပ်ရှင်ပွဲတော်တွင် အမျိုးသား၊ အမျိုးသမီး မည်သူမဆို အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီးလက်ရှိကြုံတွေ့နေရသော အခက်အခဲများအား မီးမောင်းထိုးပြသနိုင်သော ဇာတ်ကားများအား ယှဉ်ပြိုင်နိုင်ပြီး၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွားစေသော ပြကွက်များနှင့် ရုပ်ရှင်ပွဲတော် စည်းမျဉ်းနှင့် မကိုက်ညီသော ဇာတ်ကားမျိုး ပြသခြင်းများအား ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ယှဉ်ပြိုင်သည့် ရုပ်ရှင်များအား ရုပ်ရှင်ပွဲတော်အဖြစ် သြဂုတ်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် Juncation Cinplex ကျွန်းတော်လမ်း ရန်ကုန်မြို့တွင် ပြည်သူများအား အခမဲ့ပြသသွားမည်ဖြစ်ပါသည်။ ထိုရုပ်ရှင်ပွဲတော်တွင် ပြသပြီး အကဲဖြတ်ဒိုင်များအဖြစ် ဒါရိုက်တာ မောင်သူရ (ခ) ဦးဇာဂနာ၊ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဦးကျော်မင်းယု (ခ) ကိုဂျင်မီ၊ ဦးဇော်သက်ထွေး တို့မှဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်းဆုံးဆု ၃ ဆုနှင့် ပရိတ်သတ် အကြိုက်ဆုံး ၁ ဆု စုစုပေါင်း ၄ ဆု အား နိုင်ငံတကာလူငယ်များနေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။
လူငယ်တွေရဲ့အားတွေကိုပေါ်လွင်စေမဲ့ကားတွေကို ၀င်ရောက်ယှဉ်ပြိုင်စေချင်ပြီး မြန်မာလူငယ်တွေအနေနဲ့ မြန်မာလူငယ်များမညံ့ကြောင်း ကမ္ဘာကိုပြသရန် အချိန်ဖြစ်နေပြီဖြစ်ကြောင်း ဒါရိုက်တာ မောင်သူရ (ခ) ဦးဇာဂနာ ကဆိုသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိမည့်ဇာတ်ကားများအား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် သွားရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ ယှဉ်ပြိုင်လိုသည့် ပြိုင်ပွဲဝင်များသည် ၂၀၁၄ ဇူလိုင်လ ၂၁ ရက်နေ့တွင် နောက်ဆုံးထား၍ ဗိုလ်အောင်ကျော်လမ်း House of Media & Entertainment နှင့် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး (ဗဟို ရုံးချုပ်) တို့တွင် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Leave a Reply
You must be logged in to post a comment.