News @ M-Media
Blog
  • ချယ်ဆီးနောက်ခံလူ လူးဝစ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်
    ချယ်ဆီးနောက်ခံလူ လူးဝစ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်
    မေ ၂၄၊ ၂၀၁၄
    M-Media
    24E
    – ချယ်ဆီးအသင်း၏ အားထားရသည့် ဘရာဇီးနောက်ခံလူ ဒေဗစ်လူးဝစ်မှာ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။
    အသက် ၂၇ နှစ်အရွယ်ရှိ လူးဝစ်အား ပီအက်စ်ဂျီအသင်းက ပေါင် သန်း ၄၀ ကျော်ဖြင့်ခေါ်ယူရန် ချယ်ဆီးအသင်းနှင့် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ လူးဝစ်မှာ မော်ရင်ဟိုလက်ထက်တွင် တယ်ရီ၊ ကာဟေးလ်တို့၏နောက် တတိယကစားသမားဖြစ်သာ ရှိနေပြီး ပြီးခဲ့သည့် ရာသီက ပွဲထွက် ကစားသမားအဖြစ် ၁၅ ပွဲသာ ပါဝင်ခွင့်ရခဲ့သည်။
    “၃ နှစ်ခွဲကြာ ကောင်းမွန်စွာလက်တွဲခွင်ရခဲ့တဲ့အတွက် ချယ်ဆီးအသင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတွေအများကြီးရခဲ့ပြီး၊ ဖလားတွေလည်းရခဲ့ပါတယ်။ ဒီအမှတ်တရတွေဟာ ကျွန်တော်နဲ့ အတူ ထာဝရ ရှိနေမှာပါ” ဟု လူးဝစ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ပီအက်စ်ဂျီအသင်းမှာ ယူအီးအက်ဖ်အေ၏ ပြစ်ဒဏ်ချမှတ်မှုကို ခံထားရသည်။ ချယ်ဆီးအသင်းမှာမူ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် ပြောင်ရွှေ့ကြေး အများအပြားသုံးစွဲရန် ပြင်ဆင်ထားပြီး ထိပ်ဆုံးပစ်မှာ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဒီယေဂို ကော်စတာဖြစ်သည်။
    Ref : Goal
  • ရီးယဲလ်အသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ဂန္ထ၀င်တိုက်စစ်မှူး ဒီစတီဖာနိုဆို
    ရီးယဲလ်အသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲမည်ဟု ဂန္ထ၀င်တိုက်စစ်မှူး ဒီစတီဖာနိုဆို
    မေ ၂၄၊ ၂၀၁၄
    M-Media
    24D
    – ယနေ့ည လစ္စဘွန်းတွင်ကစားမည့် ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းမှာ ၁၀ ကြိမ်မြောက် ဖလားကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု ရီးယဲလ် အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး ဒီစတီဖာနိုက ပြောကြားလိုက်သည်။
    စပိန်ဘုရင့်ဖလားရရှိထားသည့် ရီးယဲလ်မှာ လာလီဂါဖလားရရှိခဲ့သည့် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နှစ်သင်းစလုံးမှာ ယခုနှစ်ရာသီ ဒုတိယမြောက်ဖလားရရှိရန် ကြိုးစားရမည်ဖြစ်သည်။
    “ပရိတ်သတ်တွေက အရေးပါပါလိမ့်မယ်။ ကျွန်တော်တို့ ခေတ်တုန်းကတော့ ဒီလိုကွင်းအကြီးတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ရမယ်လို့ မျှော်လင့်မိပါတယ်” ဟု ဒီစတီဖာနိုက ပြောကြားခဲ့သည်။
    ချန်ပီယံလိဂ်ဖလားကို ၉ ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်မှာ ၁၂ နှစ်ကြာမှ ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကို မက်ဒရစ်အသင်းမှာမူ အသင်း၏ သမိုင်းတွင် ၁၉၇၄ ခုနှစ်က တစ်ကြိမ်သာ ချန်ပီယံ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး နှစ်ပေါင်း ၄၀ ကြာမှ ဒုတိအကြိမ် ပြန်လည် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်သင်းတွေ့ဆုံမှုမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက်နှစ်သင်း ပထမဆုံး တွေ့ဆုံခြင်းလည်းဖြစ်သည်။
    Ref : Goal
  • ယူကရိန်းရွေးကောက်ပွဲ အသိအမှတ်ပြုမည်ဟု ပူတင်ဆို
    ယူကရိန်းရွေးကောက်ပွဲ အသိအမှတ်ပြုမည်ဟု ပူတင်ဆို
    မေ ၂၄၊ ၂၀၁၄
    M-Media
    24C
    – ယူကရိန်းအစိုးရ ပြန်လည်ဖွဲ့စည်းရေး တနင်္ဂနွေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    စိန့်ပီတာစဘတ်တွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းပြဿနာအား ဖြေရှင်းရေး မျှော်လင့်ချက်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင် အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်မှုကို ကူညီနိုင်မည်ဖြစ်ကြောင်း ပူတင်ကဆိုသည်။ ထို့ပြင် ရုရှားအနေဖြင့် ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားမဖြစ်လိုဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ခရိုင်းမီးယားအား သိမ်းပိုက်ခဲ့သည့် ရုရှားမှာ ယူကရိန်းအရှေ့ပိုင်းမတည်ငြိမ်မှုများအတွက် ကြိုးကိုင်နေသည်ဟု စွပ်စွဲခြင်းခံထားရပြီး၊ ရုရှားကိုယ်တိုင်ကလည်း ယူကရိန်းရွေးကောက်ပွဲအား လက်မခံဟု စောစောပိုင်းက ပြောဆိုထားသည်။ ယူကရိန်းနယ်စပ်ရှိ ရုရှားစစ်တပ်အချိုကို လာမည့်ရက်များအတွင်း ဆုတ်ခွာရန် စီစဉ်ထားပြီး ထိုကဲ့သို့ စီစဉ်မှာ တင်းမာမှုများကို လျော့ကျရေးအတွက်ဖြစ်သည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးက ယမန်နေ့တွင်ပြောကြားခဲ့သည်။
    ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားလိုလားသူ ခွဲထွက်ရေးသမားများနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များအကြား တင်းမာမှုများ ဖြစ်ပေါ်နေပြီး ဒေသအချို့ကိုလည်း ခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ထားသည်။
    Ref : Aljazeera
  • ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါအ၀င် နိုင်ငံရေးသမား ၃၉-ဦးကို ထိုင်းစစ်တပ် ထိန်းသိမ်း
    မေ ၂၄၊ ၂၀၁၄
    M-Media
    24B
    –  မေလ ၂၂-ရက် ကြာသာပတေးနေ့တွင် အာဏာသိမ်းခဲ့သည့် ထိုင်းစစ်တပ်က ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါအ၀င် ထင်ရှားသော နိုင်ငံရေးသမား ၃၉ ဦးကို ယမန်နေ့က ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
    ထိုသူများထဲတွင် ယာယီဝန်ကြီးချုပ် Niwattumrong Boonsongpaisan လည်းပါဝင်ပြီး ၎င်းတို့အား တစ်နေရာစီခွဲထားကာ ကောင်းမွန်စွာနေရာထိုင်ခင်းပေးထားကြောင်း၊ ခေတ္တခဏ အပန်းဖြေစေကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဗီရာချွန်က ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ပြောကြားခဲ့ခြင်းမရှိချေ။
    ထိန်းသိမ်းခံရသူများတွင် ယင်းလပ်၏ ညီမနှင့် မတ်ဖြစ်သူလည်း ပါဝင်သည်ဟု အခြားသော အကြီးတန်းစစ်ခေါင်းဆောင်တစ်ဦးက Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။ အာဏာအလွဲသုံးစားလုပ်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မေလ ၇ ရက်နေ့တွင် ယင်းလပ်အား ၀န်ကြီးချုပ်ရာထူးမှဖယ်ရှားခဲ့သည်။
    နိုင်ငံလုံခြုံရေးအတွက် မေလ ၁၉ ရက်နေ့က စစ်တပ်မှ မာရှယ်လော ထုတ်ပြန်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အာဏာသိမ်းခဲ့ပြီး လက်ရှိအချိန်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။
    Ref : Aljazeera
  • စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့် ကွန်ဂို သူပုန်တပ်မှူးအား ICC က ထောင်ဒဏ် ၁၂ နှစ် ချမှတ်
    စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့် ကွန်ဂို သူပုန်တပ်မှူးအား ICC က ထောင်ဒဏ် ၁၂ နှစ် ချမှတ်
    မေ ၂၄၊ ၂၀၁၄
    M-Media
    24A
    – ၂၀၀၃ ခုနှစ်က ရွာတစ်ရွာတွင် ရွာသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော ပြည်သူ့စစ်အဖွဲ့ကို လက်နက်တပ်ဆင်ပေးခဲ့သည့် ကွန်ဂို သူပုန်တပ်မှူး ဂျာမိန်း ကာတန်ဂါအား နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC က ယမန်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။
    နိုင်ငံအရှေ့ပိုင်းရှိ ဘိုဂိုရိုရွာတွင် ပြည်သူ့စစ်များက အမျိုးသမီးနှင့် ကလေးများအပါအ၀င် အနည်းဆုံး လူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုတွင် ကာတန်ဂါက သေနတ်များ၊ ဓားများ ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ယခင်စွဲချက်များဖြစ်သည့် အဓမ္မကျင့်မှု၊ လိင်ကျွန်ပြုမှုနှင့် ကလေးစစ်သားများ အသုံးပြုမှုအတွက် အပြစ်ရှိကြောင်း မတွေ့ရှိခဲ့ရပေ။
    ကမ္ဘာ့လုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမဟာမိတ်အဖွဲ့ကလည်း ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အသတ်ခံရသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ကွန်ဂိုပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ကာတန်ဂါအား ၂၀၀၇ ခုနှစ်တွင် ကွန်ဂိုအစိုးရမှ ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းခံထားရသည့် ၇ နှစ်တာကာလအား ထောင်ဒဏ်ထဲမှ ထုတ်နှုတ်ခံစားခွင့်ရှိမည်ဖြစ်သည်။
    ကွန်ဂိုပြည်တွင်းစစ်တွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ်ကျူးလွန်ခဲ့သော ရာဇတ်ဝမှုများအတွက် ၂၀၀၃ခုနှစ်မှစတင်ကာ ICC တွင် စစ်ဆေးခဲ့ပြီး ၂၀၁၂ ခုနှစ်က သူပုန်ခေါင်းဆောင် သောမတ်စ် လူဘန်ဂါကို ကလေးစစ်သားများအသုံးပြုမှုအတွက် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ကာ ယခုပြစ်ဒဏ်ချမှတ်မှုမှာ ဒုတိမြောက်ဖြစ်သည်။
    Ref : Aljazeera