News @ M-Media

Blog

  • ရွေးကောက်ပွဲအလွန် အခြေအနေများအပေါ် အိန္ဒိယမွတ်စ်လင်မ်များ ပူပင်သောကဖြစ်နေ

    မေ ၁၄၊ ၂၀၁၄
    M-Media

    ဘာသာပြန်- မင်းထွဋ်ခေါင်

    MuslimPopulation-in-India_04-04-14_1
    ဒေလီ။    ။ အိန္ဒိယရွေးကောက်ပွဲနောက်ဆုံးအဆင့်သို့ရောက်လာသည်နှင့်အမျှ ဟိန္ဒူအမျိုးသားရေးဝါဒီ နာရင်ဒြာ မိုဒီ အောင်မြင်နိုင်ချေရှိကြောင်း သတင်း ထွက်လာပြီးသည့်နောက် အိန္ဒိယနိုင်ငံ၏ လူနည်းစုဝင်များ အနက် ဒုတိယမြောက် အင်အား အကြီးမားဆုံးဖြစ်သော မွတ်စ်လင်မ်တို့မှာ
    စိုးရိမ်သောကကြီး ထွားလာကြသည်။

    နာရင်ဒြာမိုဒီ မဲလုနေသည့် Varanasi ဒေသခံ ဟာရွန် ရရှီးဒ်မှ “ထွက်လာမဲ့အဖြေကို ကျွန်တော်တို့ ထက်သန်စွာစောင့်စားနေကြ ပါတယ်။ ရွေးကောက်ပွဲလွန် အနေအထားအပေါ် စိုးရိမ် ပူပန်နေကြပါတယ်။ နာရင်ဒြာမိုဒီဟာ စိတ်ချယုံကြည်ရသူ မဟုတ်လို့ပါ။ တကယ်လို့ မဲအများစုကို သူရခဲ့ရင် မွတ်စ်လင်မ်တွေကို ရှေ့ဆက် တိုးနှိပ်စက်ဖို့များပါတယ်။ စကားကုန်ပြောရရင် သူက အလုံးစုံသောအာဏာနဲ့ ချုပ်ကိုင်သွားမယ့်သူ ဖြစ်ပါတယ် ” ဟူ၍ OnIslam.net သို့ ပြောပြသည်။

    ရွေးကောက်ပွဲမဲထည့်ခြင်းမှာ မေလ ၁၂ ရက်တွင် အဆုံးသတ်ပြီး မေလ ၁၆ ရက်တွင် မဲများကိုရေတွက်မည်ဖြစ်သည်။ ဤရွေးကောက်ပွဲ၌ လွန်ခဲ့သည့် ရက်သတ္တပတ် ၅ ပတ်အတွင်း သန်းရာချီသော အိန္ဒိယနိုင်ငံသားတို့ မဲထည့်ခဲ့ကြသည်။

    မိုဒီ ဦးဆောင်သော National Democratic Alliance (NDA) ညွှန့်ပေါင်းအဖွဲ့ဝင်အများစုသည် ၂၀၁၄ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာ ရရှိကြောင်း ကောလဟလ တစ်ရပ်ထွက်လာသဖြင့် အိန္ဒိယမွတ်စ်လင်မ်များအဖို့ ပထမဆုံးအကြိမ်အဖြစ် စိတ်မသက်သာစွာ ခံစားခဲ့ရသည်ဟု ဆိုသည်။ ဟိန္ဒူလူများစုပါဝင်နေသော အိန္ဒိယနိုင်ငံ၏စက်မှုအခန်းကဏ္ဍအား နာရင်းဒြာ မိုဒီမှ အကြီးအကျယ်မျှော်လင့်ထားသည်။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံရှိ မွတ်စ်လင်မ်တို့အဖို့မူ  ၎င်းမှာ စိန်ခေါ်မှုကာလတစ်ရပ် ဖြစ်နေသည်။

    မိုဒီသည် ကနဦးပိုင်း မဲပေးကာလအတွင်း အလယ်အလတ် မျှတသောအသွင်အပြင် ပြသခဲ့သော်လည်း နောက်ဆုံးတွင် အာသံပြည်နယ်၏ ဆိုးဝါးသောပဋိပက္ခနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်မှ ပြောင်းရွှေ့လာသူများပေါ် မကောင်းစကားဆိုခဲ့သည်။

    ထို့အတူ ဖိုင်ဇာဘဒ်တွင်ပြုလုပ်သော သူ၏ရွေးကောက်ပွဲတွေ့ဆုံမှုအတွင်း ဟိန္ဒူဝါဒ၏ အဓိကရ ကိုးကွယ်ရာ ရာမ ၏ ပန်းချီကားချပ်ကို နောက်ခံပြုလျက် ရွေးကောက် ပွဲပြီးနောက် ရည်ရွယ်ထားသည်များကိုလည်း သူက ပြောခဲ့သည်။

    “ သူ့အပေါ် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ သူဟာ ပြောရင်တစ်မျိုး စိတ်ထဲရှိတာက နောက်တစ်မျိုး (အပြော နဲ့အလုပ်မညီတဲ့ လူစားပါ။ အဆုံးသတ် အဖြေထွက်လာပြီးရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မပြောတတ်သေးဘူး ” ဟု Varanasi ရှိ All-India Handloom ဘုတ်အဖွဲ့ဝင် မတ်ကဘူးလ် ဟတ်ဆန်က OnIslam သို့ ပြောပြသည်။

    အခြေအမြစ်မဲ့ ပူပန်မှုများ
    ————————–
    မွတ်စ်လင်မ်တို့မှ စိုးရိမ်မှုမြင့်တက်နေသော်လည်း အကယ်၍ နာရင်ဒြာ မိုဒီမှ အာဏာရလာသည့်တိုင် မွတ်စ်လင်မ်များအဖို့ စိုးရိမ်စရာ မရှိဟု နိုင်ငံရေးသုတသီများစွာတို့မှ ယုံကြည်နေကြ၏။

    “ သူ့အနေနဲ့ အစိုးရကို ဦးဆောင်ပြီဆိုရင် အနေအထားအားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ ဒီမိုကရက် တိုင်းပြည်တစ်ခုမှာ ဘာသာတရားနှစ်ခု အကြား ခွဲခြား ဆက်ဆံတာမျိုး မလုပ်နိုင်လို့ပဲ ဖြစ်တယ်။ သူဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာမယ် ဆိုပါစို့။ သူ့လမ်းကြောင်းကို လုံးဝ ကွဲပြားသွားအောင် လုပ်ရပါလိမ့်မယ်။ ပေးထားတဲ့ကတိကို တည်ကြည်ကြောင်း သက်သေထူရပါလိမ့်မယ်။ သူ့အကြိုက် သူ့ဆန္ဒအတိုင်း အုပ်ချုပ်လို့ မရပါဘူး။ အခြားသော အကြောင်းအရာများထက် ဖွံ့ဖြိုးရေးကို ပိုပြီး ကရုစိုက်ပေးရမှာဖြစ်တယ် ” ဟု ဘိုပါးလ်အခြေစိုက် နိုင်ငံရေးသုတေသီ Girija Shankar မှ OnIslam သို့ ပြောပြသည်။

    နယူးဒေလီအခြေစိုက် မွတ်စ်လင်မ်ပညာရှင် အစ်ဗရာဟီမ် အိလ်ယာ့စ်ကမူ ဤသို့ သတိပေးပြောကြားသည်။

    “ BJP ပါတီထက် သူနဲ့ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတွေကိုလည်း စောင့်ကြည့်ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားတဲ့အခါတိုင်း အဲ့ဒီအဖွဲ့အစည်းတွေဟာ လူနည်းစုဝင်တွေအပေါ် တိုက်ခိုက်တာကို တွေ့မြင်ကြရပြီးဖြစ်ပါတယ်။ လူ့ဘောင်တစ်ခုလုံးအတွက်
    အဆုံးအဖြတ်ပေးမယ့် အချိန်ဖြစ်နေတယ်။ မွတ်စ်လင်မ်တွေသာလျှင် မဟုတ်ဘူး၊ ခရစ်ယာန်များပင်လျှင် နောက်ဆုံးရလဒ် အပေါ် စိုးရိမ်မကင်း ဖြစ်နေကြပါပြီ ”။

     

    OnIslam တွင်ဖော်ပြခဲ့သည့် ”  Shuriah Niazi Post-Election Scenarios Trouble India Muslim”  ဆောင်းပါးကို မင်းထွဋ်ခေါင် ဘာသာပြန်ဆိုပါသည်။

  • လူမျိုးရေး ခွဲခြားမှုအား နှိပ်ကွပ်ရန် အတွက် ပြင်းထန်သော ပေါ်လစီချမှတ်ရန် ပလာတီနီတိုက်တွန်း

    မေ ၁၄ ၊ ၂၀၁၄
    M-Media

    404763_heroa
    – ဘောလုံးပြိုင်ပွဲများအတွင်း ဖြစ်ပွားသည့် လူမျိုးရေးခွဲခြားမှုများအား အရေးယူရန်အတွက် ပြင်းထန်သည့် ပေါ်လစီတစ်ခု ချမှတ်ရန် ယူအီအက်ဖ်အေ ဥက္ကဌ ပလာတီနီက အဖွဲ့ဝင်များအား တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဘာစီလိုနာ ကစားသမား အဲလ်ဗက်စ်နှင့် အေစီမီလန်ကစားသမား ကီဗင်ကွန်စတန်တို့အား ပြိုင်ဘက် ဗီလာရီးယဲလ်နှင့် အတ္တလန်တာ ပရိတ်သတ်များက ငှက်ပျောသီးဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။ ထိုနှစ်သင်းအား ယူအီးအက်ဖ်က ဒဏ်ငွေရိုက်ခဲ့ပြီး၊ ပလာတီနီကလည်း ထိုဖြစ်ရပ်အတွက် ဒေါသထွက်ခဲ့ကြောင်း၊ လူမျိုးရေးခွဲခြားမှုပုံစံအားလုံးအား ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

    “လူမျိုးရေးခွဲခြားမှုပုံစံအားလုံး အတွက် ပြင်းထန်တဲ့ ပေါ်လစီချမှတ်ဖို့နဲ့၊ အပြစ်ရှိတဲ့သူတွေကို အရေးယူတဲ့အခါ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေ အတိုင်း ဆောင်ရွက်ဖို့ အဖွဲ့ဝင် အားလုံးနဲ့ ရှယ်ယာရှင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ပလာတီနီက ဆိုသည်။

    ပရိတ်သတ်များက လူမျိုးရေးခွဲခြားမှုပြုလုပ်ပါက ပထမအကြိမ်တွင် အသင်းပိုင်းကွင်း အစိတ်အပိုင်အချို့အား ပိတ်ပင်ခြင်းနှင့် ဒုတိယအကြိမ်တွင် ဘောလုံးကွင်း တစ်ခုလုံးအား ပိတ်ပင်ကာ ယူရိုငါးသောင်း ဒဏ်ငွေ ချမှတ်ရန် ယူအီးအက်ဖ်အေက ပြီးခဲ့သည့်နှစ်တွင် သတ်မှတ်ခဲ့သည်။

    Goal

  • တရုတ် ဆန့်ကျင်ရေး ဗီယက်နမ်တွင်ဖြစ်ပွား၊ တရုတ်ပိုင် စက်ရုံများ မီးရှို့ဖျက်ဆီးခံရ

    မေ ၁၄၊ ၂၀၁၄
    M-Media
    anti-china-riot-2
    – ယခုလအစောင်ပိုင်းက တောင်တရုတ်ပင်လယ် အတွင်းဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ယမန်နေ့မှစ၍ တရုတ်ဆန့်ကျင့်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး စက်ရုံများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

    ဆန္ဒပြသူများမှာ Binh Duong ပြည်နယ် ဗီယက်နမ်-စင်ကာပူ စက်မှုဇုံရှိ တရုတ်လူမျိုးများ ပိုင်ဆိုင်သော သို့မဟုတ် စီမံခန့်ခွဲနေသော စက်ရုံများအား ပစ်မှတ်ထားကာ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပစ္စည်းများကိုလည်း လုယက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ထိုင်ဝမ်နှင့် တောင်ကိုရီးယား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စက်ရုံများလည်း မှားယွင်းပါဝင်ခဲ့သည်။  သေဆုံးဒဏ်ရာရမှုများ မရှိသော်လည်း စက်ရုံအများစုမှာ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရသည်။

    လူယက်မှု၊ ခိုးမှုနှင့် စက်ရုံမီးရှို့မှု အတွက် လူ ၅၀၀ ကို ဖမ်းဆီး ထားသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဟနွိုင်းမြို့တွင် လုံးခြုံရေးကို တင်းကျပ်စွာ ချထားသော်လည်း တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံကမူ ထိုအဖြစ်အပျက် အတွက် အလွန် စိုးရိမ်မိကြောင်း တုံ့ပြန်ခဲ့သည်။ ထိုင်ဝမ်ကလည်း လုပ်ရပ်အား ရှုတ်ချခဲ့ပြီး မိမိတို့နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံပေးရန် ဗီယက်နမ် အစိုးရအား တောင်းဆိုခဲ့သည်။

    တရုတ်နှင့် ဗီယက်နမ်တို့မှာ တောင်တရုတ် ပင်လယ်အတွင်းရှိ Spratly ကျွန်းပိုင်ဆိုင်မှုအတွက် ကာလကြာရှည် အငြင်းပွားခဲ့ကြပြီး၊ ယခုလအစောပိုင်းက ထိုရေပိုင်နက် အတွင်း တရုတ်မှ ရေနံတူးဖော်ရေးစင် ချထားခဲ့ပြီးနောက် နှစ်နိုင်ငံ သင်္ဘောများ ထိပ်တိုက် ရင်ဆိုင်မှုများရှိလာကာ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    AFP/nd

  • တူရကီတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၂၀၀ ကျော်သေဆုံး၊ မြေအောက်တွင် ရာချီ ပိတ်မိနေ

    မေ ၁၄၊ ၂၀၁၄
    M-Media
    7.si
    –  တူရကီ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ယမန်နေ့အစောပိုင်းက ပါဝါလိုင်း ပေါက်ကွဲ၍ မီးလောင်ခဲ့သောကြောင့် မိုင်းလုပ်သား ၂၀၅ ဦးသေဆုံးခဲ့ကာ မြေအောက်တွင် အများအပြား ပိတ်မိနေကြပြီး သေဆုံးသူများ မြင့်တက်လာဖွယ်ရှိသည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ဆိုမာမြို့ရှိ အဆိုပါ ကျောက်မီးသွေးတွင်း ပေါက်ကွဲသည့်အချိန်၌ မြေအောက်တွင် မိုင်းလုပ်သား ၇၈၇ ဦးရှိနေပြီး၊ သေဆုံးသူများမှာ ကာဗွန်ငွေ့ရှူမိခြင်းကြောင့်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး တာနာ ယီလ်ဒစ်ဇ်က ပြောကြားခဲ့သည်။ အနက် မီတာ ၄၂၀ တွင် ပိတ်မိနေသူ ရာပေါင်းများစွာအတွက် ၀န်ထမ်း ၄၀၀ ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ယနေ့နံနက်အထိ ဒဏ်ရာရသူ ၈၆ ဦးအပါအ၀င် မိုင်းလုပ်သား ၉၃ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဘေးအန္တရာယ်စီမံရေးအေဂျင်စီက ပြောကြားခဲ့သည်။ အန္တရာယ်ကင်းရှင်းရေး စည်းကမ်းများအား မလိုက်နာမှုကြောင့် တူရကီ ပုဂ္ဂလိကမိုင်းတွင်းများတွင် ပေါက်ကွဲမှုများ၊ ပြိုကျမှုများ မကြာခဏဖြစ်ပွာလေ့ပြီး ၁၉၉၂ ခုနှစ်က နိုင်ငံမြောက်ပိုင်း ဇွန်ဂူလ်ဒက်မြို့ မိုင်းတွင်းတစ်ခု ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၆၃ ဦး သေဆုံးခဲ့ရသည်။

    တူရကီသမိုင်းတွင် အဆိုးရွားဆုံးထဲမှတစ်ခုဖြစ်သည့် ထိုအဖြစ်အပျက်အတွင် ၃ ရက်တိုင်တိုင် ၀မ်းနည်းဖွယ်နေ့အဖြစ် အစိုးရက သတ်မှတ်ခဲ့သည်။

    AFP/al

  • မ.မ.လ ဌာနချုပ်မှ အစ္စလာမ့်သာသနာ စာပေမှတ်ကျောက် တင်ပြိုင်ပွဲ ကျင်းပ

    မ.မ.လ ဌာနချုပ်မှ အစ္စလာမ့်သာသနာ စာပေမှတ်ကျောက် တင်ပြိုင်ပွဲ ကျင်းပ

    မေ ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    မွတ်စလင်လူငယ်များ အစ္စလာမ့်သာသနာ အသိပညာတိုးပွားစေရန် မ.မ.လ ဌာနချုပ်မှ အစ္စလာမ့်သာသနာ စာပေမှတ်ကျောက် တင်ပြိုင်ပွဲကျင်းပ

    DSC01698


    ရန်ကုန်  ။       ။   မွတ်စလင်လူငယ်များ အစ္စလာမ့်သာသနာ အသိပညာများ တိုးပွားစေရန်၊ ရှာဖွေလေ့လာလိုသော စိတ်များထက်သန်စေရန် အတွက်  မ.မ.လ ဌာနချုပ်မှ ဦးစီးပြီး အစ္စလာမ့်သာသနာ စာပေမှတ်ကျောက်တင်ပြိုင်ပွဲတစ်ရပ်ကို မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့ မွတ်စလင် အမျိုးသမီးသာသနာ့ ရိပ်သာတွင် ပြုလုပ်ကျင်းပ ခဲ့သည်။


    “ကျွန်တော်တို့က အဓိကတော့ အစ္စလာမ့် အသိပညာတွေကို ပြန့်ပွားစေချင်တာပါ။ ဘက်ပေါင်းစုံ ကဏ္ဍစုံကနေ ယှဉ်ပြိုင်တာပါကလေးတွေက ခေတ်ပညာတွေ  သင်ရင်းပဲ အချိန်ကုန်နေကြတယ်။ အခုလို ယှဉ်ပြိုင်နိုင်အောင် ကလေးတွေကျောင်းပိတ်ရက်မှာ ပြုလုပ်ပေးတာပါ။ ဒေသပေါင်းစုံက အစ္စလာမ် အချင်းချင်းလည်း ဒီပွဲလေးမှာတွေ့နိုင်အောင် အနယ်နယ် အရပ်ရပ်ကယှဉ်ပြိုင်နိုင်အောင်ပြုလုပ်ပေးထားပါတယ်” ဟု မ.မ.လ အဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းကပြောကြားခဲ့သည်။


    ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ် သရဇ္ဈာယ်မှု၊ အူရ်ဒူတေး ကဗျာ၊ မြန်မာတေး ကဗျာ၊ ဟောပြောမှုပြိုင်ပွဲ တို့ကို ယှဉ်ပြိုင်မှုများပြုလုပ်ခဲ့သည်။ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ စည်းလုံးညီညွတ်ရေးကို ထိပါးစေသော အပြောအဆိုများကိုရှောင်ကြဉ်ရမည်ဖြစ်ပြီး မြန်မာတေးကဗျာ ရွတ်ဆိုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသွားများကို ယှဉ်ပြိုင်ခွင့်မပြုသည့် စည်းကမ်းချက်များကို သတ်မှတ်ထားသည်။

    ၎င်းပြိုင်ပွဲမျိုးကို နှစ်စဉ်နှစ်တိုင်းပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မြောက်သည် ၁၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များ ကိုလည်း မေလ ၁၈ ရက်နေ့တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။