News @ M-Media

Blog

  • ခွဲထွက်ရေးအတွက် ယူကရိန်းအရှေ့ပိုင်း ပြည်သူဆန္ဒခံယူပွဲ  ရလဒ်အား အသိအမှတ် ပြုမည်မဟုတ်ဟု အမေရိကန် သတိပေး

    ခွဲထွက်ရေးအတွက် ယူကရိန်းအရှေ့ပိုင်း ပြည်သူဆန္ဒခံယူပွဲ  ရလဒ်အား အသိအမှတ် ပြုမည်မဟုတ်ဟု အမေရိကန် သတိပေး

    မေ ၁၁၊ ၂၀၁၄
    M-Media

    12A

    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသများ ယူကရိန်းမှ ခွဲထွက်ကာ လွတ်လပ်သော သမ္မတနိုင်ငံထူထောင်ရေးအတွက် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက ပြုလုပ်သည့် ပြည်သူ့ဆန္ဒခံယူပွဲကို ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    မြို့ပေါင်း တစ်ဒါဇင်ကျော်အား လက်နက်ကိုင်များက သိမ်းပိုက်ထားသည့် Donetsk နှင့် Lugansk ပြည်နယ်များတွင် ပြုလုပ်သည့် အဆိုပါ ပြည်သူဆန္ဒခံယူပွဲမှာ ယူကရိန်းနိုင်ငံအတွင်း နိုင်ငံရေး ပြဿနာကို ပို၍ နက်ရှိုင်းစေခြင်းလည်းဖြစ်သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသများ လွတ်လပ်သော သမ္မနိုင်ငံထူးထောင်ရေးအတွက် ပြည်သူများ၏ ထောက်ခံမှုကို ရုရှားက အသိအမှတ်ပြုမည်ဖြစ်သော်လည်း ၂ ပတ်ကြာ ပြုလုပ်မည့် ယူကရိန်း သမ္မတရွေးကောက်ပွဲကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ခွဲထွက်ရေးသမားများ၏ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ ယူကရိန်းဥပဒေအရ တရားမ၀င်ဘဲ နိုင်ငံ အစိတ်စိတ် အမွှာမွှာဖြစ်ရေးနှင့် ဖရိုဖရဲဖြစ်မှုအတွက် ကြိုးပမ်းမှုသာဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန်ကလည်း ထိုပြည်သူ့ ဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

    ယူကရိန်းနိုင်ငံ တည်ငြိမ်ရေးအတွက် ယူကရိန်းရွေးကောက်ပွဲသာလျှင် အရေးပါသည်ဟု အမေရိကန်နှင့် ဥရောပတို့က ရှုမြင်နေကြသည်။

    Ref : Aljazeera

  • လူနှစ်ဦး စကားများ ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်

    လူနှစ်ဦး စကားများ ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်

    မေ ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။       ။ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော ကိုတင်လှ ဆိုသူနှင့် အင်းစိန်မြို့နယ်တွင်နေထိုင်သူ ရန်လင်းဦးတို့ နှစ်ဦးစကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်မှတ်တမ်းများအရ သိရှိရပါသည်။

    ကန်းစွန်းရွက်ရောင်းသူ ကိုတင်လှဆိုသည် ၎င်းနေအိမ်မှ တညင်းကုန်းဘူတာဈေးသို့ ကန်စွန်းရွက်ရောင်းရန် ရောက်ရှိလာစဉ် အင်းစိန်မြို့နယ်မှ အိမ်သာစောင့် ရန်လင်းဦးဆိုသူသည် ကန်စွန်းရွက်ထုတ်ကို ထမ်းမည်ဟုပြုနေစဉ် ကိုတင်လှမှ မထမ်းရန်ပြောဆိုရာ စကားများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရန်လင်းဦးမှ ၎င်း၏ညီဖြစ်သူ ကိုမင်းအားနေအိမ်သို့သွားရောက်ခေါ်ဆောင်လာပြီး ၎င်းညီဖြစ်သူမှ ဓားကိုင်ကာလိုက်လာပြီး ကိုတင်လှအား ဓားဖြင့်ထိုးကာ ကိုတင်လှမှာ သေဆုံးသွားကြောင်း သိရသည်။

    ထိုဓားဖြင့်ထိုးကာရန်လုပ်ခဲ့သည့် ညီအကိုနှစ်ယောက်အား အင်းစိန်မြို့မရဲစခန်းမှ (ပ)၄၃၉/၁၄၊ ပြစ်မှု ပုဒ်မ  ၃၀၂/၁၁၄ တို့ဖြင့် ၁၀.၅.၂၀၁၄ အချိန်မစတင်ကာ တရားခံများအားဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

  • ကုက္ကိုကိုင်းတက်ခုတ်စဉ် ဓာတ်ကြိုးနှင့်ငြိ၍ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

    ကုက္ကိုကိုင်းတက်ခုတ်စဉ် ဓာတ်ကြိုးနှင့်ငြိ၍ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

    မေ ၁၁ ၊ ၂၀၁၄
    M-Media
    လင်းလင်း

    ရန်ကုန် ။      ။     လှိုင်သာယာမြို့နယ် ဦးရွှေအိုးလမ်းနေ ဦးသန်းလွင်သည် ကုက္ကိုင်ကိုင်းအား တက်ခုတ်ရာ ဓာတ်ကြိုးနှင့်ညှိနေသောကြောင့် ဓာတ်လိုက်ပြီး အသက် ဆုံးရူံးခဲ့ကြောင်း သိရသည်။

    ၎င်းသေဆုံးသူ ဦးသန်းလွင် အသက် (၄၆)နှစ်သည် ၎င်းနေအိမ်အရှေ့ရှိ ၁၅ ပေ အမြင့်ရှိသော ကုက္ကိုကိုင်းအားတက်ခုတ်ရာမှ ထိုကုက္ကိုင်ကိုင်း၏ အကိုင်းမှာ ဓါတ်ကြိုးနှင့် ထိနေ၍ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

    ၎င်းသေဆုံးခြင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်သိစေနိုင်ရန် လှိုင်သာယာဆေးရုံမှ ပီအာရ်ပီ ၀၁ ဖြင့်လက်ခံထားပြီး သေမှုသေခင်း အမှတ်စဉ် (၃၄/၁၄) ဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

  • ဟိုင်းလတ်ယာဉ်လိုင်းများ မြို့ထဲဝင်ရောက်မှုကို ယာဉ်ထိန်းရဲများမှ ထိရောက်စွာဖမ်းဆီးလျက်ရှိ

    ဟိုင်းလတ်ယာဉ်လိုင်းများ မြို့ထဲဝင်ရောက်မှုကို ယာဉ်ထိန်းရဲများမှ ထိရောက်စွာဖမ်းဆီးလျက်ရှိ

    မေ ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    DSC01596

    ရန်ကုန်   ။      ။     ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်း ဟိုင်းလတ်ယာဉ်များ ပြေးဆွဲခွင့်ကို တိုင်းဒေသကြီးအစိုးရမှ ကန့်သတ်တားမြစ်ခဲ့ပြီး ထိုကန့်သတ် ထားသော ဟိုင်းလတ်ယာဉ်များမြို့ထဲသို့ဝင်ရောက်ပြေးဆွဲနေခြင်းကို ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးက မေလ ၁-ရက်နေ့မှ စတင်၍ ထိရောက်စွာဖမ်းဆီးလျက် ရှိကြောင်း သိရသည်။

    “ကျွန်တော်တို့တွေ နေ့မှာ မြို့ပြင်က၀င်လာနိုင်တဲ့နေရာ လမ်းဆုံတွေဖြစ်တဲ့ နေရာ ၇ နေရာ၊ ညမှာ ၃ နေရာ မှာစောင့်ပြီး ၀င်လာတဲ့ကားတွေကို ဖမ်းဆီးတာမျိုးတွေကို ပြုလုပ်ပါတယ်။ အခုလောလောဆယ်တော့ ၀င်လာရင် ချလံဖြတ်ပေးပြီး ပြီးသွားပေမဲ့ နောက်ဆိုရင်တော့ ထိရောက်စွာအရေးယူမှာဖြစ်ပါတယ်။ တချို့တွေကလည်း မြို့ထဲကို ဂတ်စ်ဖြည့်မယ်ဆိုပြီး လူတွေတင်ပြီးသွားကြတယ်။ အဲဒါမျိုးတွေကိုလည်း လိုက်ပြီးတော့ဖမ်းဆီးနေပါတယ်” ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ဦးလင်းထွဋ် ပြောခဲ့သည်။

    ယခုကဲ့သို့ ဟိုင်းလတ်ကားများကို ကန့်သတ်ပိတ်ပင်ရခြင်းမှာ ဟိုင်းလတ်ယာဉ်များသည် ပြည်သူလူထုကိုအန္တရယ်ဖြစ်စေနိုင်သောကြောင့် ပြည်သူ့အကျိုးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ ဟိုင်းလတ်ယာဉ်များအစား မီနီဘတ်စ်များတင်သွင်ခြင်းကြောင့် ပြည်သူကို လုံခြုံစေခြင်းတို့ကြောင့် ဟိုင်းလတ်ယာဉ်များ ကန့်သတ် လိုက်ရခြင်းအကြောင်းကို ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

    စည်ပင်သာယာနယ်နမိတ်အတွင်း “ခ” လိုင်စင် ခရီးသည်တင်ဆောင်သည့် ယာဉ်များကိုသာ ကန့်သတ်ထားခြင်းဖြစ်ပြီး ၎င်း “ခ”ယာဉ်များသည် “က” လိုင်စင် ကုန်ပစ္စည်း သယ်ဆောင်သည့်လိုင်စင်ကို ပြောင်းလဲပါက စည်ပင်သာယာနယ်နမိတ်အတွင်းသွားလာနိုင်ကြောင်းကို မ.ထ.သ (ဗဟို)မှ ဥက္ကဌ ဦးလှအောင်က ပြောကြားခဲ့သည်။

    မေလ ၁ ရက်နေ့ပိတ်သိမ်းသည့်အချိန်မှစတင်ကာ မေလ ၁၀ ရက်နေ့ထိ စည်ပင်သာယာနယ်နမိတ်အတွင်း ပြေးဆွဲသည့် ယာဉ်များကို ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ၃၇၆ စီးကိုအရေးယူဆောင်ရွက်ပြီးလျက်ရှိကြောင်းကို ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ စာရင်းများအရ သိရသည်။

  • နိုင်ငံတကာ မွတ်စလင်မ် ပညာရှင်များ သမဂ္ဂ (IUMS) က ဘိုကိုဟရမ် အဖွဲ့ လုပ်ရပ်ကို ရှုံချဝေဖန်သည့် ကြေညာချက်ထုတ်

    မေ ၁၀ ၊ ၂၀၁၄
    M-Media

    နိုင်ငံတကာ မွတ်စလင်မ် ပညာရှင်များ သမဂ္ဂ (IUMS) က ဘိုကိုဟရမ်အဖွဲ့  ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခြင်းအား လုပ်ရပ် ရှုံချဝေဖန်သည့် ကြေညာချက်ထုတ်

    iums_logo

    နိုင်ဂျီးရီးယား ဘိုကိုဟရမ်အဖွဲ့မှ ကျောင်းသူငယ် ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီး အတင်းအဓမ္မ လက်ထပ်ပေးရန် အတွက် ရောင်းစားရန် ခြိမ်းခြောက်ခဲ့မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ မွတ်စလင်မ် ပညာရှင်များ သမဂ္ဂက (IUMS) က အောက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်သည်။

    ရဂျဘ်လ ၉ ရက်၊ ဟိဂ်ျရီ ၁၄၃၅ ခုနှစ်
    မေလ ၈ ရက်၊ ၂၀၁၄

    နိုင်ငံတကာ မွတ်စလင်မ်ပညာရှင်များ သမဂ္ဂက ဘိုကိုဟရမ်အဖွဲ့၏ နိုင်ဂျီးရီယားတွင် မိန်းကလေးငယ် ၂၀၀ ကျော်ကို ပြန်ပေးဆွဲခြင်းနှင့် အတင်းအဓမ္မ လက်ထပ်ရန် ရောင်းစားခြင်းတို့ကို ရှုံ့ချသည်။ သမဂ္ဂက ၎င်းလုပ်ရပ်များကို အစ္စလာမ်သာသနာမှ မကျူးလွန်ရန် တားမြစ်ထားသော ရာဇဝတ်မှုများနှင့် တိုင်းပြည်အတွင်း ပျက်စီးရာ ပျက်စီးကြောင်းလုပ်ရပ်များအဖြစ်မှတ်ယူကာ မိန်းကလေးငယ်များကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။

    အလ္လာဟ်အရှင်မြတ်၏ အမည်နာမတော်ဖြင့် အစပြုပါ၏။ ငြိမ်းချမ်းသာယာခြင်းနှင့် မင်္ဂလာအပေါင်းတို့ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်တော်သူ အိမ်တော်သားတို့ ထံသို့လည်းကောင်း၊ တပည့်သာဝကများထံသို့လည်းကောင်း၊ တမန်တော်မြတ်အား သစ္စာစောင့်သိသူတို့ထံသို့ လည်းကောင်း ကျရောက်တော်မူပါစေ။

    နိုင်ငံတကာ မွတ်စလင်မ်ပညာရှင်များ သမဂ္ဂမှ ဧပြီ ၁၄ရက်နေ့က နိုင်ဂျီးရီးယားတွင် ဘိုကိုဟရမ်အဖွဲ့မှ မိန်းကလေးငယ်များကို ပြန်ပေးဆွဲသွားခဲ့ပြီး ယနေ့အထိ မလွတ်ပေးသေးကြောင်း သတင်းကို အလွန်တရာမှ ဝမ်းနည်းစွာဖြင့် လက်ခံရရှိခဲ့ပါသည်။ အချို့သောမွတ်စလင်မ်များမှာ အစ္စလာမ်နှင့် လုံးဝဆန့်ကျင်သော ထိုလုပ်ရပ်များကို ကျူးလွန်နေသည်မှာ အမှန်တကယ်မှကို ဝမ်းနည်းစရာဖြစ်သည်။ အစ္စလာမ်သည် ဖန်ဆင်းခံသတ္တဝါအားလုံးအတွက် ကရုဏာတရားကို ဆောင်ယူလာသော ဘာသာ သာသနာဖြစ်ပြီး ထိုကဲ့သို့သော ရာဇဝတ်မှုများကို တားမြစ်ထားပါသည်။

    သမဂ္ဂက အစ္စလာမ်သည် ၎င်းလုပ်ရပ်များနှင့် လားလား မသက်ဆိုင်ဘဲ ဘိုကိုဟရမ်အဖွဲ့မှာ အစ္စလာမ်၏ သင်ကြားမှုများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း အလေးအနက်ပြောကြားပါသည်။ ထိုရာဇဝတ်မှုများမှာ အစ္စလာမ်၏ ပုံရိပ်စစ်ကို ပျက်စီးခြင်းသာလျှင်ဖြစ်စေပြီး မွတ်စလင်မ်များအပေါ် အမုန်းပွားမှုများကို တိုးပွားစေပါသည်။
    သမဂ္ဂမှ ၎င်းတုန်လှုပ်ဖွယ် ရာဇဝတ် မှုများကို ရှုံ့ချပြီး အောက်ပါ အချက်များကို ထုတ်ပြန်လိုက်ပါသည်။

    အစ္စလာမ်သည် လူသားအားလုံး အတွက် ကရုဏတရားကို ရှာဖွေဆောင်ယူလာသော ဘာသာတရားဖြစ်သည်။ အစ္စလာမ်သည် ယနေ့ ခေတ်ပေါ် အစဉ်အလာများနှင့် စည်းမျဉ်းစည်းကမ်းများ မတိုင်မှီ ကာလရှည်ကြာစွာကာပင် အမျိုးသမီးတို့၏ အခွင့်အရေးကို အလေးအနက်ထားခဲ့သည်။ ထို့ကြောင့် ကျောင်းသူလေးများကို ပြန်ပေးဆွဲခြင်းသည် အစ္စလာမ်က တားမြစ်ထားသော လုပ်ရပ်ဖြစ်ပြီး မကောင်းမှုပြစ်မှုကြီးများ အနက်တစ်ခုဖြစ်ကာ ဆိုးဝါးသော အပြစ်ဖြစ်သည်။ ထိုလုပ်ရပ်သည် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာ ပျက်စီးစေကြောင်းကို ပြန်နှံ့စေခြင်းဖြစ်ကာ အပြင်းထန်ဆုံး အပြစ်ပေးမှု ထိုက်သည်။ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ-

    “အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(၏အမိန့်တော်များ)ကို(သွေဖည်ငြင်းဆန်ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင်ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်တိုင်တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာလက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘ၀၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ ၎င်းပြင်ထိုသူတို့၌ နောင်တမလွန်ဘ၀တွင်(လည်း) အလွန်ကြီးလေးသော ပြစ်ဒဏ်သည် ရှိပေမည်။”
    ( ကုရ်အာန်ကျမ်းတော်မြတ်၊ ကဏ္ဍ ၅၊ ပါဒတော် ၃၃)

    သို့ဖြစ်ပါ၍ သမဂ္ဂက ဘိုကိုဟရမ်အဖွဲ့ သို့မဟုတ် မည်သည့်အဖွဲ့မှ ဖြစ်စေ မိန်းကလေးငယ်များကို ပြန်ပေးဆွဲခြင်းကို ရှုံ့ချသည်။ လူသားထုတစ်ရပ်လုံးကို ဆန့်ကျင်ပြီး ကျူးလွန်သူများအဖို့ အပြင်းထန်ဆုံးသော အပြစ်ပေးမှု ထိုက်သော ခွင့်မလွှတ်နိုင်သည့် လုပ်ရပ်အဖြစ် ရှုံ့ချသည်။ သမဂ္ဂက မိန်းကလေးငယ်များကို ရောင်းစားခြင်း၊ သူမတို့၏ လွတ်လပ်ခွင့် အနိုင်ကျင့် အလွဲသုံးစားလုပ်ခြင်းနှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းစေခြင်းတို့နှင့်ပတ်သက်ပြီး သတိပေးလိုက်သည်။ ထို့အပြင် မည်သူတစ်ဦး တစ်ယောက်မှ ဤဆိုးဝါးသော ချိုးဖောက်မှုဖြစ်သည့် မိန်းကလေးများအား ဝယ်ယူခြင်း၊ သူတို့၏ စိတ်ဆန္ဒနှင့်ဆန့်ကျင်ကာ လက်ထပ်ယူခြင်း သို့မဟုတ် သူတို့၏ လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာနှင့် ကာယအိနြေ္ဒကို ပျက်စီးစေသည့် စသည့် မည်သည့်အရာကို မဆို ပြုလုပ်ခြင်း မပိုင်ပေ။

    သမဂ္ဂမှ ဘိုကိုဟရမ်အဖွဲ့အား ၎င်းတို့၏ ဆင်ခြင်တုံ တရားဆီသို့ ပြန်လှည့်ရန်နှင့် ကုရ်အာန်(ကျမ်းတော်မြတ်)နှင့် စွန္နာဟ် (တမန်တော်မြတ်၏ ကျင့်သုံးနေထိုင်မှု)ပေါ်တွင် အခြေခံသော မှန်ကန်သော ရှရီအာဟ် (အစ္စလာမ့်ဥပဒေ) အား ကိုးကားရန် တောင်းဆိုလိုက်သည်။ မိန်းကလေးငယ်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ကုရ်အာန်နှင့် စွန္နာဟ်တွင် ပါရှိသည် စစ်မှန်တိကျသော ရှရီအာဟ် လမ်းစဉ်၏ သွန်သင်ချက်အတိုင်း မည်သည့် ပဋိပက္ခများ သို့မဟုတ် နိုင်ငံရေး အငြင်းပွားမှုများတွင် မပါဝင်သည့် အရပ်သားများ၊ အထူးသဖြင့် မိန်းကလေးငယ်များနှင့် အမျိုးသမီးများကို စောင့်ရှောက်ရန် လည်း တောင်းဆိုပါသည်။

    သမဂ္ဂမှ ရှရီအာဟ်၊ တရားဥပဒေ၊ သဘောတူညီချက် စာချုပ်များ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ ကိုယ့်ကျင့်တရားပိုင်းနှင့် ကျင့်ဝတ်များနှင့် ဆန့်ကျင်သော ၎င်းလုပ်ရပ်များကို အစ္စလာမ်က လုံးဝ ဆန့်ကျင်ကြောင်း အလေးအနက် ပြောကြားပါသည်။

    သမဂ္ဂက မိန်းကလေးငယ်များ သူတို့မိသားစုများထံသို့ လုံခြုံဘေးကင်းစွာ ပြန်လည် ရောက်ရှိလာစေရေးအတွက် ရှာဖွေလုပ်ငန်းများကို အားမြှင့်ရန် ဂရုတစိုက်နှင့် အစွမ်းကုန် အလုပ်လုပ်ရန် နိုင်ဂျီးရီးယား အာဏာပိုင်များကို တောင်းဆိုပါသည်။ သမဂ္ဂက အာဏာပိုင်များအား နိုင်ဂျီးရီးယားတစ်နိုင်ငံလုံး လုံခြုံမှု ပြန်လည်ရရှိရန် ဥာဏ်နှင့် တရားမျှတမှု ယှဉ်ကပ်ပြီး လုပ်ဆောင်ရန် တောင်းဆိုပါသည်။

    သမဂ္ဂက (အခြေအနေတစ်ခုကို အတူတူ ရင်ဆိုင်နေရစဉ်) ခရစ်ယာန်များကို နိုင်ဂျီးယားအတွင်း မွတ်စလင်မ်တို့၏ ခံစားချက်များကို မကောင်းသည့်ပုံစံဖြင့် မထိုးဆွရန်နှင့် ဝါဒဖြန့်ချီရေးပုံစံအဖြစ် အသုံးချခြင်းကို ရှောင်ရန် ဆော်သြလိုက်သည်။ လူသားချင်း ညီအစ်ကိုရင်းဝါဒကို မြှင့်တင် လှုံ့ဆော်ရန်နှင့် နိုင်ဂျီးရီးယားနိုင်ငံသားများအားလုံးအတွက် ယုံကြည်သက်ဝင်ရာ ဘာသာတရား မခွဲခြားဘဲ တူညီမျှတသော အခွင့်အရေးပေးရန် လည်း ဆော်သြပါသည်။

    သမဂ္ဂက နိုင်ဂျီးရီးယားတွင် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များ အုပ်စုများအကြား ပဋိပက္ခများကို ရပ်တန့်စေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်နိုင်ရန်အတွက် လုံလောက်သော အဖြေများ ရှာနိုင်ရန် အငြင်းပွားမှုများကို နက်နက်ရှိုင်းရှိုင်း လေ့လာရန်နှင့် နောက်ကြောင်းပြန်ခြင်းနှင့် ဖျက်စီးမှုများ မလုပ်ဆောင်ရန် တိုက်တွန်းပါသည်။

    “ဧကန်စင်စစ် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော သူတို့တွင် မဖွယ်မရာ ညစ်ညမ်းသောစကား ပျံ့ပွားခြင်းကိုနှစ်သက်လိုလားသောသူတို့၌ (ဤ) မျက်မှောက်လောကီဘ၀တွင် လည်းကောင်း၊ တမလွန်ဘ၀တွင်လည်းကောင်း၊ ပြင်းပြနာကျင် ဖွယ်ပြစ်ဒဏ်သည်ရှိပေမည်။ စင်စစ် အလ္လာဟ်အရှင်မြတ် သည် သိရှိတော်မူ၏။ အသင်တို့မူကား မသိနားမလည်ကြချေ။”
    (ကုရ်အာန်ကျမ်းတော်မြတ်၊ ကဏ္ဍ ၂၄၊ ပါဒတော် ၁၉)

    အထွေထွေ အတွင်းရေမှူး
    ပါမောက္ခ ဒေါက်တာ အလီ အလ် ကရ်ရာ ဒာဂီ

    ဥက္ကဌ
    ပါမောက္ခ ဒေါက်တာ ယူစွဖ် အလ် ကဒွာဝီ

    Ref: iumsonline.org & OnIslam