မေ ၁၆၊ ၂၀၁၄
M-Media
– အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ် MERS ကြောင့် လူ ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဆော်ဒီကျန်းမာရေးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ထိုဗိုင်းရပ်စ်ကြောင့်သေဆုံးသူမှာ ၁၆၀ အထိ ရှိလာပြီဖြစ်သည်။
သေဆုံးသွားသူများမှာ အသက် ၅၄ နှစ်မှ ၇၂ နှစ်အရွယ်ရှိ သက်ကြီး ရွယ်အိုများဖြစ်ကြသည်။ MERS ဗိုင်းရပ်စ် ကူးစက်မှုကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ၌ စတင်တွေ့ရှိခဲ့ရပြီး၊ ယခုအချိန်အထိ ကူးဆက်မှု ၅၁၄ ခု ရှိနေပြီဟု မှတ်တမ်းများအရ သိရသည်။ အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ နယ်သာလန်၊ ယူအေအီးနှင့် အမေရိကန်နိုင်ငံများတွင်လည်း အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးဆက်သူများကို တွေ့ရှိခဲ့ရပြီး ထိုသူများမှာ ဆော်ဒီသို့ ရောက်ဖူးသူများဖြစ်ကြသည်။
ကူးစက်မှုကို တားဆီးထိန်းချုပ်ရန်၊ ဗိုင်းရပ်စ်၏ အချက်အလက်များကို ပိုမိုစုဆောင်းရန်နှင့် အာဖရိကကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နိုင်ငံများသို့ ပြန့်ပွား မသွားအောင် တားဆီးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားသည်။ လက်ရှိအချိန်အထိ MERS ဗိုင်းရပ်စ်အား သေစေနိုင်သည့် ဆေးမရှိသေးပေ။
MERS ဗိုင်းရပ်စ် မှာ ၂၀၀၃ ခုနှစ်က ပြန့်ပွားခဲ့သည့် ဆားစ် ဗိုင်းရပ်စ်နှင့် ဆင်တူပြီး ဆားစ်ရောဂါကဲ့သို့ပင် ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် အဆုတ်ရောဂါတို့ ဖြစ်ပွားနိုင်သည်။ ထို့ပြင် MERS ဗိုင်းရပ်စ်မှာ ကျောက်ကပ်ရောဂါလည်း ဖြစ်ပွားစေနိုင်သည်။
Ref: AFP, Riyadh


Leave a Reply
You must be logged in to post a comment.