News @ M-Media

Blog

  • ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ်

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသားသည်။

    ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ် (သို့) အစ္စလာမ့်ယဉ်ကျေးမှု၌သာ သီးသန့်ထွန်းကားနေဆဲဖြစ်သော လက်ရေးလှ Calligraphy အတတ်ပညာရပ်

    Calligraphy

    လက်ရေးလှ Calligraphy အတတ်ပညာရပ်ကို Oxford Advanced Learners’ အဘိဓာန်မှာ Beautiful handwriting that you do with a special pen or brush / The art of producing this လို့ ဖွင့်ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ကို အာရဗီလက်ရေးလှ အတတ်ပညာရပ်လို့လည်း လူသိများကြပါသေးတယ်။ တကယ့်ကို အနုပညာမြောက်အောင် ရေးသားရတဲ့ ပညာရပ် တစ်ခုဖြစ်သလို တစ်ချို့စာလုံးတွေကို ရေးသားဖို့ လနဲ့ချီပြီး အချိန်ပေးကာ ရေးဆွဲရပါတယ်။ အစ္စလာမ့် လက်ရေးလှ အတတ်ပညာရပ်ဟာ ကမ္ဘာ့မွတ်ဆလင်မ် အားလုံး လွယ်ကူစွာ ဖတ်တတ်ကြတဲ့ အာရဗီစာလုံးတွေကိုပဲ အခြေခံကာ ရေးဆွဲသားရသလို ဖန်ဆင်းရှင် အလ္လာဟ်အရှင်ရဲ့ အမည်နာမံတော်တွေ၊ ဂုဏ်တော်တွေ၊ ကျမ်းတော်မြတ် ကုရ်အာန်လာ ကျမ်းချက်တွေ၊ အစ္စလာမ့်ယုံကြည်ချက်တွေ၊ ကဆွီဒါကဗျာတွေ၊ စကားပုံစတာတွေကို လက်ရာမြောက်စွာ လက်ရေးသီးသန့်နဲ့ပဲ တီထွင်ရေးသားရပါတယ်။

    အာရပ်၊ ပါရှန်၊ အော်တိုမန် လက်ရေးလှ အတတ်ပညာရပ်တွေဟာ ဗလီဝတ်ကျောင်းတော်တွေရဲ့ နံရံတွေ၊ မျက်နှာကျက်တွေကို အလှတန်ဆာဆင်ခဲ့ကြတဲ့ အာရပ်အနုပညာဒီဇိုင်းတွေနဲ့ များစွာ ဆက်နွယ်လျက်ရှိခဲ့ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ဟာ ကျန်တဲ့အစ္စလာမ့် အနုပညာလက်ရာတွေကြားထဲမှာတော့ တကယ့်စွဲမှတ်အထင်ကြီးစရာ ပညာရပ်တစ်ခုဖြစ်ရတာက ကျမ်းတော်မြတ်ကုရ်အာန်က ကျမ်းချက်တွေကိုပဲ အခြေခံကျကျရေးဆွဲမှုကို ထိန်းသိမ်း မူမပျက်စေတဲ့ အကြောင်းတရားကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ပုံတွေနဲ့ပုံဖော်တင်စားတဲ့ လက်ရေးလှအတတ်ပညာရပ်ဟာ အနုပညာပုံဖော်ခြင်းတစ်ရပ်အနေနဲ့ ခောတ်စားလာခဲ့ပေမယ့်လည်း ဘာသာရေးဆိုင်ရာ ကျမ်းချက်တွေကိုပဲ ရုပ်ပုံအနေနဲ့ အဓိကထားကာ ရေးဆွဲနေကြဆဲဖြစ်ပါတယ်။

    အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ သူတို့အစပြုရာမြို့အမည်တွေကို အစွဲပြုပြီး ကူဖစ်ပုံစံ၊ ကာလဘ်တီပုံစံ၊ ဟီဂျာဇီပုံစံ၊ ပါရှန်ပုံစံစသည်ဖြင့် ခွဲခြားသလို တီထွင်ရေးသားသူတွေရဲ့ အမည်တွေကို အစွဲပြုပြီး ကာလယာကိုတာပုံစံ၊ ရီဟာနီပုံစံ၊ ဂဇ်လာနီပုံစံစသည်ဖြင့် ကွဲပြားကြပါသေးတယ်။

    ကူဖစ်ပုံစံလက်ရေးလှစာလုံးတွေဟာ ရိုးရှင်းတယ်၊ ဂျီသြမေထြီပုံစံကျတယ်၊ ရိုးရှင်းတဲ့ ကာရံတွေကို ရေညီမျဉ်းတွေနဲ့ ရေးသားလေ့ရှိပါတယ်။ သရစာလုံးတွေကို အနီရောင်အစက်တွေနဲ့ ရေးပြီး ဗျည်းတွေကို မျဉ်းတိုတွေနဲ့ ဖတ်ရလွယ်အောင် ခွဲခြားပေးပါတယ်။ တူနီးရှားနိုင်ငံ၊ ကိုင်ရိုအန်မြို့က ဗလီကြီးမှာ ကူဖစ်ပုံစံရေးထွင်းထားတဲ့ လက်ရေးလှစာလုံးတွေကို မြင်နိုင်သေးသလို ရှေးဟောင်း ဒင်္ဂါးပြားတွေမှာလည်း ကူဖစ်လက်ရေးလှတွေကို မြင်နိုင်ပါတယ်။ မဂ်ရီဗီ နဲ့ အန်ဒလူစီ မူကွဲတွေဟာ အကွေ့အကောက်တွေ ပိုမိုပါဝင်တဲ့ ကူဖစ်လက်ရေးလှပုံစံကွဲတွေဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ် နဲ့ အထောက်အထားတွေကို ရေးသားကြရာမှာ ပိုပြီးကွေ့ကောက်မှုတွေပါဝင်တဲ့ ကူဖစ်လက်ရေးလှတွေ အစားထိုးဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

    နက်ရှ်ခ်လက်ရေးလှပုံစံကို ပါရှန်လူမျိုးဖြစ်တဲ့ Ibn Muqla Shirazi (d. 939) က ၁၀ ရာစုနှစ်မှာ ဦးဆောင်စတင်ခဲ့ပြီး သူ့ရဲ့ဆက်ခံသူတွေဖြစ်တဲ့ Ibn al-Bawwab (d. 1022) နဲ့ Yaqut al-Musta’simi (d. 1298) တို့က ပိုမိုကောင်းမွန်အောင် ပြုပြင်ရေးသားခဲ့ကြပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ပိုပြီး ရေးရ ဖတ်ရတာလွယ်ကူတဲ့အတွက် အစောပိုင်းကူဖစ်ပုံစံတွေထက် လူကြိုက်များခဲ့ကာ တန်ဆာဆင်ယင်တဲ့ ရည်ရွယ်ချက်တွေလည်း ပိုမိုပါဝင်လာခဲ့ပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ယခုအချိန်မှာတော့ ပြန့်နှံ့မှုအကောင်းဆုံးဖြစ်နေပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို လက်ရေးလှရေးသားရာမှာ တရားဝင်ရုံးသုံးပုံစံဖြစ်နေပါပြီ။ ၁၇ ရာစုရဲ့ အထင်ရှားဆုံးနက်ရှ်ခ် လက်ရေးလှရေးဆွဲ သူကတော့ အော်တိုမန် လက်ရေးလှရေးဆွဲသူတစ်ဦးဖြစ်တဲ့ ဟာဖဇ် အွတ်ဆမန်ပဲဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရေးလှရေးဆွဲဟန်တွေဟာ ယနေ့ကျမ်းတော်မြတ် ကုရ်အာန်ပုံနှိပ် စာလုံးတွေရဲ့ အခြေခံဖြစ်ခဲ့ပါတယ်။

    တူလု့တ်လက်ရေးလှပုံစံကတော့ အခက်အနွယ်တွေနဲ့ ရှည်လျားလှတဲ့ ထောင်လိုက်မျဉ်းတွေသုံးကာ ပိုမိုအားရှိတဲ့ဖက်ကို ယိမ်းခဲ့ပါတယ်။ တူလု့တ်လက်ရေးလှပုံစံကို ၁၄ ရာစုကုန် ၁၅ ရာစုဆန်းစကာလတွေမှာ မာမ်းလုက်မျိုးနွယ်တွေက သုံးစွဲခဲ့ကြပါတယ်။ စွဲမက်စရာကောင်းလှတဲ့ ဒီလက်ရေးလှပုံစံတွေဟာ တူရကီနိုင်ငံက ဟူဆီရင် နဲ့ ဖူအတ်ဘာဆာဒေသတွေမှာ ရှင်သန်နေဆဲပါ။

    တာဝ်ကီလက်ရေးလှပုံစံဟာ အဘာဆစ်ဒ်ခါလီဖာတွေ လက်ထက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ပါတယ်။ တရားဝင်ဥပဒေတွေကို ပြဌာန်းရာမှာ တရားဝင်သုံးစွဲခဲ့ကြပြီး ရှည်လျားလှတဲ့ဒေါင်လိုက်မျဉ်းကြီးတွေ၊ ကျယ်ပြန့်ကားလှတဲ့ အကွေ့ပုံစံတွေနဲ့တာဝ်ကီလက်ရေးလှပုံစံကတော့ အသုံးနည်းလျက်ရှိနေပါတယ်။ ရစ်ကာအာလက်ရေးလှပုံစံကတော့ တာဝ်ကီလက်ရေးလှပုံစံရဲ့သေးငယ်တဲ့မူကွဲပုံစံတစ်မျိုးပါ။

    ၁၇ ရာစုနောက်ပိုင်းမှာတော့ ပိုမိုပြီးအကွေ့အကောက်တွေနဲ့ တန်ဆာဆင်ယင်ထားတဲ့ အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ တူရကီ နဲ့ ပါရှန်းမြေတွေမှာ ထွန်းကားလာခဲ့ပြန်ပါတယ်။ နာစ်တာလစ်က်လက်ရေးလှပုံစံ၊ ရှီကားစ်တက်လက်ရေးလှပုံစံစသည်ဖြင့် ပုံစံကွဲတွေ ရှိခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွေရဲ့ ၀င်ပေါက်တွေမှာ တန်ဆာဆင်ယင်ခဲ့ကြပါတယ်။ ဒီဝန်နီလက်ရေးလှပုံစံတွေဟာ အော်တိုမန်တူရကီတွေ ၁၇ ရာစုက သုံးခဲ့တဲ့ ပုံစံဖြစ်ပါတယ်။

    တရုတ်ပြည်မှာတော့ ဆီနီလို့ခေါ်တဲ့ အာရဗီလက်ရေးလှ ပုံစံကွဲတစ်မျိုး ပေါ်ပေါက် ထွန်းကားခဲ့တာကို တွေ့မြင်နိုင်ကြပါသေးတယ်။

    လက်ရေးလှ Calligraphy အတတ်ပညာရပ်ဟာ မွတ်ဆလင်မ်တွေရဲ့ ကမ္ဘာမှာ အစ္စလာမ့်အနုပညာရပ်တစ်ခုအနေနဲ့ ထွန်းတောက်ထင်ရှားနေဆဲဖြစ်သလို စာလုံးတစ်လုံးနဲ့ တစ်လုံး ကူးယှက်နွယ်ကာ ရေးသားပြသတဲ့ လက်ရေးလှ အတတ်ပညာရပ်ဟာ ခေတ် အဆက်ဆက်က မြင်ရသူတိုင်းကို အာရဗီ ဘာသာစကားကို မတတ်မြောက်စေကာမူ သူ့ရဲ့ ခမ်းနားကြီးကျယ်နက်နဲမှုတွေ၊ လှပနူးညံ့မှုတွေနဲ့ ဖမ်းစားနေဦးမှာ အမှန်ပဲဖြစ်ပါတော့တယ်။

    ဆွေမွန်
    ၂၇ ဧပြီ ၂၀၁၄

  • ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက် ဖြစ်လာနိုင်သေးသလား

    စည်သူအောင်မြင့်
    မဇ္ဇျိမ သတင်းစာ၊ ၂၁-၄-၁၄။ စာ-၉။

    5-4-2014

    ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဧပြီ ၁၅၊ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စိတ်မကောင်းစရာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ယောက် လာရောက်တဲ့ ကိစ္စကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် ဒေသခံ လူအုပ်စုက ဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ပါ။ ရန်ကုန်တိုင်း လှည်းကူးမှာ ခုလိုပဲ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ နတ်တလင်းမှာ ဖြစ်ပွားခဲ့တာပါ။ အခုနောက်ပိုင်း ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ် ဖြစ်လာပြီလား၊ ဘာကြောင့် ဒီလောက် ဖြစ်ပွားမှု များလာတာပါလဲ၊ အာဏာပိုင်တွေရဲ့ အရေးယူ ကိုင်တွယ်ပုံကရော ကျေနပ်လောက် စရာ ရှိပါရဲ့လား၊ ရှေ့ ဘာတွေများ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

    ဖြစ်စဉ်ကတော့ သိပ် ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ သတင်းဖော်ပြချက်တွေအရ နတ်တလင်းမြို့ပေါ်နေ အစ္စလာမ် ဘာသာဝင် လူငယ်လေးတစ်ယောက်ဟာ တောင်ညိုမြို့သစ်က ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးရဲ့ ဖုန်းဆက်ခေါ်ဆိုမှုကြောင့် အဲဒီလူငယ်လေးဟာ တောင်ညိုမြို့သစ်က မိန်းကလေးရဲ့ အိမ်ကိုသွားပါတယ်။ အဲဒီအိမ်ကို ရောက်ပြီးနောက် ဒေသခံ လူအုပ်စုကြီးက ဘာသာခြား လူငယ်ကို ထုတ်ပေးဖို့၊ သူတို့လက် အပ်ဖို့ တောင်းဆိုပါတယ်။ ထုတ်မပေးတဲ့အခါ အရေအတွက် သုံးရာလောက်ရှိတဲ့ လူအုပ်ကြီးက အဲဒီ အိမ်ကို ခဲနဲ့ပေါက်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းတစ်ချို့ကို ဖျက်ဆီးခဲ့ကြပါတယ်။ နောက်ရက်တွေမှာလည်း အဲဒီ လူငယ်နဲ့ ရင်းနှီးတဲ့ နေအိမ်သုံးလုံးကို ဆက်ပြီး ဖျက်ဆီးခဲ့ကြ ပါသေးတယ်။ ဒီအတောအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၅၀) လောက် လာရောက်ခဲ့ပေမယ့် တစ်စုံတစ်ရာ တားဆီးတာမျိုး မလုပ်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

    သတင်းရေးသားဖော်ပြချက်တွေနဲ့ တကယ့်ဖြစ်ရပ် အသေးစိတ် အချက်အလက် တစ်ချို့ ကွာခြားတာမျိုး ရှိကောင်း ရှိနိုင်ပေမယ့် သေခြာတဲ့ အချက်တွေကတော့ ဘာသာခြား လူငယ်ကို ထုတ်ပေးဖို့ ဒေသခံ လူအုပ်ကြီးက တောင်းဆိုတာပါ။ နောက် နေအိမ် စုစုပေါင်း လေးလုံး ဖျက်ဆီးခံရတာပါ။ အခြားသော ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာလိုပဲ လူအုပ်ကြီးဟာ တရားဥပဒေ အတိုင်းမဟုတ်ပဲ လူတစ်ယောက်ကို သူတို့ လက်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ အပ်လိုက်ရင် သူတို့နည်း သူတို့ဟန်နဲ့ အပစ်ပေး အရေးယူမယ် ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီ လူကို လက်ဝယ်မရတဲ့အခါ ဘာမှမဆိုင်တဲ့ လက်ခံထားသူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်ကြတာမျိုး ဖြစ်ပါတယ်။

    အရင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းရင် အခုဖြစ်စဉ်မှာ ထူးခြားချက် တစ်ချို့ရှိပါတယ်။ အဲဒါကတော့ ဘာသာခြားကို လက်ခံထားတဲ့ ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးကပဲ အကြမ်းဖက် ဖျက်ဆီးပစ်ခြင်းပါ။ ဖျက်ဆီးခံရတဲ့ နေအိမ် လေးလုံးပဲ ရှိတယ် ဆိုပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်၊ အစိုးရရဲ့ ပုံရိပ်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်စေပါတယ်။ အရုပ်ဆိုး အကျည်းတန်စေပါတယ်။ ဒီဖြစ်စဉ်နဲ့ ပါတ်သက်လို့ ဘယ်သူတွေက ဘယ်လိုပဲ အကြောင်းပြပြ ဗုဒ္ဓဘာသာဝင် တစ်ချို့ရဲ့ ဘာသာခြားအပေါ် အမုန်းတရား အခြေခံပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတယ် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုခဲ့ကြတယ် ဆိုတာလည်း ထင်ထင်ရှားရှားကြီး တွေ့နိုင်ပါတယ်။

    အရင်းခံ လက်သယ် အကြောင်းတရားကတော့ အမုန်းတရားပါ။ အဲဒီ ဒေသခံ လူအုပ်ကြီးရဲ့ စိတ်ထဲမှာ အဲလို ဘာသာခြားကို မုန်းတီးတဲ့ စိတ်အခံ ရှိနှင့်နေပြီးသားပါ။ ဒီဖြစ်စဉ်မှာတော့ ဘာသာခြားကို မုန်းတီးတာ တင်မက အဲဒီ ဘာသာဝင်နဲ့ ဆက်ဆံတဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင် မိသားစု တွေကိုပါ မုန်းတီး အကြမ်းဖက် အပစ်ပေးတာ တွေ့မြင်နိုင်ပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ တောင်ညို အကြမ်းဖက်မှု၊ လှည်းကူး အကြမ်းဖက်မှု နဲ့ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ် အားလုံးရဲ့ အရင်းခံဟာ လူတွေရဲ့ စိတ်ထဲ ၀င်ရောက်နေတဲ့ အမုန်းတရားက လှုံ့ဆော်လို့ ဖြစ်ရတာပါ။ ဒီလိုဖြစ်ရအောင်ကလည်း အစိုးရအဖွဲ့သစ် တက်လာပြီးနောက်ပိုင်း ဘာသာခြား မုန်းတီးရေး လှုံ့ဆော်မှုတွေ အဆက်မပြတ် ရှိနေခဲ့တာက အဓိက ပြသနာပါ။ မိတ္တီလာ အကြမ်းဖက်မှုနဲ့ တခြား အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က အမုန်းတရား ဖြန့်ဖြူးသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ပြည်တွင်းမှာသာမက နိုင်ငံတကာကိုပါ အတိအလင်း ကြေငြာခဲ့ပေမယ့် ဘယ်တစ်မှုကိုမှ မယ်မယ်ရရ အရေးယူခဲ့တာ မတွေ့ကြရပါဘူး။

    ဒါကြောင့်လည်း နောက်ပိုင်းကာလမှာ အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး ပေါ်ပေါ်ထင်ထင်၊ ပိုပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက် လာကြတာ တွေ့မြင်ကြရပါတယ်။ အမုန်းတရား ဖြန့်ဖြူးသူ အရည်အတွက်လည်း ပို ပိုပြီး များပြားလာတာ တွေ့မြင်လာရပါတယ်။ အမုန်းတရား ဖြန့်ဖြူုးသူတွေ နားနေတာတောင် သူတို့ ဟောပြောထားတဲ့ စာရွက်စာတမ်းတွေ၊ စာစောင်တွေ၊ စီဒီနဲ့ ဒီဗွီဒီ ဓာတ်ပြားတွေ၊ အွန်လိုင်း စာမျက်နှာတွေဟာ ရပ်တန့်နေတာ မဟုတ်ပါဘူး။ အောက်ခြေ ပြည်သူ လူထုထဲကို စိမ့်ဝင်သထက် စိမ့်ဝင်၊ ပျံ့နှံ့သထက် ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးနေတာတွေ မရပ်တန့်နိုင်သေးသ၍ ခုလို အကြမ်းဖက်မှုမျိုး နောက်ထပ် ဘယ်လို နေရာမှာမဆို ဆက်ပြီး ဖြစ်ပွားနိုင်ပါသေးတယ်။

    ဒုတိယ အရေးကြီးတာတစ်ခုက အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံပါ။ ရှေ့ပိုင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်လိုက်ရင် လူစုလူဝေးနဲ့ အကြမ်းဖက်မှု လုပ်တာကို မဖြစ်ရအောင် ထိထိရောက်ရောက် ကာကွယ်တားဆီးမယ်၊ ဖြစ်လာရင်လည်း နောက် မဖြစ်ရလေအောင် လှုံ့ဆော်သူ၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမယ် ဆိုပြီး လုပ်ကိုင်တာမျိုး မတွေ့မြင်ကြရပါဘူး။ ပြသနာရဲ့ အစ ဖြစ်တဲ့ သာမန် အမှုအခင်း ကျူးလွန်မိသူတွေကို အဓိကရုဏ်း အကြမ်းဖက်မှု လှုံ့ဆော်သူတွေသဖွယ် ကြီးလေးတဲ့ ပစ်ဒါဏ် ချပြတာမျိုးပဲ လုပ်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အရေးယူမှုပုံစံမျိုးပါ။ အကျိုးဆက်အဖြစ် အကြမ်းဖက်သမားတွေဟာ အခုနောက်ပိုင်း ပိုပြီး ရဲတင်း၊ ပိုပြီး လက်ရဲ ဇက်ရဲ နိုင်လာတာ တောင်ညိုဖြစ်စဉ်မှာလည်း တွေ့နိုင်ပါတယ်။

    ဒီကနေ့အချိန်ထိတော့ အမုန်းတရား ဖြန့်ဖြူးမှုတွေနဲ့ ပါတ်သက်ပြီး အစိုးရဘက်က လျစ်လျူရှုထားသလို တိုင်းပြည်ကောင်းစားရေးအတွက် ဆိုပြီး ကြွေးကြော်နေကြတဲ့ အတိုက်အခံတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တာမျိုး မမြင်မတွေ့ကြရသေးပါဘူး။ အလားတူ အကြမ်းဖက် သမားတွေကို ပြတ်ပြတ်သားသား အရေးယူတော့မယ် ဆိုပြီး တပ်မတော်က ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဘက်ကလည်း ဘာ သံဓိဌာန်ချမှုမျိုးမှလည်း မကြားရသေးပါဘူး။ ဒီအတွက် ခုလို အကြမ်းဖက်မှုမျိုး ရှေ့လျောက် ဆက်ပြီး မြင်တွေ့ကြရဦးမှာ ဖြစ်သလို၊ ဗုဒ္ဓဘာသာ ပုံရိပ်၊ အစိုးရပုံရိပ်၊ မြန်မာနိုင်ငံ ပုံရိပ် ဆက်ပြီး ကျဆင်းလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    https://www.facebook.com/sithu.aungmyint/posts/277045789144895?fref=nf

    ပုံစာအညွှန်း-တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေ၏ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှ အကြမ်းဖက်ရန် လှုံဆော် ရေးသားမှုများ

  • ပြင်သစ် ဘောလုံး လက်ရွေးစင်ဟောင်းတစ်ဦး အလ်ဂျီးရီးယားတွင် အစ္စလာမ်သာသနာသို့ သက်ဝင်ကူးပြောင်း

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media

    – အလ်ဂျီးရီယား ကလပ်အသင်းတစ်ခုကို နည်းပြနေသည့် ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်း ဖရန်စီအို့စ် ဘရက်စီမှာ အစ္စလာမ် သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့သည်ဟု သိရသည်။

    CLUB_AFRICAIN_BRACCI_010710

    ကစားသမားဘ၀ဖြင့် ပြင်သစ်ကလပ် အိုလံပစ်မာဆေးလ်နှင့် စထရာ့စ်ဘော့ဂ် အသင်းတို့တွင် စံချိန်ကောင်းများရရှိခဲ့ပြီး လက်ရှိတွင် အလ်ဂျီးရီးယား ပရီးမီးယားလိဂ်ကလပ် Laghouat အသင်းကို နည်းပြနေသည့် ဘရက်စီမှာ ပြီးခဲ့သည့် သောကြာနေ့က ရှာဟာဒါ (အစ္စလာမ်အား သက်ဝင်ကြောင်း သက်သေခံချက်) ထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟု အလ်ဂျီးရီးယား နေ့စဉ် သတင်းဆိုဒ် reflexiondz.net က ဖော်ပြခဲ့သည်။

    ဘရက်စီ အစ္စလာမ်အတွင်းသို့ ၀င်ရောက်လာမှုကို လူငယ်များကလည်း ကျေနပ်ခဲ့ကြကာ ချီးကျူးသြဘာ ပေးခဲ့ကြသည်ဟု ရေးသားထားသည်။ ဘရက်စီမှာ မြောက်အာဖရိကနိုင်ငံများဖြစ်သည့် မော်ရိုကို၊ တူနီးရှားနှင့် အလ်ဂျီးရီးယားတို့တွင် နည်းပြ အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက ကျင်လည်နေခဲ့သူဖြစ်သည်။

    မွတ်စလင်အများစုရှိရာ နိုင်ငံများ၌ ရှိနေစဉ်နှစ်များ အတွင်း မိမိမှာ အစ္စလာမ်၏ သင်ကြားမှုများကို လေ့လာမှတ်သားခဲ့သည်ဟု အသက် ၆၃ နှစ်အရွယ်ရှိ ဘရက်စီကဆိုသည်။ အသေးစိတ်လေ့လာမှုများကို ပြုလုပ်ခဲ့ပြီးနောက် ဘရက်စီမှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်လာခဲ့ခြင်းဖြစ်သည်။

    မာဆေးလ်နှင့် စထရာ့စ်ဘော့ဂ်အသင်းများနှင့်ရရှိခဲ့သည့် အောင်မြင်မှုများကြောင့် ဘရက်စီမှာ ၁၉၇၈ ခုနှစ်က အာဂျင်တီးနားတွင်ပြုလုပ်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။

    အလ်ဂျီးရီးယားတွင် နည်းပြလုပ်နေစဉ် အစ္စလာမ်ကို လက်ခံလာခြင်းမှာ ဘရက်စီက ပထမဆုံးမဟုတ်ဘဲ Shabab ဘောလုံးအသင်း၏ ခရစ်ယာန် ဘာသာဝင် နည်းပြဖြစ်သူ ကဆာရ် အဲလ် ဟီရန်မှာလည်း ယခင်က ထိုကဲ့သို့ အစ္စလာမ်သာသနာအား လက်ခံခဲ့ဖူးသည်။

    OnIslam & News Agencies

  • ယူကရိန်း ဒုတိယမြို့တော် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခံရ

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media

    – မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့မှ အုပ်ချုပ်ရေးမှူးအား သေနတ်သမားများက ပစ်ခတ်သွားခဲ့သည်ဟု သိရသည်။

    wH8Uk7q-360

    Kharkiv မြို့၏ အုပ်ချုပ်ရေးမှူး ဟန်နာဒီ ကာနက်စ်၏မှာ ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နောက်ကျောအား ထိမှန်ခဲ့သည်။ ယခုလက်ရှိတွင် ကာနက်စ်မှာ ဆေးရုံ၌ ခွဲစိတ် ကုသမှုခံနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင်ရှိနေသည်ဟု မြို့တော်အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

    ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ယူကရိန်း အာဏာပိုင်များက မည်သည့်မှတ်ချက်မှ မပေးသေးဘဲ ပစ်ခတ်မှု၏နောက်ကွယ်တွင် မည်သူ ရှိနေသည်ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ကာနက်စ်မှာ ယူကရိန်းတွင်ဖြစ်ပွားခဲ့သည့် နောက်အုပ်စု လိုလားသော ဆန္ဒပြပွဲများကို ဆန့်ကျင်သူ တစ်ဦးဖြစ်ပြီး၊ ထိုဆန္ဒပြသူများအား အရှက်ရစေရန်အတွက် ယူကရိန်းအရှေ့ပိုင်းမှ လူများလွှတ်ကာ ဆောက်ရွက်ခဲ့သူအဖြစ် လူသိများသည်။

    သို့သော်လည်း ယူကရိန်းအစိုးရသစ် တက်လာပြီးနောက် ကာနက်စ်မှာ သဘောထားပျော့ပြောင်းခဲ့ပြီး ခွဲထွက်ရေးသမားများအား ထောက်ခံအားပေးမည် မဟုတ်ဘဲ၊ ရုရှား၏ မည်သည့် ကျူးကျော်မှုမျိုးကိုမဆို လက်ခံမည်မဟုတ်ဟု အခိုင်အမာပြောဆိုထားသူဖြစ်သည်။

    ယူကရိန်းအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများမှာ အစိုးရအဆောက်အဦးများကို သိမ်းပိုက်ထားပြီး လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာကာ လာမည့် မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရန် စီစဉ်ထားသည်။

    Agencies

  • အီဂျစ်တရားရုံးက မွတ်စလင်ညီအကိုများ အဖွဲ့ဝင် ၇၀၀ နီးပါးအား သေဒဏ် အမိန့်ချမှတ်

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media
    – စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရတရားရုံးက မွတ်စလင်ညီအကိုများပါတီအား ထောက်ခံသူ ၆၈၃ ဦးအား သေဒဏ်ပေးရန် ယနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
    20144288548828734_20
    သေဒဏ်ပေးခံရသူများတွင် အဆိုပါအဖွဲ့၏ ဦးသျှောင် မိုဟာမက် ဘာဒီလည်း ပါဝင်ခဲ့သည်။ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် တရားခံများ၏ မိသားစုဝင်များက တရားရုံးဝင်း အတွင်း အော်ဟစ်ကြိမ်းမောင်းခဲ့ကြပြီး၊ အမျိုးသမီး အများအပြားမှာလည်း မေ့လဲသွားခဲ့ကြသည်။

    ထိုအမှုအားစောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ Amnesty International မှ သုတေသနပညာရှင် မိုဟာမက် အဲလ်မက်စီရီက တရားရေးအဖွဲ့မှာ အခြေခံအချက်ဖြစ်သည့် တရားမျှတမှုအား အာမခံပေးခြင်း မရှိဟု ဆိုသည်။

    တရားခံရှေ့နေများကလည်း တရားရုံး၏ ကြားနာမှုကို သပိတ်မှောက်ခဲ့ကြပြီး တရားသူကြီးအား  သားသတ်သမားဟု ခေါ်ဝေါ်ခဲ့သည်။ တရားခံ ၂၅ ဦး၏ ရှေ့နေဖြစ်သူ မိုဟာမက် အဘ်ဒဲလ် ၀ါဟစ်ဘ်ကမူ ယခင်က တရားရုံးတွင် ကြားနားမှုမှာ အနည်းဆုံး ၄ နာရီခန့်ကြာခဲ့သော်လည်း ယခုကြားနာမှုမှာ ငါးမိနစ်သာကြာခဲ့ပြီး အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အီဂျစ်နိုင်ငံသမိုင်းတွင် ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်နိုင်ခဲ့သော မွတ်စလင်ညီအကိုများအဖွဲ့မှ သမ္မတမော်စီကို အီဂျစ်စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အဖွဲ့ဝင်များကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ ထိုအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာခဲ့ပြီး မကြာသေးခင်က ဖင်ဆီးခံထားရသည့် မွတ်စလင်ညီအကိုများအဖွဲ့ဝင် ၅၂၉ ဦးကို တရားစွဲဆိုခဲ့ကာ ၃၇ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ် ၂၅ နှစ်အဖြစ် ပြောင်းလဲခဲ့သည်။
    Al Jazeera