News @ M-Media

Blog

  • လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် ဆွာရက်ဇ်နှင့် စကာတဲလ်သို့ အချင်းများခဲ့

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    – ယမန်နေ့က ပြုလုပ်ခဲ့သည့် လီဗာပူးလ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် တိုက်စစ်မှူး ဆွာရက်ဇ်နှင့် နောက်ခံလူစကာတဲလ်တို့မှာ အချင်းများခဲ့ကြသည်ဟု သိရသည်။

    article-2613791-1D5E75A600000578-804_634x432

    Melwood လေ့ကျင့်ရေးကွင်းတွင် လီဗာပူးလ်အသင်းသားများမှာ ၃ ယောက် နှစ်ဖွဲ့ခွဲ၍ ဘောလုံးဖြင့် ပိုက်ကျော်ခြင်းကစားနေစဉ် တစ်ဘက်အသင်းမှ စကာတဲလ်က ရယ်စရာများပြော၍ ခြင်းခတ်နေသည့် ဘောလုံးအား လက်ဖြင့်ထိန်းခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဆွာရက်ဇ်မှာ စကာတဲလ်၏ထိုလုပ်ရပ်ကြောင့် မကျေမနက်ဖြစ်ကာ ပိုက်နားသို့တိုးလာခဲ့ပြီးနောက် တွန်းထိုးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အသင်းဖော်များက ဖြန်ဖြေပေးခဲ့မှုကြောင့် ထိုအချင်းများမှုမှာ ပြီးဆုံးခဲ့သည်။

    ထိုကဲ့သို့ဖြစ်ပွားချိန်တွင် နည်းပြဘရန်ဒန်ရော်ဂျာ အနားတွင်ရှိနေသော်လည်း မည်သည့်တုံ့ပြန်မှုများမှ မပြုလုပ်ခဲ့ပေ။ လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံဖြစ်ရေး အဓိကပြိုင်ဘက်ဖြစ်သည့် ချယ်ဆီးအသင်းနှင့် ယနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

  • ဂျူးမျိုးသုန်း သတ်ဖြတ်ခဲ့သည့် Holocaust မှာ စက်ဆုပ်ဖွယ် အကောင်းဆုံး ရာဇ၀တ်မှုဟု ပါလက်စတိုင်း သမ္မတပြော

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    ဂျူးများကို သုတ်သင်သည့် Holocaust အစီအစဉ်မှာ ခေတ်သစ်သမိုင်းတွင် လူသားများအပေါ်ကျူးလွန်သည့် စက်ဆုပ်ဖွယ်အကောင်းဆုံး ရာဇ၀တ်မှုဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတဆို

    1494307030

    – နာဇီများက ဂျူးများကို သုတ်သင်သည့် Holocaust အစီအစဉ်မှာ ခေတ်သစ်ကမ္ဘာတွင်လူသားများအပေါ် ကျူးလွန်သည့် စက်ဆုပ်ဖွယ်ရာ အကောင်းဆုံး ရာဇ၀တ်မှုဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်က ယနေ့တွင် ပြောကြားလိုက်သည်။

    အစ္စရေးက Holocaust အောက်မေ့ဖွယ် အခမ်းအနားမကျင်းပမီ နာရီအနည်းငယ်အလိုတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် အဘတ်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နာဇီတို့၏ သုတ်သင်ခြင်းခံခဲ့ရသည့် ဂျူးလူမျိုး ၆ သန်းနှင့် ကျန်ရှိနေသည့် မိသားစုများအား စာနာမိသည်ဟုလည်းဆိုသည်။

    “Holocaust မှာ ဂျူးတွေ ကြုံတွေ့ခဲ့ရတာတွေဟာ ခေတ်သစ်ကမ္ဘာမှာ လူသားထုအပေါ် ကျူးလွန်တဲ့ စက်ဆုပ်ဖွယ်အကောင်းဆုံး ရာဇ၀တ်မှုကြီးပါပဲ” ဟု အဘတ်စ်က ဆိုသည်။

    Holocaust အောက်မေ့ဖွယ်နေ့တွင် နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း သေဆုံးသွားသည့် ဂျူးများအတွက် အထူးအစီစဉ်တစ်ခုကို ယနေ့ညနေတွင် ပြုလုပ်ရန် အစ္စရေးက စီစဉ်နေပြီး သေဆုံးသူများအတွက် ၂ မိနစ် ငြိမ်သက် ဂါရ၀ပြုသွားမည်ဖြစ်သည်။

    အဘတ်စ်က ၎င်း၏ကြေညာချက်တွင် Holocaust ဖြစ်ရပ်မှာ တိုင်းရင်းသားများကို ခွဲခြားမှုနှင့် လူမျိုးရေးခွဲခြားမှုဝါဒအား ရောင်ပြန်ဟပ်စေပြီး ထိုဝါဒများကို ပါလက်စတိုင်းပြည်သူများက ဆန့်ကျင့် ကန့်ကွက်သည်ဟု ထည့်သွင်းဖော်ပြထားသည်။

    “နေရာတိုင်းက ဖိနှိပ်ခံပြည်သူတွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဆောင်ကျဉ်းပေးနိုင်ရန်အလို့ငှာ လူမျိုးရေးခွဲခြားမှုဝါဒနဲ့ မတရားမှုကို တိုက်ဖျက်ဖို့ ကမ္ဘာကြီးက အဆုံးစွန်ဆုံး လုပ်ဆောင်ရပါမယ်။ မတရားမှု၊ ဖိနှိပ်မှု၊ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးတို့ ငြင်းပယ်ခံရမှုကို တွေ့ကြုံခံစားနေရတဲ့ ပါလက်စတိုင်းပြည်သူတွေက ဒီလို ရာဇ၀တ်မှုတွေကို ကျူးလွန်သူတွေအပေါ် ကျရောက်နေတဲ့ မတရားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေကို ဖယ်ရှားဖို့ ပထမဆုံးတောင်းဆိုလိုက်ပါတယ်” ဟု ထည့်သွင်းဖော်ပြထားည်။

    ယခုနှစ် ဇန်န၀ါရီလက အစ္စရေးထောက်လှမ်းရေးဝန်ကြီး ယူဗဲလ် စတိုင်နစ်ဇ်က အဘတ်စ်မှာ ဂျူးဆန့်ကျင်ရေးဝါဒီဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    AFP/nd/ec

  • ယူကရိန်းက ဓာတ်ငွေ့ဖိုး အကြွေးမပေးပါက ဥရောပ ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ပစ်မည်ဟု ရုရှားသတိပေး

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းက ပေးချေရန်ရှိနေသည့် ဓာတ်ငွေ့ဖိုးအကြွေးအား မပေးနိုင်ပါက ဥရောပသို့ပို့လွှတ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ပစ်မည်ဟု ရုရှား စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။

    Russia warns of Europe gas delivery cut over Ukraine debt

    ယမန်နေ့တွင် စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နိုဗက်က ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ယူကိရိန်းမှ ရုရှားအပေါ်ပေးရမည့် ဓာတ်ငွေ့ဖိုးမှာ ၂.၂၃၀ ထရီလီယံရှိသည်ဟုဆိုသည်။ ထိုအကြွေးပမာဏမှာ ဧပြီလအတွက် ကုန်ကျမည့် ၁.၃ ဘီလံအား ထည့်တွက်ထားခြင်းမရှိဘဲ၊ အကြွေးမှာ ထပ်မံမြင့်တက်ရန်ရှိနေသည်။

    ထိုအကြွေးမဆပ်နိုင်ခြင်းက ယူကရိန်းတွင်ရှိနေသည့် မြေအောက်ဓာတ်ငွေ့သိုလှောင်ရုံသို့ ဓာတ်ငွေ့များ လုံလောက်အောင် ထည့်မပေးသည့်အခြေအနေအထိ ဦးတည်သွားနိုင်ပြီး ဥရောပအရှေ့တောင်ပိုင်း ဒေသများ ဓာတ်ငွေ့ပြတ်လတ်မှုနှင့် ကြုံ့တွေ့ရနိုင်သည်ဟု နိုဗက်က ထည့်သွင်း ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံအတွင်းလိုအပ်နေသည့် ဓာတ်ငွေ့ပမာဏ ထက်ဝက်ခန့်နှင့် ဥရောပတိုက်၏ ဓာတ်ငွေ့လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ယူကရိန်းပိုင်နက်အတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ရုရှားက ဖြည့်ဆည်းပေးနေရသည်။

    ရုရှား ဂက်စ်ကုမ္ပဏီ Gazprom မှာ ဥရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဂရိ၊ ဟန်ဂေရီနှင့် ဆာဘီးယားနိုင်ငံတို့အား ပင်လယ်နက်မှဖြတ်၍ ဓာတ်ငွေ့ပို့လွှတ်ရန်အတွက် ကန်ဒေါ်လာ ၄၅ ဘီလီယံတန် ပိုက်လိုင်းတစ်ခုကို ဆောင်လုပ်ရန် စီစဉ်နေသည်။

    အဆိုပါ တောက်ဘက်ပိုက်လိုင်းမှာ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂက်စ်ပမာဏ ၆၄ ဘီလီယံ ကျုဗစ်မီတာ ပို့လွှတ်နိုင်မည်ဖြစ်ဖြစ်သည်။ ထိုပမာဏမှာ ဥရာပ၏ ဓာတ်ငွေ့လိုအပ်ချက် ၁၅ ရာခိုင်နှုန်းဖြစ်သည်။

    Press TV

  • နစ်မြုပ်သွားသည့် ခရီးသည်တင် သင်္ဘော ကိစ္စ ကောင်းစွာ မကိုင်တွယ်နိုင်၍ တောင်ကိုရီးယား ၀န်ကြီးချုပ် ရာထူးမှနှုတ်ထွက်

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    – ဧပြီလ ၁၆ ရက်နေ့က တိမ်းမှောက်နစ်မြုပ်ခဲ့သည့် ခရီးသည်တင်သင်္ဘောနှင့် ပတ်သက်၍ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကိစ္စအား တာဝန်ယူသည့်အနေဖြင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်ခဲ့သည်ဟု သိရသည်။

    South Korea's PM resigns over ferry disaster

    ယနေ့နံနက်အစောပိုင်းတွင် ဆိုးလ်မြို့၌ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေး၌ ၀န်ကြီးချုပ် ချောင်ဟွန်းဝန်က နှုတ်ထွက်ကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။

    “ဒီလိုအဖြစ်မျိုး မဖြစ်ပွားအောင် မတားဆီးနိုင်ခဲ့တာနဲ့ ဖြစ်လာတဲ့ အခါမှာ ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့တဲ့ အတွက်ကြောင့် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ဒီကိစ္စအတွက် ၀န်ကြီးချုပ် တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာ တာဝန်အပြည့်ရှိတယ်လို့ ယုံကြည်ပြီး၊ ရာထူးကနေ နှုတ်ထွက်ပါတယ်” ဟု ချောင်ဟွန်းဝန်က ပြောကြားခဲ့သည်။

    ခရီးသည်နှင့် သင်္ဘောအမှုထမ်း ၄၇၆ ဦးနှင့် ယာဉ်အစီးရေ ရာချီတင်ဆောင်ကာ အင်ချီယွန်ဆိပ်ကမ်းမှ ဂျဲဂျူးကျွန်းသို့ ပုံမှန်အတိုင်းပြေးဆွဲနေစဉ် ရုတ်တရက်ကွေ့လိုက်ရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ခရီးသည် ၁၇၄ ဦးကိုသာ ကယ်တင်နိုင်ခဲ့ကာ၊ သေဆုံးသူ ၁၈၇ ဦးနေပြီး ၁ ရာကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။

    သင်္ဘောတိမ်းမှောက်မှု အတွင်း လွတ်မြောက်လာခဲ့သည့် သင်္ဘောဝန်ထမ်း ၁၅ ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကာ ခရီးသည်များအား လစ်လျူရှုမှု၊ သင်္ဘောအား စွန့်ခွာမှုတို့ဖြင့် တရားစွဲထားသည်။ သင်္ဘော တိမ်းမှောက်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ တောင်ကိုရီးယား အစိုးရမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

  • မြန်မာနိုင်ငံတွင် မွတ်စလင်များကို ဖိနှိပ်ထားမှု အိုဘားမား သတိပေး၊ နိုင်ငံ့အခြေအနေ ဆိုးရွားသွားစေနိုင်သည်ဟုပြော

    ဧပြီ ၂၇၊ ၂၀၁၄
    M-Media

    – လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများက မြန်မာနိုင်ငံအား ဆိုးရွားသောလမ်းကြောင်းသို့ ရောက်သွားစေနိုင်သည်ဟု မလေးရှားသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
    obama_web_3

    “မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး”

    ယခင် စစ်အာဏာရှင်စနစ်မှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ရဲရင့်စွာ ဆောင်ရွက်နေခြင်းအား အိုဘားမားက ချီးကျူးခဲ့သော်လည်း နှစ်ပေါင်းများစွာကြာ ဖိနှိပ်ချုပ်ချယ်ခဲ့ပြီးနောက် ဒီမိုကရေစီ စနစ်ပြောင်းလဲခြင်းတွင် အန္တရာယ်များလည်း ရှိနေခဲ့သည်ဟု သတိပေးခဲ့သည်။

    “မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ကွာလာလမ်ပူ မြို့တော်ခန်းမတွင် ပြုလုပ်သည့် အစည်းအဝေး၌ အိုဘားမားက ပြောကြားခဲ့သည်။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ လက်ထဲတွင် ညှင်းပန်း နှိပ်စက်ခြင်းခံနေရသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်လူနည်းစုများကို ရည်ညွှန်း၍ အိုဘာမားက ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “ဒီမိုကရေစီကို ပြောင်းလဲနေတဲ့နေရာမှာ အခုရှိနေတဲ့ အန္တရာယ်က ကွဲပြားတဲ့ လူမျိုးစုတွေနဲ့ မတူညီတဲ့ ဘာသာတရားတွေပါပဲ။ တကယ်လို့ ပြည်သူတွေဟာ ဘာသာရေးနဲ့ လူမျိုးရေး သတ်မှတ်ချက်တွေမှာ နိုင်ငံရေးဆိုင်ရာ အဖွဲ့ ဖွဲ့တာတွေစလာမယ်ဆိုရင်တော့… ပဋိပက္ခတွေကို သေချာပေါက် စတွေ့လာရမှာပါ…. အဲဒီလို ပဋိပက္ခတွေဟာ မြန်မာနိုင်ငံကို သိပ်ကိုဆိုးရွာတဲ့လမ်းကြောင်းထဲ ရောက်သွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ မွတ်စလင်လူနည်းစုတွေရှိတယ်။ သူတို့ တော်တော်များများဟာ သမိုင်းကြောင်းနဲ့ချီ အနှိမ်ခံရပြီး၊ သူတို့ရဲ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ကာကွယ်ပေးခြင်းလည်း မခံရပါဘူး” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    AFP