News @ M-Media

Blog

  • သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား အလွန်စည်ကားခဲ့

    သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား အလွန်စည်ကားခဲ့

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media
    လမင်း

    DSC01238

    ရန်ကုန်  ။       ။       ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် NLD အဖွဲ့ဝင်များ၊ အခြားနိုင်ငံရေး ပါတီများ၊ စာပေ အနုပညာအသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များ၊ ဆရာကြီးအား ချစ်ခင်လေးစားကြည်ညိုလှသော ပြည်သူအများက ဆရာကြီးအား နောက်ဆုံးအနေဖြင့် သွားရောက်ဂါရ၀ပြုခဲ့ကြပါသည်။

    ဆရာကြီး၏နောက်ဆုံးခရီးကို ယုဒသာန်ခန်းမမှ ရေဝေးသုသာန်သို့ ကားအစီး ၁၀၀ ကျော်ဖြင့် လိုက်ပါပို့ဆောင်မည့်သူများကို ပို့ဆောင်ပေးခဲ့ပြီး ဆရာကြီး၏ ဈာပနကိုဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် ဆရာကြီးဦးဝင်းတင်၏တပည့်များက မြောက်ဥက္ကလာအ၀ိုင်းမှ ရေဝေးသုသာန်ထိ လမ်းလျှောက် ဂါရ၀ပြုခဲ့ကြကြောင်းလည်း သိရသည်။

    ရေဝေးသုသာန်သို့ကားများမထွက်ခွာမီ ယုဒသာန်တွင်ကျင်းပနေသော အောက်မေ့ဖွယ်အခမ်းအနားတွင် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က “ဆရာကြီးရဲ့ဈာပနာဟာ နိုင်ငံတော်ဈာပနာမဖြစ်ပေမဲ့ ပြည်သူ့ဈာပနာဖြစ်ခဲ့တယ်” လို့ပြောကြားခဲ့ပါသည်။

    ဆရာကြီး၏ အောက်မေ့ဖွယ်အခမ်းအနားကို မြန်မာနိုင်ငံရှိအနယ်နယ်အရပ်ရပ်မှ ပြည်သူများလာရောက်ခဲ့ကြပြီး လူဦးရေ အလွန်များပြားလွန်းသောကြောင့် လည်းကောင်း၊ ရာသီဥတုပူလွန်းသောကြောင့်လည်းကောင်း လာရောက်သူအချို့မှာလည်း မူးမေ့လဲသူများရှိခဲ့ပြီး နာရေးကုညီမှုအသင်းမှအပြင်သို့ ခေါ်ဆောင် သွားခဲ့ရကြောင်း သိရသည်။

    ဆရာကြီးဦးဝင်းတင်သည် ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဆရာကြီး၏ဂါရ၀ပြုအခမ်းအနားကို ယုဒသာန်တွင် ၂၁ ၊၂၂ ရက်နှင့် ၂၃ ရက်နေ့လည် ၁၂ နာရီအထိထားရှိကာ ဆရာကြီးကိုချစ်သော ပုဂ္ဂိုလ်များလာရောက်ဂါရ၀ပြုခဲ့ကြပြီး ၂၃ ရက်နေ့ ညနေ ၅ နာရီ တွင် ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ပြုလုပ်ခဲ့သည်။

  • ဘယ်လမ်းကြောင်းနဲ့ သွားမလဲ မြန်မာမွတ်စလင်

    ဧပြီ ၂၂၊ ၂၀၁၄
    ရေးသူ- ဦးဦး မှော်ဆရာ

    ခု ကျနော်ရေးတဲ့ အကြောင်းအရာက မြန်မာပြည်က ရိုဟင်ဂျာမဟုတ်တဲ့ ကျန်မွတ်ဆလင်တွေ အတွက်ပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စက International Issue ဖြစ်ပြီးသားဖြစ်လို့ သူတို့သွားနေတဲ့ လမ်းကြောင်းက သက်သက် ရှိပါလိမ့်မယ်။ အခြား မွတ်ဆလင်တွေကရော ရိုဟင်ဂျာတွေလို ခွဲခြားဖိနှိပ်မှုတွေ မခံရဘဲ ကျန်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ တန်းတူ အခွင့်အရေးရနေသလား၊ ညီမျှတဲ့ ဂုဏ်သိက္ခာရှိနေ သလား .. ဒါကို စဉ်းစားရမယ်။

    `တန်းတူရနေတယ်၊ ပျော်ပျော်ရွင်ရွင်ပဲ´ ဆိုရင်တော့ ကျနော်ရေးထား တာတွေ ဆက်ဖတ်ဖို့မလိုအပ်ပါဘူး။ ဒါမှမဟုတ် ကျနော်တို့မှာလည်း လိုအပ်ချက်တွေ ရှိနေတယ်၊ နိုင်ငံရေးအရ တိုက်ပွဲဝင်စရာတွေ ရှိနေတယ်´ ဆိုရင်တော့ ကျနော် တွေးမိတာတွေနဲ့ တူမလားလို့ ဆက်ဖတ်ကြည့်ပါ။

    which way to go

    မြန်မာမွတ်ဆလင်တွေ ဘာတွေလိုအပ်နေလဲ

    –       တန်းတူအခွင့်အရေးရစေဖို့

    –       တူညီသော ဂုဏ်သိက္ခာ နဲ့ အသိအမှတ်ပြုမှုရစေဖို့

    –       မသေချာ မရေရာမှုတွေ၊ သံသယတွေ လျော့နည်းစေဖို့

    –       ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့

    –       ကြောက်ရွံခြင်း နဲ့ မလုံခြုံမှုတွေကနေ လွတ်ကင်းစေဖို့

    –       လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ရဖို့

    –       မြန်မာပြည်ရဲ့ တိုင်းရင်းသားမျိုးနွယ်စုထဲမှ တစ်စုအဖြစ် အသိအမှတ်ပြုစေဖို့

    –       ပြည့်ဝတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိစေဖို့

    –       အုပ်ချုပ်ရေးပိုင်းမှာလည်း သူများနည်းတူ ပါဝင်ဆောင်ရွက်နိုင်စေဖို့ (အဆင့်မြင့်

    မွတ်ဝန်ထမ်း မခန့်ခြင်း)

    –       တရားဥပဒေရဲ့ အကာအကွယ်ကို တန်းတူရရှိစေဖို့

    –       အသက်အိုးအိမ်စည်းစိမ်တွေ လုယူဖျက်ဆီးခံလိုက်ကြရတဲ့ သူတွေကို ပြန်လည်ထူထောင်ပေးနိုင်ဖို့

    –       သူတို့နေရာသူတို့ ပြန်ရစေဖို့ (သို့) ဒါနဲ့ တန်ဖိုးချင်းညီမျှတဲ့ အစားပြန်ရစေဖို့

    –       ဖျက်ဆီးခံလိုက်ရတဲ့ သာသနိကအဆောက်အအုံတွေ ပြန်ဆောက်ခွင့်ရစေဖို့

    –       စိတ်ဒဏ်ရာတွေ ကုစားနိုင်ဖို့

    –       မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့

    –       ဘာသာရေးလွတ်လပ်ခွင့် ရရှိစေဖို့

    ဒါတွေက ခင်ဗျားတို့လိုအပ်လိမ့်မယ်လို့ ထင်တာတွေကို အကြမ်းဖျင်း ချရေးကြည့်တာပါ။ ဒီလောက် အများကြီးထဲက issue တူတာတွေကို ခေါင်းစဉ် တစ်ခုတည်း အောက်မှာ ထည့်ပြီး ချုံ့လိုက်ရင် အကြောင်းအရာ နည်းသွားလိမ့်မယ်။ ပြီးမှ ဘာကို ဦးစားပေးရမလဲဆိုတာ ရွေးချယ်ရပါမယ်။ အခြား တိုင်းရင်းသားများနဲ့ `တန်းတူအခွင့်အရေး ရဖို့´ ဆိုတဲ့အချက်ကို ကျနော် ဆွဲထုတ်ကြည့်ပါမယ်။ ကျန်တာတွေထဲမှာ ဒီအချက်ကနေ ဆက်စပ်ရရှိလာနိုင်တာတွေ ရှိသလို၊ တပြိုင်နက်လုပ်ဆောင် ရမှာတွေလည်း ရှိပါတယ်။

    အရေးကြီးတဲ့ တချက်ပြောဖို့ ကျန်ပါသေးတယ်။ ဒါက ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပါဝင်နေတဲ့ Actors တွေပါပဲ။ ဒါတွေဟာ မြန်မာပြည်က မွတ်ဆလင်တွေရဲ့ လိုအပ်ချက်တွေအတွက် လုပ်ဆောင်တာ ဆိုပေမဲ့ ပေးရမှာက မြန်မာအစိုးရ၊ ကြည်ကြည့်ဖြူဖြူ  ရှိရမှာက ကျန် လူများစုတိုင်းရင်းသားတွေ ..။

    တခြားနည်းလမ်း မရှိဘူး။ ဒီတော့ ကိုယ့်ကိစ္စမှာ ကိုယ်တယောက်တည်းနဲ့ မပြီးဘူး။ ကျန်တဲ့ actors တွေရဲ့ အနေအထားကိုလည်း ကြည့်ရမယ်။ ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်နဲ့ မပြီးဘူး။ ကိုယ့်ကို သူတို့ဘက်က ဘယ်လိုမြင်သလဲဆိုတာ ထည့်တွက်ရမယ်။ ကိုယ်က သူတို့ကို ဘယ်လိုမြင်တယ်ဆိုတာနဲ့ မပြီးဘူး။ သူတို့ကိုယ် သူတို့ ဘယ်လိုမြင်တယ်ဆိုတာ ကိုယ်က သူတို့နေရာ ၀င်ပြီးကြည့်ရလိမ့်မယ်။ ဒါမှ ကိုယ်သွားချင်တဲ့နေရာအတွက် လမ်းကြောင်းတစ်ခု ရှာလို့ရလိမ့်မယ်။ (ဒီအကြောင်းအရာတွေကို အကျယ်မရှင်းတော့ဘူး)

    ခု ကျနော် ရွေးလိုက်တဲ့ `တန်းတူအခွင့်အရေး´ဆိုတာနဲ့ ပတ်သက်ပြီး ဆက်ပြောမယ်။ မြန်မာပြည်မှာ ဘယ်တိုင်းရင်းသားမှ ပြည့်ဝတဲ့ အခွင့်အရေး မရဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူဖြစ်ရင် အခွင့်အရေးအပြင် ဂုဏ်သိက္ခာပါ ဆုံးရှုံးသွားတယ်။ တခြားတိုင်းရင်းသားတွေက မြန်မာအစိုးရရဲ့ ဖိနှိပ်မှုကိုသာ ခံစားရတာဖြစ်ပေမဲ့ ၊ ခင်ဗျားတို့က အစိုးရအပြင် သူလိုကိုယ်လို သာမာန် လူတွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေကိုပါ ခံလာကြရပြီ။ published media တွေရဲ့ victims တွေ ဘ၀ရောက်နေကြရပြီ။ ကိုယ့်အနေအထားကို ကိုယ် သိဖို့ အရေးကြီးတယ်။ တကယ်တော့ ဒါတွေဟာ နောက်ပိုင်း နှစ် ၄၀ – ၅၀ အတွင်းမှာ တဖြေးဖြေး ဆုံးရှုံးသွားတာပါ။ အရင်တုန်းကတော့ တန်းတူ အခွင့်အရေး ရခဲ့တယ်လို့ ပြောလို့ရပါတယ်။

    လက်ရှိအနေအထားကို စဉ်းစားရင် တန်းတူအခွင့်အရေးရဖို့ဆိုတာက မြန်မာပြည်မှာ အပြည့်အ၀ နိုင်ငံသားဖြစ်ဖို့ အရင်ဆုံးလိုပါတယ်။ တခါထပ်ပြီးတွေးကြည့်ရင် လက်ရှိ ၁၉၈၂ နိုင်ငံသား ဥပဒေအရ အပြည့်အ၀နိုင်ငံသား ဖြစ်ဖို့ဆိုရင် တိုင်းရင်းသားစာရင်းမှာ ပါကို ပါရပါလိမ့်မယ်။ ဒီတော့ ကိုယ်သွားရမဲ့နေရာတခုကို စ, ရွေးလို့ရပြီ ထင်ပါတယ်။

    ဒီလို မြန်မာပြည်မှာ ရှေးအစဉ်အဆက်နေထိုင်လာခဲ့တဲ့ မျိုးနွယ်စုတွေထဲမှာ ကိုယ်တွေလည်းပါဝင်ကြောင်း ပြဖို့ရာ ဘယ်ပုံ ဘယ်နည်းနဲ့ စချဉ်းကပ်မလဲ။ ခင်ဗျားသာ တဘက်လူဖြစ်ရင် ဘယ်လို အနေအထားမျိုးက ခင်ဗျားအနေနဲ့ ငြင်းဆန်ဖို့ အခက်တွေ့စေမလဲ။ ဒါ အရေးကြီးပါတယ်။ ခင်ဗျားတို့ ရွေးမဲ့ လမ်းကြောင်းကပဲ ခင်ဗျားတို့ကို ပိုလွယ်ကူစေနိုင်သလို၊ ပိုလည်းခက်ခဲသွားစေနိုင်ပါတယ်။ ကျနော့် အမြင်ကိုပြောရရင် ခုမှ အစပဲရှိပါသေးတယ်။ မြန်မာပြည်က မွတ်ဆလင်တွေ အားလုံးကို လွမ်းခြုံနိုင်မဲ့၊ အစိုးရမှတ်တမ်းတွေမှာလည်း ခိုင်ခိုင်မာမာရှိတဲ့ လူမျိုးတမျိုးအမည်နဲ့ စတင်လိုက်တာ အကောင်းဆုံးပါပဲ။

    ဒါက နိုင်ငံရေးပါ။ ခင်ဗျားတို့ စိတ်ပါရင် မိသားစုတစ်စုတည်းရဲ့ မျိုးဆက်တွေကနေ လူမျိုးတမျိုးဖြစ်အောင် လုပ်ချင်ရင်တောင် ကိုယ့်ဟာကိုယ် သတ်မှတ်လို့ရပါတယ်။ ဒါကတော့ လူမှုရေးသက်သက်ပါ။

    နိုင်ငံရေးအရ တောင်းဆိုရာမှာ ဘာမှ မှတ်တမ်းမှတ်ရာမရှိတဲ့ အနေအထားတွေနဲ့ တောင်းဆိုဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကျနော့်တဦးတည်း အမြင်အရ လူအများစု တယောက်တပေါက် လုပ်ချင်ရာလုပ်ပြီး ကိုယ်သွားချင်တဲ့နေရာနဲ့ ဝေးသွားတာမျိုးထက်စာရင် လူအများစုတစည်းတလုံးတည်း အမည်တစ်ခုအောက်မှာ လုပ်ကိုင်ကြတာကို အားပေးပါတယ်။ ဒီမှာ တစ်ခုပြောလိုတာက ဒီလိုလုပ်ဆောင်တာဟာ ၂၀၁၄ သန်းခေါင်စာရင်းမှာ အသိအမှတ်ပြု ခံရယုံတစ်ခုတည်းနဲ့ပြေလည်အောင် ရှင်းနိုင်မှာမဟုတ်သလို၊ နေ့ချင်းညချင်း ပြေလည်သွားနိုင်တဲ့ ကိစ္စတွေလည်း မဟုတ်ဘူးဆိုတာပါ။ ခင်ဗျားတို့ အလုပ်တွေ အများကြီး လုပ်ရပါဦးမယ်။ ခင်ဗျားတို့အရေးကို ခင်ဗျားတို့ကိုယ်တိုင်လမ်းကြောင်း တစ်ခုချပြီး စ, မလုပ်ရင် ဘယ်သူကမှ လာကူညီနိုင်မှာ မဟုတ်ပါဘူး။ ချထားတဲ့ လမ်းကြောင်း မှန်ဖို့လည်း လိုအပ်ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ပြောချင်တာက အများအကျိုးအတွက်လို့ ဘယ်လိုပဲပြောပြော၊ လူအများစုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်ရာမှာ အောက်ခြေထိ လူတွေနားလည် လက်ခံလာအောင် ဦးဆောင်သူတွေက ရှင်းပြနိုင်ရမှာဖြစ်သလို၊ ကျန်သူတွေကလည်း လူအများစုရဲ့ အခွင့်အရေးအတွက် ဦးတည်လှုပ်ရှားနေတဲ့ ကိစ္စမှာ ကိုယ်က လက်မခံနိုင်ရင်လည်း ဘာကြောင့် လက်မခံနိုင်လဲဆိုတဲ့ ခိုင်မာတဲ့ အကြောင်းရင်းကို ချပြနိုင်ရမှာဖြစ်သလို၊ ဒီကိစ္စကို တခြားဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတဲ့ ( alternative ways ) ကို ချပြနိုင်ရပါလိမ့်မယ်။ ဒါမှလည်း ဒီထက်ပိုကောင်းတဲ့ အတွေးအမြင်တွေနဲ့  ကိုယ့်အခွင့်အရေးကို တောင်းဆိုရာမှာ ပိုမို ထိရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ပါလိမ့်မယ်။

    ဗိုက်ဆာနေတဲ့သူ နှစ်ယောက်ပေါင်းရင် ဗိုက်ပို မဆာနိုင်ပေမဲ့ ၊ အတွေးအမြင်ရှိသူ နှစ်ဦးပေါင်းရင် ပိုကောင်းတဲ့ အိုင်ဒီယာတွေရလာနိုင်ပါကြောင်း ..

    (အတတ်နိုင်ဆုံး အတိုချုံးရေးထားတာဖြစ်လို့ မရှင်းတာရှိရင် ကွန်မန့်ကနေ ဆက်ဆွေးနွေးလို့ ရပါတယ်)

    ဦးဦး မှော်ဆရာ
    (၁-၁၁-၂၀၁၃)

    မှတ်ချက်- ၂၀၁၃ခုနှစ် နိုဝင်ဘာတွင် ဦးဦးမှော်ဆရာ ရေးသားထားသည့် ပိုစ်ဖြစ်ပါသည်။ ဆောင်းပါးရှင်က ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။ မူရင်းပိုစ်မှာ သွားရောက်ပြီး ကော်မန့်ရေးသား ဆွေးနွေးနိုင်ပါတယ်။
    Link=>http://goo.gl/vlpJIU

  • အာဆီယံ၏ အနာဂတ်မှာ ခန့်မှန်း၍မရနိုင်ဘဲ ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ဘရူးနိုင်ဘုရင်ဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – စင်ကာပူတွင်ပြုလုပ်နေသည့် ၃၄ ကြိမ်မြောက် Singapore Lecture တွင် ဘရူးနိုင်းဘုရင် ဟာဆန်နဲလ် ဘိုလ်ကီးယား က ပိုင်ဆိုင်မှုအငြင်းပွားမှုများရှိနေသည့် အာဆီယံ၏ အနာဂတ်မှာ ခန့်မှန်း၍ မရနိုင်ဟု ပြောကြားခဲ့သည်။

    hassanal-bolkiah

    စင်ကာပူသို့ ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဘိုလ်ကီးယားမှာ Singapore Lecture တွင် “အာဆီယံ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဘိုလ်ကီးယားက စီးပွားရေးနှင့် နိုင်ငံရေးအင်အားမှာ အာရှသို့ပြောင်းလဲလာခြင်း၊ အာရှဒေသအတွင်း အဓိက အင်အားကြီးနှင့် အလယ်အလတ်နိုင်ငံများ ထွက်ပေါ်လာခြင်းကို ထောက်ပြခဲ့ပြီး၊ ထိုနိုင်ငံများ၏ ဆက်ဆံရေး ပြောင်းလဲလာမှုက မဟာဗျူဟာကျသည့် အခြေအနေကို လွှမ်းမိုးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    အာဆီယံနိုင်ငံများအတွက် စိန်ခေါ်မှုမှာ ထိုအခြေအနေအသစ် ပြောင်းလဲမှုတွင် နေရာရလာမည်ဖြစ်ပြီး၊ အာရှ၏ အခြေအနေမှာ မကြုံစဖူးဖြစ်လာမည်ဟု ဘိုလ်ကီးယားကဆိုသည်။ ထို့ပြင် ယခုလက်ရှိ ဖြစ်ပွားနေသည့် နယ်နမိတ်နှင့် ရေပိုင်နက် ပိုင်ဆိုင်မှုအပါအ၀င် ပြဿနာများစွာ အတွက် စိုးရိမ်မိကြောင်း၊ လာမည့်ဆယ်စုနှစ်များတွင် အာဆီယံဒေသမှာ လက်ရှိ ရင်ဆိုင်နေရသည်ထက် ပို၍ ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင် ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Singapore Lecture ၏ အဖွင့်မိန့်ခွန်းကို စင်ကာပူ ဒုတိယ၀န်ကြီးချုပ် တဲအိုချီဟင်းက ပြောကြားခဲ့သည်။ ယခုလအစောပိုင်းက ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုများကို ပူးပေါင်းလုပ်ဆောင်ရန်အတွက် စင်တာတစ်ခုဖွင့်ရန် ကမ်းလှမ်းခြင်းခံထားရသည်။

    ဒေသတွင်းပြဿနာများအား ငြိမ်းချမ်းစွာ အဖြေရှာခြင်းမှ တစ်ဆင့် အသေးစိတ်ဖြေရှင်းသွားရန် အရေးကြီးသည်ဟု ဘိုလ်ကီးယားက ပြောခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

    “သမိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အကွဲအပြဲတွေက နိုင်ငံတွေအကြား အမျိုးသားရေးဝါဒကို မီးထိုးပေးပါတယ်။ စီပွားရေးဆိုင်ရာ ကတိက၀တ်တွေ အတွက် တွေ့ဆုံဆွေးနွေးမှု အခက်အခဲတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ ရေကြောင်းဆိုင်ရာ ပြဿနာတွေက ဒေသအတွင်း အလားအလာကို အန္တရာယ်ရှိစေပါတယ်”

    Ref: CNA/de

  • ချန်ပီယံလိဂ်တွင် ဘိုင်ယန်မှာ ရေပန်းမစားတော့ဟု ရော်ဘင်ဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – လက်ရှိချန်ပီယံ ဘိုင်ယန်အသင်းမှာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်း မဟုတ်တော့ကြောင်း ဘိုင်ယန်မြူးနစ်၏ အဓိက အလယ်တန်းကစားသမား အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    386057_heroa

    ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်တွင် ရီးယဲလ်အသင်းနှင့် တွေ့ဆုံနေပြီး ယနေ့ညတွင် ဘာနေဗျူးကွင်း၌ ပထမအကျော့အဖြစ် သွားရောက် ကစားရမည်ဖြစ်သည်။ ဘိုင်ယန်မှာ ယခုနှစ်ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ပါက ဥရောပဖလားပြိုင်ပွဲမှ ချန်ပီယံလိဂ် အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သည့် ပထမဆုံးအသင်း ဖြစ်လာမည်ဖြစ်သည်။

    သို့သော်လည်း ထိုမျှော်လင့်ချက်က ရီးယဲလ်နှင့် တွေ့ဆုံရသည့်အခါ ဘာမှမဟုတ်တော့ဟု ရော်ဘင်က ယုံကြည်နေသည်။

    “သူတို့(ရီးယဲလ်)မှာ အကောင်းဆုံး ကစားသမားတွေ ရှိပါတယ်။ ၁၀ မိနစ်လောက် ပေါ့လျော့လိုက်တာနဲ့ သူတို့ကို ၃ ဂိုးလောက်ပေးလိုက်ရမှာပါ။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ များပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်း မဟုတ်တော့ပါဘူး။ တကယ်တော့ ချန်ပီယံလိဂ်ကို ထပ်ပြီးရချင်ပါသေးတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်ရောက်နေတဲ့ ကျွန်တော်တို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်” ဟု ရော်ဘင်က Kicker သို့ပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်မှာ ရင်ဆိုင်ခဲ့ ရသမျှ ပြိုင်ဘက်များတွင် ကြောက်စရာ အကောင်းဆုံးဖြစ်သည်ဟု ရော်ဘင်က ထပ်လောင်းပြောကြား ခဲ့သည်။ ရော်ဘင်မှာ ယမန်နှစ် ဖလားသုံးလုံး ရရှိခဲ့သည့် ဘိုင်ယန် အသင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

    Goal

  • မိုယက်စ် အထုတ်ခံရခြင်း အတွက် စာနာမိသည်ဟု အန်ဆယ်လော့တီဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းအား ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင် မပေးနိုင်သောကြောင့် အထုတ်ခံခဲ့ရသည့် မန်ယူနည်းပြ မိုယက်စ်အတွက် စာနာမိသည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    391684_heroa

    ဂန္တ၀င်နည်းပြ ဖာဂူဆန်နေရာကို ၀င်ရောက်လာခဲ့သည့် မိုယက်စ်လက်ထက်တွင် အသင်း၏ ရလဒ်များမှာ ဆိုးရွားနေသောကြောင့် တနင်္ဂနွေနေ့က အဲဗာတန်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် မိုယက်စ်အား တစ်နှစ်စာလုပ်ခ လျော်ကြေးပေးကာ တာဝန်ရှိသူများက အသင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အန်ဆယ်လော့တီကမူ ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ထုတ်ပယ်ခဲ့မှုကို အံသြမိကြောင်း ပြောကြားခဲ့သည်။

    “မန်ယူအသင်းဟာ နည်းပြတွေကို ထုတ်ပယ်တဲ့ အကျင့်မျိုးမရှိတဲ့အတွက် ကျွန်တော် နည်းနည်းတော့ အံ့သြမိပါတယ်။ အခြားအသင်းတွေမှာဆိုရင်တော့ ဒါဟာ ပုံမှန်ပါပဲ။ မိုယက်စ်အတွက် ကျွန်တော်ခံစားခဲ့ရပေမယ့် ဒါဟာ နည်းပြတစ်ယောက်ရဲ့ ဘ၀ပါပဲ။ အခြေနေတွေဟာ လျောလျာလျူလျူမဖြစ်ဘူးဆိုရင်တော့ အထုတ်ခံရမှာပဲ” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်ယူအသင်း၏ ကျန်ရှိသည့် ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် ၀ါရင့်ကစားသမား ရိုင်ယန်ဂစ်က နည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လာမည့်နှစ်အတွက် ယခုလက်ရှိ ဟော်လန်အသင်းအား ကိုင်တွယ်နေသည့် လူးဝစ်ဗန်ဂေါလ်အား ခေါ်ယူရန်ရှိနေသည်။ ဗန်ဂေါလ်ကလည်း မန်ယူအသင်းတွင် နည်ပြလုပ်ရန် စိတ်အားထက်သန်နေကြောင်း ပြောကြားထားသည်။

    Goal