News @ M-Media

Blog

  • ၄၈ လမ်း မီးလောင်မှုတွင် ထောင် ၈ နှစ်ချခံရသည့် ဆရာ ၂ ဦးမှာ တိုက်ရိုက်ကျူးလွန်မှု မရှိသလို ပြစ်မှု ကျူးလွန်ခြင်းလည်း မရှိဟု အမှုလိုက်ရှေ့နေပြော

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် ၂၀၁၃-ခု ဧပြီလ ၂-ရက်နေ မနက်ပိုင်းက မီးလောင်ကျွမ်း၍ ကလေးငယ်များ သေဆုံးခဲ့မှုတွင် စာသင်ကျောင်းမှ ဆရာ ၂-ဦးအား တရားခံအဖြစ် ဖမ်းဆီးထားရာမှ ယနေ့တွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

    48

    ၎င်းကျောင်း၏ တာဝန်ခံဆရာများဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့အား မီးလောင်မှု ပုဒ်မ ၂၈၅ ဖြင့် ထောင်ဒဏ် ၂-နှစ်၊ လူသေမှု ပုဒ်မ ၃၀၄ ဖြင့် ထောင်ဒဏ် ၆-နှစ် စုစုပေါင်း ထောင်ဒဏ် ၈-နှစ်စီ ကျခံစေရန် အမိန့်ချလိုက်ကြောင်း သိရပါတယ်။

    အဆိုပါ အကြောင်းကိစ္စရပ်အား ယနေ့အမိန့်ချလိုက်သည့်အပေါ် ပြစ်ဒဏ်နှင့် ကိုက်ညီမှု ရှိမရှိဆိုသည်ကို ၎င်းအမှု၏ တရားခံရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်ထံ မေးမြန်းဖြစ်ခဲ့ပါတယ်။

    “ဒီအမှုကတော့ ပြစ်မှု၊ ပြစ်မှုမှာ ပုဒ်မ ၂၈၅ ဒုတိယပိုင်း မီးလောင်မှု၊ နောက်တစ်ခုက ၃၀၄(က) လူသေမှု၊ အဲ နှစ်မှုနဲ့ တရားစွဲတယ်။ တရားစွဲတဲ့အခါကျတော့ တရားလိုဘက်က သက်သေတွေ၊ တရားခံဘက်က ထွက်ဆိုချက်တွေ၊ အဲဒီ ထွက်ဆိုချက်တွေပေါ်မှာ တရားရုံးက သုံးသပ်ပြီးတော့ ပြစ်ဒဏ်ချတယ်။ ပြစ်ဒဏ် ဆိုတာကလည်း သူ ထောင်ဒဏ်ပါတဲ့အတွက် အနည်းဆုံး တစ်ရက်ထက်ပိုပြီး အနိမ့်ဆုံး သူ့ပုဒ်မအလိုက် ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်အပြည့် တရားရုံးမှာ ချခွင့်ရှိတယ်။ စီရင်ပိုင်ခွင့် ရှိတဲ့ တရားရုံးမှာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးအနေနဲ့ သူ့ရဲ့ဘောင်ထဲကနေ ချလို့ရတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ချတဲ့ ပြစ်ဒဏ်ကလည်း သူ့ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ် ဘောင်ထဲက ချတာပေါ့။  ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ်မှာလည်း ဒါက မတရားဘူး တရားတယ်၊ မမှန်ဘူး မှန်တယ်လို့ တရားရုံး တရားသူကြီးတစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ဝေဖန်စရာ အကြောင်းမရှိဘူး။ တရားခံရဲ့ ရှေ့နေ တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားတယ် ဆိုရင်တောင်မှ အခုဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ –

    စွပ်စွဲခံထားရသည့် ဆရာနှစ်ဦးမှာ ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ အဲလို ကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တာ ဆိုတာလည်း သက်သေခံချက်မှာ မပေါ်ပေါက်ဘူး။ သူတို့ရဲ့ တိုက်ရိုက် ပြုလုပ်မှုကြောင့် မီးလောင်တယ်၊ သူတို့ရဲ့ ပေါ့လျော့မှုကြောင့် ကလေးတွေ သေရတယ်လို့ မပေါ်ပေါက်ဘူး။ ဘာပဲပေါ်ပေါက်လဲဆိုတော့ ကံအကြောင်း မလှလို့ သူတို့ရဲ့ စွပ်စွဲချက်အတိုင်းပဲ သက်သေခံဟာ သက်မဲ့ပစ္စည်းဖြစ်တဲ့ မီးအားမြင့်စက်ကနေ မီးအပူရှိန် ပြင်းပြီးတော့ မီးလောင်မှု ဖြစ်တယ်။ မီးလောင်မှုဖြစ်လို့ ကလေးတွေ အပေါ်ထပ်မှာ မီးခိုးမွှန် မီးလောင်ပြီး သေဆုံးကြရတယ်။ အဲဒီတော့ ဒီအချက်ကိုကြည့်ရင် ဒီဆရာနှစ်ယောက်ရဲ့ တိုက်ရိုက်ကျူးလွန်မှု မပါသလို ပြစ်မှုကျူးလွန်ခြင်းလည်း မရှိဘူး။ အဲတော့ အခုချတဲ့ ပြစ်ဒဏ်ကတော့ ဥပဒေ ဘောင်အတွင်းက ကြည့်မယ်ဆိုရင် နည်းနည်းတော့ များတယ်လို့ ယူဆလို့ရတယ်။

    နောက်ပြီးတော့ အမှုတွဲပေါ်ပေါက်တဲ့ နှစ်ဘက်သက်သေခံချက်တွေအရ မီးလောင်တယ်ဆိုတာ မငြင်းနိုင်ဘူး။ လူသေတယ်ဆိုတာ မငြင်းနိုင်ဘူး။ သို့သော် ဒီဆရာတွေအပေါ်မှာ တာဝန်ရှိတယ် မရှိဘူးဆိုတာ အငြင်းပွားတယ်။ ကျောင်း ပြန်ဖွင့် မယ်မဖွင့်ဘူးဆိုတာ အငြင်းပွားတယ်။ အဲဒီအခါမှာ တရားလို အနေနဲ့က ကျောင်းဖွင့်ပါပြီ၊ ဒီဆရာတွေကို တာဝန်ပေးထားပါပြီ၊ သူတို့က လခစားတဲ့ ဆရာတွေပါ။ ဒီနေ့ညမှာ ကျောင်းဖွင့်ပါပြီ ဒီဆရာတွေကို တာဝန်ချထား ပါတယ်။ ဒီတော့ ဒီကျောင်းကို ကြီးကြပ် ကွပ်ကဲရပါမည်လို့ တာဝန်နဲ့ သတ်မှတ်ချက်တွေ၊ ဘာတစ်ခုမှ ချခံယူထားတဲ့ သက်သေ မရှိဘူး။ နောက်ကျောင်း ဆိုတာက ကျောင်းအုပ်ချုပ်ရေး ကော်မတီရှိတယ်။၊ ဗလီဆိုရင် ဗလီဂေါပက ရှိမယ်။ အဲတော့ ဒီဆရာတွေက အခု ပြစ်ဒဏ်ချခံရတာတွေက အဲဒီအခင်းဖြစ်တဲ့နေရာမှာ သူတို့ ညအိပ်ဖြစ်လို့သာ သူတို့မှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်တယ်လို့ပဲ ယူဆတယ်။ နောက် တစ်ချက်က အခုမီးလောင်သွားတာ  ဗလီရဲ့ အဆောက်အဦးတစ်ခု၊ ကျောင်းက အဆောက်အဦးတစ်ခု သီးခြားအမှတ်တစ်ခု၊ အခုဖြစ်ပွားခဲ့တာက ဗလီရှေ့ကဆောင်၊ အဲဒီအဆောင်အောက်မှာ အိပ်တာကလည်း တစ်တရားခံ ဆရာဇေယျာဖြိုးအိပ်တာ၊ နှစ်တရားခံ စွပ်စွဲခံရတဲ့ ဆရာခင်မောင်အေးက ဟိုဘက်က သီးခြားစာသင်ဆောင်မှာ အိပ်တာ။ အခု အမှုတွဲ သက်သေခံထွက်ဆိုချက် အရ ကျောင်းမဖွင့်သေးဘူးလို့ ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဘနီ ကိုယ်တိုင်က ထွက်ဆိုထားတယ်။ တာဝန်အရှိဆုံး ပုဂိ္ဂုလ်က ထွက်ဆိုထားတယ်။

    တရားလိုပြသက်သေဖြစ်တဲ့ ရဲတွေနဲ့ သက်သေ ၄၁-ယောက်က  ဒီကျောင်းဖွင့်ထားပါတယ် တာဝန်ရှိပါတယ်ဆိုတာ စာရွက်စာတမ်းတွေ၊ သက်သေခံအထောက်အထားတွေ ဘာတစ်ခုမှ မရှိဘူး။ အဲဒီထဲမှာမှ နှုတ်သက်သေခံ ထွက်ဆိုချက်အရ အခိုင်ဆုံးက ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဘနီ။ အဲဒီတော့ ဗလီဘက်မှာ အဆောက်အဦးမှာ လောင်တဲ့ကိစ္စသည် ဟိုဘက်က ကျောင်းသီးခြားအဆောင်မှာ လောင်တဲ့ကိစ္စနဲ့ မဆိုင်တဲ့အတွက် ဒီအဆောင်မှာ ညဖက်အိပ်တဲ့ ဆရာဇေယျာဖြိုးကို ပြစ်ဒဏ်ချမယ်ဆိုရင် ဒါက စဉ်းစားစရာရှိတယ်။ သီးခြားအဆောင်မှာအိပ်တဲ့ ဘာတာဝန်မှ မယူထားတဲ့ ဆရာခင်မောင်အေးကိုပါ အတူတူ တန်းတူ ပြစ်ဒဏ်ချမှတ်တာ ဒါက စဉ်းစားစရာ တစ်ခုပါ။ မှားတယ်လို့တော့ ဆရာမပြောပါဘူး။ နောက်တစ်ခုက အခုဖြစ်သွားတာက ကံအကြောင်း မလှလို့ ဖြစ်တာ။ အဲအချိန်က နိုင်ငံတော်မှာ မိတ္ထီလာကိစ္စဖြစ်ပြီးကာစ အခြေအနေရယ်၊  အဲလိုအခြေအနေပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့အချိန်။ အဲ့ဒါကြောင့်လည်း ဒီအပေါ် အာရုံစိုက်ပြီး ဒီလိုဖြစ်သွားတယ်လို့ ဆရာယူဆတယ်။

    ဒါနဲ့ တစ်ဆက်တည်း စဉ်းစားစရာလေး တစ်ခုကတော့ ဒီလိုမျိုး အမိန့်မချခင် မန္တလေးတိုင်းမှာ မီးလောင်မှု နှစ်ခုဖြစ်ပွားတယ်။ ပထမဖြစ်စဉ်က အစိုးရ အိမ်တော်ဝန်းထဲမှာ ဖြစ်ပွားတယ်။ အဲဒီမှာ မီးလောင်တဲ့တန်ဖိုးက ဒီကျောင်းမှာ မီးလောင်တဲ့ ၈-သိန်းထက် တန်ဖိုးများတယ်။ ဒီမှာလည်း ဒီဆရာနှစ်ဦးကို ပြစ်ဒဏ်ချလိုက်တယ်။ ဟိုမှာလည်း ဟိုက ပုဂ္ဂိုလ်ကို ဘယ်လို ပြစ်ဒဏ်ချမလဲ မသိရသေးဘူး။ အဲဒီတော့ ဥပဒေဆိုတာ ကျောသား ရင်သား မရှိဘူး။ လူမျိုးဘာသာ အဖြူအမဲ မရှိဘူး။ တစ်ခုတော့ရှိတယ်။ ယောက်ျား၊ မိန်းမ၊ ကလေး ပေါ်မှာ ပြစ်ဒဏ် စီရင်ချက်တော့ ရှိတယ်။ ကျန်တာကတော့ ခွဲခြားတာမရှိဘူး။ ဒီလိုမျိုး အိပ်လို့ တာဝန်ရှိလို့ ပြစ်ဒဏ်ချတယ်ဆိုရင် ဟိုမှာလည်းပဲ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်။ ဒါက ဆရာတို့ ဥပဒေကို လေ့လာသုံးသပ်တဲ့အခါမှာ တရားမျှတမှု၊ ဥပဒေနဲ့ညီညွတ်မှု၊ တရားစီရင်ရေးမူနဲ့ ညီညွတ်မှု ရှိမရှိစောင့်ကြည့်ရမယ်။

    ဒီအမှုမှာ ပထမဦးဆုံး ခံဝန်စပေးကတည်းက အမိန့်ချတဲ့အထိ ဆရာလိုက်ခဲ့တာပါ။ အဲဒီအပေါ်မှာရော တရားခံလို့ သတ်မှတ်ခံရတဲ့ သူတွေဘက်က သူတို့ရဲ့ ခံစားချက်ကတော့ အဆုံးစွန်ဆုံးအထိ သူတို့ကိုယ်သူတို့ တရားခံမဟုတ်ဘူးလို့ ခံယူထားတယ်။ သူတို့တာဝန်မရှိသေးဘဲနဲ့၊ လခလည်း မခံစားရသေးဘဲနဲ့၊ သူတို့ကို ခန့်လည်း မခန့်ရသေးဘူးလို့ ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌကိုယ်တိုင်က ထွက်ဆိုထားတယ်။ ဒီထက် ကျော်သွားပြီးတော့ အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌရဲ့ ထွက်ဆိုချက်ပေါ်မှာ လွှမ်းမိုးတဲ့ ထွက်ဆိုချက်မရှိဘူး။ ကျောင်းသားလေးတွေ ပြောတာရယ်၊ တရားဥပဒေအရ ဒီကျောင်းရဲ့ တာဝန်ရှိဆုံး ပုဂိ္ဂုလ်က ကျောင်းအုပ်ချုပ်ရေး ဥက္ကဋ္ဌ။ ဒီလိုတာဝန် မရှိသေးဘဲနဲ့ ဆရာတွေက ကျောင်းပြန်ဖွင့်မယ်၊ ကလေးတွေရောက်နေလို့ ကျောင်းမှာ လူမရှိသေးလို့ လာအိပ်ပေးတယ်။ အဲလို အခြေအနေမှာ ဒီလိုမျိုး မမျှော်လင့်ဘဲနဲ့ ထဖြစ်တာပဲ။ သူတို့ပြုလုပ်တာ မဟုတ်ဘူး။ သူတို့ပိုင်တဲ့ ပစ္စည်းလည်းမဟုတ်ဘူး။ သူတို့က ဒီမီးအားမြှင့်စက်ကို ကိုင်တာလည်း မဟုတ်ဘူး။ သူတို့သုံးစွဲရမယ်လို့ တာဝန်ပေးထားချက်လည်း မရှိဘူး။ အဲဒီလို အခြေအနေမျိုးမှာ သူတို့က သူတို့ကိုယ်သူတို့ တရားခံမဟုတ်ဘူး၊ သူတို့ အပြစ်မရှိဘူးလို့ ခံယူထားတယ်။ အဲလိုအခြေအနေမျိုးမှာ ဒီလိုမျိုး ပြင်းပြင်း ထန်ထန် ပြစ်ဒဏ် ချခံရတာဆိုတော့ သူတို့ရဲ့ မိသားစုရော ၀မ်းနည်းပူဆွေးကြရတာပေါ့။

    အခု သူတို့က တစ်ယောက်ကို ထောင်ဒဏ် (၈)နှစ်စီ ချခံရတယ်။ ဒီအမှုက တစ်နှစ်ကျော်သွားပြီးပေါ့နော်။ အဲဒီအပေါ်မှာရော လျှော့ရက်တော့ ရှိတယ်။ တရားရုံးကလည်း ဥပဒေနဲ့အညီ လျှော့ရက်ရှိပါတယ်။ ဒါကြောင့်မို့ ခုအတိုင်းဆိုရင်တော့ (၇)နှစ် ဆက်ကျဖို့ရှိပါတယ်။ အဲဒါတွေကို အထက်တရားရုံး အဆင့်ဆင့်ကို အယူခံဝင်သွားလို့ရှိရင်တော့ ဒီလူတွေရဲ့အမှုပေါ်မှာ ဆင်ခြင် သုံးသပ်ပြီးတော့ တရားမျှတစွာ ဆုံးဖြတ်ပေး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဆက်ပြီးအယူခံ ၀င်သွားဖို့လည်းရှိပါတယ်။ ရှိပါတယ်။ ဒါကတော့ ပြစ်ဒဏ်ချခံရတဲ့ သူတွေအနေနဲ့ ဥပဒေကပေးထားတဲ့ ရပိုင်ခွင့်ကိုတော့ အပြည့်အ၀ ကျင့်သုံးမယ်။ ကျင့်သုံးပိုင်ခွင့်ရှိသလို နောက်ဆုံး အချိန်အထိလည်း ကြိုးစားဖို့ လိုအပ်တယ်။”ဟု ဖြေကြားပေးခဲ့ပါတယ်။

    ဓါတ်ပုံ အညွှန်း- ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းမီးလောင်မှုတွင် တရားခံအဖြစ် စွပ်စွဲခံရသည့်  ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့အား လုံခြုံရေးများမှ ခေါ်ဆောင်လာစဉ်
    Photo Credit- Salmar Lay FB

  • နစ်မြုပ်တောင်ကိုရီးယားသင်္ဘော သေဆုံးသူ ၁၇၁ ဦး ရှိလာ

    နစ်မြုပ်တောင်ကိုရီးယားသင်္ဘော သေဆုံးသူ ၁၇၁ ဦး ရှိလာ

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    – နစ်မြုပ်သွားသည်မှာ ၉ ရက်ရှိသွားပြီဖြစ်သည့် တောင်ကိုရီးယား ခရီးသည်တင်သင်္ဘောမှ သေဆုံးသူများအား ဆက်လက် ဆယ်ယူရရှိနေပြီး ယနေ့ ညနေအထိ ဆယ်ယူရရှိသည့် သေဆုံးသူဦးရေမှာ ၁၇၁ ဦး ရှိလာပြီဖြစ်သည်။

    ရေစီးကြောင်းမှာ မထင်မှတ်လောက်အောင် ပြင်းထန်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ နေ့လည်ပိုင်းတွင် ၆ နာရီကြာ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ ၅ ထပ်သင်္ဘော၏ ၃ ထပ်နှင့် ၄ ထပ်တို့တွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လက်ယာဘက်အခြမ်း ပြီးစီးသွားပြီဖြစ်ကာ ယခုအခါ ရေငုပ်သမားများမှာ အလယ်ခြမ်းကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။

    ရေအောက်တွင် အချိန်အတော်အကြာငုပ်ကာ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေရသောကြောင့် ရေငုပ်သမားများတွင် မောပမ်းနွမ်းလျမှုများလည်း ရှိလာခဲ့ပြီး ရေတပ်မှ ရေငုပ်သမားတစ်ဦးမှာလည်း ရေဖိအားကြောင့် ဖြစ်ပေါ်သည့် ဝေဒနာကို ခံစားခဲ့ရသည်။

    သင်္ဘောပေါ်လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစုဝင် ၄၀ ခန့်မှာ အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေးမှုကို ဆန့်ကျင်သောအားဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှု ဌာနချုပ်အရှေ့တွင် သွားရောက်၍ ဆန္ဒပြခဲ့ကြသည်။ အဆိုပါသင်္ဘောတွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ၁၃၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
    ဆင်ဟွာ

  • ကချင်ဒေသစစ်ပွဲများကြောင့် ကလေးငယ်များ အန္တရာယ်များ ပိုလာသည်ဟု ယူနီဆက်ဖ်ဆို

    ဧပြီ ၂၄ ၊ ၂၀၁၄
    M-Media

    – မကြာသေးခင်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင်တို့အကြား တိုက်ပွဲများက စစ်တပ်မှ လူသစ်စုဆောင်မှုများ၊ အခြေခံလိုအပ်ချက် ကန့်သတ်ခံရမှုများနှင့် မြေမြှုပ်မိုင်း အန္တရာယ်များအပါအ၀င် လူငယ်များ ရင်ဆိုင်ရမည့် အန္တရာယ်များကို တိုးစေသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    04-22-2014KachinState

    ကချင်ပြည်နယ်တောင်ပိုင်း ဒေသများတွင် ကချင်လွတ်မြောက်ရေးတပ်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကလေးငယ်အရေအတွက်မှာ ၁၀၀ နီးပါးရှိသည်ဟု ယူနီဆက်ဖ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “တိုက်ခိုက်မှုတွေနဲ့ မိသားစုလိုက် ထွက်ပြေးရတာတွေက ကလေးတွေအတွက် ကျန်းမာရေး အန္တရာယ်တွေကို တိုးစေပါတယ်။ လုံခြုံမှုနည်းတယ်၊ စိတ်ချရတဲ့သောက်သုံးရေနဲ့ ကျန်းမာရေးအတွက် သန့်ရှင်းမှု မရတာပါတွေပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဖ် ကိုယ်စားလှယ် ဘာထရန် ဘိန်ဗဲလ်က ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများမှာ မြေမြှုပ်မိုင်း အများဆုံးရှိရာ ဒေသများစာရင်းတွင်ပါဝင်သည်။ ထိုကဲ့သို့ မြေမြှုပ်မိုင်းများ ကျန်ခဲ့ခြင်း၊ တမင်ရည်ရွယ်၍ မြှုပ်နှံခြင်းတို့မှာ ကလေးငယ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ခြေလျင်သွားရောက် ပေးအပ်နေရသူများ အပါအ၀င် ပြည်သူများအတွက် အန္တရာယ်များ ဆက်လက်ဖြစ်ပွားစေသည်ဟု ယူနီဆက်ဖ်က ဖော်ပြထားသည်။

    “ကလေးငယ်တွေ ရင်ဆိုင်ရမယ့် အန္တရာယ်ဟာ တိုက်ခိုက်မှုတွေ ရပ်သွားရင်တောင်မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပုံမှန်လိုသုံးနေကြတဲ့ မြေမြှုပ်မိုင်းတွေ တက်နင်းမိနိုင်တဲ့ အန္တရာယ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်း သွတ်သွင်းခံရနိုင်တဲ့ အန္တရာယ်တွေက တိုးလာတာကြောင့်ပါ” ဟု မစ္စတာ ဘိန်ဗဲလ်က ပြောကြားခဲ့သည်။

    ယူနီဆက်ဖ်မှာ မြန်မာနိုင်ငံရှိ စစ်ဘေးသင့်မိသားစုများနှင့် ကလေးငယ်များအား ကူညီရန် အခြားသော အန်ဂျီအိုအဖွဲ့များနှင့် လုပ်ဆောင်နေသည်။ ထိုဒေသများတွင် အကူအညီများကို ရွှေ့ပြောင်းလုပ်ဆောင်နေရပြီး စစ်ဘေးဒဏ်ခံနေရသည့် လူများ အထူးသဖြင့် ကလေးငယ်များအတွက် အကူအညီများ တိုးမြှင့်ပေးရန် လိုအပ်နေကြောင်း ယူနီဆက်ဖ်က ဆိုသည်။

    မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်များအကြား လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် နောက်ဆုံးတိုက်ခိုက်မှုများတွင်လည်း လူအများအပြား ထွက်ပြေးခဲ့ရသည်။

    “ကလေးတွေရဲ့ အကျိုးအတွက် ပါတီတွေအားလုံးဟာ ဒီတိုက်ခိုက်မှုတွေအဆုံးသတ်ဖို့ လုပ်နိုင်တာအားလုံး ချက်ခြင်း လုပ်ရပါမယ်။ ကလေးတွေကို မြေမြှုပ်မိုင်းအန္တရာယ်က ကာကွယ်နိုင်ဖို့၊ လက်နက်ကိုင် တပ်တွေကို အတင်းအဓ္ဓမ သွတ်သွင်းခံရခြင်းကနေ လွတ်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက်ပါပဲ” ဟု ဘိန်ဗဲလ်က အဆုံးသတ်ပြော ကြားခဲ့သည်။

    Ref: UN

    Photo: OCHA/Eva Modvig
    ဓါတ်ပုံအညွှန်း – ကချင်ဒေသ စစ်ဘေးရှောင် IDP စခန်းများမှ ကလေးငယ် ၂ ဦး

  • ဟိုင်းလတ်များ မြို့တွင်းပြေးဆွဲခွင့် ရက်တိုးပေးထားခြင်း ထပ်ပြောင်းမည် မဟုတ်ဟု မ.ထ.သ (ဗဟို)ပြောကြား

    ဟိုင်းလတ်များ မြို့တွင်းပြေးဆွဲခွင့် ရက်တိုးပေးထားခြင်း ထပ်ပြောင်းမည် မဟုတ်ဟု မ.ထ.သ (ဗဟို)ပြောကြား

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC02606

    ရန်ကုန်   ။           ။    ၂၀၁၄ ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သတ်မှတ်ထားသည့်အတိုင်း ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလတ် ယာဉ်များပြေးဆွဲခွင့်ကို ရပ်နားခြင်းသည် ပြောင်းလဲတော့မည် မဟုတ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မ.ထ.သ (ဗဟို)တို့ပူးပေါင်းပြီး ရန်ကုန်မြို့စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလတ်ယာဉ်များ ၀င်ရောက်ပြေးဆွဲခွင့်ကို မတ်လ ၃၁ ရက်နေ့က ပိတ်သိမ်းခဲ့သော်လည်း ခရီးသည်များနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်တို့၏ အခက်အခဲ အမျိုးမျိုးတို့ကြောင့် ဧပြီလ ၃ ရက်နေ့တွင် တစ်လ ထပ်မံ တိုးမြှင့်ပေးခဲ့သည်။

    “ကျွန်တော်တို့လည်း ဧပြီလ ၁ ရက်နေ့က မြို့ပြင်ကိုသွားပြီး လေ့လာကြည့်တယ်။ အခက်အခဲအမျိုးမျိုးကိုတွေ့ရတော့ အားလုံးတိုင်ပင်ပြီး နောက်ကို တစ်လဆုတ်ပေး လိုက်တယ်။ ယာဉ်လုပ်သားတွေ ဆန္ဒပြလို့နောက်ဆုတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အခုဒီလကိုတော့ ထပ်ရွှေ့ပေးမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကယာဉ်တွေကို ပိတ်သိမ်းတာ မဟုတ်ပါဘူး။ ပြေးဆွဲခွင့်ကို ကန့်သတ်လိုက်တာပါ။ လုံလောက်တဲ့ပြင်ဆင်မှုအတွက် အချိန် တစ်ခုပေးထားတာပါ” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ က ဆက်လက်ပြောကြားခဲ့သည်။

    စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်အတွင်း “ခ” လိုင်စင် “ခရီးသည်တင်ဆောင်သည့်ယာဉ်”ဖြင့်ပြေးဆွဲခွင့်ကိုကန့်သတ်ထားခြင်းဖြစ်ပြီး ၎င်းယာဉ်များသည် “က” လိုင်စင် “ကုန်စည်တင်ဆောင်သည့်ယာဉ်” အဖြစ်သို့ပြောင်းလဲမည်ဆိုကာပါ စည်ပင်သာယာနယ်နမိတ်အတွင်းသို့ ၀င်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

    ရပ်နားမည့်ဟိုင်းလတ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၁၁၉ စီးရှိပြီဖြစ်ပြီး ၁၆ စီးထပ်မံတင်သွားထားကြောင်း သိရသည်။ မီနီဘတ်စ်များတင်သွင်းရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြံ့ကြာမှုများလည်းရှိကြောင်း သိရသည်။

  • ရီးယဲလ်ထက် ပိုကောင်းသည့် အသင်း မရှိဟု ဂွာဒီယိုလာဆို

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ထက် ပိုကောင်းသည့်အသင်း မရှိဟု ချန်ပီယံလိဂ် ဆီးမီး ပထမအကျော့ ဘာနေဗျူးတွင် အရှုံးပေးခဲ့ရသည့် ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    394665_heroa

    ဂွာဒီယိုလာမှာ ၎င်း၏ နည်းပြသက်တမ်း တစ်လျှောက် ဘာနေဗျူးကွင်းတွင် အရှုံးပေးခဲ့ရခြင်း မရှိသော်လည်း ယနေ့နံနက်က ကစားခဲ့သည့် ရီးယဲလ်နှင့်ပွဲစဉ်တွင် ဘန်ဇီမာ၏ ပထမပိုင်း သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရပြီး ဘိုင်ယန်အသင်း၏ ချန်ပီယံလိဂ်အဝေးကွင်း ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်လည်း ကျိုးပြတ်ခဲ့ရသည်။

    ဂွာဒီယိုလာက ထိုပွဲအတွင်း ဘိုင်ယန်ကစားသမားများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ယူသော်လည်း တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခြင်းကြောင့် ပေးဆပ် ခဲ့ရသည်ဟု ပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ဒါပေမယ့် ဒုတိယအကျော့ ကျန်နေသေးပြီး ဒီပွဲကို ပုံဖော်ဖို့ အတွက် ကစားသမားတိုင်း ပါဝင်အောင် ကြိုစားသွားပါမယ်။ မက်ဒရစ်ကတော့ အမြဲတမ်း ဒီအတိုင်းကစားတာပါ။ သူတို့ဟာ သိပ်မြန်တယ်။ တစ်ဖက်အသင်းကို ဖွင့်ပေးပြီး ဘောလုံးဆုံးရှုံးတာကိုစောင့် ကစားမယ်။ တစ်ဖက်အသင်းအနေနဲ့ အင်မတန် သပ်ရပ်ဖို့လို့ပြီး စည်းစနစ်ကျဖို့လည်း လိုပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အသင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်” ဟု ဂွာဒီယိုလာက ထိုပွဲအပြီးတွင် Sky သို့ ပြောကြားခဲ့သည်။

    ဘိုင်ယန်မှာ လာမည့်အင်္ဂါနေ့တွင် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်း၌ ရီးယဲလ်အား ဧည့်ခံကစားရမည်ဖြစ်သည်။
    Goal