ဧပြီ ၂၄၊ ၂၀၁၄
M-Media
– စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ထက် ပိုကောင်းသည့်အသင်း မရှိဟု ချန်ပီယံလိဂ် ဆီးမီး ပထမအကျော့ ဘာနေဗျူးတွင် အရှုံးပေးခဲ့ရသည့် ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။
ဂွာဒီယိုလာမှာ ၎င်း၏ နည်းပြသက်တမ်း တစ်လျှောက် ဘာနေဗျူးကွင်းတွင် အရှုံးပေးခဲ့ရခြင်း မရှိသော်လည်း ယနေ့နံနက်က ကစားခဲ့သည့် ရီးယဲလ်နှင့်ပွဲစဉ်တွင် ဘန်ဇီမာ၏ ပထမပိုင်း သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရပြီး ဘိုင်ယန်အသင်း၏ ချန်ပီယံလိဂ်အဝေးကွင်း ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်လည်း ကျိုးပြတ်ခဲ့ရသည်။
ဂွာဒီယိုလာက ထိုပွဲအတွင်း ဘိုင်ယန်ကစားသမားများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ယူသော်လည်း တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခြင်းကြောင့် ပေးဆပ် ခဲ့ရသည်ဟု ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ဒါပေမယ့် ဒုတိယအကျော့ ကျန်နေသေးပြီး ဒီပွဲကို ပုံဖော်ဖို့ အတွက် ကစားသမားတိုင်း ပါဝင်အောင် ကြိုစားသွားပါမယ်။ မက်ဒရစ်ကတော့ အမြဲတမ်း ဒီအတိုင်းကစားတာပါ။ သူတို့ဟာ သိပ်မြန်တယ်။ တစ်ဖက်အသင်းကို ဖွင့်ပေးပြီး ဘောလုံးဆုံးရှုံးတာကိုစောင့် ကစားမယ်။ တစ်ဖက်အသင်းအနေနဲ့ အင်မတန် သပ်ရပ်ဖို့လို့ပြီး စည်းစနစ်ကျဖို့လည်း လိုပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အသင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်” ဟု ဂွာဒီယိုလာက ထိုပွဲအပြီးတွင် Sky သို့ ပြောကြားခဲ့သည်။
ဘိုင်ယန်မှာ လာမည့်အင်္ဂါနေ့တွင် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်း၌ ရီးယဲလ်အား ဧည့်ခံကစားရမည်ဖြစ်သည်။
Goal
Leave a Reply
You must be logged in to post a comment.