News @ M-Media

Blog

  • ရီးယဲလ်ထက် ပိုကောင်းသည့် အသင်း မရှိဟု ဂွာဒီယိုလာဆို

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ထက် ပိုကောင်းသည့်အသင်း မရှိဟု ချန်ပီယံလိဂ် ဆီးမီး ပထမအကျော့ ဘာနေဗျူးတွင် အရှုံးပေးခဲ့ရသည့် ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    394665_heroa

    ဂွာဒီယိုလာမှာ ၎င်း၏ နည်းပြသက်တမ်း တစ်လျှောက် ဘာနေဗျူးကွင်းတွင် အရှုံးပေးခဲ့ရခြင်း မရှိသော်လည်း ယနေ့နံနက်က ကစားခဲ့သည့် ရီးယဲလ်နှင့်ပွဲစဉ်တွင် ဘန်ဇီမာ၏ ပထမပိုင်း သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရပြီး ဘိုင်ယန်အသင်း၏ ချန်ပီယံလိဂ်အဝေးကွင်း ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်လည်း ကျိုးပြတ်ခဲ့ရသည်။

    ဂွာဒီယိုလာက ထိုပွဲအတွင်း ဘိုင်ယန်ကစားသမားများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ယူသော်လည်း တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခြင်းကြောင့် ပေးဆပ် ခဲ့ရသည်ဟု ပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ဒါပေမယ့် ဒုတိယအကျော့ ကျန်နေသေးပြီး ဒီပွဲကို ပုံဖော်ဖို့ အတွက် ကစားသမားတိုင်း ပါဝင်အောင် ကြိုစားသွားပါမယ်။ မက်ဒရစ်ကတော့ အမြဲတမ်း ဒီအတိုင်းကစားတာပါ။ သူတို့ဟာ သိပ်မြန်တယ်။ တစ်ဖက်အသင်းကို ဖွင့်ပေးပြီး ဘောလုံးဆုံးရှုံးတာကိုစောင့် ကစားမယ်။ တစ်ဖက်အသင်းအနေနဲ့ အင်မတန် သပ်ရပ်ဖို့လို့ပြီး စည်းစနစ်ကျဖို့လည်း လိုပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အသင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်” ဟု ဂွာဒီယိုလာက ထိုပွဲအပြီးတွင် Sky သို့ ပြောကြားခဲ့သည်။

    ဘိုင်ယန်မှာ လာမည့်အင်္ဂါနေ့တွင် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်း၌ ရီးယဲလ်အား ဧည့်ခံကစားရမည်ဖြစ်သည်။
    Goal

  • ဂျပန်နှင့် မဟာမိတ်စာချုပ်ကြောင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုကိစ္စမှာ အမေရိကန်နှင့် သက်ဆိုင်ဟု အိုဘားမားဆို

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – အရှေ့တရုတ် ပင်လယ်အတွင်း တရုတ်နှင့် ဂျပန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းစုမှာ အမေရိကန်-ဂျပန် မဟာမိတ်ဆိုင်ရာ သဘောတူညီချက်နှင့် အကျုံးဝင်သည်ဟု တိုကျိုသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်များအား ပြောကြားခဲ့သည်။
    U.S. President Obama waves next to Japan's PM Abe after dinner at Sukiyabashi Jiro restaurant  in Tokyo
    “အမေရိကန်ရဲ့ ပေါ်လစီကတော့ ရှင်းပါတယ်။ ဆန်ကာကူကျွန်းစုဟာ ဂျပန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ။ ဒါ့ကြောင့် အမေရိကန်-ဂျပန် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးသဘောတူညီချက် အပိုဒ် ၅ နဲ့အကျုံးဝင်ပါတယ်။ ဒီကျွန်းစုကို စီမံခန့်ခွဲနေတဲ့ ဂျပန်ရဲ့ အုပ်ချုပ်မှုကို အခြေပျက်စေတဲ့ ဘယ်လို တစ်ဖက်သတ် ကြိုးပမ်းမှုမျိုးကိုမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်” ဟု အင်တာဗျူးတွင် အိုဘားမားက ဖြေကြားခဲ့မှုကို Yomiuri Shimbun သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂဲလ်တို့ကလည်း ဂျပန်နိုင်ငံအား ထောက်ခံသည့်ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။

    အိုဘားမား၏ အာရှခရီးစဉ်မှာ တစ်ပတ်တာကြာမြင့်မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကာ၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။ ၎င်း၏ ယခု ခရီးစဉ်မှာ အာရှဒေသ အတွင်း အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ ဟန်ချက်ညီစေရန် အတွက် ဖြစ်သည်ဟု အိမ်ဖြူတော်က ဖော်ပြခဲ့သည်။

    ဂျပန်နိုင်ငံက ဆန်ကာကူဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံမှ ဒိုင်အိုယူဟု ခေါ်သည့် အရှေ့တရုတ်ပင်လယ်အတွင်းရှိ အဆိုပါကျွန်းစုအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ဂျပန်နှင့် တရုတ်နိုင်ငံတို့က အငြင်းပွားနေကြသည်။ ထိုကျွန်းစုမှာ လက်ရှိတွင် ဂျပန်၏ အုပ်ချုပ်မှုအောက်၌ ရှိနေသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလက အဆိုပါကျွန်းစု၏ လေပိုင်နက်တစ်စိတ်တစ်ပိုင်းအား ၎င်း၏ လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်နိုင်ငံက ထည့်သွင်းခဲ့ပြီး အမေရိကန်နှင့် ဂျပန်တို့က ကန့်ကွက်ခဲ့ကြကာ ထိုလေကြောင်း ပိုင်နက်အတွင်းသို့ တိုက်လေယာဉ်များ၊ အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ကြသည်။

    Ref:AFP

  • ညီညွတ်သော ပါလက်စတိုင်း အစိုးတစ်ရပ် ဖွဲ့စည်းရန် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့ သဘောတူညီချက်ရရှိ

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – သဘောထားကွဲလွဲနေသည့် ပါလက်စတိုင်းဒေသမှ အစိုးရနှစ်ခုအား ပေါင်းစည်းကာ ညီညွတ်သော အစိုးရသစ်ဖွဲ့စည်းနိုင်ရေး သဘော တူညီချက်တစ်ခုကို ဂါဇာတွင်ပြုလုပ်ခဲ့သည့် ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွင် ပါလက်စတိုင်း ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    Palestinian factions to form unity government

    ၇ နှစ်ကျော်ကြာ ကိုယ်ပိုင် အဖွဲ့အစည်း အုပ်ချုပ်ရေးဖြင့် ဆောင်ရွက်ခဲ့ကြသည့် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့က ယမန်နေ့တွင် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ၏ အောက်တွင် အစိုးသစ်တစ်ရပ်ကို ဖွဲ့စည်းတော့မည်ဖြစ်သည်။ ထိုအစိုးရသစ်အား သီတင်းပတ် ၅ ပတ်အတွင်း ဖွဲ့စည်းသွားရန်နှင့် ၆ လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် စီစဉ်ထားသည်။

    သတင်းစာရှင်းလင်းပွဲ၌ ယခင်က ကွဲလွဲမှုများမှာ ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ပန်းတိုင်အောက်တွင် ကွဲခွဲကြခြင်းဖြစ်သည်ဟု အဖွဲ့ ၂ ခုစလုံး၏ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

    ထိုသဘောတူညီချက် စည်းမျဉ်းစည်းကမ်းများကို ကြေညာခဲ့သည့် ဟားမက်စ်ခေါင်းဆောင် အစ္စမာအီလ် ဟာနီယဟ်ကမူ ဂျေရုစလင် တစ်မြို့လုံးရှိ အစ္စလာမ်နှင့် ခရစ်ယာန်တို့၏ မြင့်မြတ်သော အဆောက်အဦးများနှင့် နေရာများအား ဖျောက်ဖျက်ကာ ဂျူးရိပ်ဂျူးငွေ့သန်းစေရန် အစ္စရေးက လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

    ဖာတာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဇ်မန် အလ်-အဟ်မဒ်ကမူ နိုင်ငံရေး၊ လူမှုရေး၊ လူ့အဖွဲ့အစည်းအရေး စသဖြင့် မိမိတို့ လုပ်ဆောင်ရမည့် ကဏ္ဍပေါင်းစုံတွင် စစ်မှန်သော မိတ်ဖက်ဖြစ်လာရေး အတွက် ယခုသဘောတူညီချက်က မှန်ကန်သော အစပျိုးမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ် ဂါဇာရွေးကောက်ပွဲတွင် ဟားမက်စ်အဖွဲ့ အနိုင်ရခဲ့ပြီးနောက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ ဖာတာအဖွဲ့နှင့် ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဟာမက်စ်အဖွဲ့မှာ လူဦးရေ ၂ သန်းခန့်ရှိသည့် ဂါဇာအား အုပ်ချုပ်ကာ၊ ဖာတာအဖွဲ့မှာ လူဦးရေ ၂ သန်းကျော်ရှိသည့် အနောက်ဘက် ကမ်းခြေအား အုပ်ချုပ်နေသည်။

    Al Jazeera

    Photo: REUTERS

  • ဆွဇ်ဇာလန်တွင် ပထမဆုံးသော အစ္စလာမ့် သုတေသနစင်တာ ဖွင့်လှစ်

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – အစ္စလာမ်၏ စစ်မှန်သော တန်ဖိုးများကို မြင့်တင်ပေးကာ ဆွဇ်မွတ်စလင်များအား အစ္စလာမ့် ဓမ္မပညာရပ်များ သင်ကြားပေးနိုင်မည့် ပထမဆုံး အစ္စလာမ့်သုတေသန စင်တာ ကို ဆွဇ်ဇာလန် နိုင်ငံ၌ ဖွင့်လှစ်ခဲ့သည်။

    Swiss-Muslims-Get-First-Academic-Center

    “အစ္စလာမ့် သိပ္ပံအသင်း” ဟု အမည်ပေးထာသည့် အဆိုပါ သုတေသနစင်တာကို ဆွဇ်ဇာလန် အစ္စလာမ့် အတိုင်ပင်ခံကောင်စီက ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအသင်းတွင် ကနဦးသင်ကြားမှုအဖြစ် ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ ဓလေ့တော် စွန်နာနှင့် သြ၀ါတော် ဟဒီးဆ်များကို သင်ကြားသွားမည်ဖြစ်ကာ မည်သည့်ဘာသာဝင်မဆို လက်ရောက်စာရင်းပေး၍ တက်ရောက်နိုင်သည်ဟု ရှုရာကောင်စီက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအသင်းမှ အစ္စလာမ်နိုင်ငံများရှိ တရားဝင်အသိအမှတ်ပြုထားသော အသင်းအဖွဲ့များမှ ပို့ချသည့် အစ္စလာမ့် ဓမ္မသင်တန်း၏ သင်ရိုးညွှန်းတမ်းများ ကိုလည်း ပြဌာန်းသွားရန် စမ်းသပ်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု  ထိုအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဘ်ဒူလာဟ် နီကိုလက်စ် ဘလန်ချိုက ပြောကြားခဲ့သည်။

    ထိုသင်တန်းများအား ဆွဇ်ရုံးသုံး ဘာသာ စကားတစ်ခုဖြစ်သည့် ဂျာမန်ဘာသာစကားဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ၊ နိုင်ငံအတွင်း အစ္စလာမ့်အဆုံးအမများကို သင်ကြားပို့ချနိုင်သည့် အရည်အချင်းရှိ ဆရာများ မလုံလောက်မှု ကွက်လပ်ကိုလည်း ဖြည့်ပေးနိုင်မည်ဖြစ်သည်။

    အဆိုပါ “အစ္စလာမ့် သိပ္ပံအသင်း” အား အစ္စလာမ်၏ သမ္မသမတ်ကျသည့် တရားစစ်တရားမှန်များနှင့် စည်းမျဉ်းစည်းကမ်းများအား တိုးတက်ပြန့်ပွားစေရေး လုပ်ငန်းများ မြှင့်တင်ပေးရန်အတွက်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဘလန်ချိုက ဆိုသည်။

    ထိုအသင်းမှ အစ္စလာမ်နှင့် ပတ်သက်သည့် အမြင်မှားများကို ပြင်ဆင်တည့်မတ်သည့်လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ အစ္စလာမ် သာသနာမှာ ခေတ်နှင့်လျော်ညီမှု မရှိဆိုသည့် မှားယွင်းသော အယူအဆကိုလည်း ပယ်ဖျက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘလန်ချိုက ထည့်သွင်းပြောကြားခဲ့သည်။

    ဆွဇ်ဇာလန် အစ္စလာမ့်အတိုင်ပင်ခံ ကောင်စီကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လက်ယာ အစွန်းရောက်များ၏ အစ္စလာမ်အပေါ် ပစ်မှတ်ထားသည့် အမုန်းတရားများကို ပြန်လည်တုံ့ပြန်နေသည့် ပညာရှင် အများအပြားပါဝင်သည်။ ၀တ်ပြုရန်ဖိတ်ခေါ်သံ ဟစ်ကြွေးမှုအား ပိတ်ပင်ထားသည့် ဆွဇ်ဇာလန် နိုင်ငံတွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင် ၁၆၀ ခန့်ရှိသည်။

    ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဆွဇ်ဇာလန် တွင် လူဦးရေ ၈ သန်းကျော်ရှိပြီး ၅ သိန်းခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    Ref:OnIslam & News Agencies

  • အိမ်ကွင်းအနိုင်နဲ့ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားတဲ့ ရီးယဲလ်၊ အဝေးကွင်းမှာ သရေ ရခဲ့တဲ့ ချယ်ဆီး

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    – ဥရောပ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ကို မနေ့ကနဲ့ ဒီနေ့နံနက်တွေမှာ တစ်ပွဲစီ ကစားခဲ့ကြပြီး အင်္ဂလန်က ချယ်ဆီးအသင်း စပိန်မြေမှာ သရေကစားနိုင်ခဲ့ကာ၊ ဂန္တ၀င်ရီးယဲလ်ကတော့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။

    2094950_w2

    ဥရောပရဲ့ ထပ်သီး ၂ သင်းလို့ ပြောလို့ရမယ့် ရီးယဲလ်နဲ့ ဘိုင်ယန်တို့ပွဲကိုတော့ ဒီနေ့မနက် ဘာနေဗျူးမှာ ကစားခဲ့ပြီး ဘန်ဇီမာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အိမ်ရှင်က အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ် အဆင့်ကပဲ လှည့်ပြန်ခဲ့ရတဲ့ ရီးယဲလ်တို့ ဒီနေ့ပွဲကိုတော့ အသေအချာပြင်ဆင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရတဲ့ ရော်နယ်ဒိုလည်း ပြန်ပါလာပါတယ်။

    ဒါပေမယ့် ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်အပေါ် သိပ်ပြီး ဖိအားမပေးနိုင်ခဲ့ဘဲ ဘိုင်ယန်ကတောင် ဂိုးသွင်းခွင့် အသာရခဲ့ပါတယ်။ ပထမပိုင်းမှာ ရော်ဘင်ရဲ့ ကန်သွင်းချက်၊ ရှဝိုင်းစတိုင်ဂါရဲ့ ဂေါင်းတိုက်ချက်တွေကို ကာဆီးလက် ကာကွယ်နိုင်ခဲ့လို့သာ ရီးယဲလ်တို့ ဂိုးမပေးခဲ့ရတာပါ။

    ရီးယဲလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၁၉ မိနစ်မှာ ရခဲ့ပြီး ရော်နယ်ဒို ကွန်ထရာအိုတို့ရဲ့ တွဲလုံးကနေ ဘန်ဇီမာက အနီးကပ် ပိတ်သွင်းယူ ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ ချန်ပီယံလိဂ် ၅ ဂိုးမြောက်လည်းဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘိုင်ယန်တို့ တိုက်စစ်မြှင့်ခဲ့ပြီး ဂိုးသွင်းခွင့် တော်တော်များများရခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးကိုတော့ သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ အပိုင်ကန်သွင်းချက်နှစ်ကြိမ်ကိုလည်း ဘိုင်ယန်ဂိုးသမား နူအာ ကာကွယ်နိုင်ခဲ့တဲ့အတွက် အိမ်ရှင်တို့ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။ ဒီပွဲအရှုံးကြောင့် ဘိုင်ယန်တို့ရဲ့ ချန်ပီယံလိဂ် ၁၁ ဆက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရပါတယ်။

    မနေ့က ကစားခဲ့တဲ့ ချယ်ဆီနဲ့ အက်သလက်တီကိုတို့ပွဲမှာတော့ အိမ်ရှင် အက်သလက်တီကိုတို့ ချယ်ဆီးဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးမသွင်းနိုင်တာကြောင့်  ဂိုးမရှိသရေနဲ့ ပွဲပြီးခဲ့ပါတယ်။ လာလီဂါနဲ့ ပီရီးမီးယားလိဂ်တို့မှာ ခံစစ်အကောင်းဆုံးဖြစ်ကြတဲ့ အသင်း ၂ သင်း တွေ့ဆုံတဲ့ပွဲဖြစ်လို့ ပွဲအစမှာ နည်းစနစ်ပိုင်း အားပြိုင်ခဲ့ကြပြီး အနည်းငယ်အေးခဲ့ပါတယ်။

    ၁၈ မိနစ်မှာ ချယ်ဆီးဂိုးသမား ပီတာချက် နေမကောင်းလို့ ဆက်မကစားနိုင်တော့တဲ့အတွက် ရှဝါဇာနဲ့ လူစားလဲခဲ့ရပြီး ၇၂ မိနစ်မှာလည်း တယ်ရီဒဏ်ရာရသွားတဲ့အတွက် လူစားလဲခဲ့ရပါတယ်။ ပထမပိုင်းမှာ အက်သလက်တီကိုက ချယ်ဆီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ် ဒုတိယပိုင်းမှာ ချယ်ဆီးဘက်က ဂိုးသွင်းခွင့်အနည်းငယ် ရခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေဖြစ်ခဲ့ပြီး လာမယ့်တစ်ပတ် စတမ်းဖို့ဒ်ဘရစ်ခ်ျက ပွဲမှာအက်သလက်တီကိုတို့ ရုန်းကန်ရပါတော့မယ်။

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်သလက်တီကို ၀-၀ ချယ်ဆီး
    ရီးယဲလ် ၁-၀ ဘိုင်ယန်