News @ M-Media

Blog

  • တောင်အာဖရိကတွင်ပြုလုပ်သည့် အိဂ်ျသေမာသို့ အာဖရိက တစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော မွတ်စလင်များ တက်ရောက်

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    ဂျိုဟန်နစ္စဘတ်။    ။ မွတ်စလင်များ၏ နာမ်ပိုင်းဆိုင်ရာမြှင့်တင်မှုနှင့် စိတ်နှလုံးအေးချမ်းမှုရရှိရန် ရည်ရွယ်၍ အိဂ်ျသေမာ စုဝေးမှုတစ်ခုကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်တွင် ပြုလုပ်လျက်ရှိပြီး အာဖရိကတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာဝင်များ တဖွဲဖွဲလာရောက်နေကြသည်။

    MuslimsFlock-to-SAfrica-for-Ijtima

    “(ဒီပွဲကိုလာရောက်ရတဲ့အတွက်) နာမ်ပိုင်းဆိုင်ရာ မြင့်တက်သွားတယ်လို့ ကျွန်တော်ခံစားရပါတယ်။ နောက်နှစ် အိဂ်ျသေမာကိုလည်း ကျွန်တော်တက်ရောက် သွားမှာပါ” ဟု မာလာဝီမှ မွတ်စလင်တရားဟောဆရာတစ်ဦး၏ တရားဒေသနာကို ကြားနာနေသည့် မာလာဝီနိုင်ငံမှ အစ္စလာမ်ဘာသာဝင် ဂျာဖာရန် ကန်ဒူလူက Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

    နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသော် အဆိုပါ အိဂ်ျသေမာက မွတ်စလင်များကို ဆွဲဆောင်နိုင်ပြီး နေ့ညမပြတ် တရားဒေသနာဟောကြားခြင်းများကိုလည်း ဆောင်ရွက်ကြသည်။ ယခုနှစ် အိဂ်ျသေမာ ဖွင့်ပွဲအခမ်းအနားကို လူပေါင်း ၁ သောင်းနီးပါး တက်ရောက်ခဲ့ကြသည်။

    အိဂ်ျသေမာသို့ မာလာဝီ၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံများမှ အစ္စလာမ်ဘာသာဝင်များ လာရောက်ကြကာ၊ အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံများအပါအ၀င် အာရှနိုင်ငံများမှ မွတ်စလင်ပညာရှင်များ တရားဒေသနာတော်များကို လာရောက်ပို့ချကြသည်။

    “ဒီအိဂ်ျသေမာကို တောင်အာဖရိကမှာ နှစ်စဉ်ပြုလုပ်ပါတယ်။ ဒီနှစ်တော့ ဒီနာမ်ပိုင်းဆိုင်ရာမြှင့်တင်ရေး စုဝေးမှုကြီးကို လူ ၂သောင်းနီးပါးလောက် လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်ကို အချို့လူတွေဟာ မာလာဝီ၊ ဇင်ဘာဘွေတို့လို ဝေးတဲ့နေရာတွေနဲ့၊ အိမ်နီးချင်းနိုင်ငံတွေက လာကြတာပါ။ ဒီအစဉ်အစဉ်ဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ လမ်းကြောင်းအတွင်းမှာ ဘ၀သက်တမ်းတွေကို အဓိပ္ပါယ်ရှိစွာနဲ့ ရှင်သန်ဖို့အတွက် မွတ်စလင်တွေကို လှုံ့ဆော်ပေးဖို့ ရည်ရွယ်တာပါ” ဟု အိဂ်ျသေမာဖြစ်မြောက်ရေး စီစဉ်သူများမှ တစ်ဦးဖြစ်သည့် တောင်အာဖရိက မွတ်စလင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ အိဂ်ျသေမာသို့ လာရောက်ကြသည့် အစ္စလာမ်ဘာသာဝင်များမှာ စီစဉ်ပေးထားသည့် ယာယီတဲများတွင် နေထိုင်ရပြီး ညီရင်းအကိုစိတ်ဓာတ်ကို ဖော်ကျူးရန် ဆင်တူဝတ်စုံအဖြူများကိုဝတ်ဆင်ကြသည်။ တက်ရောက်လာကြသူများ အဆင်ပြေချောမွေ့စေရန် ကိုယ်လက်ဆေးကြောရန် ရေများ၊ ရေအိမ်များနှင့် လျှပ်စစ်မီးများကို စီစဉ်ဆောင်ရွက်ထားရှိသည်။

    “နိုင်ငံစုံက အစ္စလာမ်ဘာသာဝင်တွေကို တွေ့မြင်ရတဲ့အတွက် ဒီအိဂ်ျသေမာဟာ ဟဂ်ျဘုရားဖူး ခရီးစဉ်ကို အမှတ်ရစေပါတယ်။ ဒါဟာ ညီရင်းအကိုစစ်စစ်တွေရဲ့ စုစည်းမှုတစ်ခုပါ” ဟု တောင်အာဖရိက နိုင်ငံတွင် ကုန်သွယ်လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုမာလီကုန်သည် မဟ်မဒ် အလီက ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အစ်ရှ်ဝါအမည်ဖြင့် ထိုကဲ့သို့ အိဂ်ျသေမာတစ်ခုကို ၁၉၆၀ ပြည့်နှစ်များမှ စတင်ကာ နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ အိန္ဒိယနိုင်ငံတွင် တဗ်လိဂ်ဂျမတ်အဖွဲ့မှ ဦးဆောင်ကာ ထိုကဲ့သို့ စုဝေးမှုကို နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

    တဗ်လိဂ်ဂျမတ်အဖွဲ့ကို ၁၉၂၆ ခုနှစ်တွင် ရှိတ် မုဟမ္မဒ် အီလီယက်စ် အလ်-ခန်ဒ်လာဝီ (Sheikh Muhammad Ilyas Al-Kandhlaw) က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ဒေလီမြို့တွင်အခြေစိုက်ကာ ကမ္ဘာ့တစ်ဝှမ်း အစ္စလာမ်ဘာသာဝင်များအကြား နာမ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသောလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ မည်သည့် မွတ်စလင် အမျိုးသား၊ အမျိုးသမီးမဆို ထိုအဖွဲ့မှပြုလုပ်သော စုစည်းလှုပ်ရှားမှုတွင် တက်ရောက်နိုင်ပြီး၊ ထိုအဖွဲ့မှပြုလုပ်သည့် ဒါဝါဟ်လှုပ်ရှားမှု ခရီးစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည်။
    OnIslam & News Agencies

  • သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန  ဂါဝရ၀ပြု  အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

    သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန ဂါဝရ၀ပြု အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC01028

    ရန်ကုန်   ။         ။     ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပန ဂါရ၀ပြု အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒဿန်ခန်းမတွင် နံနက် ၈-နာရီမှ ည ၈-နာရီထိ ပြုလုပ်လျက် ရှိသည်။

    ဆရာကြီးဦးဝင်းတင်ကို ချစ်ခင်လေးစားမြတ်နိုးသော ပြည်သူများမှ လွမ်းသူ့ပန်းခွေများ၊ လွမ်းသူ့ပန်းခြင်းများဖြင့် လာရောက် ဂါရ၀ပြုလျက် ရှိကြသည်။ ထို့ပြင် သမ္မတရုံးဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာ လောကမှ ဆရာကြိးကို လေးစားချစ်ခင်သူများ နှင့် အခြားအဖွဲ့အစည်းများမှလည်း ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ် ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ထို့ပြင် ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

    ဆရာကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင်ပြုလုပ်မည်ဖြစ်ပါသည်။

    အဘဦးဝင်တင်ကိုချစ်ခင်လေးစားကြသော ပြည်သူများလိုက်ပါပို့ဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူများအတွက် နာရေးကားများကို သက်ဆိုင်ရာမြို့နယ်ရုံးများမှ စီစဉ်ထားကြောင်း သိရသည်။

    ဆရာကြီးဦးဝင်းတင်၏ဈာပနာကို  ဧပြီ ၂၃ ရက်နေ့   နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်း အစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

     

  • ခွဲထွက်ရေးသမားများ ယူကရိန်းအရှေ့ပိုင်းတွင် အဆောက်အအုံများ ဆက်လက်သိမ်းပိုက်၊ နိုင်ငံတကာ သတင်းသမား ၃ ဦးအားဖမ်းဆီးထား

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    939df29b-f81a-4cfc-b76a-b118011a5391

    –  မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများမှာ အဆောက်အဦးများကို ဆက်လက်သိမ်းပိုက်လျက်ရှိနေပြီး နိုင်ငံခြား ဂျာနယ်လစ် ၃ ဦးကိုလည်း ယနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဘီလာရုစ်မှ ဂျာနယ်လစ်တစ်ဦးနှင့် အီတလီဂျာနယ်လစ် ၂ ဦးတို့မှာ ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားသည့်  Slovyansk မြို့တွင် သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယမန်နေ့ ညပိုင်းကလည်း Slaviansk မြို့တွင် ယူကရိန်း ဂျာနယ်လစ် အမျိုးသမီးတစ်ဦးအား ခွဲထွက်ရေးသမားများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူမမှာ မြို့တော်ကိဗ်တွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းဒေသများတွင် အစိုးရ အဆောက်အဦးများအား သိမ်းပိုက်နေသည့် လက်နက်ကိုင် မျက်နှာဖုံးစွပ် စစ်သားများမှာ ရုရှားစစ်သားနှင့် ထောက်လှမ်းရေး တပ်များမှ ဖြစ်သည်ဟု ဓာတ်ပုံများအရ သိရကြောင်း New York Times သတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

    အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်မှာ ယူကရိန်းအတွင်း မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ယူကရိန်းနိုင်ငံသို့နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင်ရောက်ရှိခဲ့သည်။
    live.aljazeera

    Photo- Reuters

  • တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှု အလောင်းများ ထပ်တွေ့ ၊ သေဆုံးသူ ၈၇ ဦးထိရှိလာ၊ တရုတ်နိုင်ငံသား ၂ဦးပါဝင်

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – တိမ်းမှောက်သွားခဲ့သည့် တောင်ကိုရီးယားခရီးသည်တင်င်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများမှ ယနေ့တွင်လည်း အလောင်းများကို ဆက်လက် ဆယ်ယူရရှိနေသည်ဟု သိရသည်။

    SEL804-South+Korea+Ship+Sin

    ယနေ့နံနက်တွင် အလောင်း ငါးလောင်းနှင့် နေ့လည်တွင် အလောင်း ၁ လောင်းကို ဆယ်ယူရရှိခဲ့သည်။ အဆိုပါ ငါးထပ်သင်္ဘော၏ တတိယနှင့် စတုတ္ထထပ်များကို ရေငုပ် သင်္ဘောများက ယနေ့ညတွင် ပိုက်စိတ်တိုက်ရှာဖွေခဲ့ရာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၂၂ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး သေဆုံးသူဦးရေမှာ ၈၇ ဦးအထိ ရှိလာပြီဖြစ်သည်။

    အဆိုပါ ၂၂ ဦးတွင် တရုတ်နိုင်ငံမှ အမျိုးသမီး ၂ ဦးပါဝင်နေပြီး ပျောက်ဆုံးသူများစာရင်းတွင် တရုတ်နိုင်ငံသားများ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ အတည်ပြုရခြင်း မရှိသေးပေ။

    တောင်ကိုရီးယား အစိုးရကမူ ကမ်းခြေစောင့်တပ်များ ရေတပ်နှင့် ရေငုပ်သမားများကို အားဖြည့်ကာ ယနေ့ညနှင့် အင်္ဂါနေ့နံနက်တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။

    ထိုသင်္ဘောတွင် ခရီးသည် ၄၇၆ ဦး လိုက်ပါသွားခဲ့ပြီး ယခုအချိန်အထိ ၁၇၄ ဦးကိုသာ ကယ်တင်ထားနိုင်သည်။
    ဆင်ဟွာ

  • ဂျေရုဆလင်မှာ အစ္စရေးရဲ့ ကန့်သတ်မှုကြောင့် အခြေအနေ တင်းမာခဲ့တဲ့ ခရစ်ယာန်တို့၏၂၀၁၄ အီစတာ ပွဲတော်ကာလ

    ဧပြီ ၂၁၊ ၂၀၁၄
    M-Media

    တနင်္ဂနွေနေ့က ကမ္ဘာတစ်ဝှမ်း ခရစ်ယာန်ဘာသာဝင်တို့သည် အီစတာပွဲတော်ကို ဆင်နွဲကြသော်လည်း နိုင်ငံရေးအရသော်လည်းကောင်း၊ အကြမ်းဖက်မည်ကို စိုး၍သော်လည်းကောင်း စိုးတထင့်ထင့် ဖြစ်ခဲ့ကြသည်။

    140420070212-10-easter-around-world-horizontal-gallery
    ဓါတ်ပုံ အညွန်း- ဂျေရုစလင်တွင် အော်သိုဒေါစ့် ခရစ်ယာန်များ အီစတာပွဲတော် ဆင်နွဲနေကြစဉ်

    အသင်းတော်၏ အကြီးအကဲဖြစ်လာပြီး ဒုတိယအကြိမ်မြောက် သ၀ဏ်စကားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီရတ်၊ အစ္စရေး၊ ဗဟိုအာဖရိက၊ နိုက်ဂျီးရီးယား၊ တောင်ပိုင်း ဆူဒန်၊ ဗင်နီဇွဲလားနှင့် ယူကရိန်းရှိ ပဋိပက္ခများ အဆုံးသတ်စေကြောင်း ဆုမွန်တောင်းခဲ့၏။

    ပုပ်ရဟန်းမင်းသည် စိန့်ပီတာဝတ်ကျောင်း၏ ဗဟိုစင်မြင့်ထက်မှ အောက်ပါကဲ့သို့ မိန့်ခွန်းခြွေခဲ့ပါသည်။

    “ ဆီးရီးယားအတွက် ဆုတောင်းပေးတဲ့အလား သဏ္ဍာန်အတိုင်း ပဋိပက္ခဒဏ်ခံရသော သူအပေါင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရနိုင်ပါစေကြောင်း၊ မည်သည့်ဖက်မှ အင်အားသုံးဖြေရှင်းမှု ထပ်မံ မဖြစ်ပါစေကြောင်း၊ အထူးသဖြင့် ကာကွယ်နိုင်စွမ်း မရှိတဲ့ အရပ်သားတွေအပေါ် ဆိုးကျိုး မသက်ရောက်ပါစေကြောင်း၊ ၎င်းအစား ကာလကြာမြင့်စွာ စောင့်စားနေကြသော – စိတ်တိုင်းမကျခဲ့သော ငြိမ်းချမ်းရေးကို ထင်ရှားကြီးကျယ်စွာ ရင်ကြားစေ့ညှိနှိုင်းနိုင်ကြပါစေကြောင်း ကျွန်ုပ်တို့မှ ဆုမွန်တောင်းဆိုပါသည် ”။

    လုံခြုံရေးတင်းကြပ်ထားသည့် ဂျေရုဆလင်
    ——————————————
    တနင်္ဂနွေနေ့က ဂျေရုဆလင်၌ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ ၎င်းမတိုင်မီတစ်နေ့က အစ္စရေး လုံခြုံရေးတပ်ဖွဲ့များသည် မြို့ဟောင်းတွင် အီစတာပွဲတော် အကြိုအခမ်းအနား ကျင်းပနေသော ခရစ်ယာန်ဘာသာဝင် ပါလက်စတိုင်းလူမျိုးတို့အား အဓမ္မ ရပ်ဆိုင်းစေသည်၌ တင်းမာမှုများ ထိုးတက်လာခဲ့သည်။

    မြင့်မြတ်သောစနေနေ့ ချီတက်ပွဲ ပြုလုပ်ရန်ကြိုးစားခဲ့သော လူစုအတွင်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ကုလအထူး အကျိုးဆောင်ဖြစ်သော ရောဘတ် စယ်ရီ ရှိနေခဲ့ပြီး ဤသို့ ပြောပြခဲ့သည်။

    “ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်အပေါ် တန်ဖိုးထားလေးစားကြဖို့၊ ဘာသာတရားအားလုံးက ၀တ်ပြုသူတို့ အတွက် ထူးမြတ်တဲ့နေရာတွေမှာ စုရုံးခွင့်ပေးဖို့၊ အထူးသဖြင့် ဘာသာရေးဆိုင်ရာ အထူးအမြတ် အားလပ်ရက်ထဲမှာ ဒေါသအလျောက် ဆန္ဒပြခြင်းကို ကြဉ်ရှောင်ကြဖို့ ကျွန်တော့်အနေနဲ့ အုပ်စုအပေါင်းကို တိုက်တွန်းခဲ့ပါတယ် ”။

    သို့သော် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြန်ကြားရေးမှူး ယီဂယ်လ် ပါးလ်မားက ၎င်းကို အရေးမပါသောဖြစ်ရပ်ဟု သမုတ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် ယင်းချာ့ခ်ျ ဘုရားကျောင်း အတွင်း လူတအုံတကျင်း မဖြစ်အောင်၊ အနီးရှိလမ်းများ ပိတ်ဆို့ခြင်း မဖြစ်အောင် အရေအတွက် ကန့်သတ်ရန်ကြိုးစားခြင်းသာဖြစ်ကြောင်း ၎င်းက ဂျေရုဆလင်သတင်းဌာနသို့ ပြောကြားသည်။

    မာရသွန်ပြိုင်ပွဲ မကျင်းပမှီ ဘော့စ်တွန်၌ ကောင်းချီးမင်္ဂလာဆုတောင်းပေး
    ————————————————————-
    အမေရိကန်ပြည်ထောင်စုတွင် ကက်သလစ်ဂိုဏ်းအုပ် ရှောင် အိုမာလီမှ ဘော့စ်တွန်မာရသွန်ပြိုင်ပွဲဝင်များအတွက် အီစတာတနင်္ဂနွေ စုပေါင်းဝတ်ပြုပွဲအပြီး ဘုရားကျောင်းတော်၌ ကောင်းချီးမင်္ဂလာဆုတောင်းပေးခဲ့သည်ဟု CNN လက်ခွဲ WJAR-TV မှ ဆိုသည်။

    ဘော့စ်တွန်အပြေးပြိုင်ပွဲမှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော်လည်း ဤတစ်နှစ်အဖို့ ဂိုဏ်းအုပ်၏ဆုတောင်းပေးမှုသည် သီးခြားအဓိပ္ပာယ်တစ်ရပ်အား အသွင်ဆောင်နေသည်။ လူသုံးဦးသေဆုံးပြီး ၂၆၄ ဦး ဒဏ်ရာရစေခဲ့သည့် ဘော့စ်တွန်ဗုံးကွဲမှုတစ်နှစ်ပြည့်မြောက်ခြင်းနှင့် ထူးထူးခြားခြားတိုက်ဆိုင်နေ၏။

    ဤနှစ်၏ မာရသွန်ပြိုင်ပွဲကို တနင်္လာနေ့တွင် ကျင်းပမည်ဖြစ်ပြီး ဘော့စ်တွန်ရှိ အခြားချာ့ခ်ျကျောင်းများသည်လည်း အထူးဆုတောင်းမှုများ ဆောင်ရွက်ကြမည်ဖြစ်သည်။

    ဗြိတိသျှတော်ဝင်မိသားစုဝင်များ နှင့် အိုဘားမားတို့လည်း အီစတာနှုတ်ခွန်းဆက်စကားဆို
    —————————————————————————-
    ဒုတိယမြောက် အလစ်ဇဘက်ဘုရင်မကြီးသည် Windsor Castl ရှိ စိန့်ဂျော့ဂ်ျဝတ်ပြုခန်းမတွင် ပြုလုပ်သော အီစတာစုရုံးပွဲတော်သို့ တက်ရောက်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့တစ်ဖက်ခြမ်း၌ ကမ္ဘာ့ခေါင်းဆောင် ဇနီးမောင်နှံတို့မှ သြစတေးလျခရီးစဉ်သို့ ဆက်လက်သွားရောက်မည်ဟု သိရသည်။

    သမ္မတအိုဘားမားက သူ၏အပတ်စဉ်မိန့်ခွန်း၌ အမေရိကန်ပြည်သူများအပေါ် ပျော်ရွှင်ဖွယ်အီစတာပွဲတော် ဖြစ်ပါစေကြောင်း စနေနေ့က ဆန္ဒပြုပြောကြားခဲ့သည်။

    “ ကျွန်တော့်အဖို့ အီစတာပွဲတော်ဟာ မျှော်လင့်ချက်ဇာတ်လမ်းတစ်ပုဒ်၊ စိတ်ပျက်မှုထဲက အကောင်းဆုံးနေ့ပေါ်ပေါက်ခြင်းပေါ် ယုံကြည်ချက်တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် အီစတာပွဲတော် ကျင်းပဆင်နွဲကြကုန်သော ခရစ်ယာန်အပေါင်းကို ပျော်ရွှင်သော အီစတာဖြစ်ပါစေလို့ ကျွန်တော့်မိသားစုမှ ဆုမွန်တောင်းပါတယ်။ အမေရိကန်တိုင်း အားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ ” ဟု သူက ဆိုသည်။

    အိုဘားမားသည် လွန်ခဲ့သည့်ရက်သတ္တပတ်အစောပိုင်း အိမ်ဖြူတော်တွင် Seder ညဥ့်စာစားပွဲတစ်ရပ်ကျင်းပခဲ့ပြီး ရာထူးလက်ဝယ်ရှိစဉ် ယင်းသို့တည်ခင်းလိုက်သော ပထမဦးဆုံး သမ္မတ ဖြစ်သည်။

    ဓါတ်ပုံ အညွန်း- ဂျေရုစလင်တွင် အော်သိုဒေါစ့် ခရစ်ယာန်များ အီစတာပွဲတော် ဆင်နွဲနေကြစဉ်

    Ref: CNN
    ဘာသာပြန်- မင်းထွဋ်ခေါင်(M-Media)