News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့သည့် တောင်ကိုရီးယား သင်္ဘောမှ ကပ္ပတိန်အား ဖမ်းဝရမ်းထုတ်

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့် ၂ ရက်က တောင်ကိုရီးယားနိုင်ငံ ဂျဲဂျူးကျွန်းနားတွင် တိမ်းမှောက်သွားခဲ့သည့် ခရီးသည်တင် သင်္ဘောမှ ကပ္ပတိန်ဖြစ်သူနှင့် အရာရှိနှစ်ဦးတို့ကို တရားရုံးမှ ဖမ်းဝရမ်း ထုတ်ခဲ့သည်ဟု သိရသည်။

    korea_ship_sink_Lead

    ထိုသင်္ဘော၏ ကပ္ပတိန်ဖြစ်သူ လီဂျွန်ဆွက်မှာ သင်္ဘောတိမ်းမှောက်ချိန်တွင် တာဝန်ထမ်းဆောင်နေခြင်း မရှိဘဲ ပဲ့ထိန်းအခန်းတွင် အငယ်တန်းအရာရှိ တစ်ဦးသာ ရှိနေခဲ့သည်ဟု သိရှိရပြီးနောက် ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။

    ခရီးသည်နှင့် သင်္ဘောအမှုထမ်း ၄၇၅ ဦး၊ ယာဉ်အစီးရေ ၁၅၀ ကို တင်ဆောင်သွားခဲ့သည့် အဆိုပါသင်္ဘောမှာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန် အထိ လူပေါင်း ၁၇၉ ဦးအား ကယ်တင်နိုင်ခဲ့သည်။ ကယ်တင်နိုင်ခဲ့သူအများစုမှာ ဂျဲဂျူးကျွန်းသို့ လေ့လာရေး ခရီးသွားရောက်ကြသည့် ကျောင်းသားအများစု ဖြစ်ကြပြီး ယခုအချိန်အထိ ၂၈ ဦးသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကာ ၂၆၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

    ကယ်ဆယ်ရေးလုပ်သားများမှာ ယနေ့တွင် သင်္ဘော အတွင်းသို့ ၀င်ရောက်နိုင်ခဲ့သော်လည်း လေအိတ်များအတွင်းရှိနိုင်ပြီး အသက်ရှင်လျက် ရှိသည်ဟု မျှော်လင့်ရသည့် ဧရိယာ အထိသို့ ရောက်ရှိခြင်း မရှိသေးပေ။ သင်္ဘောမှကယ်တင်နိုင်ခဲ့သည့် ကျောင်းသားများကို ဦးဆောင်သည့် အသက် ၅၂ နှစ်အရွယ် လက်ထောက်ကျောင်းအုပ်ကြီး ကန်မင်ဂျူမှာ အသက်ရှင်သူများအား ထိန်းသိမ်းထားရာ ကိုယ်ကာယလေ့ကျင့်ခန်း စင်တာ အဆောက်အဦး၏ အပြင်ဘက် သစ်ပင်တွင် ဆွဲကြိုးချလျက် သေဆုံးနေသည်ကို ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
    Agencies

  • ရေခဲ ပြိုဆင်းမှုကြောင့် ဧ၀ရတ်တောင်တက် လမ်းပြ အဖွဲ့မှ ၁၂ ဦးသေဆုံး

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်အား တက်ရန် ပြင်ဆင်နေသည့် နီပေါ တောင်တက် လမ်းပြအဖွဲ့မှ ၁၂ ဦးမှာ တောင်ပေါ်မှရေခဲများ ပြိုဆင်းလာမှုကြောင့် သေဆုံးသွားခဲ့သည်ဟု နီပေါ အာဏာပိုင်များနှင့် ကယ်ဆယ်ရေး လုပ်သားများက ပြောကြားခဲ့သည်။

    mount-everest-data

    ယခုလနှောင်းတွင် စတင်တော့မည့် တောင်တက်ရာသီ အကြို စူးစမ်းလေ့လာရန်အတွက် လမ်းပြအဖွဲ့မှာ တဲများ၊ အစားအသောက်များနှင့် ကြိုးများသယ်ဆောင်ကာ တက်ရောက်နေစဉ် အမြင့်ပေ ၅၈၀၀ အရောက် popcorn field ဟု ခေါ်သည့်နေရာတွင် ယနေနံနက် ဒေသစံတော်ချိန် ၆ နာရီ ၄၅ မိနစ်ခန့်က ရေခဲထုများပြိုဆင်း လာခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ခရီးသွားလာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အဆိုပါ တောင်တက်အဖွဲ့မှ အနည်းဆုံး ၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ရဟတ်ယာဉ်များဖြင့် ဆေးရုံသို့ ယနေ့နံနက်ပိုင်းက ပို့ဆောင်ပေးနိုင် ခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများအား ရှာဖွေရေး လုပ်ငန်းစဉ်မှာ ရာသီဥတု အခြေအနေကြောင့် စနေနေ့ နံနက်အစောပိုင်း အထိ ကြန့်ကြာနေဦးမည်ဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

    ရေခဲများပြိုဆင်းမှုကြောင့် ယခုကဲ့သို့ သေဆုံးမှုမှာ ဧ၀ရတ်တောင်တက် သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း ခတ္တမန်ဒူမြို့မှ တောင်တက် ကျွမ်းကျင်သူ အဲလိဇဘသ် ဟော်လေးက ပြောကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ထိုကဲ့သို့ ရေခဲများပြိုဆင်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး တောင်တက်သမား ၈ ဦးသေဆုံးခဲ့သည်။
    AFP/de

  • PFA ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမား စာရင်းတွင် စတားရစ်ခ်ျနှင့် ဟာဇာ့ဒ်တို့ ပါဝင်

    ဧပြီ ၁၈ ၊ ၂၀၁၄
    M-Media

    – ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ PFA မှ ထုတ်ပြန်သော တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဇကာတင် ၆ ဦးစာရင်းတွင် လီဗာပူးလ် တိုက်စစ်မှူး စတားရစ်ခ်ျနှင့် ချယ်ဆီး အလယ်တန်း ကစားသမား ဟာဇာ့ဒ်တို့ ပါဝင်သည်ဟု သိရသည်။

    367280_heroa

    အသက် ၂၄ နှစ်အရွယ်ရှိ လီဗာပူလ်း တိုက်စစ်မှူး စတားရစ်ခ်ျမှာ ယခုရာသီတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ် ၂၆ ပွဲတွင် ဂိုးပေါင်း ၂၀ သွင်းယူနိုင်ခဲ့သည် အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရုဂွေး တိုက်စစ်မှူး ဆွာရစ်ဇ်နှင့် တွဲဖက်ညီစွာ လီဗာပူးလ် တိုက်စစ်အား ဦးဆောင်နိုင်ခဲ့သည်။ ထို့ပြင် အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် အကောင်အထည်ဖော်ရာတွင် စတားရစ်ခ်ျမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

    အေဒင်ဟာဇာဒ့်မှာလည်း မော်ရင်ဟိုလက်ထက်တွင် ချယ်ဆီးအသင်း၏ အရေးပါသော ကစားသမားဖြစ်လာခဲ့ပြီး ရံဖန်ရံခါ တိုက်စစ်မှူးအဖြစ်ကစားခဲ့ရကာ အသင်းအတွက် အရေးပါသောဂိုးများကို သွင်းယူပေးနိုင်သူဖြစ်သည်။

    ၎င်းတို့ နှစ်ဦးအပြင် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး၊ လီဗာပူးလ် ကွင်းလယ်လူ ရဟီမ်းစတာလင်နှင့် အင်္ဂလန် လူငယ်ကစားသမားဖြစ်ကြသည့် လုခ်ရှော၊ ရို့စ်ဘာကလေတို့လည်း အဆိုပါ ဇကာတင်စာရင်းထဲတွင် ပါဝင်နေသည်။

    PFA ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့တွင် Grosvenor House ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

  • ကစားသမားကောင်းနှင့် ကြီးကျယ်သော ကစားသမားအကြား ကွာခြားမှုမှာ အလုပ်လုပ်ခြင်းဟု ရော်နယ်ဒိုဆို

    ဧပြီ ၁၈ ၊ ၂၀၁၄
    M-Media

    – ကစားသမားကောင်းနှင့် ကြီးကျယ်သော ကစားသမားအား ခွဲခြားပေးခြင်းမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခြင်းပင်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စ တီယာနိုရော်နယ်ဒိုက ပြောကြားလိုက်သည်။

    392107_heroa

    ယခင် မန်ယူ ကစားသမားဟောင်း ရော်နယ်ဒိုမှာ ၎င်း၏ ထူးခြားသော စွမ်းဆောင်ရည်များ၏ နောက်ကွယ်တွင် ရှိသော ၎င်း၏ ပြောင်မြောက်သော ဆောင်ရွက်ချက်များကြောင့် လူအများ၏ ချီးကျူးမှုများကို ခံထားရသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကလည်း ရီးယဲလ်နှင့်အတူ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည်။

    ရော်နယ်ဒိုမှာ  ဇန်န၀ါရီလအတွင်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ရရှိခဲ့သူလည်းဖြစ်သည်။

    “အကောင်းဆုံး စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားတွေကို ကျွန်တော် အမြဲတမ်းတမ်း စောင့်ကြည့်ပါတယ်။ ပြီးတော့ ကစားသမားကောင်းနဲ့ ကြီးကျယ်တဲ့ကစားသမားတွေအကြား ကွာခြားမှုဟာ အလုပ်ပဲဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ ၎င်း၏ ဆိုးရွားသော အမူအကျင့်ကြောင့် ဝေဖန်ခြင်းခံရလေ့ရှိပြီး၊ ရော်နယ်ဒိုကိုယ်တိုင်လည်း မိမိအနေဖြင့် အမှားများကို လုပ်ခဲ့မိကြောင်း၊ မိမိ၏ ငယ်ဘ၀ထက် ယခုအချိန်တွင် ပိုကောင်းသောလူတစ်ယောက်နှင့် ပိုကောင်းသော ဘောလုံးသမားဖြစ်လာသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

  • ရုရှားနှင့်အနောက်အုပ်စုတို့ ယူကရိန်းအရေး သဘော တူညီချက်ရရှိ၊ ခွဲထွက်ရေးသမားများက လက်မခံ

    ဧပြီ ၁၈ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာအား ပြေလျော့စေရန် အကောင်အထည်ဖော်မှုခြေလှမ်း အဖြစ် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ယူကရိန်းတို့ သဘောတူညီချက် တစ်ခုရခဲ့သည်ဟု သိရသည်။

    USA-Ukraine-Russia-_4-18-2014_144960_l

    ယမန်နေ့က ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်မှာ ယူကရိန်းနိုင်ငံသား အားလုံး၏ လုံခြုံရေးအတွက် ယူကရိန်းအရှေ့ပိုင်းဒေသများရှိ တရားမ၀င် လက်နက်ကိုင်တပ်များအား လက်နက်ချရေးနှင့် သိမ်းပိုက်ထားသော အဆောက်အဦးများအား စွန့်လွှတ်ရေးတို့ ပါဝင်ပြီး၊  အဆိုပါသဘော တူညီချက်ကြောင့် အနောက်အုပ်စုမှ ရုရှား အပေါ် စီပွားရေး ပိတ်ဆို့မှုများပြုလုပ်ရန်ကို ဆိုင်းငံ့ထားခဲ့သည်။ ထိုသဘောတူညီချက်တွင် မြို့တော်အတွင်း ရာဇ၀တ်မှုများကို ကျူးလွန်သူများမှလွဲ၍ တောင်းဆိုချက်များနှင့် ကိုက်ညီသည့် ဆန္ဒပြသူများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်လည်း ပါဝင်ခဲ့သည်။

    “ဒီပြဿနာမှာ ပါဝင်တဲ့လူအားလုံးဟာ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ဒါမှမဟုတ် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားရပါမယ်” ဟု ယူကရိန်း၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မ အိုဘာမားကမူ ရုရှားအနေဖြင့် ထိုသဘောတူညီချက်ကို ဆောင်ရွက်မည်ဟုတ်မဟုတ် မသေချာ
    သေးဟု သတိပေးပြောကြား ခဲ့သည်။ ထို့ပြင် ထိုသဘောတူညီချက်အား ယူကရိန်းရှိ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ် ပူရှ်ဟီလင်ကလည်း လက်မခံဟု ပြောကြားခဲ့ပြီး ရုရှားမှာ မိမိတို့အရေး အတွက် လက်မှတ်ထိုးခဲ့ခြင်းမဟုတ်ကြောင်း၊ မေ ၁၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပြည်သူ့ ဆန္ဒခံယူပွဲပြီးမှသာ မိမိတို့တပ်များ သိမ်းပိုက်ထားသော အဆောက်အဦးများမှ ထွက်ခွာမည်ဖြစ်ကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

    Al Jazeera and agencies