News @ M-Media

Blog

  • နွေရာသီအစ္စလာမ့် လူငယ်များ ယဉ်ကျေးမှု ရက်တိုသင်တန်း ဖွင့်လှစ်

    နွေရာသီအစ္စလာမ့် လူငယ်များ ယဉ်ကျေးမှု ရက်တိုသင်တန်း ဖွင့်လှစ်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။      ။    အနာဂတ်လူငယ်များ အသိပညာအတွက်  ရည်ရွယ်လျက် လူငယ်များ အစ္စလာမ်ဘာသာနှင့် ပတ်သက်သည့် ယဉ်ကျေးမှုများကို သိစေရန်အတွက် နွေရာသီအစ္စလာမ့် လူငယ်များယဉ်ကျေးမှု ရက်တိုသင်တန်းတစ်ခုကို သာကေတမြို့နယ် အနော်မာရပ်ကွက်ရှိ ဘာသာရေး စာသင်ကျောင်းတွင် ယနေ့ ဧပြီလ ၂၀-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

    10268565_691303060912167_8967650971304569046_n

    “အစ္စလာမ်ဘာသာဝင် ကလေးတွေကို အစ္စလာမ်ရဲ့ယဉ်ကျေးမှုတွေ ဘာသာတရားရဲ့အခြေခံတွေ အနှစ်သာရလေးတွေကို သိအောင်လို့ ဒီလိုမျိုး သင်တန်းလေးတွေဖွင့်ပေးရတာဖြစ်တယ်။ အစ္စလာမ်နဲ့ ပတ်သက်ပြီး မြန်မာ့သမိုင်းတွေ ကလေးငယ်တွေကို သိအောင်လို့ သင်ပေးသင့်တယ် လို့လည်း ထင်ပါတယ်။ ဒီလိုသင်တန်းတွေကို တတ်နိုင်သလောက်ဖွင့်ပေးသွားမှာပါ”ဟု သင်တန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးစိုးအောင် က ပြောကြားခဲ့သည်။

    သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ ၃၀ ရက်နေ့ထိ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ ဖွင့်လှစ်မည် ဖြစ်ပြီး အစ္စလာမ်နှင့်ပတ်သက်သော သိပ္ပံ၊ အစားအစာ၊ ၀တ်စားဆင်ယင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ လူငယ်များ အကြောင်း စသည်တို့ကိုပို့ချသွားမည်ဖြစ်သည်။ ထို့ပြင် အစ္စလာမ်နှင့် အမျိုးသမီးများ၊ အစ္စလာမ်နှင့် သရုပ်မှန်၊ ဘာသာတရာကြီးငါးခုအကြောင်း စသည့် အကြောင်းအရာ များကို ပို့ချသင်ကြားသွားမည် ဖြစ်ပါသည်။ ကလေးများအတွက် မဖြစ်မနေ သိသင့်သော ကုရ်အာန် ကျမ်းတော်မြတ်အကြောင်းအရာများကိုပါ ပို့ချသွားမည် ဖြစ်သည်။

    ထိုအကြောင်းအရာများကို အလ်ဟာဂ်ျဦးအေးလွင်၊ ဆရာဦးမင်းနိုင်၊ အဏ္ဍ၀ါမောင်စိန်၊ မောင်လာနာ အုမရ်မြင့်နိုင်၊  ဒေါက်တာသန်းဝင်း၊  ဒေါက်တာဆောင်းလွင်အောင်၊ ဒေါက်တာသန်းမင်းထိုက်၊ ဆရာဦးစိန်ဝင်း၊ ဆရာဦးမြသန်း၊ ဦးမောင်မောင်လွင်၊ ဟာဂျီမဒေါ်မြမြသန်း၊ ဒေါက်တာခင်မွန်မွန်၊ တရားလွှတ်တော်ရှေ့နေဦးမောင်မောင်တင် စသည်ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ရက်တိုသင်တန်းတွင် အသက်အရွယ်အကန့်အသက်အဖြစ် အလယ်တန်းနှင့် အထက်အဖြစ် သတ်မှတ် ထားကြောင်းလည်း သိရသည်။ အဆိုပါနွေရာသီရက်တိုသင်တန်းများကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၄ နှစ်မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နောင်နှစ်များတွင်လည်း ယခုကဲ့သို့သင်တန်းများဆက်ဖွင့်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

  • Financial Fiair Play စည်းမျဉ်းကို ချိုးဖောက်သည့် ကလပ်အသင်းစာရင်း မေလတွင် ကြေညာမည်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    389467_heroa

    – ဘောလုံးအသင်းများအကြား ဘဏ္ဍာရေးညီမှုစည်းမျဉ်း FFP အား ချိုးဖောက်သည့် အသင်းများ စာရင်းကို မေလတွင် ကြေညာမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ က ပြောကြားလိုက်သည်။

    ကလပ်အသင်းများ ဘဏ္ဍာငွေ ထိန်းချုပ်ရေးအဖွဲ့မှ စုံးစမ်းစစ်ဆေးရေး အဖွဲ့ဝင်များမှာ ယခုတစ်ပါတ် အစောပိုင်းက တွေ့ဆုံခဲ့ကြပြီး ဥရောပတစ်ဝှမ်း ကလပ်အသင်း ၇၆ ခု၏ ဘဏ္ဍာရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။  ယူအီးအက်ဖ်အေ၏ အသေးစိတ် စစ်ဆေးမှုများတွင် မန်ချက်စတာစီးတီးအသင်းနှင့် ပီအက်စ်ဂျီတို့ကဲ့သို့သော အသင်းများပါဝင်သည်ဟု သတင်းများက ဖော်ပြနေကြသည်။

    င်္FFP စည်းမျဉ်းအား ချိုးဖောက်သည့် မည်သည့်အသင်းမဆို ဥရောပပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းအား ပိတ်ပင်ခြင်းနှင့် ကြီးမြင့်သော ဒဏ်ကြေးများ ချမှတ်ခြင်း စသည်တို့ကို ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ဥရောပရှိ ကလပ်အသင်းများ အသင်းတည်ဆောက်ရာတွင် ငွေကြေးလွန်ကဲစွာ သုံးစွဲမှုကို ကန့်သတ်ရန်အတွက် ယူအီးအက်ဖ်အေက FFP စည်းမျဉ်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

  • စာသင်ကျောင်းအတွင်း အစ္စလာမ်သာသနာ အကြောင်း ပုံစံ သုံးမျိုးဖြင့် သင်ကြားမှု အစီအစဉ်တစ်ခု ချက်နိုင်ငံတွင်စတင်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    – အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ကလေးငယ်များ သိရှိနားလည်စေရန် ကျောင်းအတွင်း သင်ကြားမှု အစီအစဉ်တစ်ခုကို ချက်အစိုးရမှ စတင် အကောင်အထည်ဖော် ခဲ့သည်ဟု သိရသည်။
    muslim_school
    Islam through the eyes of children ဟု အမည်ရသည့် အဆိုပါ သင်ကြားရေး အစီအစဉ်မှာ ငယ်ရွယ်စဉ်အချိန်ကတည်းက လူငယ်များအပေါ် အမြစ်တွယ်နေသည့် အစ္စလာမ်နှင့် ပတ်သက်သော အမြင်အမှားများ၊ အစ္စလာမ်သာသနာအား သေသေချာချာ လေ့လာစမ်းစစ်မှုမရှိဘဲ မလိုမုန်းထား ပြောဆိုခြင်းများကို ဖယ်ရှားရှင်းလင်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

    ထိုသင်ကြားရေး အစီအစဉ်အား ချက်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီကာ ပြဌာန်းစာအုပ်များ၊ အစ္စလာမ်ကမ္ဘာမှာ မည်ကဲ့သို့ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် ပုံများ၊ မြေပုံများ၊ စာပေနှင့် သမိုင်းဆိုင်ရာအထောက်အထားများ စုံလင်စွာဖြင့် ဆရာများက သင်ကြားပို့ချမည်ဖြစ်သည်။

    ကနဦးသင်ကြားမှုတွင် ပုံစံကို ၃ မျိုး သတ်မှတ်ထားပြီး ပထမပုံစံမှာ အစ္စလာမ့်ယဉ်ကျေးမှု၊ သင်္ကေတ၊ ရှရီအာ၊ အမျိုသမီးများ၏ ၀တ်စားဆင်ယင်မှု စသည်တို့ နောက်တွင်ရှိနေသည့် အနှစ်သာရ အဓိကဆက်သွယ်မှုများနှင့် အစ္စလာမ်ကြောက်ရောဂါအတွက် မေးခွန်းများ စသည်တို့ကို ဆွေးနွေးခြင်းဖြစ်သည်။

    ထို့နောက် ဆရာတစ်ဦးစီ ဦးဆောင်သည့် အုပ်စုသုံးစုခွဲကာ ဟိဂျဘ်ဝတ်ဆင်ခြင်း၏ သမိုင်းနှင့် အဓိပ္ပါယ်၊ မွတ်စလင်များနှင့် ပတ်သက်၍ မီဒီယာများက ဖော်ပြချက်နှင့် ချက်နိုင်ငံအတွင်းရှိ အစ္စလာမ် သာသနာ ပုံစံစသည့် အခြားသောကဏ္ဍများအပေါ် နက်နက်နဲနဲ အာရုံစိုက် ဆွေးနွေးသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ သင်ကြားဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မွတ်စလင်တစ်ယောက်၏ ဘ၀တွင်ရှိသည့် သာမန်နေ့တစ်နေ့နှင့်ပတ်သက်၍ ဗီဒီယိုအတိုတစ်ခုရိုက်ကူးရန် သို့မဟုတ် ဓာတ်ပုံ slide show တစ်ခုပြုလုပ်ရန် ဆရာများက ညွှန်ကြားကာ သင်ကြားမှုကို အဆုံးသတ်မည်ဖြစ်သည်။

    ကျောင်းသားများ၏ တောင်းဆိုမှုကြောင့် အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် သင်ကြားမှုများကို ပြုလုပ်ရန် ချက် အစိုးရက ဧပြီလအစောင်းပိုင်းက ခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ စတင်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

    လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။

    ၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။
    west-info

  • ဧပြီလ ဒုတိယပတ်တွင်း အစ္စရေးက ပါလက်စတိုင်းများအပေါ် ကျူးလွန်ခဲ့သည့် အစီရင်ခံစာ ကုလထုတ်ပြန်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    – ယခုလ ဒုတိယ သီတင်းပတ်အတွင်း ပါလက်စတိုင်းပြည်သူများ အပေါ် အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်သော အစီရင်ခံစာအသစ်တစ်စောင်ကို ကုလသမဂ္ဂမှ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    359322_Israel-sewage

    ဧပြီ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့သော တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်း ပါဝင်သည်ဟု လူသားချင်း စာနာထောက်ထားမှုရေးရာ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်းတို့၏ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူအများအပြားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ် အစပိုင်းကတည်းက ယခုအချိန်အထိ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်နှင့် အနောက်ဘက်ကမ်းခြေတို့တွင် ပါလက်စတိုင်းပြည်သူ ၂၀ ကျော်သေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂ၏ မှတ်တမ်းများက ဆိုသည်။

    အစ္စရေး စစ်တပ်မှ ပါလက်စတိုင်း ပိုင်နက်များအတွင်း ၀င်ရောက် တိုက်ခိုက်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်းပြည်သူ ၃၉ ဦးခန့်၊ ၂၀၁၂ ခုနှစ်တွင် ထိုဒေသနှစ်ခု၌ ပါလက်စတိုင်းပြည်သူ ၂၅၀ နီးပါး သေဆုံးခဲ့ရသည်ဟု အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ B’Tselem ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထို့ပြင် အစ္စရေး အကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသား ၅၀၀၀ ခန့်ရှိပြီး ၄၇၅ ဦးမှာ တစ်သက်တစ်ကျွန်း ကျခံနေရသူများဖြစ်သည်ဟု ပါလက်စတိုင်းအစိုးရမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် အမျိုးသမီးများနှင့် ကလေးငယ်များကို ထောင်ချခြင်းတို့အပါဝင် အစ္စရေးအကျဉ်းထောင်များရှိ ပါလက်စတိုင်းအကျဉ်းသားများ၏ ကံကြမ္မာနှင့် ပတ်သက်၍ ကြားမကောင်းသည့်  အချို့ အချက်အလက်များလည်းရှိသည်ဟု ပါလက်စတိုင်း သတင်းအချက်အချက်အလက် ဌာနက ဖော်ပြခဲ့သည်။

    ထိန်းသိမ်းထားသူများအား အစ္စရေးအာဏာပိုင်များက ကွပ်မျက်ခြင်းမှာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောကြားသည်။

    DB/HSN

  • မိမိတို့ ပိုင်နက်အနီး ရုရှား ဗုံးကြဲလေယာဉ်များ မကြာခဏ တွေ့ရခြင်းကို စိုးရိမ်ကြောင်း ဂျပန်ဝန်ကြီးချူပ်ပြော

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    0002f672-314
    – မိမိတို့၏ ပိုင်နက်အနီး ရုရှားဗုံးကြဲလေယာဉ်များအား လတ်တလောတွင် မကြာခဏတွေ့ရှိရခြင်းကို စိုးရိမ်မိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှား၏ ထိုဆောင်ရွက်မှုက ပုံမှန်မဟုတ်ဘဲ စစ်အေးကာလတွင် ထိုကဲ့သို့ လှုပ်ရှားမှုအား မြင်တွေ့ခဲ့ဖူးခြင်းမရှိကြောင်း၊ ဂျပန်အနေဖြင့် ထိုဗုံးကြဲလေယာဉ်များ ပျံသန်းမှုကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အိုကီနာဝါပြည်နယ် နာဟာ လေကြောင်းကာကွယ်ရေး အခြေစိုက်စခန်းတွင် အိုနိုဒီရာ၏ ပြောကြားမှုကို ကိုးကား၍ ကျိုဒို သတင်းဌာနက ဖော်ပြခဲ့သည်။

    ရုရှား၏ စစ်လေယာဉ်များမှာ ဂျပန်ကျွန်းစုဝန်းကျင်တွင် ပျံသန်းခဲ့ကြောင်း တွေ့ရှိခဲ့ရပြီးနောက် ဂျပန်လေကြောင်း ကာကွယ်ရေးတပ် ASDF မှ တိုက်လေယာဉ်များမှာ စနေနေ့အထိ ၇ ရက်ကြာ ဆက်တိုက် ကင်းလှည့် ပျံသန်းခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ထည့်သွင်းဖော်ပြခဲ့သည်။

    ရုရှား၏ ထိုလုပ်ရပ်နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရင်းများကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးလျက်ရှိနေသော်လည်း ရုရှားရှိ ဂျပန်လေကြောင်းကာကွယ်ရေးစခန်းမှ မည်သည့် အကြောင်းကြားစာမှ ရောက်မလာသေးကြောင်း အိုနိုဒီရာက ထည့်သွင်းပြောကြားခဲ့သည်။
    ဆင်ဟွာ