News @ M-Media

Blog

  • မက်ဆီ၏ အနာဂတ် ဘာကာတွင်သာဖြစ်မည်ဟု အသင်းနည်းပြ မာတီနိုဆို

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    – အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီ ဘာကာမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မက်ဆီ၏ အနာဂတ်မှာ ဘာစီလိုနာ၌ပင် ဖြစ်မည်ဟု ဘာကာနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    391685_heroa

    အသက် ၂၆ နှစ်အရွယ် မက်ဆီမှာ ဘာစီလိုနာနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် လိပ်ခဲတည်းလည်း အခြေအနေတွင်ရှိနေသောကြောင့် ယခုနှစ်ရာသီကုန်လျှင် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။

    သို့သော်လည်း မာတီနိုကမူ မက်ဆီ ဘာစီလိုနာမှာ ဆက်ရှိနေမည်ဟု ဆိုသည်။

    “မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး လူတွေပြောကြတဲ့အခါ ကမ္ဘာ့ ၉၉ ရာခိုင်နှုန်းက အံ့သြကြပါတယ်။ ဒါတွေဟာ ကျွန်တော် ထည့်ကိုမတွက်တဲ့ မှတ်ချက်တွေပါပဲ။ သူရဲ့ အနာဂတ်အတွက် ဒီလိုကိစ္စတွေ ဘယ်ကလာလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူဘာကာမှာ ရှိနေတာ ၁၃ နှစ်ရှိနေပြီး၊ အနာဂတ်မှာလည်း ဘာကာမှာပဲ ဆက်ရှိသွားမှာပါ” ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မာတီနိုမှာလည်း ယခုနှစ်ရာသီကုန်တွင် အသင်းအားစွန့်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး၊ မာတီနိုကမူ ထိုသတင်းအား အတည်ပြုရန်ငြင်းဆိုခဲ့ကာ ယခုနှစ်ရာသီ အသင်း၏ အောင်မြင်ကို ကျေနပ်မှုမရှိဟု ပြောကြားခဲ့သည်။

  • ဂျီရော့မှာ ယုံကြည်မှုပြန်လည် ရရှိလာပြီဟု ၀င်းဂါးဆို

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    – ၀က်စ်ဟမ်းအား အနိုင်ရခဲ့သည့်ပွဲတွင် သွင်းယူခဲ့သောဂိုးကြောင့် ဂျီရော့မှာ ယုံကြည်မှုများကို ပြန်လည်ရရှိလာပြီဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    391251_heroa

    အာဆင်နယ်အသင်း၏ လေးပွဲဆက်နိုင်ပွဲပျောက်မှုနှင့်အတူ ခြေစွမ်းမပြနိုင်သော ဂျီရော့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် အသင်းအတွက် ချေပဂိုးအား လှပစွာ သွင်းယူပေးနိုင်ခဲ့သည်။

    “ဒီဂိုးရဲ့ အရည်အသွေးက သူ့ကို ယုံကြည်မှုပြန်ရှိလာစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့စွမ်းရည်ကို မေးခွန်းထုတ်နေကြတဲ့ လူတွေအတွက် ဒီဂိုးဟာ ယုံကြည်မှုကို ဖြစ်စေပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်” ဟု ၀င်းဂါး၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ဂျီရော့၏ စွမ်းဆောင်ရည် ကျဆင်းမှုမှာ ပင်ပန်းနွမ်းနယ်မှု၏ ရလဒ်သာဖြစ်ပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သူ၏ ခြေစွမ်းကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးခဲ့သည်ဟု ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။

  • ယူကရိန်း နောက်ဆုံးအခြေအနေ (ဧပြီ ၁၉)

    ယူကရိန်း နောက်ဆုံးအခြေအနေ (ဧပြီ ၁၉)

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားလိုလားသူများမှာ အစိုးရအဆောက်အဦးများ၊ ရဲတပ်ဖွဲ့အဆောက်အဦးများနှင့် အခြားသော အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦးများကို ယနေ့ ညနေအထိ ဆက်လက်သိမ်းပိုက်လျက်ရှိသည်ဟု သိရသည်။

    ယူကရိန်းအစိုးရကမူ အီစတာပွဲတော်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ဟု ကြေညာထားပြီး၊ ခရိုင်းမီးယားကဲ့သို့ ယူကရိန်းအရှေ့ပိုင်းအား သိမ်းယူရန်အတွက် လက်နက်ကိုင်တပ်များကို ထိန်းချုပ်နေသည်ဆိုသည့် သတင်းကို ရုရှားက ငြင်းဆိုထားသည်။

    ထိုပြဿနာအတွက် အမေရိကန်နိုင်ငံက ရုရှားအား ဖိအားပေးထားပြီး ယူကရိန်း၏ အခြေအနေမှာ အဆုံးအဖြတ်ပေးမည့် အခြေအနေသို့ ရောက်နေပြီဟု ယနေ့တွင် ပြောကြားခဲ့သည်။

    aljazeera live

  • နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား သင်္ဘော ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေ (ဧပြီ ၁၉)

    နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား သင်္ဘော ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေ (ဧပြီ ၁၉)

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    သင်္ဘောအမှုထမ်းနှင့် ခရီးသည် စုစုပေါင်း ၄၇၅ ဦး တင်ဆောင်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့က နစ်မြုပ်သွာခဲ့သည့် တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောမှ  အလောင်း ၃ လောင်းအား ယနေ့ ညနေတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။

    ယနေ့ ညနေ ဒေသစံတော်ချိန် ၅ နာရီဝန်းကျင်တွင် တစ်လောင်းနှင့် ၆ နာရီဝန်းကျင်တွင် နှစ်လောင်းကို သင်္ဘောနစ်မြုပ်ခဲ့သည့် နေရာနှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်အထိ သေဆုံးသူဦးရေမှာ ၃၃ ဦးအထိ ရှိလာပြီဖြစ်သည်။ အဆိုပါသင်္ဘောမှ ကျောင်းသား ၇၅ ဦး အပါအ၀င် လူပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၂၆၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

    သင်္ဘောပေါ် လိုက်ပါလာသည့် ခရီးသည်များတွင် လေ့လာရေး ခရီးထွက်လာသည့် အထက်တန်းကျောင်းမှ ကျောင်းသား ၃၂၅ ဦးနှင့် ဆရာ ၁၅ ဦးတို့ပါပြီး၊ တောင်ကိုရီးယားကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် ရေငုပ်ကျွမ်းကျင်သူများက ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေလျက်ရှိသည်။

    ဆင်ဟွာ

  • မလေးရှားသို့ အလည်လာမည့် အိုဘားမားအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ခု ကွာလာလမ်ပူတွင်ပြုလုပ်

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – မလေရှားသို့ မကြာခင် လာရောက် လည်ပတ်မည့် အမေရိကန်သမ္မတ အိုဘားမားအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲ တစ်ခုကို မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    359167_Malaysia-protesters

    Hizb ut-Tahrir အဖွဲ့မှ ယမန်နေ့က ကွာလာလမ်ပူရှိ မလေးရှားသံရုံးရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “အမေရိကန်သည် မိစ္ဆာဝင်ရိုးတန်းနိုင်ငံ” “ကမ္ဘာ့နံပါတ် ၁ အကြမ်းဖက်သမား အိုဘားမားအား ဆန့်ကျင်ကြ” စသည့် နဖူးစီးများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် အိုဘာမားအား ဆန့်ကျင်သည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    အိုဘားမားမှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များ၊ အထူးသဖြင့် အီရတ်နှင့် အာဖဂန်ရှိ မွတ်စလင်များကို သတ်ဖြတ်သည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။ အိုဘာမားမှာ အရှေ့တောင်အာရှနိုင်ငံများသို့ ဧပြီလနှောင်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားသည်။

    တစ်ပတ်တာ ကြာမြင့်မည့် အဆိုပါခရီးစဉ်မှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမေရိကန်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ မလေးရှားနိုင်ငံသို့ ဧပြီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး ရာစုနှစ်ဝက်အတွင်း မလေးရှားသို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်၏ ပေါ်လစီများနှင့်ပတ်သက်ပြီး မလေးရှားမှ ဝေဖန်မှုများရှိခဲ့ပြီး အထူးသဖြင့် ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အာဏာရှိစဉ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်းတွင် ဖြစ်သည်။

    MSM/MHB/MAM