News @ M-Media

Blog

  • ယူကရိန်းတွင် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည့် ရုရှား ပေးဆပ်ရမည်ဟု ဂျွန်ကယ်ရီဆို

    ယူကရိန်းတွင် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည့် ရုရှား ပေးဆပ်ရမည်ဟု ဂျွန်ကယ်ရီဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ မတည်မငြိမ်ဖြစ်အောင် ရုရှားဘက်မှ ဆက်လက်လုပ်ဆောင်ပါက ထိုလုပ်ရပ်အတွက် ပေးဆပ်ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီးအား သတိပေးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် ဖုန်းပြောဆိုမှုအတွင်း ကယ်ရီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းနိုင်ငံတွင် လွန်ခဲ့ ၂၄ နာရီအတွင်း  ဖြစ်ပွားနေသော အဖြစ်အပျက်များအား အမေရိကန်က စောင့်ကြည့်နေကြောင်း၊ ထိုကိစ္စများမှာ အလိုအလျောက်ဖြစ်လာခြင်း မဟုတ်ဘဲ ရုရှား၏ ထောက်ပံ့မှုနှင့် အတူ စည်းဝါးတကျ ဖြစ်လာသည့် လှုပ်ရှားမှုဖြစ်ကြောင်း ကယ်ရီက ပြောကြားခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းရှိ ခွဲထွက်ရေးသမားများ၊ အဖျက် အမှောင့်သမားများနှင့် ရန်လိုသူများအား ရုရှားဘက်က လူသိရှင်ကြား ရှုတ်ချရန်လည်း တိုက်တွန်းခဲ့သည်ဆိုသည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းပြည်နယ်များတွင် တနင်္ဂနွေနေ့မှစ၍ ရုရှားလိုလားသူများက အစိုးရအဆောက်အဦးများကို တိုက်ခိုက်သိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး  Donetsk မြို့ကိုလည်း လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ယမန်နေ့က ကြေညာခဲ့သည်။ ယူကရိန်း ကြားဖြတ်သမ္မတ ယတ်ဆန်ယွတ်ကလည်း မိမိတို့နိုင်ငံအတွင်းမတည်ငြိမ်မှုများမှာ ရုရှား၏ သွေးထိုးပေးမှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းတွင်ဖြစ်ပွားနေသည့် ထိုပြဿနာအား အင်အားသုံးဖြေရှင်းပါက အခြေအနေမှာ ပြည်တွင်းစစ်သို့ ဦးတည်သွားနိုင်သည်ဟု ရုရှားဘက်က ယနေ့တွင် သတိပေးခဲ့သည်။

    ဆင်ဟွာ

  • ကက်သလစ်အသင်းတော်မှ ကန့်ကွက်သော်လည်း ဖွားနှုန်းထိန်းချုပ်ရေး ဥပဒေအား ဖိလစ်ပိုင်တရားရုံး အတည်ပြု

    ကက်သလစ်အသင်းတော်မှ ကန့်ကွက်သော်လည်း ဖွားနှုန်းထိန်းချုပ်ရေး ဥပဒေအား ဖိလစ်ပိုင်တရားရုံး အတည်ပြု

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – နိုင်ငံအတွင်းရှိ ခရစ်ယာန် ကက်သလစ်အသင်းတော်က ကန့်ကွက်နေသော်လည်း အငြင်းပွားဖွယ် ကလေးမွေးဖွားနှုန်း ထိန်းချုပ်မှုဥပဒေကို ဖိလစ်ပိုင် တရားရုံးချုပ်က ယနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    ထောက်ခံသူများက ထိုဥပဒေမှာ ဆင်းရဲမွဲတေနေသည့် သန်းပေါင်းများစွာသော ဖိလစ်ပိုင်နိုင်ငံသားများ၏ ဘ၀ကို ပြောင်းလဲပေး လိ့မ်မည်ဟု ပြောဆိုနေကြသည်။ တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ သီယိုဒိုရီက ထိုဥပဒေမှာ အခြေခံဥပဒေအား ဆန့်ကျင်ခြင်း မရှိဟုဆိုသည်။ ထို့ပြင် ထိုဥပဒေအား ကန့်ကွက်ရန် ခရစ်ယာန်အဖွဲ့များမှ အစိုးရထံ တင်သွင်းထားသည့် အသနားခံစာ တစ်ဒါဇင်ကျော်ကိုလည်း ချေဖျက် ပစ်လိုက်ခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါဥပဒေအား အတည်ပြုလိုက်ခြင်းကြောင့် မွေးဖွားနှုန်း ကန့်သန့်ထိန်းချုပ်ရန်တွက် ကျန်းမာရေးဝန်ထမ်းများမှာ ကွန်ဒုံးများ၊ သန္ဓေတားဆေးများကို ဝေငှနိုင်မည်ဖြစ်ပြီး၊ ကျောင်းများတွင် လိင်ပညာပေး သင်ကြားမှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိသားစုစီမံကိန်း လေ့ကျင့်မှုများကို ကျန်းမာရေးလုပ်သားများက ပြုလုပ်ပေးနိုင်မည်ဖြစ်ပြီး သဒ္ဓေဖျက်ချခြင်းမှာလည်း တရားဝန်ဖြစ်လာမည်ဖြစ်သည်။

    ခရစ်ယာန်ကက်သလစ် အသင်းတော်မှ မိသားစု မည်သည့်ပုံစံကိုမဆို ၁၅နှစ်ကျော်ကြာ အောင်မြင်စွာ ကန့်ကွက်နိုင်ခဲ့သည်။ ထို့ပြင် မွေးဖွားနှုန်း ထိန်းချုပ်သည့် ဥပဒေမှာ စက်ဆုပ်စရာကောင်းသည့် ဥပဒေဖြစ်ကြောင်း လမ်းပေါ်ထွက် ဆန္ဒပြမှုများလည်းရှိခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်သမ္မတ အကွီနိုကမူ အသင်းတော်၏ ဖိအားပေးမှုကို ဆန့်ကျင်ကာ ဥပဒေပြဌာန်းရန် လက်မှတ်ထိုးပေးခဲ့သည်။

    ထိုဥပဒေမှာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည်ဟု ခရစ်ယာန်အဖွဲ့များမှ အသနားခံစားများပေးပို့သောကြောင့် တရားရုံးချုပ်က စောစောပိုင်းတွင် ဆိုင်းငံ့ခဲ့သော်လည်း ယခုနောက်ဆုံးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ မွေးဖွားနှုန်းထိန်းချုပ်သည့် ဥပဒေမှာ ယခုနှစ် ဒီဇင်ဘာလတွင် စတင်သက်ရောက်မည်ဖြစ်သည်။
    AFP/nd

  • ရိုဟင်ဂျာများအား ညှင်းပန်း နှိပ်စက်မှု လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလဆို

    ရိုဟင်ဂျာများအား ညှင်းပန်း နှိပ်စက်မှု လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – မြန်မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအား နှိပ်စက်မှုမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် ထွက်ပြေးခဲ့ရသည့် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများ ပြန်လည် ၀င်ရောက်ခွင့်ပေးရန် အတွက် အစိုးရတာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။

    “ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားနေတဲ့ အခြေအနေဟာ ရိုဟင်ဂျာ မွတ်စလင်တွေပေါ် နှစ်ပေါင်းများစွာ ခွဲခြားမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေရဲ့ နောက်ဆုံးပြယုဂ်ပါပဲ။ ဒီလို ညှင်းပန်းနှိပ်စက်မှုတွေဟာ လူသားထုတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ ယူဆနိုင်ပါတယ်” ဟု ကင်တားနား၏ ကြေညာချက်တွင်ဖော်ပြထားသည်။

    နိုင်ငံတကာ အကူညီပေးရေးအဖွဲ့များကို ပစ်မှတ်ထားကာ ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အကူအညီပေးရေးဝန်ထမ်း ၁၇၀ မှာ ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့ရပြီး၊ ၎င်းတို့၏ ရုံးခန်းများနှင့် အကူအညီပေးရေးပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များမှာလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

    ထိုကဲ့သို့ အကူအညီပေးရေး အဖွဲ့အစည်းများ မရှိခြင်းကြောင့် ၎င်းတို့၏ ဆေးခန်းများကို မှီခိုနေရသော မွတ်စလင် ဒုက္ခသည်များအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ အချို့သော ဒုက္ခသည်စခန်းများတွင် ရေပြတ်လပ်မှုမှာ တစ်ပတ်အတွင်း စိုးရိမ်စရာအနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ကင်တားနားက ထပ်လောင်းပြောကြားခဲ့သည်။
    MN/AS/MAM

  • ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုအား မတားမြစ်နိုင်ခဲ့သည့် အတွက် ရှက်မိသည်ဟု ဘန်ကီမွန်ဆို

    ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုအား မတားမြစ်နိုင်ခဲ့သည့် အတွက် ရှက်မိသည်ဟု ဘန်ကီမွန်ဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှုအား ဟန့်တားရန် ပျက်ကွက်ခဲ့မှုအတွက် ကုလသမဂ္ဂမှ ရှက်ရွံ့မိသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ယမန်နေ့က ရ၀မ်ဒါနိုင်ငံမြို့တော် ကီဂါလီတွင် ပြုလုပ်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု နှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် ဘန်ကီမွန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အချိန်မီ ဟန့်တားနိုင်ခြင်းမရှိခဲ့သည့် အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    “ကျွန်တို့ဒီ ဒီထက်ပိုပြီး လုပ်နိုင်ခဲ့ရမှာဖြစ်ပြီး၊ ဒီထက်ပိုပြီးလည်း လုပ်နိုင်ခဲ့သင့်ပါတယ်။ ရ၀မ်ဒါမှာ စစ်တပ်တွေ အများဆုံးလိုအပ်နေတဲ့အချိန်မှာ (ကုလတပ်တွေကို) ရုပ်သိမ်းခဲ့တာပါ” ဟု ဆိုပြီး၊ အဆိုပါ လူမျိုးတုန်း သတ်ဖြတ်မှုမှာ လူ့သမိုင်းတွင် အမှောင်မိုက်ဆုံး စာမျက်နှာ တစ်ခုပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘန်ကီမွန်မှာ ရ၀မ်ဒါ သမ္မတ ပေါလ် ကာဂိမ်းနှင့်အတူ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဖယောင်းတိုင်ထွန်းညှိခဲ့ပြီး ထိုဖယောင်းတိုင်အား ရက်ပေါင်း ၁၀၀ အထိ ထွန်းညှိထားမည်ဖြစ်သည်။

    ထိုအခမ်းအနားသို့ အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု ရ၀မ်ဒါသမ္မတက စွပ်စွဲပြောဆိုထားခြင်းကြောင့် ပြစ်သစ်နိုင်ငံကမူ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

    ဟူတူလူမျိုးများက တွတ်ဆီလူမျိုများအား လူမျိုးတုန်းသတ်ဖြတ်ခဲ့သည့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးအား အနောက်နိုင်ငံများနှင့် အခြားသောနိုင်ငံများက လုံလောက်အောင် ဟန့်တားခြင်းမရှိဘဲ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့မှာ ထိုသတ်ဖြတ်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု ရ၀မ်ဒါနိုင်ငံက စွပ်စွဲထားသည်။

    ၁၉၉၄ ခုနှစ် ဧပြီလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အဆိုပါလူမျိုးတုန်း သတ်ဖြတ်မှုကြီးမှာ ရက်ပေါင်း ၁၀၀ နီးပါး ကြာမြင့်ခဲ့ပြီး တွတ်ဆီနှင့် ဟူတူလူမျိုးစုစုပေါင်း ၅ သိန်းမှ ၁ သန်းကြား သေဆုံးခဲ့ရသည်။

    ဓါတ်ပုံ အညွှန်း -အခမ်းအနား တက်ရောက်လာသူများမှာ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများ ပြန်လည်အောက်မေ့သတိရမိ၍ စိတ်ထိခိုက်သူ အမျိုးသမီး (Photo-AFP)

    CAH/HSN/HRB

  • တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိ အော်ပရာ ဒူဘိုင်းတွင်ပြသ

    တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိ အော်ပရာ ဒူဘိုင်းတွင်ပြသ

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀ခရီးနှင့် သွန်သင်မှုများကို မတူညီသော ဘာသာတရားများအကြား နားလည်စေရန် ရည်ရွယ်၍ မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိကို ဖော်ကြူးသော အော်ပရာပြဇာတ်တစ်ခုကို ယူအေအီးနိုင်ငံ ရှာရ်ဂျာမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Clusters of Light ဟု အမည်ပေးထားသည့် အဆိုပါ အော်ပရာပြဇာတ်ကို မတ်လ ၃၀ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယူအေအီးနိုင်ငံ တာဝန်ရှိသူများနှင့် အာရပ်ကမ္ဘာတစ်ဝှမ်းမှ အနုပညာရှင်များလည်းတက်ရောက်ခဲ့ကြသည်။

    “တစ်ယောက်နဲ့တစ်ယောက်နားလည်ဖို့၊ ဆွေးနွေးဖို့ဆိုတာဟာ အစ္စလာမ်သာသနာရဲ့ ချဉ်းကပ်မှုပါ။ ဒီလို နားလည်မှုတွေ၊ ဆွေးနွေးမှုတွေဟာ တမန်တော်မြတ်ကိုယ်တော်တိုင် ဖော်ကျူးခဲ့တာဖြစ်ပြီး ယဉ်ကျေးမှုဖွံ့ဖြိုးတဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်” ဟု ရှာရ်ဂျာဘုရင် ရှိခ် ဆူလ်တန် ဘင် အလ် ကာစီမီက Emirati သတင်းစာသို့ ပြောကြားခဲ့သည်။

    ထိုအော်ပရာတွင် တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်တော်မူစဉ်မှ ကွယ်လွန်ချိန်အထိ ကိုယ်တော်၏ အထုပ္ပတ္တိ၊ အစ္စလာမ်သာသနာအတွက် ကြိုးပမ်းမှု စသည်တို့ကို တင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင် ၂၀၀ ကျော်၊ တေးသံရှင် ၇၀ ကျော်တို့ပါဝင်ခဲ့သည်။ ထို့ပြင် ရုပ်ရှင်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များ၊ ဖျော်ဖြေ တင်ဆက်မှုများလည်း ပါဝင်ခဲ့သည်။

    ပြဇာတ်ကို မုဟမ္မဒ်သခင် မဖွားမြင်မီ ထွန်းကားခဲ့သည့် ရုပ်ပွား၊ ဆင်းတု ကိုးကွယ်မှုများဖြင့် အစပြုခဲ့ပြီး၊ ကုရ်အာန်ကျမ်းတော်မြတ် စတင်ကျရောက်လာခြင်း၊ မုဟမ္မဒ်သခင် မေအ့်ရာဂ်ျ ကောင်းကင်ခရီးသွားခြင်း၊ အဘီစီးနီးယားသို့ ပထမအသုတ် ပြောင်းရွှေ့ခြင်း၊ မုဟမ္မဒ်သခင် မဒီနာသို့ ပြောင်းရွှေ့ တရားဟောကြားခြင်း၊ ကျူးကျော်စော်ကားမှုအတွက် ခုခံကာကွယ်စစ်များ၊ မုဟမ္မဒ်သခင် ကွယ်လွန်ခြင်း စသည်တို့အပါအ၀င် အစ္စလာမ့်သမိုင်း၏ အဓိက အဖြစ်အပျက်များကို ထည့်သွင်းဖော်ပြထားသည်။

    အဆိုပါ အော်ပရာပြဇာတ်ကို ဆော်ဒီကဗျာဆရာတစ်ဦးဖြစ်သည့် ဒေါက်တာ အဘ်ဒူ ရဟ်မန် အလ် အရှ်မာဝီက ဇာန်ညွှန်း ရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး ဘာရိန်း အနုပညာရှင် ခါလစ် အလ် ရှိခ်က ထိုအော်ပရာတွင် ပြောရမည့် စကားများကို ရေးစပ်ခဲ့သည်။ ပြဇာတ်အား ကပြရန်အတွက် လပေါင်းများစွာ ပြင်ဆင်ခဲ့ရပြီး ၂၀၁၂ အိုလံပစ်ဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားဖန်းတီးရာတွင် ပါဝင်ခဲ့သည့် ပီယာ့စ် ရှက်ပါ့ဒ် အပါအ၀င် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

    အစ္စလာမ်သာသနာ၏ သွန်သင်ချက်အရ မုဟမ္မဒ်သခင်၏ ဇာတ်ရုပ်အား ပါဝင်သရုပ်ဆောင်စေခြင်းမရှိခဲ့ဘဲ အလင်းတန်းဖြင့်သာ အစားထိုးဖော်ပြခဲ့သည်။ ထိုအော်ပရာပြဇာတ်တွင် အစ္စလာမ်နှင့် ပတ်သက်သည့် အထင်အမြင်လွဲမှားမှုများ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်သည့် ကဏ္ဍများကိုလည်း အရှိအတိုင်း ဖော်ပြထားသည်ဟု ရှက်ပါ့ဒ်က ဆိုသည်။

    “အစ္စလာမ့်နဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာကို ကြည့်မယ်ဆိုရင်၊ ဒါတွေဟာ လုံးဝမရှိခဲ့ဘူးဆိုတာ တွေ့ရမှာပါ။ ဒီလို လွဲမှားမှုတွေကို ဒီပြပွဲမှာ အရှိအတိုင်း ပြသခဲ့ရတဲ့အတွက် သိပ်ကိုကောင်းပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Clusters of Light အမည်ရ အဆိုပါ အော်ပရာကို  ရှာရ်ဂျာမြို့ရှိ ကဇာတ်ရုံတွင် လေးရက်တိုင်တိုင် ပြသခဲ့ပြီး၊ နောက်ပိုင်းတွင် အာရဗ်နိုင်ငံများသို့ လှည့်လည်ပြသသွားမည်ဟု သိရသည်။

    Ref: OnIslam