News @ M-Media

Blog

  • ယူကရိန်းအရှေ့ပိုင်းမြို့ တစ်မြို့တွင် ရုရှားထောက်ခံသူများက ရဲတပ်ဖွဲ့၏ လက်နက်တိုက်ကို သိမ်းပိုက်

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media

    – ယမန်နေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရဲဌာနချုပ်ကို ဖျက်ဆီးခဲ့သည့် ရုရှားထောက်ခံသူ ဆန္ဒပြ လူအုပ်ကြီးမှာ ယနေ့တွင် ရဲဌာနရှိ လက်နက်တိုက်ကို သိမ်းပိုက်လိုက်သည်ဟု သိရသည်။

    2014477314135734_20

    ရုရှားနှင့် ၂၅ ကီလိုမီတာသာဝေးသော လူဟန့်စ်က် မြို့တွင် အမည်သိသူများမှာ လုံခြုံရေးအဆောက်အုံအား ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ လက်နက်တိုက်အား သိမ်းပိုက်ခဲ့သောကြောင့် မိမိတို့အနေဖြင့် မြို့၏ ၀င်ပေါက်ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားခဲ့ပြီဟု ယူကရိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါရဲဌာနချုပ်ကို ဆန္ဒပြလူအုပ်စုကြီးမှ ယမန်နေ့ကတည်းက ကြက်ဥ၊ ကျောက်တုံး၊ မီးခုံးဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မီးလောင်ဗုံးပါ ပါဝင်ခဲ့သည်။ ရုရှားထောက်ခံသူ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားသည့် ဖေဖော်ဝါရီလကတည်းက လူဟန့်စ်က်မြို့တွင် မငြိမ်မသက် ဖြစ်နေခဲ့ခြင်းဖြစ်သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းပြည်နယ် အဓိကမြို့များရှိ အစိုးရအဆောက်အဦးများအား ရုရှားထောက်ခံသူများက တိုက်ခိုက်နေသည်မှာ ကြာနေပြီဖြစ်ပြီးသည်။ ၎င်းတို့မှာ ထိုဒေသများအား ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်၍ ရုရှားနိုင်ငံထဲသို့ သွတ်သွင်းရန် ဆန္ဒရှိကြသူများဖြစ်ပြီး၊ ထိုကဲ့သို့ မငြိမ်သက်မှုများကြောင့် လက်ရှိ ယူကရိန်း သမ္မတ တာချီနော့ဗ်က လုံခြုံရေးအကြီးအကဲများအား ခေါ်ယူကာ အရေးပေါ်အစည်းအဝေး တစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။ ယူကရိန်းအစိုးရကမူ ထိုကဲ့သို့ မငြိမ်သက်မှုများဖြစ်လာအောင် ရုရှားက လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲထားသည်။

    Ref: Agencies

  • နိုက်ဂျီးရီးယား ကျေးရွာတခု သို့ နွားခိုးဂိုဏ်းမှ ၀င်ရောက် ပစ်ခတ်မှုကြောင့် လူအများအပြားသေဆုံး

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media

    – နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်း ရွာတစ်ရွာတွင် နွားခိုးဂိုဏ်းအား ကာကွယ်ရန်အတွက် အစည်းအဝေးပြုလုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ၇၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    201261120170971734_20

    ဇမ်ဖာရာပြည်နယ် ဂါလာဒီမာရွာတွင် လက်နက်ကိုင် ဓားပြများနှင့် ကျွဲ၊ နွား ခိုးယူသူများအား ဟန့်တားနှိမ်နင်းရန် ရွာသူကြီးများနှင့် စေတနာ့ဝန်ထမ်း ကင်းအဖွဲ့မှ ကိုယ်စားလှယ်များ ယမန်နေ့က အစည်းအဝေးပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖူလာနီအမည်ရသည့် နွားခိုးဂိုဏ်းမှဖြစ်မည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် ထိုရွာတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်ဖြန့်ချထားပြီးပြီဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးကမူ မိမိတို့အနေဖြင့် သေဆုံးသူများအား ရေတွက်ခဲ့ရာ ၆၁ ဦးရှိပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

    နိုက်ဂျီးရီးယား နိုင်ငံအလယ်ပိုင်းတွင် လယ်သမားများနှင့် ဖူလာနီ နွားခိုးဂိုဏ်းတို့အကြား လယ်မြေကိစ္စ အငြင်းပွားမှုများရှိခဲ့ပြီး ပြည်နယ်အများအပြားတွင် ဖြေရှင်းပေးခဲ့သော်လည်း ဆယ်စုနှစ် တစ်ခုကျော်ကြာ ယခုအချိန်အထိ ပြေလည်မှု မရသေးပေ။
    Ref: Agencies

  • မြောက်ကိုရီးယား ဒရုန်းများနှင့် ပတ်သက်၍ တောင်ကိုရီးယား စစ်ဘက် တံခါးပိတ် အစည်းအဝေးလုပ်

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media

    – မိမိတို့၏ လေပိုင်နက်အတွင်းသို့ မြောက်ကိုရီးယားမှ ဒရုန်းလေယာဉ်များ စေလွှတ်ခြင်းအား မည်ကဲ့သို့ ဟန့်တားရမည်ကို တောင်ကိုရီးယား ထိပ်တန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက တံခါးပိတ် အစည်းအဝေး တစ်ခုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    North Korea

    ယခုနှစ်အတွင်း စစ်တပ်မှ ပထမဆုံး ကျင်းပပြုလုပ်သော အစည်းအဝေးဖြစ်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်ဂျင်၊ ကြည်း၊ ရေ၊ လေ တပ်များမှ အကြီးအကဲများနှင့် တောင်ကိုရီးယား စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။

    အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် ကာကွယ်ရေးကြီးက မြောက်ကိုရီးယား၏ ထိုလုပ်ရပ်မှာ တောင်ကိုရီးယားဘက်သို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး တန်ပြန်တုံ့ပြန်မှုများကို ပြုလုပ်သွားရန်ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က အစည်းအဝေးအကျဉ်းချုပ်နှင့် ပတ်သက်၍ မီဒီယာများအား ပြောကြားခဲ့သည်။

    ထောက်လှမ်းရေးလုပ်ငန်းစဉ်များတွင် တောင်ကိုရီးယားအား လိုက်မီရန်အတွက် ဒရုန်းလေယာဉ်များကို မြောက်ကိုရီးယားက ထုတ်လုပ်ခဲ့သော်လည်း၊ ထိုဒရုန်းလေယာဉ်များအား အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တိုးမြှင့်အသုံးပြုနိုင်သည်ဟု တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဒရုန်းလေယာဉ် ၃ စင်းကို တွေ့ခဲ့ရပြီး မြောက်ကိုရီးယားဘက်မှ စေလွှတ်သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားက ပြောဆိုထားသည်။
    Ref: ဆင်ဟွာ

  • မွတ်စလင်နှင့် ရိုဟင်ဂျာတို့အား အကြမ်းဖက်မှုများ၏ နောက်ကွယ်က လက်သည် မြန်မာအစိုးရ (By Dr မောင်ဇာနည်)

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media
    မူရင်းဆောင်းပါးရှင်- ဒေါက်တာ မောင်ဇာနည်
    ဘာသာပြန်- မင်းထွဋ်ခေါင်

    မြန်မာနိုင်ငံ၏ နာဇီဆန်ဆန် မွတ်စ်လင်မ် ဆန့်ကျင်ရေးနှင့် ရိုဟင်ဂျာ ဆန့်ကျင်ရေးတို့မှာ နိုင်ငံတော်ကျောထောက်နောက်ခံ လှုပ်ရှားမှု ဖြစ်နေသည်။

    Riotpolice-shot
    photo credit-Reuters

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇာတိ ကျောက်ဆည်မြို့တွင်မွေးဖွားသူ (ယခင် လူအမည် ၀င်းခိုင်ဦး ဖြစ်သော) အရှင်ဝီရသူနှင့် ၉၆၉ အုပ်စုမှာ မြန်မာအစိုးရ အတွက် လမ်းခင်းပေးနေသူ အလိုတော်ရိများမှ အပ အခြား မဟုတ်။

    လွတ်လပ်သော လူထုအမြင်နှင့်တောင်းဆိုမှုများမှ အာရုံလွှဲဖယ်ခြင်း၊ မိမိကိုယ်ကို ရာနှုန်းပြည့် ဗမာလူမျိုးစ စ်စစ်အဖြစ် မှိုင်းမိ မာန်ထောင်နေပြီး မိမိတို့နှင့် ဘာမျှ မကွာခြားလှသည့် အသားမည်းသူနှင့် မွတ်စ်လင်မ်တို့အပေါ် ဗမာလူမျိုးကြီးဝါဒ ဗီဇဖက် ရှေ့ရှုဦးတည်ခြင်းကဲ့သို့ မွတ်စ်လင်မ်နှင့် ရိုဟင်ဂျာတို့ကို အသုံးချ ဓားစားခံပြုလုပ်ထားသော နိုင်ငံတော်ကျောထောက်နောက်ခံပြု ကမ်ပိန်းဆိုင်ရာ အချက်အလက် တစ်ပုံတစ်ပင်ဖြင့် အာဏာပိုင်တို့၏ကိုယ်ပိုင် အစွန်းရောက် ဗျူဟာများ ဖော်ဆောင်ရန် ရှေ့တိုးထွက်လာမည်လောဟု ကျွန်ုပ်မှ နာမည်ကြီး လူရွှင်တော် ဇာဂနာ(မောင်သူရ)ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ခဲ့သည်။

    မသီတာထွေးမှာ မုဒိမ်းကျင့်ခြင်း မခံခဲ့ရကြောင်း၊ သူမ၏ရုပ်အလောင်း၌ ထိုသို့လုပ်ဆောင်ချက် အထောက်အထား အလျဉ်း မတွေ့ခဲ့ရကြောင်း၊ သတ်ဖြတ်ခံရသည်မှာ မှန်ကြောင်း၊ ဆေးစစ်ချက်တွင် သူမသည် မုဒိမ်းကျင့်ခံရပါသည်ဟူသော လုပ်ကြံအဆိုရေးသွင်းရန် အဓမ္မလက်မှတ် ထိုးစေခဲ့ခြင်းဖြစ်ကြောင်း မှုခင်း ဆရာဝန်မှ ကိုဇာဂနာအား ပြောပြခဲ့သည်။

    မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကျွန်ုပ်၏ အတိုက်အခံမိတ်ဆွေကမူ အရေးပါသော အချက်အလက်အချို့ကို ဖုံးကွယ် ထိမ်ချန်ထားပါသည်။ ရခိုင်အမျိုးသမီး မသီတာထွေးအား ဘင်္ဂါလီ အမျိုးသားများမှ မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည်ဆိုသော အကြောင်းအရာသည် တက်တက်စင် မှားယွင်းနေပါလျက် ဗိုလ်မှူးဇော်ဋ္ဌေး (မှူးးဇော်)၊ ဗိုလ်မှူးကြီး ရဲထွဋ် (လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး)တို့က မွတ်စ်လင်မ်တို့အပေါ် မျိုးဖြုတ်ရှင်းလင်းရေး မီးတောက်ကို ယင်းအချက်ကို အသုံးချ၍ ထွန်းညှိခဲ့သည့် အချက်အလက်မျိုး ဖြစ်သည်။

    မသီတာထွေးမှာ မုဒိမ်းကျင့်ခြင်း မခံခဲ့ရကြောင်း၊ သူမ၏ရုပ်အလောင်း၌ ထိုသို့လုပ်ဆောင်ချက် အထောက်အထား အလျဉ်း မတွေ့ခဲ့ရကြောင်း၊ သတ်ဖြတ်ခံရသည်မှာ မှန်ကြောင်း၊ ဆေးစစ်ချက်တွင် သူမသည် မုဒိမ်းကျင့်ခံရပါသည်ဟူသော လုပ်ကြံအဆိုရေးသွင်းရန် အဓမ္မလက်မှတ် ထိုးစေခဲ့ခြင်းဖြစ်ကြောင်း မှုခင်း ဆရာဝန်မှ ကိုဇာဂနာအား ပြောပြခဲ့သည်။

    ၎င်းမုဒိမ်းပုံပြင်အား အစိုးရအေးဂျင့်တို့မှ ဆိုရှယ်မီဒီယာများ အပေါ် ဖြန့်ပက်ခဲ့ကြသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မွတ်စ်လင်မ်များ နှင့် ရိုဟင်ဂျာတို့ကို စုပြုံသတ်ဖြတ်မှု လှိုင်းဂယက်ဖြစ်ပေါ်လာစေရန် ထိုအချက်ကို အသုံးချခဲ့သည်။

    တရားခံဟု စွပ်စွဲခံရသူ ထက်ထက်မှာ ထိန်းသိမ်းထားစဉ် ကာလအတွင်း သေဆုံးသွားသည်။ ထက်ထက်မှာ ဘင်္ဂါလီလူမျိုး မဟုတ်သည့်အပြင် မွတ်စ်လင်မ်တစ်ဦးလည်း မဟုတ်ပါချေ။ မွတ်စ်လင်မ်မိသားစု တစ်ခုမှ မွေးစားထားသော ရခိုင်-ဗမာ လူမျိုးသာဖြစ်၏။ ထက်ထက်သည် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

    ထက်ထက် သေဆုံးခဲ့သည့် တစ်လအတွင်း သူ့ဇနီးသည်အား ဇာဂနာမှ တွေ့ဆုံနိုင်ရန်ကြိုးစားသောအခါ ရွာတစ်ရွာ၏ရေတွင်းတစ်ခု၌ သူမ၏ အသက်မဲ့ခန္ဓာကိုသာ တွေ့လိုက်ရပေသည်။

    စုံစမ်းရေးကော်မရှင်အနေနှင့် မည်သည့် အထောက်အထားများကို ဖုံးကွယ်ထားခြင်း သို့မဟုတ် ဖျောက်ဖျက်ထားခြင်း ဆိုသည်ကို ရိုက်တာမှ စုံစမ်းစစ်ဆေးချက် တစ်ရပ်အား အလေးထားပြုသင့်၏။

    အမုန်းတရားဆန့်ကျင်မှု ဆိုင်ရာ မီဒီယာဇာတ်လမ်း တစ်ပုဒ်စ နှစ်ပုဒ်စအားဖြင့် အကြွင်းမဲ့နိုင်ငံတော်ကျောထောက်နောက်ခံပြု အကြမ်းဖက်မှုနှင့် ဗုဒ္ဓဘာသာခုတုံးလုပ် နာဇီဝါဒ တံဆိပ်တပ်ခံရမှုဆိုင်ရာ ပကတိ လှုပ်ရှားချက်တို့ကို မြေမြှုပ် သင်္ဂြိုလ်လိုက်၍ မရစကောင်းပေ။

    အရပ်သားလူ့အဖွဲ့အစည်းများသည် အလွန်အကျွံလှည့်စားခံနေရပြီး၊ မျိုးဖြုတ်ခံနေရသည့် ရိုဟင်ဂျာတို့ကိုသာမက (ယခုအခါ)  မြန်မာမွတ်စ်လင်မ် အပေါင်းကိုလည်း အမုန်းပွားလျက် ရှိနေပေတော့သည်။

    ** ဒေါက်တာ မောင်ဇာနည်ရေးသားတဲ့ “Myanmar Government itself is behind mass violence against the Muslims & the Rohingy” ဆောင်းပါးကို မင်းထွဋ်ခေါင် ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

  • မိကျောင်းကန်ပြည်သူများမှ သင်္ကြန်ကာလအတွင်းတွင်လည်း ဆန္ဒဖော်ထုတ်သွားမည်

    မိကျောင်းကန်ပြည်သူများမှ သင်္ကြန်ကာလအတွင်းတွင်လည်း ဆန္ဒဖော်ထုတ်သွားမည်

    ဧပြီ ၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00327

    ရန်ကုန်။     ။ တတိယအကြိမ်အဖြစ်သပိတ်စခန်းဖွင့်လျက်ရှိသော မိကျောင်းကန်သပိတ်စန်းကို သက်ဆိုင်ရာအစိုးရမှ ကတိပေး၍ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်မပေးပါက သကြန်ကာလအတွင်းတွင်ပါ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သပိတ်စခန်းဖွင့်ထားသူများက ပြောသည်။

    “ကျွန်တော်တို့ကို SEA GAME ကာလတုန်းကလည်း အာဆီယံနိုင်ငံကလူတွေလာမှာမှာမို့လို့ အမြန်မာနိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်စေမှာဆိုးလို့ သပိတ်ကို ပိတ်ပေးပါဆိုလို့ ကျွန်တော်တို့လည်း နားလည်ပြီးပိတ်ပေးခဲ့ပါတယ်။ အခုလည်းမကြာခင်မှာ သင်္ကြန်ကာလကို ရောက်တော့မယ် ကျွန်တော်တို့ကို သင်္ကြန်ကာလကြောင့် ပိတ်ခိုင်းမယ်ဆိုရင် ကျွန်တော်တို့ပိတ်သိမ်းပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဒီလိုတွေလုပ်နေတာများနေပါပြီ” ဟု သပိတ်စခန်း ခေါင်းဆောင်ဖြစ်သူ ဦးစိန်သန်းကပြောခဲ့သည်။

    သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမှ သင်္ကြန်မတိုင်မီဖြေရှင်းပေးမည်ဟုပြောဆိုခဲ့သောကြောင့် မိကျောင်းကန် ပြည်သူများအနေနှင့် စောင့်မျှော်နေ ကြောင်း၊ လာရောက်ဖြေရှင်းပေမှုမရှိခဲ့လျှင် ၎င်းတို့အနေနှင့်သင်္ကြန်ကာလတွင်းမှာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သပိတ်စခန်းမှ မိကျောင်းကန် ပြည်သူတစ်ဦးကပြောကြားခဲ့သည်။

    မိကျောင်းကန်ပြည်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမတွင် တွေ့ဆုံ၍ညှိနှိုင်းဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပါ။

    ဧပြီလ ၅ ရက်နေ့တွင်လည်း မိကျောင်းကန်ပြည်သူများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင်  ၎င်းတို့၏ နစ်နာမှုများ ကို ပြောကြားရန် သွားရောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးမကောင်းသောကြောင့် တွေ့ဆုံနိုင်ခြင်းမရှိသော်လည်း ကျန်းမာရေး ကောင်းသည့် အချိန်တွင်မူ မိကျောင်းကန် သပိတ်စခန်းမှ တာဝန်ရှိသူ ငါးယောက်နှင့် တွေ့ဆုံသွားမည်ဟု အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

    မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃၊ မှ လယ်ယာမြေသိမ်းခံထားရသော မိကျောင်းကန်ပြည်သူများသည်  နေ့စဉ် ညနေတိုင်းတွင် မြို့တော်ခန်းမအားပတ်၍ ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်နေကြကြောင်း သိရပါသည်။