News @ M-Media

Blog

  • မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဟု ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

    မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဟု ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နေတာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဂျပန်အထက်လွှတ်တော်မှာ မနေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။

    အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့တစ်ပတ်က အလားတူဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ၊ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် လက်ရှိ စစ်တပ်က ဖော်ဆောင်ထားတဲ့ အစိုးရကို လုံး၀ အသိအမှတ်မပြုကြောင်းလည်း ဆုံးဖြတ်ချက် ဆိုပါတယ်။

    “အကြမ်းဖက်မှု ဆက်ဖြစ်နေပြီး လူတွေအများအပြား အသတ်ခံနေရတာ၊ ညှင်းပမ်းခံနေရတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတာကို ချက်ခြင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်”

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ထွန်းကားလာရေး သံတမန်နည်းလမ်းတွေ၊ အခြားနည်းလမ်းတွေကို အသုံးပြု ဆောင်ရွက်သွားမယ်လို့လည်း အထက်လွှတ်​တော်ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီအများအပြားပေးနေတဲ့ နိုင်ငံဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရှေ့ဆက် အကူအညီပေးတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    Ref: The Daily Star

  • အစ္စလာမ်ဘာသာဝင်များနှင့် တစ်သားတည်းရှိကြောင်း ကနေဒါပြည်သူများ ချီတက်ဆန္ဒထုတ်ဖော်

    အစ္စလာမ်ဘာသာဝင်များနှင့် တစ်သားတည်းရှိကြောင်း ကနေဒါပြည်သူများ ချီတက်ဆန္ဒထုတ်ဖော်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -ကားနဲ့တိုက်သတ်ခံလိုက်ရတဲ့ မွတ်စလင်မိသားစုအတွက် စာနာဝမ်းနည်းကြောင်း၊ နိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ ချီတက်တက်ပွဲတစ်ခုကို ကနေဒါနိုင်ငံမှာ သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။

    ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်က လန်ဒန်မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းက မွတ်စလင်မိသားစုတစ်ခု မျဉ်းကြားကူးဖို့ စောင့်ဆိုင်းနေစဉ် အသက် ၂၀ အရွယ် နသန်နီယဲလ် ဗဲလ်တ်မန်ဆိုသူက ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တာပါ။

    အဲဒီအဖြစ်အပျက်အတွင်း မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က ဒါဟာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးစိတ်ကို အခြေခံလုပ်ဆောင်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကနေဒါ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    သောကြာနေ့က ထောင်နဲ့ချီတဲ့ ကနေဒါပြည်သူတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။ အဲဒီနောက် အနီးအနားမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တစ်ခုကို ချီတက်ခဲ့ကြပြီး သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း၊ နိုင်ငံအတွင်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။

    ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ‘အမုန်းအတွက်နေရာမရှိ’ ‘မေတ္တာက အမုန်းကို လွှမ်းမိုးရမည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ လူ့အဖွဲ့အစည်းတိုင်းက ကိုယ်စားလှယ်တွေက ဘာသာရေးလူမျိုးရေးမုန်းတီးမှုကို ဆန့်ကျင်ရှုတ်ချတဲ့မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။

    တိုရွန်တို၊ အိုတာဝါ၊ မွန်ထရီယဲလ်၊ ကျူဘတ်မြို့တို့မှာလည်း ဒီလို ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

    မွတ်စလင်မိသားစုကို ကားနဲ့တိုက်သတ်ခဲ့တဲ့ ဗဲလ်တ်မန်ကို​ လူသတ်မှုစွဲချက် ၄ ခု၊ လူသတ်ရန်ကြိုးစားမှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကုလလူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

    စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကုလလူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

    ဇွန် ၁၁၊ ၂၀၂၁
    M-Media

    -တိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံဟာ ဒုက္ခတွင်းထဲ သက်ဆင်းနေရပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှလ် ဘာချလတ်က သတိပေးလိုက်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

    ဘာချလတ်ဟာ ဧပြီလက မြန်မာကိုလာရောက်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

    ဒီကနေ့ထုတ်ပြန်တဲ့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုတဲ့ဆန္ဒမျိုး စစ်ကောင်စီမှာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် လတ်တလော ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွအတွင်း အရပ်သားတွေကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ နေအိမ်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ သူတို့မှာရှိနေတယ်လို့လည်း ဘာချလတ်က ပြောပါတယ်။

    “တင်းမာမှုလျော့ချရေး ကြိုးပမ်းတာမျိုး လုံး၀မရှိဘဲ၊ အဓိကဒေသတွေမှာ တပ်ဖွဲ့တွေ ထပ်တိုးချထာတာမျိုး၊ အကြမ်းဖက်မှု ရပ်ပေးမယ်ဆိုပြီး အာဆီယံမှာ ပေးခဲ့တဲ့ ကတိကဝတ်နဲ့ ဆန့်ကျင်ဖက်လုပ်တာမျိုးကိုပဲ တွေ့ရပါတယ်”

    မြန်မာနိုင်ငံကပြဿနာဖြေရှင်းရေးမှာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဘာချလတ်က တိုက်တွန်းခဲ့ပြီး၊ NUG အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးမှု ချက်ခြင်းလိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “စစ်တပ်က အရပ်သားတွေနဲ့ အရပ်သားအဆောက်အဦးတွေပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဟာ လက်မခံနိုင်စရာကိစ္စဖြစ်ပြီး ဒါကိုရပ်တန့်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း တောင်းဆိုဖို့ လိုအပ်ပါတယ်။ ဒီပြဿနာအတွက် စစ်ခေါင်းဆောင်တွေမှာသာ တာဝန်ရှိပြီး၊ ဒါကို သူတို့ကပဲ တာဝန်ခံရပါမယ်”

    NUG က ဖွဲ့စည်းထားတဲ့ PDF အဖွဲ့၊ အခြားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ဖို့ ဘာချလတ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • အီရန်ကို ရုရှားက အဆင့်မြင့်ဂြိုဟ်တုတစ်လုံး ထောက်ပံ့မည်

    အီရန်ကို ရုရှားက အဆင့်မြင့်ဂြိုဟ်တုတစ်လုံး ထောက်ပံ့မည်

    ဇွန် ၁၁၊ ၂၀၂၁
    M-Media

    မနှစ်က အီရန်မှလွှတ်တင်လိုက်သည့် စစ်ဖက်ဆိုင်ရာ ဂြိုဟ်တု

    -အရှေ့အလယ်ပိုင်းတစ်ဝှမ်းက စစ်ဖက်ပစ်မှတ်တွေကို ခြေရာခံစောင့်ကြည့်နိုင်မယ့် အဆင့်မြင့် ဂြိုဟ်တုတစ်လုံး အီရန်ကို ထောက်ပံ့ပေးဖို့ ရုရှားက ပြင်ဆင်နေပါတယ်။

    Kanopus-V အလို့အမည်ရတဲ့ ဂြိုဟ်တုဖြစ်ပြီး ပုံရိပ်တွေကို ပြတ်သားစွာ ရိုက်ကူးနိုင်မယ့် အဆင့်မြင့်ကင်မရာတပ်ဆင်ထားကာ လာမယ့်လအနည်းငယ်အတွင်း ရုရှားက လွှတ်တင်မှာဖြစ်ပါတယ်။

    ပါရှန်ပင်လယ်ကွေ့က ရေနံတွင်းတွေ၊ အစ္စရေးရဲ့ စစ်စခန်းတွေကနေ အီရတ်နိုင်ငံမှာရှိနေတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေအထိ စောင့်ကြည့်ခြေရာခံနိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူ နှစ်ဦးနဲ့ အရှေ့အလယ်ပိုင်းက သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

    အမေရိကန်နဲ့ အီရန်တို့ဟာ ထရမ့်လက်ထက်မှာ ပျက်လုနီးပါးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး တစ်ဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

    အီရန်ဟာ Kanopus-V ဂြိုဟ်တု ရရှိဖို့အတွက် ၂၀၁၈ ခုနှစ်ကတည်းက ရုရှားနဲ့ ညှိနှိုင်းဆွေးနွေးလာတာဖြစ်ပါတယ်။ အီရန်ဟာ ၂၀၂၀ ခုနှစ် ဧပြီလမှာ နိုင်ငံရဲ့ ပထမဆုံး စစ်ဖက်ဆိုင်ရာဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပါတယ်။

    Ref: Washington Post

  • တရုတ်က စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကို စစ်ဆေးရန် နိုင်ငံတကာအဖွဲ့များ တောင်းဆို

    တရုတ်က စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကို စစ်ဆေးရန် နိုင်ငံတကာအဖွဲ့များ တောင်းဆို

    ဇွန် ၁၁၊ ၂၀၁၂
    M-Media

    -နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါ၊ ကာဇက်နဲ့ အခြား အစ္စလာမ်ဘာသာဝင်လူမျိုးစုတွေအပေါ် တရုတ်အစိုးရက လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (crimes against humanity) ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထပ်မံပြောကြားလိုက်ပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းက ဌာနေလူမျိုးစုတွေကို အစုလိုအပြုံလိုက် ဖမ်းဆီးအကျဉ်းချတာ၊ စောင့်ကြည့်တာ၊ ညှမ်းပမ်းနှိပ်စက်တာတွေ လုပ်ဆောင်နေပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မနေ့က ကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    AI အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အဂ်နက်စ် ကာလာမာ့ဒ်က တရုတ်အာဏာပိုင်တွေဟာ ‘ဧရာမငရဲခန်းကြီးကို’ ဖန်တီးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

    “လူအမြောက်အများကို အကျဉ်းစခန်းတွေထဲထည့်ပြီး ဦးနှောက်ကျဉ်းတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ နှိမ့်ချစော်ကားတာတွေ လုပ်နေပြီး၊ နောက်ထပ် သန်းနဲ့ချီတဲ့ လူတွေကလည်း အကြီးအကျယ် စောင့်ကြည့်ခံရမှုအောက်မှာ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရတာတွေဟာ လူသားဝါဒအတွက် တုန်လှုပ်စရာပါပဲ”

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ဟာ သူ့ရဲ့တာဝန်အတိုင်း လုပ်ဆောင်ဖို့ကို ပျက်ကွက်နေကြောင်း၊ ဒီအဖြစ်အပျက်တွေကို မရှုတ်ချယုံသာမက နိုင်ငံတကာက စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့တောင် တိုက်တွန်းဆော်ဩတာမျိုး မရှိဘူးလို့လည်း သူမက ဝေဖန်ခဲ့ပါတယ်။

    “ကုလသမဂ္ဂ အခြေတည်ထားတဲ့ တန်ဖိုးတွေကို ကာကွယ်ရမှာက သူ့ရဲ့တာဝန်ပါ။ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကို မြင်နေရတဲ့အချိန်မှာ နှုတ်ဆိတ်နေလို့ လုံး၀ မရပါဘူး”

    စာမျက်နှာ ၁၆၀ ပါဝင်တဲ့ AI ရဲ့ အစီရင်ခံစာဟာ တရုတ်အစိုးရရဲ့ ဖမ်းဆီးညှင်းပမ်းမှုဒဏ်ကို ခံစားရသူ ၅၅ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုကို အခြေခံပြီး ရေးသားထားတာပါ။

    တရုတ်အစိုးရဟာ နိုင်ငံတကာ ဥပဒေတွေကိုချိုးဖောက်ပြီး အကျဉ်းချတာ၊ လူတစ်ဦးချင်းအခွင့်အရေးကို ချိုးဖောက်တာ၊ ညှမ်းပမ်းနှိပ်စက်တာ စတဲ့ လူ့သားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း AI အဖွဲ့က ပြောပါတယ်။

    အခုနှစ် ဧပြီလတုန်းကလည်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Watch အဖွဲ့က ဝီဂါအရေး အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး တရုတ်အစိုးရဟာ လူ့သားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity) မျိုး ကျူးလွန်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်ဟာ ရှင်ကျန်းက ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေကို အကျဉ်းစခန်းတွေထဲမှာ ထည့်ထားပြီး တရုတ်ဇာတ်သွင်းကာ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု အမှတ်သညာတွေပျောက်အောင် အဓမ္မ ညှင်းပမ်းနှိပ်စက် လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ကုလသမဂ္ဂတို့က ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။

    တရုတ်ကတော့ ဒါတွေအားလုံးကို ငြင်းဆိုထားပါတယ်။

    ICC က စစ်ဆေးဖို့ ရှေ့နေများတောင်းဆို

    ဝီဂါနဲ့ အခြား လူမျိုးစုတွေအပေါ် တရုတ်အစိုးရက လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနိုင်ရေး နိုင်ငံတကာ ခုံသမာဓိအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ နိုင်ငံတကာ ရှေ့​နေအဖွဲ့တစ်ခုက မနေ့မှာ သက်သေအထောက်အထားဖိုင်တွဲကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ထံ တင်သွင်းလိုက်ပါတယ်။

    သူတို့ပေးလိုက်တဲ့ ဖိုင်တွဲမှာ ဝီဂါတွေ ပစ်မှတ်ထား ဖိနှိပ်ခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာ၊ တာဂျစ်ကစ္စတန်ကိုထွက်ပြေးသွားတဲ့ ဝီဂါနဲ့ အခြားလူမျိုးစုတွေကို တရုတ်အစိုးရက ဖိအားပေးပြီး ပြန်တောင်းတာ စတဲ့ အထောက်အထားတွေ ပါဝင်တယ်လို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

    ICC မှာ တရုတ်နိုင်ငံက အဖွဲ့ဝင်မဟုတ်ပေမယ့် တာဂျစ်ကစ္စတန်က အဖွဲ့ဝင်ဖြစ်နေတာကြောင့် ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းဆောင်ရွက်ဖို့လည်း ရှေ့နေအဖွဲ့က ICC တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

    တရုတ်အစိုးရဟာ နိုင်ငံအတွင်းမှာရှိနေတဲ့ လူမျိုးစုငယ်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် နိုင်ငံတကာ တရားရေးစနစ်နဲ့ စုံစမ်းကြားနာဖို့ တောင်းဆိုမှုတွေ အခုနှစ်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။

    Ref: BBC