News @ M-Media

Blog

  • နိုင်ငံ ၅ နိုင်ငံတွင် ဆော်ဒီက ဆေးဘက်ဆိုင်ရာ အကူအညီပေးမည်

    နိုင်ငံ ၅ နိုင်ငံတွင် ဆော်ဒီက ဆေးဘက်ဆိုင်ရာ အကူအညီပေးမည်

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -ဆော်ဒီအစိုးရရဲ့ အကူအညီပေးရေးအဖွဲ့ KSrelief က နိုင်ငံ ၅ ခုမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် အလ်-ဘဆာရ် နိုင်ငံတကာဖောင်ဒေးရှင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    သဘောတူညီချက်အရ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ နိုက်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ဆော်ဒီဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး စီမံကိန်း အခု ၃၀ ကို ဆောင်ရွက်သွားမှာပါ။

    ဒီစီမံကိန်းမှာ ခွဲစိပ်ကုသမှု ၁၂၀၀၀ လောက် လုပ်ပေးဖို့လည်း ပါဝင်ပါတယ်။

    KSrelief အဖွဲ့က တာဝန်ရှိသူ ဒေါက်တာ အကီးလ်က နိုင်ငံရဲ့ ၂၀၃၀ စီမံကိန်းမှာ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်း တိုးမြှင့်လုပ်ဆောင်ရေး မူဘောင်အတိုင်း အခု လှုပ်ရှားမှုကို ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • အိမ်နီးချင်း ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ကိုဗစ်စစ်ဆေးမှုကာလကို ထိုင်းက ၃ လ သက်တမ်းတိုး

    အိမ်နီးချင်း ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ကိုဗစ်စစ်ဆေးမှုကာလကို ထိုင်းက ၃ လ သက်တမ်းတိုး

    ဇွန် ၁၀ ၊၂၀၂၁
    M-Media

    -မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က ရွှေ့ပြောင်းလုပ်သားတွေ မဖြစ်မနေ ကိုဗစ်စစ်ရမယ့်ကာလကို စက်တင်ဘာ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံက သက်တမ်းတိုးပေးလိုက်ပါတယ်။

    ဒီနိုင်ငံတွေက အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပါမစ် လျှောက်မယ်ဆိုရင် ကိုဗစ်စစ်ဆေးပြီးကြောင်းလက်မှတ် ပြရတာပါ။

    မူလ ကိုဗစ်စစ်ရမယ့်ကာလဟာ ဇွန်လ ၁၆ ရက်နေ့မှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် မစစ်ရသေးတဲ့အလုပ်သမားတွေ ရှိနေသေးတာကြောင့် ထိုင်းအစိုးရရဲ့ အင်္ဂါနေ့အစည်းအဝေးမှာ နောက်ထပ် ၃ လ သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။

    ​နိုင်ငံအတွင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင် ပါမစ်လျှောက်ပြီး အလုပ်လုပ်နိုင်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းအစိုးရက စတင်ခဲ့တာပါ။

    အဲဒီအစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားတွေဟာ လူဝင်မှုကြီးကြပ်ရေးဌာနကို သွားရောက်ပြီး အချက်အလက်တွေပေးကာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ ကျန်းမာရေးအာမခံ လျှောက်ထားရတာ ဖြစ်ပါတယ်။

    Ref: Khmertimes

  • ကမ္ဘာ့နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀  အမေရိကန်က လှူမည်

    ကမ္ဘာ့နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ အမေရိကန်က လှူမည်

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -အခုနှစ်ကနေ လာမယ့်နှစ်ကုန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်း ၅၀၀ ထောက်ပံ့ပေးအပ်သွားဖို့ အမေရိကန်က စီစဉ်နပါတယ်။

    ဒီအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေရဖို့ သမ္မတဘိုင်ဒန်အစိုးရဟာ ပြည်တွင်း ကာကွယ်ဆေးကုမ္ပဏီတွေနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး မနက်ဖြန် လန်ဒန်မှာပြုလုပ်မယ့် G7 ထိပ်သီးအစည်းအဝေးမှာ တရားဝင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    အမေရိကန်ဟာ Pfizer and BioNTech ကုမ္ပဏီကနေ အခုနှစ်အတွင်း ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀၊ လာမယ့်နှစ်မှာ သန်း ၃၀၀ အရင်းစျေးနဲ့ မှာယူထားတာ ဖြစ်ပါတယ်။

    G7 အဖွဲ့အပါအဝင် ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၀၀ က ပြီးခဲ့တဲ့တစ်ပတ်မှာ စာထုတ်တောင်းဆိုပြီးနောက်ပိုင်း အမေရိကန်ရဲ့ ဒီအစီအစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကာကွယ်​ဆေး ၁၁ ဘီလီယံလောက် လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီ၏ အဓမ္မအမိန့်ကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လုပ်ငန်းရပ်ဆိုင်းထားရ

    စစ်ကောင်စီ၏ အဓမ္မအမိန့်ကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လုပ်ငန်းရပ်ဆိုင်းထားရ

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီရဲ့ အဓမ္မဖိအားပေးမှုကြောင့် ထားဝယ်မြို့မှာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်ပါတယ်။

    ထားဝယ်မှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ INGO တွေ လုပ်ငန်း ဆက်လက်လုပ်ဆောင်ခြင်း မပြုဖို့ စစ်ကောင်စီအာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ စာထုတ်ဟန့်တားခဲ့တာပါ။

    MSF က သူတို့လည်း ဒီစာကို လက်ခံရရှိခဲ့ပြီး အကူအညီပေးမှုတွေ ရပ်ဆိုင်းလိုက်ရတာကြောင့် HIV နဲ့ တီဘီလူနာ ထောင်နဲ့ချီ ဆေးဝါးပြတ်တောက်ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အလွန်အမင်း ပျက်ယွင်းနေတဲ့ အခုလိုအချိန်မျိုးမှာ MSF ရဲ့ ကူညီမှုတွေကို ရပ်ဆိုင်းလိုက်ရတာကြောင့် မိမိတို့လူနာ တော်တော်များများမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်” လို့ MSF ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ထား၀ယ်မြို့နဲ့ အနီးအနားပတ်ဝန်းကျင်မှာ MSF ကနေ အခမဲ့ ကုသပေးနေတဲ့ HIV လူနာ ၂၁၆၂ ဦး ရှိနေပြီး ဘာ့ကြောင့် သူတို့ရဲ့ ကူညီမှုကို တားမြစ်ရလဲဆိုတာ အာဏာပိုင်တွေကို ပြန်မေးထားကာ၊ အမိန့်ကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားကြောင်း MSF က ဆိုပါတယ်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပျက်ယွင်းလာပြီး၊ အကူအညီပေးရေးအဖွဲ့တွေကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် တီဘီနဲ့ အခြားကူးစက်ရောဂါအန္တရာယ် ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း MSF က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AFP

  • ကယားပြည်နယ်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ကြောင်း ကုလ သတိပေး

    ကယားပြည်နယ်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ကြောင်း ကုလ သတိပေး

    ဇွန် ၉၊ ၂၀၂၁
    M-Media

    ကားပြည်နယ်မှ မြင်ကွင်းတစ်ခု

    -စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ကယားပြည်နယ်မှာ လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ချေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလည်း ပေါ်လာပါတယ်။

    ကယားပြည်နယ်က ဒေသတစ်ချို့မှာ ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ကာ တော်လှန်နေကြပြီး၊ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေအပါအဝင် အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    တွမ်အန်ဒရူးရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယတွေကြောင့် ကယားပြည်နယ်မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်သူငယ်တွေ လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ချေရှိတယ်လို့ သတိပေးခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် ကုလရုံးကလည်း ကယားပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် လူ တစ်သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တောတောင်တွေထဲမှာ ခိုလှုံနေရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ထွက်ပြေးရသူတွေ၊ စစ်တပ်ရဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့တိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ နေရာက လူတွေဟာ အစားအစာ၊ ရေ၊ နေစရာ၊ လောင်စာဆီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း ကုသမဂ္ဂက ပြောပါတယ်။

    “ဒီပြဿနာကြောင့် လူတွေဟာ ဘေးလွတ်ရာ နိုင်ငံတကာ နယ်နမိတ်တွေဆီ ထွက်ပြေးရတာမျိုး ဖြစ်နိုင်ပါတယ်။ အရပ်သားတွေနဲ့ အရပ်ဖက် အဆောက်အဦးတွေကို ကာကွယ်ရေး လိုအပ်တဲ့ ဆောင်ရွက်မှုတွေ၊ ကြိုတင်စီစဉ်မှုတွေ လုပ်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်” လို ကုလရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera