News @ M-Media

Blog

  • အာဆင်နယ်အသင်းမှာ ဆုဖလားများရရှိရန် ခိုင်မာသော စိတ်ဓာတ်မရှိဟု တိုက်စစ်မှူး ကာဇိုလာပြောကြား

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ဆုဖလားများကို ရယူချင်ပါက အာဆင်နယ်အသင်းမှာ ခိုင်မာသောစိတ်ဓာတ်မျိုးရှိရန် လိုအပ်ပြီး ထိုကဲ့သို့ မလုပ်နိုင်ပါက အသင်းမှ ထွက်ခွာမည်ဟု အာဆင်နယ်အသင်းတိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။
    368767_heroa
    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်နောက်ဆုံး လေးပွဲတွင် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှ ထွက်ခွာခဲ့ရကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဲဗာတန်အသင်းနှင့် အပြိုင်လုရဖွယ်ရှိနေသည်။

    မာလာဂါအသင်းမှ အာဆင်နယ်အသင်းသို့ ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့လာခဲ့သော်လည်း မိမိရှာဖွေနေသော အောမြင်မှုကို မတွေ့ရှိဟု ကာဇိုလာကဆိုပြီး ဆုတံဆိပ်များရရှိရန်အတွက် အသင်းပြောင်းရန် ပြင်ဆင်နေသည်ဟုလည်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ဆုဖလားတွေ လိုချင်တာကြောင့် အာဆင်နယ်ကို လာခဲ့တာပါ။ ဘောလုံးသမားတိုင်းဟာ ဆုဖလားတွေကို ရချင်ပါတယ်။ ကျွန်တော်တို့ဟာ ဖလားတစ်လုံးမှ မရဘဲ နှစ်တွေအများကြီး ကုန်ဆုံးခဲ့ပါတယ်။ တကယ်လို့ ဆုဖလားတွေ မရရင်တော့ နောက်ထပ်ကျွန်တော်ရှာဖွေတဲ့လမ်းက ဆုဖလားတွေရဖို့ အခွင့်အရေးပါပဲ” ဟု ကာဇိုလာက Sport360 သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီးနှင့် မန်ယူအသင်းများက လိုအပ်သောကစားသမားများကို ၀ယ်ယူခဲ့ပြီး၊ အာဆင်နယ်အသင်းမှာလည်း လာမည့်ရာသီတွင် မည်သည့်ကစာသမားများ ၀ယ်ယူရမည်ကို သိရှိကြောင်း၊ ထိုကစားသမားများမရှိဘဲ မိမိတို့အနေဖြင့် ဆုဖလားများရရှိမည်မဟုတ်ကြောင်း ကာဇိုလာက ထပ်လောင်းပြောကြားခဲ့သည်။

    အာဆင်နယ်အသင်းမှာ ယခုနှစ်ရာသီအစတွင် ခြေစွမ်းကောင်းများကိုပြသခဲ့သော်လည်း ကစားသမာများ ဒဏ်ရာရရှိမှု ပွဲထွက်ကစားသမားများမှာလည်း ခြေစွမ်းမပြနိုင်မှုတို့ကြောင့် နောက်ပိုင်းတွင် ရုန်းကန် လာခဲ့ရသည်။ ယခုနှစ်တွင် မည်သည့်ဖလားမှ မရပါက အာဆင်နယ်အသင်းအတွက် ၉ နှစ်မြောက် ဖလားလက်မဲ့ရာသီဖြစ်လာမည်ဖြစ်သည်။

  • အက်သလက်တီကိုနှင့် ပွဲတွင် ခြေချော်ပါက ပေးဆပ်ရမည်ဖြစ်ကြောင်း အင်နီယေစတာဆို

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ယနေ့ညတွင်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် မိမိတို့မှာ အက်သလက်တီကို အသင်းအား ဖြတ်ကျော်နိုင်မည်ဖြစ်သော်လည်း ခြေချော် ခဲ့ပါက ပေးဆပ်မှုကြီးမားမည်ဟု ဘာစီလိုနာ အသင်း၏ ၀ါရင့် ကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။
    383740_heroa
    ဘာစီလိုနာအသင်းမှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် အက်သလက်တီကိုနှင့် အိမ်ကွင်းတွင် ကစားခဲ့ပြီး ၁ ဂိုးစီအ သရေကျခဲ့သည်။ ထို့ကြောင့် ယနေ့ည အဝေးကွင်းတွင် ကစားမည့် ဒုတိယအကျော့ပွဲစဉ်မှာ ဘာကာအတွက် ခက်ခဲဖွယ်ရှိနေသည်။

    အသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာကမူ ဘာကာ အသင်းသားများမှာ အက်သလက်တီကို အသင်းအား ဖြုတ်ချရန်အတွက် အကောင်းဆုံး အနေအထားတွင်ရှိမည်ဟု ယုံကြည်နေသည်။

    “ပွဲကောင်းတစ်ပွဲကို ကစားရပြီး ကျွန်တော်တို့ရောက်ချင်တဲ့ ဆီမီးဖိုင်နယ်ကို ရောက်မယ်ဆိုရင် ကောင်းမှာပါ။ ပွဲအစကနေ အဆုံးထိ ပြင်းထန်မယ်ဆိုတာ ကျွန်တော်တို့သိထားပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု အင်နီယေစတာက ဆိုသည်။

    ယနေ့ညတွင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မိမိအတွက် ဘာစီလိုနာအသင်းနှင့် ပွဲ ၅၀၀ မြောက်ဖြစ်ပြီး၊ သမိုင်းမှတ်တိုင်ဖြစ်လာမည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့မှာ ယခုနှစ် ဘောလုံးရာသီတွင် ၎င်းကြိမ်တွေ့ဆုံထားပြီး အကြိမ်တိုင်း သရေကျခဲ့သည်။

  • သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့ လမ်းအချို့ တစ်လမ်းမောင်း စနစ်ကျင့်သုံးမည်

    သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့ လမ်းအချို့ တစ်လမ်းမောင်း စနစ်ကျင့်သုံးမည်

    ဧပြီ ၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။        ။ မဟာသင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ရှိအချို့လမ်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း တစ်လမ်းမောင်းစနစ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

    တစ်လမ်းမောင်းစနစ် ကျင့်သုံးရမည့်လမ်းများမှာ ဆရာစံလမ်း (ကမ္ဘာအေးစေတီလမ်းဆုံမှ စက်မှု ၁ လမ်းဆုံ)အထိ၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းမှ ဆူးလေဘုရားလမ်း) အထိ၊ ကန်တော်ကြီးပတ်လမ်း စသည့်နေရာများတွင် တစ်လမ်းမောင်းစနစ်သာ ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

    “အခုလိုတစ်လမ်းမောင်းစနစ် ကျင့်သုံးရတာဟာ ယာဉ်ကြောကျပ်တဲ့နေရာတွေကို လုပ်တာဖြစ်တယ်။ အရင်လိုပဲနှစ်လမ်းသွားဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ အခုလိုတစ်လမ်းသွားတွေ သတ်မှတ်ပေးလိုက်တော့ လမ်းတွေချာင် သွားပြီး သွားရတာအဆင်ပြေသွားမှာဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အဆင့်မြင့် အရာရှိတစ်ဦးပြောခဲ့သည်။

    သင်္ကြန်ကာလမှာရဲအင်အားတွေလည်း တိုးမြှင့်ထားပါတယ်။ အခုလိုယာဉ်ကြောတွေရှင်းသွားတော့ ယာဉ်တိုက်မှုတွေလည်း လျော့နည်းသွားအောင်ပြုလုပ်ကြောင်း သိရသည်။ တစ်လမ်းသွား အဖြစ်ပြုလုပ်မည့် လမ်းများကိုလည်း ရုပ်မြင်သံကြား၊ သတင်းစာများတွင် ထည့်သွင်း၍ အသိပေးကြေညာထားကြောင်းလည်း သိရသည်။

  • DVB သတင်းထောက် ကိုဇော်ဖေအား ထောင်ဒဏ် ချမှတ်မှုနှင့် ပတ်သက်၍ DVB မှသတင်းထုတ်ပြန်

    ဧပြီ ၉၊ ၂၀၁၄
    M-Media
    လမင်း

    Zaw-Pe-300x234

    ရန်ကုန်။       ။ မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက်ကိုဇော်ဖေ(ကိုသူရသက်တင်)နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောင့်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ-၃၅၃၊ ၄၄၈ တို့နှင့် ၂၀၁၂ ခုနှစ်ကတရားစွဲခဲ့ပြီး ၂၀၁၄ ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မိခင်သတင်းဌာန DVB က အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

    * သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)သည် အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာနမှတဆင့် ရယူခဲ့ခြင်းမှာ သတင်းထောက် တယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း သာ ဖြစ်ကြောင်း DVB သတင်းဌာနက ယုံကြည်ပါသည်။

    * ထိုကြောင့် သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ပြစ်ဒဏ်ချမှတ်မှုကိုDVB သတင်းဌာနအနေနှင့် လုံးဝ ကန့်ကွက်ရှုတ်ချပါသည်။

    *  မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောဆိုနေချိန်တွင် ယခုကဲ့သို့ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ထောင်ဒဏ်ချမှတ်ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားမြစ်ခြင်းဟု DVB သတင်းဌာနက ယုံကြည်သည်။

    * DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် အမှုတွဲ ကိုဝင်းမြင့်လှိုင်တို့အား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။

    သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး စာပေစိစစ်ရေး ဖျက်သိမ်းကာ စာပေလွတ်လပ်ခွင့်ရပြီးနောက်ပိုင်း သတင်းမီဒီယာလောကတွင် Daily Eleven သတင်းဌာနမှ သတင်းထောက်တစ်ဦးဖြစ်သူ မခိုင်သည် အသေရေဖျက်မှု၊ ပိုင်နက်ကျူးလွန်မှု စွဲချက်များဖြင့် ထောင်ဒဏ်သုံးလချမှတ်ခံခဲ့ရပြီး Unity ဂျာနယ်မှ ဂျာနယ်လစ်လေးဦးကိုလည်း ဖမ်းဆီးချူပ်နှောက်ထားပြီး နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေအရ တရားစွဲဆိုကာ စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး ထောင်ဒဏ် ၁၄ နှစ်ထိကျခံရဖွယ်ရှိကြောင်း သိရသည်။

  • တရားမ၀င် အိမ်ယာကိစ္စ အစ္စရေးအား တစ်ကမ္ဘာလုံးက သပိတ်မှောက်ရန် ပါလက်စတိုင်း သံတမန်တိုက်တွန်း

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င်အိမ်ရာ ဆောက်လုပ်မှုများအတွက် တစ်ကမ္ဘာလုံးက အစ္စရေးအား သပိတ်မှောက်ကြရန် ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်က ပြောကြားလိုက်သည်။

    357769_Israeli-settlement

    ပါလက်စတိုင်း နိုင်ငံသားများ၏ မပြောင်းလဲသော အခွင့်အရေးအတွက် ကြိုးပမ်းခြင်း ကုလသမဂ္ဂ ကော်မတီက ယမန်နေ့တွင် ပြုလုပ်သော အစည်းအဝေးတွင် ရီယဒ်မန်ဆူရ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်သည်။ ထိုကဲ့သို့ တရားမ၀င် အိမ်ယာများကြောင့် အစ္စရေးဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့သည့် နယ်သာလန် ဘဏ်ငါးခုကို ရည်ညွှန်းခဲ့ပြီး၊ ဥရောပနှင့် တောင်အာဖရိကတို့ကလည်း အစ္စရေးလုပ်ငန်းများ အပေါ် သပိတ်မှောက်မှုများ ရှိသောကြောင့် အခြားနိုင်ငံများကလည်း ထိုနိုင်ငံများ၏ အပြုအမူ နောက်သို့လိုက်ရန် မန်ဆူရ်က တိုက်တွန်းခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င် အိမ်ယာများ ဆောက်လုပ်ခြင်းတွင် ပါဝင်နေသည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဥရောပ ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ဥရောပ ပါလီမန်အား မတ်လ ၂၈ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။ ထို့ပြင် ပါလီမန်ရှိ လွှတ်တော်အမတ်များကလည်း တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်းအား အကူအညီပေးခြင်းမှာ အစ္စရေး၏ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုကို ကူညီခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်း အရှေ့ဂျေရုစလင်နှင့် အနောက်ဘက် ကမ်းခြေတို့အား ၁၉၆၇ ခုနှစ်တွင် အစ္စရေးက သိမ်းယူခဲ့ပြီးနောက်ပိုင်း ထိုဒေသများတွင် ဆောက်လုပ်ခဲ့သည့် တရားမ၀င် အိမ်ယာများမှာ ၁၂၀ ခန့်ရှိပြီး၊ ထိုအိမ်ရာများတွင် အစ္စရေးနိုင်ငံသား သန်းဝက်ခန့် နေထိုင်နေကြသည်။ ထို့ပြင် အနောက်ဘက် ကမ်းခြေရှိ အိမ်ယာ ၆ ခုတွင် လူ ၂၀၀၀ ကို ထပ်မံ၍ နေရာချထားပေးရန် အစ္စရေးက စီစဉ်နေသည်။

    MR/AS/MHB