News @ M-Media

Blog

  • မိမိနှင့် ဆွာရက်ဇ်တို့မှာ ပရီးမီယားလိဂ်၏ မက်ဆီများဖြစ်ကြသည်ဟု အဂူရိုပြော

    မိမိနှင့် ဆွာရက်ဇ်တို့မှာ ပရီးမီယားလိဂ်၏ မက်ဆီများဖြစ်ကြသည်ဟု အဂူရိုပြော

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    -အာဂျင်တိုင်းဖြစ်သည့် မိမိနှင့် လိမ်ခေါက်မွှေနှောက်မှုကို နှစ်သက်ကြသည့်ဆွာရက်ဇ်တို့မှာ ပရီးမီးယားလိဂ်၏ မက်ဆီများ  ဖြစ်ကြသည်ဟု  မန်ချက်စတာစီးတီး  တိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းနှင့် လီဗာပူလ်းအသင်းတို့မှာ ပရီးမီးယားလိဂ်ဖလားအား ရယူရန် ကြိုးစားနေကြသော ပြိုင်ဘက်များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ၂ ဦးအား လာလီဂါပြိုင်ဘက်များ ဖြစ်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာကာတိုက်စစ်မှူး မက်ဆီတို့နှင့် နှိုင်းယှဉ်ပြောဆိုကြသော်လည်း အဂူရိုကမူ ၎င်းတို့ ၂ ဦးစလုံးမှာ မက်ဆီနှင့်သာ ပိုတူသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ၂ ဦစလုံးဟာ မက်ဆီတွေပါ။ ပြောချင်တာက ကျွန်တော်ဟာ အာဂျင်တီးနားသားဖြစ်တဲ့အတွက် သူ(မက်ဆီ) နဲ့ တူပါတယ်။ ဆွာရက်ဇ်ကတော့ တောင်အမေရိကသားဖြစ်ပြီး လိမ်ခေါက်တာကို နှစ်သက်ပါတယ်။ ဒါဆို ဘာ့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ဟာ မက်ဆီတွေမဖြစ်ရမလဲ” ဟု FourFurTwo မဂ္ဂဇင်းသို့ အဂူရိုကပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားအောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မည်ဟုလည်း အဂူရိုက ထည့်သွင်း ပြောကြားခဲ့သည်။ အဂူရိုနှင့် ဆွာရက်ဇ်တို့မှာ မန်စီးတီးနှင့် လီဗာပူးလ်တို့အတွက် အရေးပါသော တိုက်စစ်မှူးများ ဖြစ်ကြသည်။

    Ref : Goal

  • သင်္ကြန်ကာလအတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့် ကူးတို့ လျော့၍ပြေးဆွဲမည်

    သင်္ကြန်ကာလအတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့် ကူးတို့ လျော့၍ပြေးဆွဲမည်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    လမင်း

    DSC00414

    ရန်ကုန် ။       ။ သင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၃ ရက်မှ ဧပြီလ ၁၇ ရက်အတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့်ကူးတို့သည် ယခင်ပြေးဆွဲသည့် ခေါက်ရေထက် ၁၀-ခေါက် လျော့၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါသည်။

    “ကျွန်တော်တို့ နှစ်တိုင်းလည်း ယခုလိုပဲလျော့ပြီးအခေါက်အရေကို ပြေးဆွဲနေကြပါ။ သင်္ကြန်အတွင်းဆိုတော့ လူတွေကလည်း သိပ်အသွားအလာ မလုပ်ကြပါဘူး။ နေ့လည်ပိုင်းတွေ ဆိုရင် သဘောင်္ပေါ်တွေမှာလူတွေတောင်သိပ်မပါပါဘူး။ အလုပ်တွေကလည်း ပိတ်ကြတော့ သွားတဲ့လာတဲ့ လူတွေလည်း သိပ်မရှိကြပါဘူး။ ဒါကြောင့် အခေါက်အရေကို လျော့ပြီးပြေးဆွဲခြင်းသာ ဖြစ်ပါတယ်”ဟု ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောသည်။

    ယခင်အခေါက်အရေ ၃၆ ခေါက်ပြေးဆွဲလျက်ရှိနေပြီး ယခု ၂၆ ခေါက်သာ ပြေးဆွဲမည်ဖြစ်သည်။ ကူးတို့ပြေးဆွဲသည့်အချိန်ကိုလည်း နံနက် ၆-နာရီမှ ည ၈-နာရီ နောက်ဆုံးထား၍ ပြေးဆွဲမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ ယခုကဲ့သို့ ပြောင်းလဲပြေးဆွဲမည့်အကြောင်းကို ခရီးသည်များကိုလည်း အသိပေးထားပြီးပြီဖြစ်ကြောင်း သိရသည်။

    သင်္ကြန်ကာလအတွင်း ကူးတို့ကဲ့သို့ ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်းအချို့နှင့် မြန်မာပြည်အနှံ့သို့ ပြေးဆွဲနေသည့် မီးရထားလိုင်းများတချို့လည်း ရပ်နားထားမည်ဖြစ်သည်။

  • DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များ အခဲ့မဲ့ ဆက်လက်ဖြန့်ဝေသွားမည်

    DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များ အခဲ့မဲ့ ဆက်လက်ဖြန့်ဝေသွားမည်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    လမင်း

    DSC00601

    ရန်ကုန်  ။     ။     မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ DVBT-2 လွှင့်စက်ရုံတိုးချဲ့ခြင်းနှင့် Set Top Box များအခဲ့မဲ့ဆက်လက်ဖြန့်ဝေသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဦးဝင်းကြည်က ယနေ့ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ မြို့ရွာတွေကကျောင်းတွေ၊ မိဘမဲ့ကလေးကျောင်းတွေ၊ ဂေဟာတွေ လိုအပ်နေတဲ့ နေရာတွေကို အဓိကထားပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မရောက်သေးတဲ့ မြို့တွေကိုလည်း ရောက်ရှိနိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တကယ်လိုအပ်မယ့် ဒေသတွေကို ရောက်အောင်အရင် ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    Analogue စနစ်မှ Digital စနစ်သို့ကူးပြောင်း၍ စက်ရုံများတည်ဆောက်ပြီး စစ်တွေ၊မော်လမြိုင်၊ ဘားအံ၊ မိတ္တီလာ၊ တောင်ငူ၊ တောင်ကြီး၊ ပုသိမ်၊ ကျောင်းကုန်း၊ မင်းဘူး၊ ပြည် အစရှိသည့်မြို့များတွင် စမ်းသပ်တပ်ဆင်ပြီး ထုတ်လွှင့်လျက်ရှိသည်။ ယနေ့အထိစက်ရုံပေါင်း ၁၃ ရုံကို ဒီဂျစ်တယ်စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်မှုဆောင်ရွက်ပြီးဖြစ်သည်။

    ထိုကဲ့သို့ Analogue စနစ်မှ Digital စနစ်သို့ဖြင့် စတင်ပြောင်းလဲ ထုတ်လွှင့်နေသည့် ဒေသများတွင် ကြည့်ရှုသူများမှ DVBT-2 Set Top Box များကို သုံးစွဲ၍ဖမ်းယူကြည့်ရှုရမည်ဖြစ်ရာ DVBT-2 Set Top Box များကိုနိုင်ငံတောအနေနှင့်လိုအပ်သည့်နေရာများကို အခဲ့မဲ့ဖြန့်ဖြူးသွာရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

  • အငြင်းပွားနေသော ကျွန်းအား မူလတန်းပြဌာန်း စာအုပ်တွင် ဂျပန်ထည့်သွင်းမှု တောင်ကိုရီးယားဝေဖန်

    အငြင်းပွားနေသော ကျွန်းအား မူလတန်းပြဌာန်း စာအုပ်တွင် ဂျပန်ထည့်သွင်းမှု တောင်ကိုရီးယားဝေဖန်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    – နှစ်နိုင်ငံ အငြင်းပွားနေသည့် ကျွန်းအား မူလတန်းကျောင်း ပြဌာန်း စာအုပ်တွင် ဂျပန်ပိုင် အဖြစ် ဖော်ပြထားခြင်းကို တောင်ကိုရီးယားနိုင်ငံက ယနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားမှု ပြုလုပ်ခဲ့သည်။

    ဂျပန်မူလတန်းကျောင်း Grade 5 နှင့် Grade 6 လူမှုရေး ပြဌာန်း စာအုပ်တွင် တောင်ကိုရီးယားက Dokdo ဟုခေါ်ပြီး ဂျပန်နိုင်ငံမှ Takeshima ဟု အမည်ပေးထားသည့် ဂျပန် ပင်လယ်ပြင်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျွန်းအား ဂျပန် ပိုင်နက်အဖြစ် ဖော်ပြရန် ပညာရေးဝန်ကြီးဌာက ပုံနှိပ်လုပ်ငန်း ၄ ခုအား ခွင့်ပြုခဲ့ပြီးနောက် တောင်ကိုရီးယား ဘက်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းက တောင်ကိုရီးယား ပိုင်နက်အား တရားမ၀င် ကျူးကျော် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ပြဌာန်းစာအုပ်အား ၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် စတင်အသုံးပြုမည်ဖြစ်ပြီး၊ တောင်တရုတ် ပင်လယ်အတွင်းရှိ ဂျပန်ပိုင် Senkaku(တရုတ်အခေါ် Diaoyu) ကျွန်းကို တရုတ်သင်္ဘောများက တရားမ၀င် ထိန်းချုပ်ထားသည်ဟုပါ ထည့်သွင်းဖေါ်ပြထားသည်။

    ဂျပန်မူလတန်းကျောင်းသားများအတွက် ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် ပြဌာန်းစာအုပ် ငါးအုပ်၌ တစ်အုပ်တွင်သာ Dokdoနှင့် Diaoyu ကျွန်းများ အကြောင်းဖော်ပြထားသည်။ ထို့ပြင် အငယ်တန်းနှင့် အကြီးတန်း အထက်တန်းကျောင်းသားများအား သင်ကြားရေး လက်စွဲစာအုပ်များတွင် Dokdoနှင့် Diaoyu ကျွန်းတို့အား ဂျပန်ပိုက်နက်အဖြစ် ပြင်ဆင်ရန် ယခုနှစ်ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂျပန်အစိုးရက သဘောတူခဲ့သောကြောင့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ဒေါသထွက်ခဲ့သည်။

    အထက်တန်းကျောင်းသားများ၏ သင်ကြားရေး လက်စွဲ စာအုပ်များတွင် ထိုကဲ့သို့ ပြင်ဆင်ခဲ့ပြီး မူလတန်း ပြဌာန်း စာအုပ်များတွင်ပါ ထိုအကြောင်းအရာအား ထည့်သွင်းရန် ဂျပန်အစိုးရ၏ ခွင့်ပြုမှုကို မိမိတို့အစိုးရက ရှုတ်ချကြောင်း ၊ လိုရာဆွဲ သင်ကြားခြင်း၊ အဖြစ်မှန်အား ဖုံးကွယ်ထားခြင်းက နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဝေးကွာ စေသည့် ရလဒ်သာ ထွက်ပေါ်လာလိမ့်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။
    ဆင်ဟွာ

  • ဘာစီလိုနာ၏ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု မိမိတို့ စနက် မဟုတ်ဟု ရီးယဲလ်ဆို

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    – ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့မပြုလုပ်ရန် ဖီဖာမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် အပေါ် မိမိတို့အသင်းအနေဖြင့် ပါဝင်ပတ်သက်မှု မရှိဟု ရီးယဲလ် ဒုတိယဥက္ကဌ ပက်ဒရို လိုပက်ဇ် ဂျီမီနက်ဇ်က ပြောကြားခဲ့သည်။

    386101_heroa

    အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမားများအား ခေါ်ယူစုဆောင်းခြင်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ဘာကာမှ ချိုးဖောက်မှုအတွက် လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားခေါ်ယူခြင်း၊ ရောင်းချခြင်းမပြုရန် ဖီဖာမှ မကြာသေးမီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    အသင်း၏ လူငယ်ကစားသမားပေါ်လစီအတွက် အမည်မဖေါ်လိုသည့် ကလပ်အသင်းတစ်ခုက ထူးခြားသည့် တိုင်ကြားမှုများ ရှိခဲ့သောကြောင့် ဖီဖာက စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဘာကာနည်းပြ ဘာတိုမြူက ယမန်နေ့တွင်ပြောကြားခဲ့ပြီးနောက်၊ ထိုတိုင်ကြားမှုတွင် ရီးယဲလ်အသင်းမှာ တစ်နည်းနည်းဖြင့် ပါဝင်သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဂျီမီနက်ဇ်ကမူ ၎င်းတို့၏ ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား ပြစ်ဒဏ်ချမှတ်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ဆိုသည်။

    “ဘာစီလိုနာ အပေါ် ဒီလိုပြစ်ဒဏ် ချမှတ်မှုဟာ ရီးယဲလ်အသင်းနဲ့ရော၊ ဖီဖာရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ရော ဘာမှ ပတ်သက်မှုမရှိပါဘူး။ ကစားသမားပြောင်းရွှေ့မှု အခြေအနေ စောင့်ကြည့်ရေးကော်မတီမှာ ကျွန်တော့်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကလည်း ဖလော်ရန်တီနို ပီရက်ဇ်(ရီးယဲလ်ဥက္ကဌ)၊ ရီးယဲလ်အသင်းနဲ့ ဆက်စပ်မှု မရှိပါဘူး” ဟု ဂျီမီနက်ဇ်က AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းကမူ ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ကြာသာပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဘာကာမှာ နေးမာ၏ အပြောင်းအရွှေ့ကိစ္စအတွက်လည်း တရားရုံး၌ တရားရင်ဆိုင်နေရသည်။
    Goal